သက်ရှိ၊ သက်မဲ့

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အညာမြို့လေး တစ်မြို့မှာ ကျွန်တော် မီးရထား ရုံပိုင် ရာထူးနဲ့ ၅ နှစ် လောက် တာဝန်ကျ ခဲ့ဖူးပါတယ်။ ၅ နှစ် ဆိုတာက တစ်ဆက်တည်းကို ဆိုလိုတာပါ။ အမှန်က ရုံပိုင်လေးရာ ထူးနဲ့ ၄-၅ နှစ် လုပ်လိုက် ပြောင်းသွား၊ ရုံပိုင်ရာထူး တိုးတော့ ပြန်ရောက်နဲ့ ဆိုတော့ ပေါင်းကြည့်ရင် (၁ဝ) နှစ် အထက်တော့ ရှိပါ တယ်။ သည်တော့ မြို့လေးက ကျွန်တော့် ဇာတိမြို့လို ကိုဖြစ်နေပါပြီ။
မြို့လေးကို ဒုတိယ အကြိမ် ပြန်ရောက်တော့ ကျွန်တော်ရမယ့် ဝန်ထမ်းအိမ်ခန်းက မလွတ်၊ မအား သေးတာမို့ ဘူတာနဲ့ သိပ်မဝေးတဲ့ ရပ်ကွက်လေး တစ်ခုမှာ အိမ်ငှား နဲ့ (၆) လခန့် နေခဲ့ပါတယ်။
ကျွန်တော်နေတဲ့ ရပ်ကွက်လေးက မြို့ရဲ့မြောက်ဘက်ကစ ရေတွက်လို့လား မသိပါ။ အမှတ်(၁) ရပ်ကွက်လို့ အမည် ဦးဦးဖျားဖျား ရထားတာပါ။ မီးရထား ရပ်ကွက် ကို တော့ အမှတ်(၂)၊ ဘူတာကြီးရပ်ဝန်း ကျော်ပြီး မြို့အရှေ့ဘက်ခြမ်းက အမှတ်(၃)၊ ပြည်ထောင်စု လမ်းမကြီး ယာဘက်ခြမ်းက အမှတ်(၄)၊ စသဖြင့် ရပ်ကွက်(၇) ရပ်ကွက် နဲ့ ဖွဲ့စည်း ထားတာဆိုတော့ မြို့လေးကမကျဉ်း မကျယ်နဲ့ အထိုက်အလျောက် စည်ကားလှပါတယ်။ ပြည်ထောင်စု လမ်းမကြီး လို့ခေါ်တဲ့ အဝေးပြေးလမ်းက မြို့လေး ရဲ့ ”မြို့ထဲ” ဆိုတဲ့ အဓိပ္ပာယ် ကို ဖော်ဆောင်ပေးထားပါတယ်…။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ စတိုးဆိုင်၊ ကာရာအိုကေ၊ တည်းခိုခန်း ဆိုတဲ့ အခင်းအကျင်းတွေ တည်ရှိတဲ့ နေရာ ဆိုတော့ အလိုလို နေရင်းမြို့ထဲ ဖြစ်သွားတော့တာပဲ ထင်ပါရဲ့။
အဲသည် မြို့ထဲဆိုတဲ့ ဝန်းကျင် ကနေ တောင်ဘက် မြောက်ဘက်တိုး လျှိုပေါက် လမ်းတစ်လမ်း ရှိတယ်။ ထနောင်းလမ်းလို့ အမည်တွင်ပါတယ်။ အထင်ကရ ဖြစ်တဲ့ ဘုရားကြီး သွားတဲ့ လမ်းလေးမှာ ထနောင်းပင် ကြီးတွေ အစီအရီ ရှိတာကို အစွဲပြု ပြီး ထနောင်းလမ်းလို့ အညွှန်း တပ်ခေါ်တယ်လို့ ထင်တာပဲလေ။
ထနောင်းလမ်း အတိုင်း မြို့ထဲကနေ ဦးတည်လာခဲ့မယ် ဆိုရင် ယာဘက်က မီးရထား စက်ခေါင်းရုံဝင်း နဲ့ ဝန်ထမ်းအိမ်ရာ၊ ဝဲဘက်က အမှတ် (၁) ရပ်ကွက် ကလေးပဲ ဖြစ်ပါတယ်။ လမ်းသွယ်လေးတွေ (၆) ခုလောက် လမ်းမကြီးနဲ့ ဆက်နွှယ် ထားတဲ့ လမ်းကလေးတွေထဲက လမ်းသွယ် (၃) ထိပ်က နှစ်ထပ်တိုက် အိမ်ကြီး ရဲ့ဘေး ဂိုဒေါင်ဟောင်း တစ်လုံးမှာ ကျွန်တော်တို့ ငှားနေခဲ့ တာပါပဲ။
ကျွန်တော်တို့ ဆိုတာက ကျွန်တော်ရယ်၊ ဇနီးရယ်၊ သမီးငယ် လေးရယ် တို့ပဲဖြစ်ပါတယ်။
အညာမြို့ ဖြစ်တာကြောင့် ရာသီဥတု ပူပြင်းတဲ့ အပြင် ဂိုဒေါင်လိုဖြစ် နေတဲ့ အခန်းမှာ နေရတာ ဆိုတော့ ကျွန်တော့်မှာ မွန်းကျပ်လှပါတယ်။ ဒါပေမဲ့လည်း တာဝန်ကျရာ ဘူတာရုံနဲ့ ဖြတ်လမ်းကနေ(၁ဝ) မိနစ်လောက် လမ်းလျှောက် သွားရင် ရလောက်အောင် နီးပြီး ရပ်ကွက်လေး က အေးချမ်းတာ ဆိုတော့ ကျွန်တော့် မှာ အစစ အဆင်ပြေ လှတယ်လို့ ပြောရလောက်အောင် နေပျော်ပါတယ်။
”အစ်ကိုရေ…လိုင်းခန်းရ ရင်တောင် မပြောင်းချင်တော့ဘူး၊ ဒီမှာ ရေက အရမ်းအဆင်ပြေတယ်၊ လိုင်းခန်းပြောင်းရင် ရေဝယ်သုံးရ မှာ ရေဖိုးက ပေးရတဲ့ အိမ်လခ ထက် ကိုကျော်မှာနော်”
ဇနီးသည် ပြောသလိုပါပဲ… မြို့လေးက ဘယ်လိုကျိန်စာမိထား လည်းမသိပါ။ ကျွန်တော်တို့ နေတဲ့ အမှတ်(၁) ရပ်ကွက်လေးမှာ အိမ်တိုင်း အဝီစိတွင်း တူးထားကြ ပြီး ရေလည်း စံမီတန်းမီ ထွက်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ရေကရေချို။ ကျန်တဲ့ ရပ်ကွက်တွေမှာတော့ ပေ၃ဝဝ၊ ၄ဝဝလောက် နက်တာတောင်မှ ရေမထွက်လို့ အဝီစိ ဆရာတွေလက် မှိုင်ချ၊ လုပ်အားရှုံးတဲ့ အထိ ဖြစ်ကုန်ပါတယ်။ စွတ်ရွတ်ပြီး ရေထွက် ပြန်တော့ ရေကရေငန်၊ ချွဲချွဲပစ်ပစ်နဲ့ မို့ သောက်ရေ မပြောနဲ့ လျှော်ဖို့၊ ဖွပ်ဖို့ ၊ ဆေးကြောဖို့တောင် အဆင်မပြေတဲ့ အနေအထားပါ…သည်မှာ တင်ပဲ အမှတ်(၁) ရပ်ကွက်လေးရဲ့ ပင်မ စီးပွားရေးက ရေရောင်းတဲ့ အလုပ် ပဲဖြစ်ပါတော့တယ်။ မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှာ (၆)ရပ်ကွက်က အမှတ်(၁) ရပ်ကွက်လေးရဲ့ ရေ အရင်းအမြစ်ကို မျှယူကြတယ်. ..။ နေမပြိုသေးတဲ့ နံနက်ပိုင်းနဲ့ နေချိုချို ညနေပိုင်းတွေ မှာ ရေစည်လှည်းတွေက စက်ဘီးတွေ၊ မြင်းလှည်းတွေ ကြားမှာ ရှုပ်ယှက် ခတ်နေအောင်ကို များလှပါတယ်။ ကိုယ်ခွဲလက်ခွဲ မရှိ၊ အချိန်လည်း မပေးနိုင်၊ လှည်းတွန်း ရတာ မကျွမ်းကျင် သူတွေအတွက် ရေစည် အငှားတွန်း စီပွားရေး အုပ်စုလေးလည်း ပေါ်ထွန်းလာပါသေးတယ်။ ရေစက် ရှိတဲ့ ရေရောင်းတဲ့ အိမ်တွေမှာ ရေစည် လှည်းတွေ ပါထောင်ထား ပေးပေမယ့် ကိုယ့်လှည်း နဲ့ဆို တစ်ဈေးဖြစ်တဲ့ အပြင် လှည်းစောင့်ရတဲ့ ဒုက္ခပါ ကင်းတာမို့ ရေစက် မရှိပေမယ့် ရေစည် လှည်းထောင်တဲ့ စီးပွားရေး လမ်းကြောင်းလေးတွေလည်း ရှိနေ ပြန်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ အင်မတန် ပူပြင်းတဲ့ အညာ အရပ်ဒေသရဲ့ မြို့လေးမှာ အမှတ်(၁) ရပ်ကွက်လေး ထဲကနေ PH7 အဆင့်မီ သောက်သုံး ရေရရှိနေတာ ဆိုတော့ မြို့က ရေမငတ်ရှာဘူး။ ဈေးသုံးလေးနည်းနည်း လျှော့ ရေဖိုးလေး ဖယ်ထား၊ ပူလောင် အိုက်စက် ချွေးတရွှဲရွှဲပေမယ့် ညနေစောင်း နေချိုချိုကျမှ လှိုင်း တက်အိုး ထဲမှာ ထည့်ထားတဲ့ ရေ အေးအေးလေး ချိုးလိုက်တော့လည်း လန်းဆန်း ကြည်လင်သွားတော့ တာပဲလေ။ သည်အခါမှာ မြို့လေးရဲ့ အမှတ်(၂) ကနေ စရေတွက်ရင် အမှတ် (၇) အထိ ရပ်ကွက်သူ ရပ်ကွက်သား တွေက အမှတ် (၁) ရပ်ကွက်ကနေ ရေစည် လှည်းတွေနဲ့ စီးဆင်းလာတဲ့ ရေချိုလေး အပေါ် မှာ ကျေးဇူးတွေ ထမ်းပိုးလို့ နေမှာပဲ ဆိုပြီး ကျွန်တော်က ကဗျာဆန်ဆန် တွေးနေမိပါတယ်။

ကျွန်တော့် အိမ်ရှင် ဦးညွန့်ဖေ ကလည်း ဘာသားနဲ့ ထုထားတာမို့လဲ …။ ရေစီးပွားရေးဇုန် ထဲမှာ သူလည်း ရင်းနှီးမြှုပ်နှံ လိုက်ပါတယ်။
”ရုံပိုင် စဉ်းစားကြည့်ဗျာ… တစ်နေ့ကို ရေမော်တာ (၆)နာရီ လောက်မောင်းရင် ရေဂါလန် ၂ဝဝဝ ကျော်ရမယ်။ ရေတစ်စည်မှာ ဂါလန် (၅ဝ) ဆိုတော့ စည်(၄ဝ)ပေါ့ဗျာ။ တစ်စည်ကို လှည်းမပါ ရေ သက်သက်ရောင်းရင် ၁ဝ ကျပ် ဆိုတော့ တစ်နေ့ ဝင်ငွေက ၄ဝဝ နော်… ရုံပိုင် လစာတော့ ၂ ရက် ၃ ရက် နဲ့ မီတယ်ဗျာ။”
ကျွန်တော် ဦးညွန့်ဖေ ပြောတာကို မငြင်းဆန်ခဲ့ပါဘူး။ အဲသည်တုန်း က ကျွန်တော့် လစာကလည်း ၁၅ဝဝ တော့ မကျော်ဘူးတင်တာပဲ။ လစာ နှုန်းထားတွေ အကြိမ် ကြိမ် ပြောင်း တော့ သိပ် မမှတ်မိတော့ဘူးလေ။
”အခုတလော လျှပ်စစ်မီးက လည်း အချိန်နဲ့ အလှည့်ကျ ပေးနေတော့ ရေမောင်းရတာ အဆင်မပြေချင်ဘူး ရုံးပိုင်ရဲ့၊ နောက်တစ်လ လောက်ဆို ရာသီဥတုက သည့် ထက် ပိုပူလာတော့မယ်။ ရေစည်လှည်း တွေလည်း ထပ်တိုးပြီး ရေအုတ်ကန် ကြီးကြီးဆောက်ပြီး ရေလှောင်ဖို့ ကျွန်တော် စီစဉ်နေတယ်။”
ရေစင်ပေါ်မှာ ရှိတဲ့ ရေတိုင်ကီ နဲ့ ဆက်သွယ်ထားတဲ့ ရေပိုက်ခေါင်း ကနေ ရေစည် လှည်းတွေကို ရေပေး နေတာ အားမရတော့ဘူး ထင်ပါရဲ့။
”ဦးလေး ဆိုလိုတာက မီးလာတဲ့ တစ်ချိန်လုံး ရေမောင်းထားမယ်၊ ရေစင်ပေါ်က တိုင်ကီ ပြည့်ရင် ရေ အုတ်ကန်တွေထဲမှာ ဖြည့်ထားဦးမယ်…ဟုတ်တယ်နော်”
”ဒါပေါ့…ရုံပိုင်ရာ မိုးရွာ တုန်း ရေခံလို့ ပြောရမလား၊ မဟုတ် သေးဘူးဗျ…မီးလာတုန်းရေ မောင်း…ဟား ဟား ဟား”
ဦးညွန့်ဖေ ကတော့ သူ့အတွေး နဲ့သူ သဘောကျ နေပါတယ်။
”ရပ်ကွက်ထဲမှာ ရေစက်တွေက အများကြီး ဦးလေးရေ၊ အုတ်ကန် ကြီးဆောက်ပြီး ထင်သလောက် ရေ မရောင်းရရင် ဒီအထဲ ပိုက်ဆံတွေ က ဝင်သွားဦးမယ်…အဲ ပြီးတော့ ဦးလေးက ဘယ်နေရာ လုပ်မှာတုံး”
”ရုံပိုင် သိပ်သဘောကျတယ်ဆို တဲ့ ပန်းရုံ နေရာလေးလေ…ဒီနေရာပဲ ကျယ်ကျယ်ဝန်းဝန်း ရှိတာ”
အို…ကျွန်တော် အသံထွက် မတတ် တုန်လှုပ်သွားပါတယ်။ တကူးတက ပြုစုစရာ မလိုဘဲ မွှေးပျံ့ နေတဲ့ အစိမ်းထဲက အဖြူ၊ အဝါ၊ ရွှေပန်း၊ ငွေပန်း၊ စံပယ်၊ ဇွန်ပန်း ရုံ နေရာလေးကို ရေအုတ်ကန်ဆောက် လိုက်တော့မှာ ပါလား။
”နှမြောစရာ ဦးရယ်…ပန်း လေးတွေ အမြဲပွင့်ပြီးမွှေးနေတာ.. ဦးလေး ခြံနားက ဖြတ်သွားတဲ့ သူတိုင်း မွှေးလိုက်တာ အသည်းကို အေးသွားတာပဲလို့ ပြောရလောက် တဲ့ ပန်းရုံလေး…”
”အဲဒါပဲ…ရုံပိုင်တို့က စီးပွားရေး အမြင်မရှိဘူး။ ဒီ အလှအပတွေ၊ အမွှေးရနံ့တွေက ပိုက်ဆံ ရှိရင် ဝယ်လို့ရပါတယ်။”
ဦးညွန့်ဖေ မျက်နှာ အနေအထားက ဆုံးဖြတ်ပြီးသား။ ဘယ်သူ ပြောပြောလုပ်မှာပဲ ဆိုတဲ့ ပုံစံပေါက် နေပါတယ်။ သူလေ့လာ အလွတ် ကျက်မှတ်ခဲ့တဲ့ သဘော တရားတွေ၊ လူနှင့် ပတ်ဝန်းကျင် ဆိုတာတွေ ချမ ပြတာကို တော်ပါသေးရဲ့ဆိုပြီး ကျွန်တော့်မှာ ကြံဖန် ကျေးဇူးတင် နေမိတော့တယ်။
”ဝယ်လို့ ရတာတော့ ဟုတ်တာ ပေါ့…ခြံထဲက အပင်မှာ ရှိနေတဲ့ ပန်းပွင့်လေးရဲ့ အလှနဲ့ ရနံ့ကိုတော့ ဘယ်မီမလဲ ဦးလေးရာ”
”ဟား…ဟား…ရုံပိုင်ရေ …အဲသည်လိုခင်ဗျားပြောတဲ့ အတိုင်း…ကျွန်တော့် ကလေးတွေ က ပြောသဗျ…ဒါလည်းရောဂါ တစ်မျိုးပဲ ဟား…ဟား…ဟား”
ရယ်ချင်လျက်နဲ့ ရယ်တာလား၊ မရယ်ချင်ဘဲနဲ့ ကျွန်တော့်ကိုပဲ လှောင်ရယ် တာလား မသိအောင် ကျွန်တော် ဝေခွဲရ ခက်သွားပါတယ်။ ကျွန်တော်ကတော့ ပန်းရုံ ကလေး ဆီ အကြည့်ရောက် နှမြောနေမိတယ်။ ညနေတိုင်း ပန်းကလေးတွေ ခူးပြီး ဖန်ခွက် အကြည်ထဲမှာ ထိုးစိုက်လို့ ဘုရားတင် ပူဇော်ရတဲ့ ကြည်နူးမှု လေး၊ ဇနီးသည် ရဲ့ ဆံကေသာထက် မှာ ကလစ်နဲ့ ညှပ်တွယ် ပေးခွင့်ရတဲ့ ကြင်နာမှု ပီတိလေး ပျောက်ပျက်သွား တော့မှာ ကိုနှမြောနေမိ ခဲ့ပါတယ်။

ပန်းရုံ ကလေးကို ဖျက်တဲ့နေ့က ကျွန်တော် နေ့ ဂျူတီ ကျနေတာမို့ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်ပါ တယ်။ ပြုနေကျ အတိုင်း ပန်းရနံ့လေး ကို ရှူရှိုက် ကြည့် လိုက်တော့ ဘာမှ မရတော့ပါဘူး…။
”ပန်းရုံလေး ဖျက်လိုက်ပြီ အစ်ကို အဖူး၊ အငုံလေးတွေမှာ အများကြီး …နှမြောလိုက်တာ အစ်ကိုရယ်.. .”
ဇနီးကပြောတော့ ရင်ထဲမှာနွမ်း ဆွေးဆွေး ဖြစ်ပြီး ဘုရားစင်ထက်ကို လှမ်းကြည့်မိ လိုက်သေးတယ်။ တစ်စုံတစ်ခု လစ်ဟာသွားသလို ခံစားမိပါတယ်။ ဇနီးသည်ရဲ့ ဆံကေသာ နက် မှောင်မှောင်မှာ ညနေတိုင်း ခိုနားခွင့် ရတဲ့ ငွေပန်းလေးက ခုတော့ထွက် ပြေးရှာပြီပေါ့…။
”အေးလေ…ဘယ်တတ်နိုင် မှာလဲ…သူက အိမ်ရှင်ကိုး…အစ်ကို တို့ပြောလည်း လက်ခံတာမှ မဟုတ်တာ။ ပြီးတော့ သူက ဘယ်သူ မှသူ့ လောက်မတတ်၊ အတွေး အခေါ် မရှိ ခပ်နုံနုံလို့ ထင်နေတော့တာ”
ကျွန်တော်ပြောတော့ ဇနီးသည် က သက်ပြင်းဖွဖွ ချပါတယ်။ ရေစက် မောင်းတဲ့…ဒုတ်…ဒုတ်… ဒုတ်…ဒုတ်…ဆိုတဲ့ အသံတွေ ကြားက ချတဲ့သက်ပြင်းလေး ဆိုတော့ မပီပြင် ရှာဘူး။ အမူအရာ ကြည့်ပြီးမှ ပြောရတာပါ။
ကျွန်တော် ညဂျူတီဝင်ရမှာမို့ နေ့ခင်းပိုင်း အားနေတာနဲ့ ရေအုတ် ကန်ဆောက်တဲ့ နေရာကို သွားကြည့် ပါတယ်။ ဦးညွန့်ဖေက ဘယ်အချိန် တည်းက စီမံထားလဲ မသိပါ ကျွန်တော် သွားကြည့်တဲ့ နေ့လယ် ၂ နာရီ လောက်မှာ လုပ်ငန်းက တော်တော် ခရီးရောက်နေပါပြီ။ သူတို့ တိုက်အိမ် နံရံနဲ့ ခြံစည်းရိုး အုတ်တံတိုင်းကို အုတ်ရိုးစီ ဆက်ပြီး ရေအုတ်ကန် ဆောက်တာ ဆိုတော့ ကျွန်တော့်မှာ အံ့သြလို့ နေပါတယ်။ ပြောရကောင်း နိုး မပြောရကောင်းနိုး ကျွန်တော် စဉ်းစားမိပေမယ့် မနေနိုင် မ ထိုင်နိုင် ပြောရပြန်တာပေါ့။
”ဦးလေး ရေအုတ်ကန်ကို အဲ သည်လို လုပ်ကောင်းလား” ကျွန်တော် ပြောတော့ ဦးညွန့်ဖေက သူ့ နားထင်ကို ညာလက်နဲ့ ထိုးပြ ရင်း. ..။
”ဒါသုံးရတယ် ရုံပိုင် အုတ်ဈေး၊ ဘိလပ်မြေ ဈေးခေါင်ခိုက်နေတာ အခုလို လုပ်လိုက်တော့ အုတ်ကန်ရဲ့ လေးဖက်လေးတန်မှာ နှစ်ဖက်သက်သာ မသွားပေဘူးလား” လို့ ပြောပါ တယ်။
ကျွန်တော်ကတော့ တော်တော် အကြည့်ရ ဆိုးတဲ့ ဒီဇိုင်းကြီး လို့ထင်တာပဲ။ နောက်ပြီး ထောင့်ချိုးတွေမှာ အုတ်ချပ်ကို လက်ယှက်ထိုးပြီး ခိုင်ခန့်အောင် လုပ်ရတာ။ အခုတော့ သည်အတိုင်း အုတ်စီထားတာ ဆိုတော့ ကျွန်တော့် စိတ်ထဲမှာ မလုံခြုံ သလိုကြီး ခံစားမိသွားတယ်။ ဒါပေမဲ့ ကျွန်တော် ပြောရင်လည်း ကျွန်တော့် မှာ ဒါမရှိဘူး ဆိုပြီး နားထင်ကို လက်ညှိုးထိုး လက်ခါပြ လုပ်နေရင် ခက်ဦးမယ်။
”ရုံပိုင်ရေ…ကန်ထဲကရေ လေ၊ အငြိမ်ဗျ၊ စီးနေတာ မဟုတ်ဘူး …မကြာဘူး…ဦးလေးအိုင်ဒီ ယာ သိပ်ကောင်းတာပဲဗျာ ဆိုပြီး ရုံပိုင် ပြောတာ ကြားရအုံးမယ် အ ဟေး.. .ဟေး…”
ကျွန်တော် ဂိုဒေါင်လေးဆီကိုပဲ ကုပ်ချောင်းချောင်းနဲ့ ပြန်လာခဲ့ ပါတယ်။ ပန်းရန် ဆရာတွေ ကလည်း ဦးညွန့်ဖေကို ဘာမှ စောဒက မတက်ဘူး။ ကာလ တစ်ခု တုန်း က မော်မကြည့်ရဲ ခဲ့တဲ့ အလုပ်သမားတွေ ဆိုတော့ ဦးညွန့်ဖေ ခိုင်းသမျှ မငြင်းမပယ် ဟုတ်ကဲ့ဆရာ ဆိုပြီး ခေါင်းညိတ်နေတာပဲ ထင်ပါရဲ့။ ကျွန်တော် ကတော့ သက်ပြင်းမော ကိုပဲ အခါခါ ချနေမိပါတယ်။ အုတ်ကန် ဒီဇိုင်းအ ကြောင်း ဇနီးသည်ကို ပြောပြရင် တော့ နှစ်ယောက်သားရဲ့ သက်ပြင်း တွေက ဂိုဒေါင်လေး ထဲမှာ ခလုတ် တိုက်ကုန် ကြမယ် ထင်ပါရဲ့လေ။
အုတ်ကန်ကြီး ဆောက်ပြီး ၂ ရက်အကြာ မှာပဲ ဦးညွန့်ဖေက အုတ်ကန်ထဲကို ရေဖြည့်ပါတော့တယ်။ အင်္ဂတေ အသားကျ မကျ သေချာပြီး မှ ရေထည့်ရမယ်လို့ ကျွန်တော် ထင်တာပဲလေ။ ဒါပေမဲ့ မီးလာနေတဲ့ တစ်ချိန်လုံး အုတ်ကန်ထဲကို ရေတဝေါဝေါ ဖြည့်နေပါတော့တယ်။ ကျွန်တော် ရေအုတ်ကန် အသစ်ကြီးနား မယောင်မလည် သွားတော့ ဦးညွန့်ဖေက အုတ်ကန်ဘေးမှာ အပြုံးတွေ တစ်ပွေ့တစ်ပိုက် နဲ့ အောင်မြင်သူရဲ့ အရေးအကြောင်းတွေ မျက်နှာမှာ ထင်ဟပ်နေပါတယ်။
”တွေ့လား ရုံပိုင် ကျွန်တော့် အိုင်ဒီယာ…။ ကျွန်တော် တွက်တာတော့ အချင်း(၂)ပေ၊ အမြင့် (၃)ပေ ရေစည်တစ်လုံးရဲ့ထုထည်က အင်း…ပိုင်အာစကွဲအိတ်ခ်ျ နဲ့ တွက်ရင် နိုင်းပွိုင့်ဖိုက် ကုဗပေရှိမယ် ဗျာ။ အဲဒါဂါလန် (၅ဝ)ဆိုတော့ ကျွန်တော့်အုတ်ကန် ထုထည် တစ်ထောင် ကုဗပေမှာ အဟား… ဂါလန် ၅ဝဝဝ လောက်တော့ အသာ လေးပဲဗျာ။ အုတ်ကန် အပြည့်ရေ ဖြည့်ထားရင် ရေစည် ၁ဝဝ တော့ အေးဆေးပဲ။ ရာသီဥတုက ရှေ့ လျှောက် ပူတော့မှာ ရေဖိုးနည်းနည်း လောက် ဈေးချလိုက်ရင် ကျွန်တော့် ရေစက်မှာ တိုးနေတော့မှာပဲ။”
”ဟုတ်ပ ဦးလေးရာ ခုမှပဲ ဦးလေးလည်း စက်သူဌေး ဖြစ်တော့မှာ အန်တီတို့ ကုန်စုံဆိုင်လေးတောင် ဖွင့်ဖို့ မလိုတော့ဘူး”
ကျွန်တော်က တွက်ရေး ဆိုတာ ဖျောက်ပြီး စက်သူဌေး လို့ပြောတာကို ဦးညွန့်ဖေ တော်တော် သဘောခွေ့ သွားပုံ ရပါတယ်။
”ဟုတ်တယ် ရုံပိုင်ရေ ခင်ဗျား အန်တီတို့ ဆိုင်ကလည်း အခုတလော ရောင်းရေးဝယ်တာ သိပ်မ ကောင်းတော့ ကျွန်တော်က ရေဖိုးနဲ့ ရှာပြချင်တာ။ သူတို့လည်း ကိုယ့် အိမ်ရှေ့တင် အိုးမကွာ အိမ်မကွာ ရောင်းနေတာမို့ ဆိုင်မပိတ် ဖြစ်တာ လေ။”
အုတ်ကန်ထဲကို ရေတ ဝေါဝေါကျသံ၊ ရေစက် မော်တာရဲ့ အော်မြည်သံတွေ ထဲမှာ ဦးညွန့်ဖေ ရဲ့စကားသံ ကတော့ တကယ့်ကို တက်ကြွ လန်းဆန်း နေပါတော့ တယ်။

ဝုန်း…ဝရော…ဝရော. ..ဝေါ…ဝေါ…
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ ရာက ကျယ်လောင်တဲ့ အသံကြီး ကြောင့် ကျွန်တော် ရုတ်တရက်ထ ထိုင်မိ လောက်အောင်ကို လန့်နိုးသွား ပါတယ်။
”ဘာဖြစ်တာလဲ ဟင်၊ ဘာဖြစ် တာလဲ”
ကျွန်တော့် ဇနီးကလည်း ထိတ်လန့် မောသည်းစွာနဲ့ ထထိုင်ပါတော့တယ်။ ညဦးက မီးလာတဲ့ အချိန်လေး ကြည့်ရတာ ဆိုပြီး ကျွန်တော်တို့ လင်မယား ကျန်ကျောင်း ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပြည်သူ့တရားရှင် အခွေတွေ ငှားကြည့်ပါတယ်။ ဇာတ်လမ်း ကရှည်တော့ ပြီးတောင် မပြီးသေးဘူး မီးပျက်သွားတာမို့ အိပ်ရာ ဝင်ခဲ့ကြတာပါ။ အိပ်ရာ ဝင်နောက်ကျလို့ အိပ်ပျော်စ ရှိသေးချိန်မှာ ကြောက် မက်ဖွယ် အသံကြီး ကြားလိုက်ရတာ ပါပဲ။
”အေး ဘာဖြစ်တာလဲ မသိဘူး။ အစ်ကို အပြင်ထွက် ကြည့်ဦးမယ်”
ကျွန်တော် ခေါင်းအုံးအောက် က ဓာတ်မီးယူပြီး ဂိုဒေါင်လေးထဲက နေ အပြင်ထွက် လိုက်ပါတယ်။ အပြင်ထွက်လိုက်မှ တဝေါဝေါနဲ့ ရေစီးသံတွေ ပီပီသသ ကြားလိုက်ရ တာမို့ ရေအုတ်ကန် အသစ်ကြီး ဆီ ကပဲနေမှာပါဆိုတဲ့ အတွေးနဲ့ အုတ်ကန်ဆီ ပြေးသွားလိုက်ပါတယ်။
အို…ကျွန်တော် ထိတ်လန့်စွာ အော်မိလိုက်ရအောင်ကို မြင်ကွင်းက ကြောက်မက်ဖွယ်ရာပါပဲ။ ဂါလန် ၅ဝဝဝဆံ့ အုတ်ကန်ကြီးက အခုတော့ အုတ်ကျိုးတွေနဲ့ ဖရိုဖရဲ ဖြစ်နေပါပြီ။ ခြံစည်းရိုး အုတ်ထရံကြီး ပွင့်ထွက်သွားတာပါ။ အုတ်ထရံ ကိုကျောကပ်ပြီး ဆောက်ထားတဲ့ ကုန်စုံဆိုင်လေးပါ တုံးလုံးပက် လက်ဖရိုဖရဲ ပြိုကျ ပျက် စီး နေတာကို ဓာတ်မီးရောင် အောက်မှာ စိတ်မချမ်း မြေ့စရာ မြင်နေရပါတော့တယ်။
”အမယ်လေး…ကုန်ပါပြီ တော်…ကုန်ပါပြီ ညနေကမှ ဖြည့်ထားတဲ့ ဆန်အိတ်တွေရော၊ ဆားအိတ်တွေ၊ ဆီတွေ…အဟီး …ဟီး…ဟီး…”
ဦးညွန့်ဖေကတော် အန်တီရဲ့ ငိုကြီးချက်မ အသံက တိတ်ဆိတ်သွား တဲ့ညကို ဖောက်ခွဲလိုက်သလိုပါပဲ။ ကျွန်တော် ဦးညွန့်ဖေကို ကြည့်မိလိုက်တော့ မျက်နှာသေ ကြီးကို ဖြစ်လို့။ မယုံနိုင်တဲ့ အံ့သြမှုတွေနဲ့ ယှက်နွယ် နေတဲ့ မျက်နှာကြီးက တော်တော့်ကို ကြည့်ရ ဆိုးနေပါတယ်။ ဒီအချိန်မှာ ကျွန်တော် တစ်စုံတစ်ခုကို သတိရမိ သွား တယ်။ အန်တီကြီးရဲ့ ကုန် ခြောက် ဆိုင်လေးထဲမှာ သူတို့သားငယ်လေး (၁ဝ) တန်း ကျောင်းသား ထွန်းထက်ဖေ စာကြည့်ရင်း အိပ်တတ်တာကိုပါ။
”ဟို…ဟို… ဦးလေး… မောင်ထွန်းထက်ဖေများ ဆိုင်ထဲမှာ အိပ်…”
ကျွန်တော့်စကားတောင်မဆုံး လိုက်သေးဘူး။
”ဟာ…သားလေး”
”ကိုယ်ကျိုးတော့ နည်းပါပြီ” ဆိုတဲ့အသံတွေ ကြေကွဲစွာ ထွက်ပေါ် လာပါတော့တယ်။
ရေတွေ ရွှဲစိုနစ်နေတဲ့ ဆန်အိတ်၊ ဆားအိတ်တွေနဲ့ အုတ်ကျိုး အုတ်ပဲ့ တွေကို ကျွန်တော်နဲ့ ရပ်ကွက်ထဲက လူငယ်တွေ ဝုန်းဒိုင်းကြဲ ဖယ်ရှားနေချိန်မှာ ဦးညွန့်ဖေ ကတော့ ညဥ့်ငှက် တစ်ကောင်ရဲ့အော်မြည်သံနဲ့ အပြိုင် ”သားရယ်…သားရယ်…” နဲ့ ဆောက်တည်ရာ မရဖြစ်နေပါတော့ တယ်။

”ကဲ…ကျွန်တာ် မပြောဘူးလား ဦးလေး” လို့ ဦးညွန့်ဖေကို စကားမစခဲ့ပေမယ့် ကျွန်တော်တို့ သူတို့ ဂိုဒေါင်လေးကနေ မီးရထား အိမ်ရာကို ပြောင်းတဲ့နေ့ နှုတ်ဆက် စကား သွားပြောတော့
”ရုံပိုင်ရာ…ရေဟာ သက်မဲ့ မဟုတ်ဘူး…သက်ရှိဗျ…သက် ရှိ။ ခွန်အား ရှိတယ်၊ စွမ်းအား ရှိတယ်၊ တုံ့ပြန်တတ်တယ် ဆိုမှတော့ သက်ရှိ ပဲပေါ့ဗျာ…။ ကျွန်တော့်နှလုံး သား နဲ့ရင်းပြီး သိတဲ့ အသိပါ…။”
ဦးညွန့်ဖေရဲ့စကားသံမှာ ရှိုက် သံတွေ စွက်လို့။ တကယ့်ကို ကြေကြေ ကွဲကွဲပါပဲ။
ဒါပေမယ့် ပြီးဆုံးသွားခဲ့ပါပြီ လေ။ ။

ရဲသျှမ်း
(Yatimagazine, February 2012)

1 comment:

  1. ကျွန်တော်ကလည်း သာစည်သားပါပဲဆရာ။ ကျွန်တော့်ဦးလေးတစ်ဦးဆို ဆရာ သိမလားမပြောတတ်ဘူး။ နဂါးနီစာအုပ်ဆိုင်ဖွင့်တဲ့ ဦးနေ၀င်းချစ်ဆိုတာ ။

    ဒီဝတ္ထုလေးကို ရတီမှာဖတ်ကတည်းက ကြိုက်တာ။ ကိုယ့်မြို့အကြောင်းရေးထားတာမို့လည်းပါမှာပေါ့

    ReplyDelete