'' အမွေ ''

Two men look out through the same bars.One sees the mud, and one the stars.
''တစ်နေရာတည်းကနေ လူနှစ်ယောက်အပြင်ကိုလှမ်းကြည့်တော့တစ်ယောက်ကရွှံ့နွံတွေကိုပဲမြင်ပြီး တစ်ယောက်ကကြယ်တာရာတွေကိုမြင်တယ်''
(တစ်)
''အလကားအချိန်အကုန်ခံပြီး စာပေစကားဝိုင်းသွားပြီးနားထောင်နေတယ်၊ဗီဒီယိုဟာသကား ကြည့်ရတာကမှ ရယ်ရအုံးမယ်''
''အကို့ ဗီဒီယိုကားကရင်ဘတ်မမှန်ဘူး...စာပေစကားဝိုင်းမှာ ညီသိပ်ကြိုက်တဲ့ နွေတစ်ည ဝတ္ထုစာအုပ် ကို ဆွေးနွေး ခံစားကြတယ်...စာအုပ်ထဲက ကိုကိုနဲ့ ခင်ဝေတို့ရဲ့ လူတန်းစားကွာဟမှု၊ ပညာတတ် Óဉ်နဲ့ အရင်းမဲ့ ... အများကြီးပဲ တွေးစရာတွေ''
လူငယ်လေးနှစ်ယောက်၏စကားက အကြားအာရုံမှ နှလုံးသားဆီရောက်ရှိလာပြီး ခံစားမှုနှစ်ခုက တစ်ပြိုင်နက်တည်း ဖြစ်လို့လာသည်။ အလိုမကျမှုနှင့် ကြည်နူးမှုတို့ပဲဖြစ်ပါသည်။
x x x x x
ကျွန်တော့်မှာ မောင်နှမ ၇ ယောက်ရှိသည်။ ကျွန်တော်တို့ဖခင်ကြီးက သားသမီးအားလုံးကို စာအုပ် တွေနှင့်ပတ် သက်ပြီး လွတ်လပ်စွာဝယ်ယူခွင့်ပေးခဲ့ပါသည်။ မှတ်မိပါသေးသည် ကျွန်တော်တို့ငယ်ငယ်က ရွှေညောင်မြို့လေးရဲ့ ဘူတာရုံမှာ ပြုံးစာပေ ဆိုသည့် စာအုပ်အရောင်းဆိုင်လေးတစ်ဆိုင်ရှိခဲ့ဖူးပါသည်။ သည်စာအုပ် ဆိုင်မှာ အဖေက ကျွန်တော်တို့မောင်နှမတွေအတွက် ဘီလ် ဖွင့်ပေးထားပေးခဲ့တာကြောင့် ကာတွန်းစာအုပ်တစ်အုပ် ပြား ၆ဝ ခေတ်မှာ ကျွန်တော်တို့ဘူတာရောက်တိုင်း စာအုပ်များကို ဖေါဖေါသီသီ ဝယ်ခဲ့ကြပါသည်။ မော်ဒန်ကာတွန်း၊ ရွှင်ပြုံး၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားပုံပြင်များ၊ အီစွတ်ပုံပြင်များပဲ ဖြစ်ပါသည်။ အဖေ့လခ ၁၈၅ ကျပ်မှာ တစ်လတစ်လ ၁ဝ ကျပ်လောက်တော့ကုန်လိမ့်မည်ထင်သည်။
နောက်တော့ အဖေက စာပေဗိမာန်စာအုပ်တွေကို စာတိုက်ကတဆင့် မှာပေးပါသည်။ တောင်ကြီးရောက်သည့် အခါ ဗန်းမော်တင်အောင်၊ သော်တာဆွေ၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု စသည့် စာအုပ်များ ဝယ်လာ ပေးတတ်ပါသည်။ ငယ်စဉ်ကတည်းက ကျွန်တော်သတိထားမိခဲ့သည်မှာ အမအကြီးဆုံး မမသန်းနှင့် အကိုကြီး ကိုရဲဝင်း တို့က အဖေဝယ်လာသည့် စာအုပ်များကိုမဖတ်ခြင်းဖြစ်ပါသည်။ မမသန်းက ရေဒီယို ဇာတ်လမ်းပမာ၊ အသံလွင့်ဇာတ်လမ်း တို့ကို စွဲစွဲလန်းလန်းနားထောင်တတ်ပြီး အကို ကိုရဲဝင်းကတော့ ဘောလုံးပွဲကြည့် ဘိလိယက်ထိုး တစ်ပါတ်တစ်ခါ တောင်ကြီးသို့သွားပြီး ရုပ်ရှင်ကြည့်တတ်ပါသည်။အမလတ် မဝေ၊ အကိုလတ် ကိုရဲတင်နှင့် ကျွန်တော်က အထက်အောက် မောင်နှမတွေဖြစ်တာကြောင့် တရင်းတနှီးရှိပြီး နင် ငါနှင့်စကားပြောတတ်ပါသည်။ စာအုပ်များနှင့်ပတ်သက်လို့လည်း အကြိုက်ချင်း တူပြီး စာအုပ်လုပွဲလေး မကြာခဏဖြစ်၊ ရန်ဖြစ်တတ်ပါသည်။
နောက်သိပ်မကြာခင်မှာပဲ ကျွန်တော့်အောက်ညီမ မဂျူးလဲ ကျွန်တော်တို့ စာအုပ်လုပွဲမှာ ပါဝင်လာပါသည်။ အငယ်ဆုံးညီမ မဆူးကတော့ ဆော့ကစားတာ မုန့်ဆိုင်မှာမဲနှိက်တာ လောက်ကိုသာ မတ်မောတတ်တာကို ကျွန်တော်သတိထားမိခဲ့သည်။ ကျွန်တော်တို့ မောင်နှမတွေ ဘယ်လိုသည့်အတွက်ကြောင့်လည်း စာအုပ်တွေနှင့် သားသမီးတွေကို ရင်းနှီးစေပြီး စာအုပ် ကပေးသော အသိနှင့် ဘဝ အနေ၊ စိတ်အနေ မြင့်မားဖို့ကို မျှော်လင့်ခဲ့ပုံရပါသည်။ သို့သော် အဖေ့သားသမီး ကျွန်တော်တို့ မောင်နှမများမှာ တက္ကသိုလ်အသီးသီးမှ ဘွဲ့တွေ့ရခဲ့တာသာတူညီပြီး၊ ကျန်သောအနေအထားမှာတော့ အသွင်ကွဲ၊ ဝါသနာ ကွဲ၊ ယုံကြည်ရာကွဲလွှဲမှုတွေနှင့် လျှောက်သောလမ်းတို့လည်းမတူညီခဲ့ပါလေ။
(နှစ်)
အခုချိန်မှာတော့ အမကြီး မမသန်းပင် တက္ကသိုလ်ပါမောက္ခအဖြစ်မှ အငြိမ်းစားယူခဲ့ပြီ။ ကျောင်းပညာရပ် တစ်ခု တည်းကိုသာ ဘဝအတွက် အမြုတေဟု သတ်မှတ်ထားခဲ့သော အမကြီးက ဟိုး ငယ်စဉ်တုန်းကလို ရေဒီယို ရှေ့မှာ ဇာတ်လမ်းပမာ၊ အသံလွင့်ဇာတ်လမ်းတွေကို နားမထောင်ဖြစ်တော့။ သူ့ထက်ပိုသောကိုရီးယာဇာတ်လမ်း စီးရီးတွေမှာ မျောပါနေပြီ။ မြဝတီ၊ MRTV, MRTV4တို့နှင့်ပင် အားမရ မီးလာတိုင်းအခွေငှားကြည့်နေတော့ သည်။
စာတမ်းတွေအများကြီးပြုစုခဲ့သော ဘာသာရပ်ကိုပင် တစ်ချက်လှည့်မကြည့်တော့။ ဘယ်အချိန်က စောင့်စားနေမှန်း မသိရလောက်အောင် တစ်ဝတစ်ပြဲ ကြည့်နေတော့သည်။ အမကြီးကို ပတ်ဝန်းကျင်ထိန်းသိမ်းမှု မြစ်ဆုံ၊ ဧရာဝတီ၊ အိုစမာဘင်၊ ဝေါထရိတ်စင်တာ၊ လွှတ်တော်အစည်းအဝေး ဘာမှသွားမမေးလေနှင့်...။
အကိုကြီး ကိုရဲဝင်းကတော့ ဘောလုံးသမားအပြောင်းအရွှေ့ကိုပင်လည်း အလွတ်ရသည်။ အသင်း မန်နေဂျာ၊ ဒိုင်လူကြီးအမည်ကိုပင် အတိအကျ မှန်အောင်ပြောနိုင်သည်။ ကလပ်အသင်းက ဘောလုံးသမားကို မိခင်နိုင်ငံနှင့်ပါ တွဲသိနေသည့်အပြင် ဘယ်ပွဲတုန်းကဘယ်လိုဂိုးသွင်းခဲ့တာ ဆိုတာကိုပါ အကွက်ကျကျပြောနိုင် တာမို့ အားကစား ဂျာနယ်တွေထဲကအမှားအယွင်းကိုပင် ထောက်ပြနိုင်လောက်အောင်ဘောလုံးပွဲတွေအပေါ် ရူးသွပ်လွန်းပါသည်။ လွန်ခဲ့သော ၄-၅ နှစ်တုန်းခန့်က ကြည့်နေကြဘောလုံးပွဲရုံသို့ ညနေ ၆ နာရီ ခွဲပွဲကစားသည့် ပရီးမီးယားလိဂ်ပွဲအမီ ဆိုက်ကားစီးသွားလိုက်ပါသည်။ ဆိုက်ကားက ဘောလုံးပွဲရုံရှိရာ လမ်းထဲသို့ ချိုးအကွေ့မှာ တစ်ဖက်ကလာသည့် ဆိုင်ကယ်နှင့်တိုက်မိပြီး ဆိုက်ကားပေါ်က လွင့်စင်ကျကာ တံတောင်ပြဲ၊ ဒူးကွဲဖြစ်လိုက် သေးသည်။ ဒဏ်ရာအတိမ်အနက်မသိသေးပဲ သွေးပူပူဖြင့် ဆိုင်ကယ်သမားကို '' ရတယ်ညီလေး...ဘာမှ မဖြစ်ဘူး အေးဆေးပါ'' ပြောပြီးဘောလုံးပွဲမမီမှာ(အမှန်ကကြေးမထည့်လိုက်ရမှာ)စိုးရိမ်စိတ်နှင့်အလူးအလဲဖြင့် ဘောလုံးပွဲရုံအပြေးသွားခဲ့သည်။ ပထမပိုင်းပင်မပြီးသေး တစ်ကိုယ်လုံးနာကျင်ပြီး အိမ်အရောက်ပြန်ခဲ့တော့ မလှုပ်နိုင်တော့ပြီ၊ ပုဂ္ဂလိကဆေးရုံမှာ တစ်ပါတ်လောက်တက်လိုက်ရပြီး ငွေ ၅ သိန်းခန့် ကုန်သွားခဲ့ဖူးသည်။ သို့သော်လည်းပဲ အကိုကြီးကား ဘောလုံးပွဲတွေ အပေါ်မှာရင်ခုန်ဆဲ။
ပြည်သူ့ခေတ်၊ မော်ဒန်၊ ဝီးကလီးအလဲဗင်း၊ မြန်မာတိုင်း၊ ဗွိုက်စ် ...စသည့် ဂျာနယ်တွေကို မကြားဖူး၊ မသိ။ ဖတ်စ်အလဲ ဗင်း၊ အိုလံပစ်၊ စပေါ့လိုက်၊ ဟိုက်လိုက်၊ အင်အား၊ ဝင်းနား၊ တက်လမ်း တို့ကိုတော့ အထပ်လိုက် ဝယ်ဖတ်တတ် သည်။ '' ဧရာဝတီရဲ့ကျမ်းမာရေးဆိုတာ ဘာကိုပြောတာလဲ'' ဟု မေးတတ်သော ကျွန်တော့် အကိုက နိုင်ဝင်းဆွေမသိ၊ ဒေါ်ခင်မျိုးချစ် မသိ၊ ဒဂုန်တာရာသက်ရှိထင်ရှားရှိသေးတာလည်းမသိ သည့်ထက် ဆိုးတာက ကိုယ့်နိုင်ငံ၏ သမ္မတ၊ ဒုတိယသမ္မတတို့၏ အမည်ကိုပင် အလွဲလွဲအချော်ချော်ပြောနေခြင်းပင်။
x x x x x
ငယ်စဉ်တုန်းက စာအုပ်လုဖတ်ခဲ့သော ကျွန်တော်နှင့်တစ်ယောက်ခြား အစ်မမဝေက ဆရာမြသန်းတင့်ရဲ့ ဓားတောင်' ဝတ္ထုစာအုပ်ကို အဖေဝယ်လာပေးတော့ အခန်းတံခါးပိတ်ဖတ်နေခဲ့သည်မှာ အတော်ကြာသည်ကို ကျွန်တော်ပြန်အမှတ် ရနေပြန်သည်။ မဝေဖတ်ပြီး ကျွန်တော်တို့အလှည့်ရောက်တော့ ဥာဥ့်ပင်အတော်နက်နေပြီ။
''နင်ကလဲဟာ...စာအုပ်တစ်အုပ်ဖတ်တာဒီလောက်ပဲကြာရလား''
''အဟင်း...ငါဖတ်ပြီးမဝလို့ နောက်တစ်ခေါက်ပြန်ဖတ်နေတာ''
အစ်မ မဝေကမျက်ရည်ကလေးတစမ်းစမ်းနှင့်ပြောတော့ ကျွန်တော့်အောက်ညီမလေးမဂျူးက စာအုပ်ကို စိတ်ဝင်စား နေပြီး သူအရင်ဖတ်ဖို့ပူဆာတော့ ကျွန်တော့်အထက် ကိုရဲတင်က''ဆောရီးပဲ...ကြီးစဉ်ငယ်လိုက် ဖတ်'' ဆိုပြီး စာအုပ်ကို ယူသွားတော့သည်။ သူကလည်းပဲ''ဓားတောင်''ဖတ်တာအလွန်ကြာသည်။ နှစ်ခေါက်တော့ အနည်းဆုံးဖတ်လိုက်တာပဲ ဖြစ်ပါလိမ့်မည်။
နောက်တော့ ကျွန်တော်တို့မောင်နှမလေးယောက် 'ဓားတောင်'ထဲကဇာတ်ကောင်တွေဖြစ်သည့် ကိုနန္ဒ၊ ရဲမြင့်၊ သံချောင်း တို့အကြောင်းတွေလုပြော၊ ငါးမန်းနှင့်သံချောင်းတို့၏ တိုက်ပွဲကို ပြန်သုံးသပ်နှင့်အရွယ်အလိုက် ခံစားရသော စကားဝိုင်းလေးဖြစ်ခဲ့ပါသည်။
သည်တုန်းက အစ်မကြီး မမသန်းနှင့် အစ်ကို ကိုရဲဝင်းတို့ ကျွန်တော်တို့ စကားဝိုင်းထဲမပါခဲ့ကြပါ။
(သုံး)
အလကား အချိန်ကုန်ခံပြီး...ဆိုသည့်စကားပြောခဲ့သော လူငယ်လေးသည် ကျွန်တော့်တူကလေးပဲ ဖြစ်ပါသည်။
ညီသိပ်ကြိုက်တဲ့ နွေတစ်ညဝတ္ထုစာအုပ်ကို ဆွေးနွေးခံစားကြတာဆိုသည့် စကားကိုပြောခဲ့သော လူငယ်လေးသည် လည်း ကျွန်တော့်တူကလေးပဲ ဖြစ်ပါသည်။
သည်အတွေး၊ သည်အမြင်တွေကို ပိုင်စိုးထားသူ လူငယ်နှစ်ယောက်ကတော့ ကျွန်တော့်သွေးသားရင်းချာ ညီအစ်ကို ဝမ်းကွဲလေးများ ဖြစ်ကြသည်လေ။
တစ်ယောက်က ရွှံ့ကိုသာမြင်သည်
တစ်ယောက်က ကြယ်တာရာများကိုမြင်ခဲ့ပါသည်။
ဘယ်သူက ဘယ်သူ့သားလဲ
ကျွန်တော့ပဟေဠိက ရိုးစင်းလွန်းနေမှာလေလား။ ။
(ခေတ်သစ်လူငယ်စာဖတ်ဝိုင်းမှ လူငယ်များသို့ အမှတ်တရ)
ရဲသျှမ်း

'' လမ်းလွှဲကလေးများ ''


(တစ်)
တူရူဦးတည်လာသောလမ်းကြောင်းမှ သွေဖည်သွားစေသောကိစ္စကို စွမ်းနိုင်သည်က လမ်းလွှဲလေးများ ပဲဖြစ်ပါသည်။ ကျွန်တော်က မီးရထားဝန်ထမ်းတစ်ယောက်ဖြစ်သည်မို့ ရထားသံလမ်းရဲ့လမ်းလွှဲများအကြောင်းကို စေ့စေ့ငုငု သိထားရုံမျှ မက ဒုတိယရုံပိုင်၊ ရုံပိုင်၊ ရထားထိန်း၊ တွဲမှတ်စာရေး၊ လမ်းခွဲကိုင် တို့ကို ရထားဥပဒေ၊ ရထားလုပ်ငန်းတာဝန်များ သင်ကြားပို့ချရသည့် ရာထူးရယူထားသူတစ်ဦးလည်းဖြစ်သည့်အတွက် လမ်းလွှဲလေး အကြောင်းက စာသင်ကြားသည့် အခါတိုင်း မပါမဖြစ်ပါလာရတော့သည်။
အဝင်လမ်းလွှဲ၊ အထွက်လမ်းလွှဲ၊ လမ်းချော်လမ်းလွှဲဆိုပြီး လမ်းလွှဲလေးများကို အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ ဦးတည်ရာလမ်းကြောင်းမှ အခြားလမ်းတစ်လမ်းသို့ လမ်းလွှဲကိုရွှေ့ပေးရုံဖြင့် တိုက်ရိုက်ပြောင်းရွှေ့စေနိုင်သော လမ်းလွှဲလေးက အဝင်လမ်းလွှဲလေးဖြစ်ပြီး၊ လမ်းလွှဲကိုပြောင်းပေးရုံဖြင့် မူလလမ်းကြောင်းကနေ သွေဖည်မသွား စေနိုင်သောလမ်းလွှဲက အထွက်လမ်းလွှဲပဲဖြစ်ပါသည်။ အဝင်လမ်းလွှဲလေးရဲ့မသေချာမှုက ထိတ်လန့်ဖွယ် ဖြစ်စေနိုင်ပါသည်။ လမ်းလွှဲလျှာဖျားလေးက ပင်မသံလမ်းကို စပါးလုံးတစ်ထောက်အဟမရှိ ကပ်နေမှသာ ရထားဘီးများက လမ်းလွှဲအတိုင်း အလိုက်သင့် စီးမျောသွားပေမည်။ စပါးလုံးတစ်ထောက်စာမကအဟလေး ရှိသွားလျှင်တော့ ပါးနေသော ဘီးနှုတ်ခမ်းနှင့် တွေ့ခိုက်မှာ လမ်းလွှဲလေး၏ လျှာဖျားလေးတွေကို ဆွဲခွါလိုက် သလိုဖြစ်ပြီး ရထားဘီးများ ချော်ကျတော့မည်။ ဘီးတစ်ဘီးစချော်ကျပြီဆိုလျှင်တော့ နောက်ပါဘီးများကလည်း ဆင့်ကာဆင့်ကာလိုက်ပါသွားမည်မှာ အသေအချာပဲဖြစ်သည်။
တစ်ခါတစ်ရံမှာ ရှေ့ဘီးများရဲ့ဘီးနှုတ်ခမ်းက မပါးမရှပ် တန်းဝင်၊ တန်းမီ စံသတ်မှတ်ချက်နှင့်အညီဆိုလျှင်တော့ လမ်းလွှဲလေး လွှဲပေးထားသော လမ်းထဲ ဝင်ရောက်လာပြီး နောက်ဘီးများ သို့မဟုတ် နောက်တွဲရဲ့ဘီးများက စံသတ်မှတ်ချက်ဘောင်ထဲက ယိမ်းယိုင် တိမ်းလွတ်သွားပြီဆိုလျှင်ဖြင့် ရှေ့တွဲများက လမ်းတစ်လမ်း၊ နောက်တွဲများက အခြားလမ်းတစ်လမ်းရောက်ရှိပြီး နှစ်လမ်းခွဲထွက်ဆိုသည့်ဝေါဟာရလေးကို ဝေဖန်ရေး၊ သုံးသပ်ရေး၊ တာဝန်ယူရေး ဆိုသည့် အစုအဖွဲ့လေးဆီက ပုံသေကားကျ ဖော်မြူလာဖြင့် နှုတ်တိုက်တဖွဖွရွတ်ဆိုကြတော့မည်။
ပွိုင့်လျှာလေးတွေက အမြဲတန်းကောင်းနေမှာလား၊ မပဲ့မရွဲ့ အမြဲရှိနေမလား၊ ပင်မသံလမ်းနှင့် လမ်းလွှဲ ပွိုင့်လျှာကြား ခဲတို့အမှိုက်တို့ဝင်သွားပြီး လမ်းလွှဲလေးမကပ်လျှင် လမ်းချော်တာတွေ၊ နှစ်လမ်းခွဲထွက်တွေ ဖြစ်ကုန်တော့ မှာလား...။''လား''တွေနဲ့ဖွဲ့တည်တဲ့မေးခွန်းတွေအတွက် တုန့်ပြန်အဖြေက မာထန်ထန်မဖြစ်တော့သည်မို့ လမ်းလွှဲလျှာ လေးပြန်မပြေးသည့်နည်းကို ထက်မြက်အဖိုးတန် အတွေးအမြင်သစ်ဖြင့် ကာကွယ်စီစဉ် လိုက်ကြတော့သည်။ လမ်းလွှဲလျှာလေးရဲ့အောက်ခြေ သံလမ်းဖနောင့်ကို သံချိတ်နှင့်ချိတ်၊ ဝတ်အူရစ် အတိုင်း သတ္ထုအဝိုင်းအပြားနှင့် တင်းကြပ်အောင်ရစ်၊ ပြန်ပြုတ်မထွက်အောင် သတ္ထုပြားနှစ်ခုမှာပါသည့် အပေါက်နှစ်ခုကို တွဲပြီးသော့ခတ်။ သည်တော့ လမ်းလွှဲလေးပြန်မပြေးတော့။
စက်ခေါင်းတွဲ၏ဘီးအဆမတန်ပါးရှပ်နေလျှင်တော့ လည်း မတတ်နိုင် လမ်းချော်မှာပဲဖြစ်သည်။ သည်လမ်းလွှဲလေးကိုပဲ ဦးတည်ရာ ''လှန်''လိုက်လျင်တော့ အထွက်လမ်းလွှဲလေးပဲဖြစ်တော့သည်။ လမ်းလွှဲလျှာမကပ်လည်း ပြဿနာမရှိ။ လမ်းကြောင်းမှန်ကနေ လမ်းမကြီးဆီကို ရောက်သွားမှာဖြစ်ပါသည်။ လမ်းလွှဲညှပ်ဖြင့် ညှပ်ထားလျှင်တောင်မှ လမ်းလွှဲလျှာပဲ့ရုံမှအပ တွဲဘီးများလမ်းချော်ကျလိမ့်မည်မဟုတ်။ သည်တော့ လမ်းလွှဲလေးတွေမှာ အဝင်လမ်းလွှဲက အလွန်အရေးကြီးပါသည်။ အတိမ်းအစောင်း၊ အမှားအယွင်း မခံ။ ခရီးသည်၏ အန္တရာယ်ကင်းရှင်းရေး၊ အချိန်ဖင့်လေးမှုကင်းရှင်းနေရေးတို့သည် အဝင်လမ်းလွှဲလေးများ၏ စံနှုန်းပြည့်ရပ်တည်မှုပေါ်တွင် မူတည်နေသည်ဟု ထင်သည်။
နေရာတစ်နေရာတည်း၊ ရုပ်ဝတ္ထုပစ္စည်းတစ်ခုတည်း ဖြစ်ပါလျှက် ဆန့်ကျင်ဘက်လားရာကြောင့် တန်ဘိုးကွဲလွဲမှုက အဆများစွာ ကွာဟသွားလေပြီလား။
x x x x x
လမ်းချော်လမ်းလွှဲလေးအကြောင်းလည်းပြောပြချင်ပါသေးသည်။ ဘူတာယာဒ်ဝင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသောတွဲများရှိပါသည်။ ကုန်တင်ရန်ရပ်တန့်ထားသောတွဲ၊ ကုန်ချရန်ရပ်တန့် ထားသောတွဲ၊ တွဲပျက်ဖြစ်နေ၍ ပြုပြင်ရန်ရပ်နားထားသောတွဲ၊ စစ်ဆေးရေးအတွက်လာရောက်သောတွဲ စသည့် တွဲများပဲဖြစ်သည်။ ယင်းတွဲများ ထားသိုရန်အတွက် ဘူတာယာဒ်ဝင်းများတွင် တွဲခိုလမ်းလေးများခင်းကျင်းပေးထားပါသည်။ တွဲခိုလမ်းကို လမ်းမကြီးနှင့် ဆက်စပ်ရန်အတွက် လမ်းလွှဲလေးရှိသည်။
အဲသည်လမ်းလွှဲလေးက တွဲများကို စက်ခေါင်းနှင့်ချိတ်ဆက်ပြီး ရထားတွဲဆိုင်းတွင် ဖြည့်ချိတ် သို့မဟုတ် ရထားတွဲဆိုင်းမှဖြုတ်ယူရသည့် တွဲရွှေ့လုပ်ငန်း လုပ်ရုံမှလွဲ၍ အမြဲဖွင့်ထားရသည်။ လမ်းလွှဲလေးကိုဖွင့်ထားလိုက်တော့ တွဲခိုလမ်းထဲမှာရပ်ထားသည့်တွဲများ တစ်စုံတစ်ခုရဲ့ ပရောဂကြောင့် (လေပြင်းတိုက်၍ဖြစ်စေ၊ တစ်ဦးတစ်ယောက်တွန်း လိုက်၍ဖြစ်စေ) လိမ့်ထွက် လာသည့်အခါ လမ်းမကြီးသို့မရောက်ရှိစေဘဲ တွဲများလမ်းချော်ကျအောင် စီမံထားသော လမ်းလွှဲလေးပဲ ဖြစ်ပါသည်။ တွဲတစ်တွဲ ယာဒ်ဝင်းထဲမှာ လမ်းချော်ကျတာနှင့် အဲသည်တွဲ လမ်းမကြီးပေါ်ရောက်ပြီး စုန်/ဆန် သွားနေသော ရထားနှင့်တိုက်ခိုက်မိသည့် ကိစ္စမှာ ဘယ်သင်းကအရေးကြီးသလဲဆိုသည့်အတွေးဖြင့် ဖန်တီးယူခဲ့သော လမ်းလွှဲလေးပဲဖြစ်ပါသည်။ သူကတော့ တွဲကိုလမ်းချော်ကျစေသော တာဝန်ကိုစီးစီးပိုင်ပိုင်ယူထား ရသည်မို့ သူ့အမည် လမ်းချော်လမ်းလွှဲလေးကို တစ်ချို့က ဂျောက်ပွိုင့်(ချောက်ပွိုင့်)ဟုပင် ချိုးချိုးနှိမ်နှိမ် ခေါ်တတ်ကြသည်လေ။ ထောင်ချောက် လို့လည်းသတ်မှတ်၍ မရကောင်းဟုထင်သည်။
ပြင်းထန်ကြီးမားသော၊ မတွေးဝံ့အောင်ပင်တုန်လှုပ်ဖွယ်ဖြစ်နိုင်သော အထိအခိုက်ကိုရှောင်လွှဲပေးနိုင်သည့် လမ်းလွှဲလေးကို လမ်းချော်လမ်းလွှဲဆိုသည့် အမည်လေးကပဲ လိုက်ဖက်သည်ဟုထင်သည်။ ဂျောက်ပွိုင့်ဆိုသည့်အခေါ်အဝေါ်လေး မရှိစေချင်ပါ။
 ( နှစ် )
လမ်းလွှဲလေးများနှင့်အမြဲထိတွေ့လုပ်ကိုင်နေရသော ဝန်ထမ်းလေးများကိုတော့ လမ်းခွဲကိုင်ဟု မြန်မာမှု ပြုထားပါသည်။ အင်္ဂလိပ် ကိုလိုနီခေတ်မှာတော့ ''ဂျမဒါ''ဟုခေါ်ခဲ့သည်။ Jamedar ဆိုသည့် ဟိန္ဒူစကားက ဆင်းသက်လာသော ဝေါဟာရဖြစ်ပါသည်။ မြန်မာအဘိဓာန်မှာတော့ ဂျမဒါကို လုံခြုံရေးဆိုင်ရာအမှုထမ်းတစ်စု ကို အုပ်ချုပ်ရသူ၊ အိန္ဒိယတပ်တွင်အရာရှိငယ်အဆင့်တစ်မျိုးဟု ဖေါ်ပြထားသည်။ သေချာတာကတော့ ဂျမဒါသည်အရးပါသော ဝန်ထမ်းပဲဖြစ်သည်။ ဂျမဒါပဲခေါ်ခေါ်၊ လမ်းခွဲကိုင်ပဲခေါ်ခေါ် လမ်းလွှဲများကိုကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ်ရသောဝန်ထမ်း၏ အရေးပါမှုက ထိပ်ဆုံးနေရာမှာရှိနေသည်ဟု ကျွန်တော်ကတော့ သတ်မှတ် ထားမြဲဖြစ်ပါသည်။
( သုံး )
ဦးတည်ရာလမ်းကြောင်းမှ အခြားလမ်းတစ်လမ်းသို့ ပြောင်းရွှေ့ပေးနိုင်သောအဝင်လမ်းလွှဲကလေး ...။ လမ်းလွှဲလျှာကပ် သည်ဖြစ်စေ၊ မကပ်သည်ဖြစ်စေ လမ်းမပေါ်သို့အတိမ်းစောင်းမရှိ၊ ရောက်စေသော အထွက်လမ်းလွှဲကလေး ...။ လွတ်ထွက်၊ လိမ့်ထွက်လာသောတွဲများ လမ်းမကြီးပေါ်ရောက်ရှိပြီး မတော်တဆမှုမဖြစ်စေရေးတားဆီး ပေးသည့် လမ်းချော်လမ်းလွှဲကလေး ...။ လမ်းလွှဲလေးများ၏ အဓိပ္ပါယ်၊ စွမ်းဆောင်ရည်ကို အပြည့်အစုံမဟုတ်သော်ငြား ရိုးတိုးရိပ်တိတ်မျှ သိရှိပြီဆိုလျှင်တော့
သက်ရှိလူသို့ပုံပမာထားရွေးချယ်စေချင်ပါသည်။
အဝင်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ...
အထွက်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ...
လမ်းချော်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ... ကျွန်တော်သိချင်လွန်းလှပါသည်။
ကျွန်တော်ကဲ့သို့ပဲ လမ်းခွဲကိုင်(ဂျမဒါ)လေးများကလည်း သိချင်လိမ့်မည်ထင်ပါသည်။

ရဲသျှမ်း

'' ဆူးများ ''


( တစ် )
လွန်ခဲ့သော နှစ် ၃ဝ ဝန်းကျင်ကဖြစ်ပါသည်။
ဟိုတုန်းက အခေါ် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် MASU (Mandalay Arts and Science University) မှာ ဘူမိဗေဒဘာသာရပ် အထူးပြုယူခဲ့သော ကျွန်တော်တို့နယ်ကျောင်းသားအများစုက ရွှေပြည်အေးအဆောင် တွင်နေရာရပါသည်။ MASUမှာ ရွှေပြည်အေး၊ အောင်မင်္ဂလာတို့က အဆောင်ကြီးများဖြစ်ပြီး (၂)ယောက်ခန်းများနှင့် ဖွဲ့စည်းထားပါသည်။ နဒီ၊ ရတနာပုံ၊ စပါးဝါ၊ ဇေယျာအဆောင်တို့က အခန်းဖွဲ့မရှိ Hall type ဖြစ်သည်။ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားအများစုနေရသော အဆောင်များဖြစ်ပါသည်။ အောင်မင်္ဂလာ၊ ရွှေပြည်အေးတို့ကတော့ တတိယနှစ်နှင့် နောက်ဆုံးနှစ်ဖိုင်နယ်ကျောင်းသားများအတွက် ဖြစ်သွား ပါသည်။
ကျွန်တော်က ရွှေပြည်အေးဆောင်အောက်ထပ် ရေးချိုးခန်းတွေဖက်က အခန်းကိုရွေးချယ်လိုက်ပါသည်။ ကျွန်တော်တို့က ဒေသကောလိပ်ကနေ ဒုတိယနှစ်အောင်ပြီးတတိယနှစ်မှ MASU ကိုပြောင်းလာရသည်ဆိုတော့ ကျွန်တော်တို့လည်း စတုတ္ထနှစ်ရောက်ရော တက္ကသိုလ်ကြီးမှာက တတိယနှစ်၊ စတုတ္ထနှစ်(၂)တန်းနှင့် မာစတာ ကျောင်းသား၊ ကျောင်းသူတစ်ချို့သာ ကျန်ရှိပါတော့သည်။ ပျားပန်းခတ်မျှ စည်ကားလှသော ကျောင်းတော်ကြီး ကား ကျောင်းသားဦးရေထက်ဝက်လျော့ကျသွားခြင်းပဲဖြစ်ပါသည်။ သည်တော့ ရွှေပြည်အေး၊ အောင်မင်္ဂလာ အဆောင်ကြီးများမှာ ကျွန်တော်တို့နောက်ဆုံးနှစ်ကျောင်းသားများသာရှိပြီး ကျွန်တော်တို့အခေါ် တဲဆောင်များ ဖြစ်သည့် နဒီ၊ စပါးဝါနှင့် ရတနာပုံ၊ ဇေယျာ ဆောင်တို့မှာ တတိယနှစ်ကျောင်းသားများထားရှိလိုက်ပါသည်။ ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသားများကတော့ ဒေသကောလိပ်အသီးသီးမှာ တက်ရတာပဲဖြစ်သည်။ ကျောင်းသားတွေနည်းသွားတော့ ရွှေပြည်အေးနှင့် အောင်မင်္ဂလာမှာ အခန်းတွေပေါများပြီး ကျွန်တော်တို့တတွေ တစ်ယောက်တစ်ခန်း နေခွင့်ရသွားခဲ့ပါသည်။ ရေချိုးခန်း၊ ရေအိမ်သာတွေဖက်မှာ ညညကျ ''ကျောပေါက်'' ကြီးဆိုသည့် သရဲရှိသည်ဟု လက်ဆင့်ကမ်းပြောခဲ့သော နောင်တော်ကျောင်းသားများ၏စကားကို ပြက်ရယ်ပြု ခဲ့သည့် ဘယ်သူမှ မနေချင်မနှစ်မြို့သောအခန်းကိုမှ ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ ကျွန်တော့်လိုပဲ ကိုဇင်မော်၊ ကိုဝင်းတင့်၊ ကိုစိုးမြင့် စသည့်စာပေအနုပညာခုံမင်သူတို့ကလည်း အေးအေးဆေးဆေးနေရသည့် ချောင်ကျကျ ကျွန်တော့်အခန်းနှင့်ကပ်လျက်အခန်းတွေကိုပဲ ရွေးချယ်ခဲ့ကြပါသည်။ ဒေးကျောင်းသားတွေဖြစ်ကြသော ကိုကိုထွေး၊ အောင်ကြီး၊ အောင်နိုင်မြင့်၊ ကိုညို၊ ကျော်စိုးဝင်း၊ မောင်မောင် စသည့် စာသမားများကလည်း ကျွန်တော်တို့အခန်းမှာ လာစုကြသည်။ သည်တော့ ကျွန်တော်တို့၏ ရွှေပြည်အေး ဆောင် ရေချိုးခန်းဘက်အခန်း တစ်ဝိုက်ကတော့ ကဗျာရေးဖွဲ့သူ၊ ဝတ္ထုတို/ရှည် ရေးဖို့ကြိုးစားနေသူ၊ ပန်းချီကား တွေ အမြောက်အများဆွဲ လေ့ကျင့်နေသူတို့၏ ရိပ်မြုံလေးတွေ ဖြစ်မှန်းမသိဖြစ်လာပါသည်။
ကျွန်တော်တို့ကျောင်းသားဆောင်တွေတင်မဟုတ်ဘဲ ကျောင်းသူဆောင်များဖြစ်သော မြတမာ၊ သစ္စာ၊ ရွှေမန်းဆောင်တို့မှာလည်း ကျောင်းသူများအနည်းအကျဉ်းသာရှိပါတော့သည်။ မန္တလေးနှင့်အလွန်းနီးသော ကျောက်ဆည်၊ စဥ့်ကိုင်တို့မှ ကျောင်းသူများပင် အဆောင်နေခွင့်ရသည်အထိ ကျောင်းသား/သူ အင်အား နည်းသွားခဲ့ပါသည်။
ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဆရာကြည်အောင်၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)တို့ ကဗျာချိုချိုလေးများ ဖွဲ့ခဲ့သော ရေနီမြောင်းလည်းမစည်ကားတော့။ ရာဇာတ် စာကြည့်တိုက်မှာလည်း စာဖတ်သူတွေသိပ်မရှိ၊ အင်းဝဟောမှာလည်း စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲတွေ ဆိတ်သုဉ်းခဲ့လေသည်။ သို့ပေမယ့်လည်း ဘူမိကျောင်းသားတို့၏ ကျောက်ရိုင်း၊ ရူပဗေဒကျောင်းသားကျောင်းသူများ၏ ဟင်းလင်းပြင် နံရံကပ်စာစောင် များကတော့ ကျောင်းမဂ္ဂဇင်းတစ်အုပ်အလား အရောင်းအသွေးစုံ၊ ကဏ္ဍစုံဖြင့်ထင်ရှားခဲ့ပါသည်။ နံရံကပ် စာစောင်ကို လနှင့်ချီပြသနိုင်ခဲ့ခြင်းကိုက အနုပညာအရည်အသွေး၊ စာအဆင့်အတန်းမနိမ့်ကျခဲ့တာကြောင့်ဟု အားပြည့်အင်ပြည်ြ့ဖင့် ရဲတင်းစွာပြောရမှာပဲဖြစ်သည်။
x x x x x
ရွှေပြည်အေးဆောင် အခန်း(၃၄)မှာ ကျွန်တော် ရှိနေသည်။ ကျွန်တော့်အခန်းမှာ စာအုပ်တွေအများကြီး ရှိပါသည်။ ကျွန်တော် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တော့ အဖေက တစ်လ ၄ဝဝ ကျပ်ပို့ပေးပါသည်။ အဆောင်လခ ၁၂ဝ ကျပ်၊ ကျောင်းလခ ၃ဝ ကျပ်၊ မေဂျာကြေး အသင်းအဖွဲ့ကြေးက ၁ဝ ကျပ်လောက်ဆိုတော့ ကျွန်တော် သက်ဆိုင်ရာအလိုက်ငွေးသွင်းပြီးချိန်မှာ ၂၄ဝ ကျပ် အပိုထွက်နေပါသည်။ လစဉ်ထုတ် မဂ္ဂဇင်းထဲက မိုးဝေနှင့် ရှုမဝ ဝယ်လိုက်တာက ၁၃ ကျပ်ပဲကျသည်။ ဘာပဲဖြစ်ဖြစ် လစဉ် ၄ဝ ကျပ်ဖိုးခန့်တော့ စာအုပ်ဝယ်ဖြစ် ပါသည်။ ကိုစိန်မိုး၊ ဥတ္တရလွင်ပြင်၊ ကိုသန်းဌေး၊ ဒေါင်းအိုးဝေ၊ ကိုထွန်းထွန်းတို့၏ စာအုပ်ဆိုင်များမှာ အဟောင်း၊ အကောင်းလေးတွေအများကြီးမို့ ကျွန်တော့်မှာ စာအုပ်အများကြီးစုဆောင်းလိုက်နိုင်ပါသည်။ ကျွန်တော်က စာအုပ်တွေကို ဝယ်စုရတာဝါသနာပါပြီး စာအုပ်များကို ငှားရမ်းဖို့မှာလည်း မတွန့်တိုတတ်ပါ။ သည်တော့ ကျွန်တော့်အခန်းလေးထဲမှာ ဆရာဒဂုန်တာရာရှိသည်။ လူထုဦးလှ၊ လူထုဒေါ်အမာသမီးခင်ပွန်းရှိသည်။ ဒေါက်တာသန်းထွန်းရှိသည်။ ဒေါ်ခင်ဆွေဦးရှိသည်။ မိုးမိုး(အင်းလျား)ရှိသည်။ မစန္ဒာရှိသည်။ သိန်းသန်းထွန်း ရှိသည်၊ ချစ်ဦးညိုရှိသည်။ နိုင်ဝင်းဆွေရှိသည်။....ရှိသည်။ စားပွဲပေါ်မှာ၊ စာအုပ်စင်လေးမှာ၊ ကုတင်ဘေးမှာ စာအုပ်တွေအထပ်လိုက်ရှိနေခဲ့သည်။ နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုပြီးမှ မိဘရပ်ထံပြန်သယ်ရမည့် စာအုပ်တွေ ပဲဖြစ်ပါသည်။ ကျွန်တော်က ကျွန်တော့်အခန်းကို စာကြည့်တိုက်အငယ်စားလေးတစ်ခုအဖြစ် ရည်ရွယ်ခဲ့ပါသည်။ ဤသည်ကပင် ကျွန်တော်၏ မိုက်မဲမှုဖြစ်သည်ဟုထင်ပါသည်။
x x x x x
တစ်ရက်မှာတော့ ကျွန်တော့်အခန်းထဲသို့ တစ်ခြားမေဂျာမှ ကျောင်းသားတစ်ယောက်ဝင်လာပြီး စာအုပ် ငှားပါသည်။ ကျွန်တော် ကြည်ဖြူစွာပဲ ကြိုက်တဲ့စာအုပ်ငှားသွားဖို့ ခွင့်ပြုပေးခဲ့ရာ ထိုကျောင်းသားက ရှုမဝ မဂ္ဂဇင်းငှားသွားပါသည်။ တစ်ဆောင်တည်းနေသော်လည်း မေဂျာမတူသည့်အပြင် အပေါ်ထပ်အခန်းမှ ဖြစ်တာကြောင့် ရင်းရင်းနှီးနှီးရှိလည်း မရှိလှပါ။ သို့သော်စာအုပ်ငှားသည့်ကိစ္စအပေါ်မှာတော့ ကျွန်တော်အနှမျော မရှိခဲ့ပါ။ စာဖတ်လိုသူအတွက် ဖတ်လိုသောစာအုပ်တစ်အုပ်ငှားရမ်းပေးနိုင်သော ပီတိကို ကျွန်တော်ခုံမင်ခဲ့ ပါသည်။ သို့သော် ¤င်းပီတိကား ခါးသက်သော၊ အော့နှလုံးနာစရာဖြစ်သော အစိုင်အခဲဖြစ်သွားခဲ့ပါသည်။
ရှုမဝ မဂ္ဂဇင်း စာအုပ်ငှားသွားပြီးနောက်ရက်မှာပဲဖြစ်သည်။ ကျွန်တော့်အဆောင်ရေအိမ်ဝင်တော့ အညစ်အကြေး သုတ်သင်ပြီးထည့်သည့်စက္ကူခြင်းထဲမှာ ရှုမဝမဂ္ဂဇင်း၏ စာမျက်နှာ ၂-၃ ရွက်ကို တွေ့လိုက်ရခြင်းပဲဖြစ်သည်။ ရေအိမ်အခန်း ၂ဝ လောက်မှာ မှ ကျွန်တော်ဝင်သောအခန်းတွင် တိုက်ဆိုင်စွာလာတွေ့တာပါပဲ။ တက္ကသိုလ် ကျောင်းသားဖြစ်သော်လည်း ရေအိမ်ဝင်တာကအစ သန့်ရှင်းစင်ကြယ်အောင် ရေမသုံးဘဲ စက္ကူသုံးသော ကျောင်းသားတွေအများကြီး ထဲမှာမှ ¤င်းကတော့ အနိမ့်ကျတကာ့အနိမ့်ကျဆုံးသူဖြစ်နေပြီကော။ ကျွန်တော့် ဒေါသဒီဂရီကတော့ အထွတ်အထိပ်ရောက်နေပါပြီ။ ရှုမဝမဂ္ဂဇင်း ငှားသွားသောကျောင်းသားအခန်းဆီ ဂမူးရှုးထိုး ထွက်သွားလိုက်သည်။ ရွှေပြည်အေးဆောင် အပေါ်ထပ် အောင်မင်္ဂလာဆောင်ဘက်အခြမ်းကအခန်းကို ရောက်တော့ အခန်းတံခါးပိတ်ထားပါသည်။ အိပ်နေဟန်တူသည်။ အပြင်ကသော့ခတ်မထားတာမို့ အတွင်းမှာ လူရှိနေကြောင်း ထင်ရှားပါသည်။ ကျွန်တော်အခန်းတံခါးကို ၃-၄ ချက် ဆောင့်ကန်ပစ်လိုက်သည်။ ကျွန်တော့် ကန်ချက်က ထိုစဉ်က ကမ္ဘာကျော် နာမည်ကြီးဘောလုံးသမား မာရာဒိုနာ ထက်တောင်ပြင်းသွားသလားမသိပါ။ အခန်းထဲက သကောင့်သား တံခါးကို ဝုန်းကနဲဖွင့်ပြီး ကျွန်တော့်အား စားမတတ်ဝါးမတတ် စူးစူးရဲရဲ ကြည့်နေ ပါသည်။
''ဘာဖြစ်တာလဲကွ...ဘယ်လောက်များများသေရေးရှင်ရေးဖြစ်နေလို့ အခန်းတံခါးကို လာပြီး ခြေထောက်နဲ့ ကန်ရတာလဲ...မင်းလူမှုရေးနားမလည်ဘူးလား''
ဟောဗျာ၊ ငပြူးကပြဲ။ ကျွန်တော် သူ့ရဲ့ဒေါသအငွေ့တွေထွက်နေသည့် မျက်လုံးကို သူ့ထက်ပိုသော အလျှံညီးညီး ဒေါသမီးတောက်မီးလျှံတို့ဖြင့် ပြန်ကြည့်လိုက်သည်။
''ဘယ်မလဲ...မင်းငါ့ဆီက ငှားသွားတဲ့မဂ္ဂဇင်း''
သူ ကျွန်တော့်အပြောကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။
'' မင်းစာအုပ်ပြန်မပေးဘဲ နေမှာမို့လား...မင်းကအရေးတကြီးပြန်လာတောင်းရအောင်''
''ငါ့ပစ္စည်းငါပြန်တောင်းတာကွာ...မင်းအပိုတွေပြောမနေနဲ့''
ကျွန်တော့်ဒေါသက ခေါင်းဖျားထိနေပြီဆိုတော့အသံကလဲ တုန်ခါလှိုင်းထပြီး လိုသည်ထက်ပိုကျယ် နေသည်။
သူက ကုတင်ခြေရင်းရှိ သေတ္တာပေါ်ကနေ ရှုမဝမဂ္ဂဇင်းစာအုပ်ကို ပစ်ပေးတော့ ကျွန်တော်က ဖမ်းယူပြီး ဒရောသောပါးပဲ စာမျက်နှာတွေကို လှန်လှောလိုက်သည်။ တွေ့ပြီ စုတ်ဖြဲထားသောနေရာ။
'' ဟော့ဒီမှာ မင်းစာရွက်တွေ စုတ်ဖြဲထားတယ်... အဲ့ဒီစာရွက်တွေငါဘယ်မှာတွေ့ခဲ့တယ်မှတ်လဲ... အိမ်သာထဲမှာကွ...အိမ်သာထဲမှာ ...တောက် အောက်တန်းကျတဲ့ကောင်''
''ဘာကွ ...မင်းစာအုပ်တစ်အုပ်နဲ့ ပေါက်ကွဲနေရအောင် မင့်စာအုပ်က ဘယ်လောက်တန်လို့လဲ''
''စာအုပ်တန်ကြေးကို ပိုက်ဆံနဲ့လာဖြတ်မနေနဲ့၊ သူများဆီကစာအုပ်ကို အလွယ်တကူငှားပြီး အိမ်သာသုံး စက္ကူလုပ်သွားတဲ့ မင်းရဲ့အောက်တန်းကျတဲ့လုပ်ရပ်၊ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး လမ်းဘေးကလေကချေလို ပြုမူတဲ့မင်းလုပ်ရပ်တွေကို ရွံလွန်းလို့လာပြောတာ...မင်းလိုကောင်မျိုးနဲ့ ငါတက္ကသိုလ်မှာအတူတက်ခဲ့ဖူးတယ် ဆိုတာ နောင်တစ်ချိန်ပြောရမှာတောင်ပါးစပ်သနတယ်၊ ရှက်တယ်။ ဒါပဲ မင်းငါ့စာအုပ်ပြန်လျော်ပေး။ နောက် ဘယ်တော့မှ ငါနဲ့လာမဆက်ဆံနဲ့။''
ကျွန်တော် မီးကုန်ယမ်းကုန်ပေါက်ကွဲပြီး ပြန်ထွက်လာလိုက်သည်။
'' တောက် ...စာအုပ်များ သူ့အမေလင်ကျနေတာပဲ ဖြစ်နေလိုက်တာ''
ကျွန်တော်ကြားလိုက်ရပေမယ့် ပြန်ပြီးချဲမနေတော့ပါ။
''ဟုတ်တယ်ကွာ စာအုပ်ကိုအဖေလိုချစ်တာ'' စိတ်ထဲကပြောသည့်စကား။ သည်မောင်ကြားလဲ ခံစားတတ်မယ်မထင်ပါဘူး။
x x x x x
လွန်ခဲ့သောနှစ် ၃ဝ ခန့်က စာအုပ်တစ်အုပ်နှင့်ပတ်သက်ပြီး မမေ့နိုင်သောဖြစ်ရပ်ပဲဖြစ်သည်။ မဂ္ဂဇင်း စာမျက်နှာများကို အိပ်သာသုံးစက္ကူအဖြစ် အသုံးပြုခဲ့သည့် စိတ်ဓါတ်ရေးရာ ဖိနပ်အောက်ခြေသို့ ရောက်ခဲ့သော သူ့ကို ကျွန်တော်စဉ်းစားပုံဖေါ်ကြည့်တော့ ပါးပါးလေးတောင်ဖေါ်လို့မရ။ ဘယ်မေဂျာ၊ နာမည်ဘယ်သူ၊ ဘယ်မြို့က၊ ပုံပန်းဘယ်လို...ရေးရေးမျှ ပေါ်မလာတော့။
သေချာပါသည်။ အဲ့သည် အချိန်ကတည်းက စာအုပ်တွေအပေါ်ယုတ်ညံ့သောစိတ် ထားခဲ့သော သူသည် ကျွန်တော့် ဒေါသစက်ကွင်းထဲမှာ အရည်ပျော်ကျပြီး ကျွန်တော့်အာရုံထဲမှ လွတ်ထွက် သွားခဲ့တာပဲဖြစ်ပါမည်။
(နှစ်)
ကျွန်တော်တို့ ကုမ္ပဏီသို့ CEO အသစ်ရောက်လာပြီး တစ်ပတ်လောက်မှာ ကျွန်တော်ကိုခေါ်တွေ့သည်။ ကျွန်တော် CEO ရုံးခန်းထဲရောက်၊ ဆက်တီခုံလေးမှာထိုင်တော့ ပုဂ္ဂိုလ်က ဆုံလည်ကုလားထိုင်မှထကာ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ခုံတွင်လာထိုင်သည်
''ကျွန်တော့်ကို မှတ်မိလား၊ ကျွန်တော်တို့မန္တလေးတက္ကသိုလ်မှာအတူတက်ခဲ့ဖူးတယ်လေ''
ကျွန်တော် သူ့မိတ်ဆက် ပြောစကားအရ ကျောင်းနေဖက်သူငယ်ချင်းတွေထဲက ဘယ်သူဖြစ်မလဲ၊ အပြေးအလွှားစဉ်စားသည်။ သို့သော် ဘယ်လိုမှအမှတ်မရ။
'' ဆောရီး ..ကျွန်တော်မမှတ်မိဘူးဖြစ်နေတယ်...ဘယ်မေဂျာကလဲဗျာ၊ အဆောင်နေခဲ့သေးလား''
ဟက် ကနဲ သူရယ်တော့ သူ့ရယ်သံက ခြောက်သွေ့သလိုပါပဲ၊ အသက်မပါဟု ခံစားမိသည်။
''အေးဗျာ ...ကျွန်တော်ကလည်း ကျောင်းပြီးကတည်းက သင်တန်းပါသွားတာဆိုတော့ ...အင်း ..နှစ် ၃ဝ လောက်ကြာရောပေါ့။ ကုမ္ပဏီမှာ ရှယ်ယာထည့်ထားတာကြာပြီ၊ အခုမှ ကုမ္ပဏီကို ဝင်လာတာ၊ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီမှာခင်ဗျားနဲ့လာတွေ့ရတယ်''
သူပြောနေသည့်အချိန်မှ ကျွန်တော့်မှတ်ဥာဏ်ရှိ သိမ်းဆည်းထာသော ရုပ်ပုံများကို ဖော်ကြည့်နေမိသည်။ ကျွန်တော့်မှတ်ဥာဏ်တွေ ချို့ယွင်းနေပါပြီ။
'' ကျွန်တော်တို့နှစ်က ကျောင်းသားနည်းတယ်၊ ကျွန်တော်နဲ့ Same Batch ဆိုရင် CEO ကို မှတ်မိဖို့ ကောင်းတယ်။ အခုကျွန်တော် ဘယ်လိုမှ ပုံဖော်လို့မရဘူးဗျာ''
'' အဟင်း ..ခင်ဗျားမမှတ်မိပေမယ့် ကျွန်တော်ကတော့ ခင်ဗျားကို အမြဲတမ်းသတိရမှတ်မိနေတယ်၊ ခင်ဗျားသတိရအောင် ကျွန်တော်အစဖော်ပေးမယ်။ ကျွန်တော် ရွှေပြည်အေးဆောင် အပေါ်ထပ်မှာနေခဲ့တယ်။ ခင်ဗျားဆီကနေ မဂ္ဂဇင်းတစ်အုပ်ငှားဖတ်ခဲ့ဖူးတယ်လေ''
x x x x x
လွန်ခဲ့သောနှစ် ၃ဝ ကကျွန်တော် ပြောခဲ့သည့်
'' မင်းလိုကောင်မျိုးနဲ့ ငါတက္ကသိုလ်မှာ အတူတက်ခဲ့ဖူးတယ်ဆိုတာ နောင်တစ်ချိန်ပြောရမှာတောင် ပါးစပ်သနတယ်၊ ရှက်တယ်'' ဆိုသောစကားကို အတိအကျပြန်မှတ်မိနေသည့်အတွက် ကိုယ်မှတ်ဥာဏ်ကို အံ့သြလို့နေသည်။
အခုတော့ အခန်းထဲရှိ လေအေးစက်က အအေးလှိုင်းထုတ်တာလား၊ အပူလှိုင်းထုတ်တာလား ဝေခွဲရ ခက်လောက်အောင် ကျွန်တော့်မှ ချွေးစို့လို့နေပါသည်လေ။


ရဲသျှမ်း