“အတွေးမှသည် ဂုဏ်သိက္ခာ” (သားသို့ ပေးစာ – ၅)

ချစ်သောသားလေး… ရဲဝဏ္ဏ

၁ဝ တန်း စာမေးပွဲတွေလည်းပြီး၊ တက္ကသိုလ်၊ ကောလိပ်တွေလည်း ပိတ်တဲ့အပြင် သင်္ကြန်နားနီးပြီဆိုတော့ မကြာမီမှာ ရုံးတွေ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေလည်း ရက်ရှည်ပိတ်ကြတော့မယ်လေ။  ဒီတော့ ရုံးအားရက် ခရီးထွက်တဲ့သူတွေ များလာကြပြီပေါ့ သားရယ်။ တစ်ချို့က မိဘရပ်ထံ၊ တစ်ချို့ကျတော့ မိတ်ဆွေတွေဆီ၊ တစ်ချို့က အပန်းဖြေဘုရားဖူး စသဖြင့် ခရီးသွားကြတာ မဟုတ်လား။ ကားဂိတ်တွေလည်း ကားဂိတ်တွေလည်း ဘွတ်ခ်ကင်တွေပြည့်၊ ရထားတွေမှာလည်း တင်းကြမ်းဖြစ်နေတာပေါ့သားရယ်။  တစ်ယောက်စ နှစ်ယောက်စ မဟုတ်ဘဲ အသင်းအဖွဲ့လိုက် ခရီးထွက်ကြတဲ့သူတွေကလည်း များများ၊ ဖေဖေ့မှာလည်း ရထားလက်မှတ် စီစဉ်ပေးရတဲံ မှတ်တမ်းတင် white board မှာ ပြည့်လို့ နောက်ထပ် တစ်ခုထပ်ပြီး စီစဉ်ရတယ်။

ဖေဖေရဲ့ စာပေမိတ်ဆွေတွေ၊ တခြားမိတ်ဆွေတွေ၊ မိတ်ဆွေမဟုတ်ပေမယ့် အကူအညီတောင်းလို့ လက်မှတ်စီစဉ်ပေးရတာမို့ ဖေဖေ့ဖုန်း ၃ လလုံး မနားရပါဘူး သားရယ်။ ဖေဖေတို့မှာ ဖြည့်ဆည်းနိုင်တာက နည်းနည်း တောင်းဆိုတာက များများ ကြုံတွေနေရတာလေ။ ကြာတော့ ဖေဖေက စိတ်မရှည်ချင်ဘူး။ စကားအရာ ပျားသကာလို ချိုသာရမယ်လို့ သားကို ဖေဖေ အကြိမ်ကြိမ် ဆုံးမထားခဲ့ပေမယ့် ဖေဖေကိုယ်တိုင်ကတော့ ပျားသကာလိုမဟုတ် ကြားရတဲ့သူအတွက် ခါးတမာလို ဖြစ်သွားမှာပေါ့။

ဒါဟာ မကောင်းတဲ့ ကိစ္စပါသားရယ်။ ငြင်းပယ်တဲ့ အကြောင်းဖြစ်တာတောင်မှ ချိုသာမှု၊ ယဉ်ကျေးမှုရှိရင် အငြင်းပယ်ခံရတဲ့သူမှာ ခံသာသေးတာပေါ့။ အခုတော့ ငြင်းပယ်လည်း ခံရသေး၊ စကားအရာမှာလည်း မောက်မာသေးဆိုရင် တစ်ဖက်သားခမျာ ဘယ်ကျေနပ်နိုင်မှာတဲ့လဲ။ ဒါကို ဖေဖေတို့ အလွန်ချစ်ခင်လေးစားရတဲ့ အမေလူထုဒ်ါအမာက ဆောင်းပါးတစ်ပုဒ်မှာ ရေးခဲ့ဖူးတယ်။ သားလေး နားလည်အောင် ရှင်းပြမယ်နော်။

သားလေးရေ … ဖေဖေတို့ မြန်မာစကားမှာ “ဟန်ပန်လေသံ” ဆိုတဲ့ စကားလုံးတွဲရှိတယ်။ လူတစ်ယောက်ရဲ့ ဟန်ပန်၊ လေသံကို ကြည့်ပြီး အကဲခတ်လို့ ရတယ်။ ငါပြောတာ အမှန်၊ ငါလောက် ဘယ်သူမှ မတတ်ဘူးဆိုတဲ့ မျက်နှာထားနဲ့ သူပြောတဲ့စကားရဲ့ လေသံက တစ်ထပ်တည်းကျပြီး တော်တော့်ကို အကျည်းတန်တော့တာပဲပေါ့။

သားလေး ရဲဝဏ္ဏရေ… ဖေဖေတို့ လူမျိုးက သံဃာတော်၊ လူကြီးသူမ၊ ဆရာသမား၊ သက်တူရွယ်တူ၊ ငယ်ရွယ်သူ စသဖြင့် စကားပြောရာမှာ၊ ဆက်ဆံရာမှာ ဟန်ပန်လေသံ ကွဲသွားတော့တယ်။ ဖိုးဖိုး၊ ဖွားဖွား၊ ဦးလေး၊ အဒေါ်၊ အကို၊ အမ၊ ညီမလေး၊ မိတ်ဆွေ၊ နောင်ကြီး အဲသလို ယဉ်ကျေးချိုသာတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှု ရှိကြတယ်လေ။ I, you နဲ့ ပြီးတဲ့ စကားမဟုတ်ဘူး။ သည်လို ကြွယ်ဝတဲ့ စကားကို မြတ်နိုးခုံမင်စွာ သုံးတတ်ရလိမ့်မယ်။

သားရေ… အမေ လူထုဒေါ်အမာက “လူက ကြွစောင်းစောင်း၊ ကြွပ်ဆတ်ဆတ်နဲ့ ထောင့်မကျိုးတဲ့ပုံစံ၊ စကားပြောတော့လည်း ရိုင်းစိုင်းမောက်မာသေးတယ် ဆိုတာ အမေတို့ လူ့အဆောက်အုံက အလွန်မလို မုန်းထားတဲ့ ပုံစံမျိုးပေါ့” လို့ မှတ်သားလိုက်နာရမယ့် စကားကို ပြောသွားခဲ့တယ်။  လိမ္မာရေခြား ရှိပြီး ဖွယ်ဖွယ်ရာရာ ယဉ်ယဉ်ကျေးကျေး ပြောတတ်၊ နေတတ်တဲ့သူကို “အသံကြား သနားပါစေ၊ မျက်နှာမြင် ချစ်ခင်ပါစေ” ဆိုတဲ့ ဆုနဲ့ ပြည့်စုံသူလို့ အမေက ထပ်ဆင့် ပြောပြသွားတယ်။ ရင်ထဲ စွဲနေရမယ့် ဆုံးမစကားပေါ့ သားရယ်။ ကိုယ့်အပြေုအမူ၊ အလေ့အထ၊ စကားအသုံးအနှုန်း၊ လေသံတွေကို ဂရုစိုက်ရလိမ့်မယ်။ မကောင်းတဲ့ စရိုက်လက္ခဏကာတွေဟာ ကြာရင် အကျင့်စွဲဖြစ်သွားတတ်တယ်။ ပြင်ရခက်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်။ “၀သီကိုက ပါနေတာ” ဆိုတာ ကောင်းတာကို ပြောတာမဟုတ်ဘူး။ အမှားကို သိလျက်နဲ့ အမှန်ကို မကူးပြောင်းနိုင်တဲ့သူတွေကို မှတ်ချက်ပြုတာနော်။ ဒါတွေဟာ အသေးအဖွဲလို့ မထင်မှတ်ရဘူး။ ကြီးကျယ်ခမ်းနားမှုတွေဟာ အသေးအဖွဲဆိုတာနဲ့ စတင်လာတာဆိုတာ သားလေး သိရလိမ့်မယ်။

ဆရာမြင့်ဆွေဦး ဘာသာပြန်ထားတဲ့ “ဂရုစိုက်ပါ” ဆိုတာလေးကိုလည်း ဖေဖေ မှတ်သားထားသေးတယ်။ သားလေးဖတ်ကြည့်ပါဦး။

အတွေးအမြင်များကို ဂရုစိုက်ပါ
စကားလုံးများ ဖြစ်လာတတ်သည်။
စကားလုံးများကို ဂရုစိုက်ပါ
အပြုအမူများ ဖြစ်လာတတ်သည်။
အပြုအမူများကို ဂရုစိုက်ပါ
အလေ့အထများ ဖြစ်လာတတ်သည်။
အလေ့အထများကို ဂရုစိုက်ပါ
အကျင့်စရိုက်များ ဖြစ်လာတတ်သည်။
အကျင့်စရိုက်များကို ဂရုစိုက်ပါ
ယင်းတို့မှ ဂုဏ်သိက္ခာဖြစ်လာလိမ့်မည်။

သားလေး ရဲဝဏ္ဏရေ… ကိုယ့်ဂုဏ်သိက္ခာ၊ အမျိုးဂုဏ် သိက္ခာ၊ နိုင်ငံဂုဏ်သက္ခာ အားလုံးဟာ အတွေးအမြင်က စရတယ်ဆိုတာ သားလေး သဘောပေါက်ပြီနော်။ သည်တော့ အတွေးအမြင်ကောင်းဖို့၊ ထက်သန်ဖို့ ထိုင်နေရုံနဲ့ ဖြစ်မလာဘူး။ ပညာကို သိရမယ်။ တတ်ကျွမ်းနားလည်ရမယ်။ သည်တော့ စာအုပ်တွေကို ဖတ်ရမှာပေါ့။ ပြီးရင် အပြုအမူ အလေ့အထ၊ အကျင့်စရိုက်ကနေ ဂုဏ်သိက္ခာရှိအောင် နေထိုင်ရလိမ့်မယ်။

ကဲ… သားလေးရေ ဖေဖေကိုယ့်ကိုယ်ကို ဝေဖန်ရင်းနဲ့ သားလေးလိုက်နာ ပြုမူရမယ့် အကျင့်စရိုက် အလေ့အထတွေကို ဖေဖေ ပြောပြလိုက်တာပါ။ ကျင့်သုံးပါသားရယ်။ ပြီးတော့ သား သူငယ်ချင်းကို လက်ဆင့်ကမ်းပါနော်။


ချစ်သော ဖေဖေ
ရဲသျှမ်း

No comments:

Post a comment