'' မြင်းမိုရ်တောင်ထိပ်မှ စီးဆင်းလာသော စမ်းချောင်းကလေး ''


'' မေမေ မေမေ ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုတာကို သားတို့ဆရာမကရှင်းပြတယ်...။ ကမ္ဘာကြီးသာ မီးလောင်ခဲ့ရင် မေမေလည်းသားကို ချနင်းလိုက်မှာလား...ဟင်''
ကျွန်တော့်အခန်းနဲ့ကပ်လျက်အခန်းက (၂)တန်းကျောင်းသားလေး မောင်ဇွဲထက်သန်ရဲ့ သူ့အမေကို မေးတဲ့ မေးခွန်းကို ကျွန်တော်ကြားလိုက်တော့ ကြက်သီးမွေးညှင်းထလောက်အောင်ကို ခံစားလိုက်ရပါတယ်။မောင်ဇွဲထက်သန်နှယ် တွေးမှတွေးတက်ပလေလို့ အံ့သြစိတ်လည်းဖြစ်သွားတာပေါ့...။ ကလေးက စကား တတ်တာ ဥာဏ်ရည်ထက်မြက်တာဟာ သူ့အဖေ ကျော်သူထက်နဲ့တူလို့သာပဲ ဖြစ်ရမယ်။ ကျော်သူထက်ကဘူတာကြီးကုန်တင်/ကုန်ချမှာချိန်မှတ်စာရေး။
(၁ဝ)တန်းအောင်ပြီးသား၊ကျောင်းဆက်မတက်ဘဲအလုပ်ထဲရောက်လာပြီးအလုပ်ခွင်ကနေစာရေးရာထူးရောက်လာတာလေ။
 လူ(၁ဝဝ)ဖြေလို့ (၅)ယောက် မအောင်တဲ့ အလုပ်ခွင်စာမေးပွဲကိုတစ်ကြိမ်ထဲနဲ့ အောင်ပြီးသင်တန်းပါသွားတာလို့ ကြားဖူးတယ်။ဒီတော့ကျော်သူထက် ဥာဏ်ရည်ကအနိမ့်စားတော့မဟုတ်ဘူးလို့ တွေးမိတာပေါ့..။ကျော်သူထက်ရဲ့မဟေသီ၊ မောင်ဇွဲထက်သန်ရဲ့မိခင် ခင်ခင်ဦးကျတော့ ခကွေးနဲ့သဝေထိုးက ရန်ဖြစ်ထား လို့ ဟိုဖက်သည်ဖက် လှည့်နေကြတာလား၊ ကကြီးနဲ့ယပက်လက်ကလည်း အဲသည်လိုပဲဆိုတဲ့ ကြံကြံဖန်ဖန် မေးခွးန်းမျိုးကျတော့သူကရှာရှာဖွေဖွေတတ်နေပြန်ရော။
'' ကိုထက် ချက်ဆို နှစ်ခွက်နဲ့မူးတယ် ဆိုတဲ့ စကားပုံကြားဖူးလား''
တစ်ခါက ခင်ခင်ဦး သူ့ယောက်ျားကိုမေးတဲ့ စကားပုံကိုကျွန်တော်အပြေးအလွှားစဉ်းစားနေမိတယ်။ ကိုယ့်ကိုယ်ကို စာရေးဆရာလို့သတ်မှတ်ထားတဲ့ကျွန်တော့်ရဲ့ မှတ်ဥာဏ်ထဲမှာမရှိတဲ့ စကားပုံပါပဲ။အမျိုးမျိုး စဉ်းစားပေမယ့် သည်စကားပုံကို မကြားဖူးဘူးဖြစ်နေပါတယ်။ဒါနဲ့ပဲ ကျော်သူထက်ဆီက ကြားရမယ့် အဖြေကိုပဲ နားစွင့်နေမိတာပေါ့။
'' ဟာ..ခင်ဦးတို့ကတော့ သောက်တလွဲလုပ်ပြီ ချက်ဆို နားခွက်ကမီးတောက်ပြီးသား လို့ပဲကြားဖူး ပါတယ်။ ဘယ်နှယ့် ချက်အရက်ကပါလာရတာတုန်း။နင်လုပ်တာနဲ့ မြန်မာစကားပုံတွေ ပျက်တော့မယ်။''
ကျော်သူထက် အဖြေကြားတော့မှ ကျွန်တော်လည်း သည်ဖက်အခန်းကနေခွက်ထိုးခွက်လန် ရယ်နေမိတယ်။
'' သိဘူးလေ...ချက်လည်းပါတယ်..နှစ်ခွက်လည်းပါတယ်ဆိုတော့ ခင်ဦးပြောတာမှားလို့လား။''
ခင်ခင်ဦးတွေးတာလည်း ဟုတ်သားဟ လို့ ကျွန်တော်ကကောက်ချက်ချမိသေးတယ်။
'' ကိုထက်နော် သားကအတန်းကြီးလာပြီ စာလေးဘာလေးသင်ပေးပါအုံး။ဂျူတီနားတဲ့ရက်လည်း အိမ်မကပ်။ ဘိလိယက်ခုံမှာပဲ တစ်နေကုန်နေတာ...ကျူရှင်ထားဖို့ကျတော့ ခင်ဦးတို့မှာသမီးငယ်လေးပါဒီနှစ်ကျောင်းထားရပြီဆိုတော့ မတတ်နိုင်ဘူး။''
'' ဟာကွာ... တစ်ခါလာလည်း ဘိလိယက်ထိုးတာပဲခလုပ်တိုက်နေ...မသင်နိုင်ဘူးကွာ။ ဒီကောင် စာလိုက်နိုင်နေတယ်မဟုတ်လား။မလိုက်နိုင်ရင်လဲ ကျူရှင်ပို့လိုက်။ ကျူရှင်ခမရှိလည်း မင်းကိုယ်တိုင်သာသင်ပေတော့..အရင်ကလည်း မင်းပဲသင်နေတာ ခုမှရေးကြီးခွင်ကျယ်လုပ်ပြီး..ကဲတော်ပြီ..တော်ပြီ နားညည်းတယ် ဘိလိယက်ခုံပဲသွားတော့မယ်။''
ထင်တဲ့အတိုင်းပါပဲ ကျော်သူထက်တော့ သူ့ရဲ့မူပိုင်အတိုင်းပေါ့ပေါ့ပါးပါးပဲတွေး၊ နေ၊ ကျင့်ကြံသွားတော့ တာပဲလေ။ (၁ဝ)တန်းအောင်အဆင့်ပညာအရည်အချင်းလေးက လူရိုသေရှင်ရိုသေရှိပေမယ့် သားကိုစာသင် ပေးဖို့ကျတော့ထွန့်ထွန့်လူး ဖြစ်နေတတ်တယ်။ကွာတယ်...ခင်ခင်ဦးနဲ့ကျော်သူထက်တို့ သားလေးဇွဲထက်သန်ရဲ့ပညာရေး၊အနာဂတ်ခရီးဆုံးဆီ သွားဖို့အတွက် ထားတဲ့ရည်ရွယ်ချက်တွေက ကွာဟလွန်း တယ်လို့သုံးသပ်ရလိမ့်မယ်ထင်တယ်။
သားလေး...မေမေကစာမတတ်လို့...သားအဖေလိုတတ်ရင်အတန်းထဲမှာ သား ပထမအမြဲရနေ အောင် မေမေကသင်ပေးမှာ... ကျူရှင်လဲမေမေမထားနိုင်တာ သားသိတယ်နော်။ သားလေးစာကျက်နေရင် အတန်းထဲမှာအတော်ဆုံးဆိုတဲ့အထဲ သားပါကိုပါရလိမ့်မယ်လို့ မေမေယုံတယ်။အခုသားကအတန်းကြီးလာ ပြီ။ သားကိုမေမေ မသင်တတ်တော့ဘူး။ အငယ်လေးကိုပဲမေမေသင်နိုင်တယ်။ ''
'' သားသိပါတယ်မေမေ ပညာမရှိ သူ၏ဝန်ထမ်းတဲ့။ သားကိုမေမေဝယ်ပေးထားတဲ့အလိမ္မာ မဂ္ဂဇင်းထဲမှာ သားဖတ်ဖူးပါတယ်။''
သားအမိနှစ်ယောက်ရဲ့ စကားသံတွေက တကယ့်ကိုချိုမြိန်ကြည်နူးဖွယ်တွေပါပဲ..။သတိထားမိတာက ဇွဲထက်သန်ရဲ့နာမည်နဲ့လိုက်အောင် ဇွဲရှိတာ။ သိချင်စိတ်တတ်ချင်တဲ့စိတ် ထက်သန်တာကိုပါ။
x x x x x

ခင်ခင်ဦးက အတန်းပညာမရှိရုံတင်မဟုတ်၊ တကယ့်ကို ဖတ်တတ်ရုံလေးပဲတတ်တယ်၊မရေးတတ်ဘူး။ သမီးမိန်းခလေးပဲ ဘာစာတတ်စရာလိုလဲ ဆိုတဲ့အတွေးအခေါ်အောက်မှာကြီးပြင်းလာတာလား၊ ဒါမှမဟုတိဘတွေရဲ့ ဆင်းရဲမွဲတေ ကျပ်တည်းမှုအောက်မှာကြီးပြင်းလာတာလား။ ငယ်စဉ်ကလေးဘဝကိုဘယ်လို ဖြတ်သန်းခဲ့ရသလဲစတဲ့အတိတ်အကြောင်းတွေကို ကျွန်တော်စပ်စပ်စုစုမလုပ်ခဲ့ဘူးပေမယ့်
ပတ်ဝန်းကျင်အပြော၊ တစ်ခါတစ်ရံ ခင်ခင်ဦးကိုယ်တိုင် အပြောတွေကြောင့်သူ့ဘဝတွေကို သိခွင့်ရခဲ့ပါတယ်။
'' လေးလေး...သမီးသိတတ်ချိန်မှာ အဖေ့ကိုမတွေ့တော့ဘူး...။အဖော်တွေနဲ့ဖားကန့်ကို ကျောက်တူးဖို့သွားတာ ပြန်မလာတော့တာလို့အမေပြောပြတာပဲ။ သမီးက နံပါတ်(၃) အစ်ကို(၂)ယောက် မောင်လေးတစ်ယောက်ရှိသေးတာလေ...။ ဒီတော့အမေ့မှာ ဒုက္ခတွေဝေလို့...။ဒါနဲ့သမီးပဲအမေ့ကို ကူရတာ။ သမီးကျောင်းမတက်လိုက်ရဘူး။ အစ်ကိုတွေလဲကျောင်းတက်ရတယ်မရှိပါဘူး။ ဘူတာသွားပြီးကုန် ထမ်းနေရတာ။အမေ့ကိုဈေးရောင်းကူ၊ အမေအဝတ်လျှော်တဲ့နေရာလိုက်ပြီး အဝတ်တွေကူလှန်းပေးသမီး အလုပ်လုပ်ခဲ့ရတာ။''
ခင်ခင်ဦးက ရုပ်ကလေးနဲ့ မလိုက်ဖက်အောင် အလုပ်အစုံလုပ်ခဲ့ရတယ်ဆိုတာယုံမှားစရာ မရှိပါဘူး။ ပညာလေးသင်ခဲ့ရ၊ သင့်တင့်လျောက်ပတ်တဲ့ရုပ်ဝတ္ထုလေးတွေဆင်မြန်းခဲ့ရရင် ခင်ခင်ဦးနားမှာ ကောင်လေးတွေဝိုင်းနေခဲ့လိမ့်မယ်ထင်တယ်။တော်ပါသေးရဲ့ ခေတ်ရေစီးထဲ မျောပါသွားတဲ့ RVကလေးမလေးတွေ၊ အနှိပ်ခန်းရောက် ကလေးမလေးတွေ၊ နယ်စပ်ရောက်၊
နိုင်ငံခြားရောက်သွားတဲ့ ကလေးမလေးတွေရဲ့ဘဝမျိုး ရောက်မသွားတာကိုပဲကံကောင်းတယ်လို့ မှတ်ထင်ရမှာပဲ။
'' သမီးလေ... အဝတ်အစားလဲမမက်ဘူး၊ အလှအပလဲမမက်ဘူး၊ စာမသင်ခဲ့ရတာဘဲစိတ်မကောင်း ဖြစ်တာ။ ဒါကြောင့် သမီးရဲ့သားသမီးတွေကိုပညာတတ်ဖြစ်စေချင်တယ်။ ကိုထက်အားကိုးလို့လဲမရ...။
သမီးကလေးတွေကျူရှင်ထားနိုင်ဖို့ အလုပ်လုပ်ချင်တာ.. ကိုထက်ကပေးမလုပ်၊ခုအနေအထားလဲ လစာတစ်မျိုးပဲ ရှိတော့တာလေးလေးရ။ တန်ဆာခနဲ့အလုပ်သမားခတွေဈေးတက်တော့ အရင်လိုအစွန်းအထွက်လေးတွေက မရတော့ဘူး။''
ပြောသင့်လား မပြောသင့်လားမဝေခွဲတတ်တဲ့ ခင်ခင်ဦးကိုကျွန်တော်ကနားလည်ပေးနိုင်ပါတယ်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ ကိုယ်ကျင့်တရားမှတ်ကျောက်တင်ခံနိုင်မှုတို့ကြောင့် ဆရာဦးကိုလေး ကဗျာထဲကလို လှံသွားထောင် ထာင် ဒါးရောင်ဖွေးဖွေး မြွေပွေးခွေခွေ ဆူးလေကြဲကြဲ...ဆိုတဲ့ ဘူတာကြီးကျက်စားရာအကို(၂)ယောက်နဲ့ အပေါင်းအပါတွေကြားကနေ ကျာ်သူထက်က ရအောင်ခိုးထုတ်သွားတာနေမှာလို့ ကျွန်တော်တွေးမိသွားတယ်။
''
ခင်ဦး...ကျော်သူထက်က နင်နဲ့မရခင်ကတည်းက ဘိလိယက်ခုံ တစ်နေကုန်ထိုင်တာပဲလား''
'' ဟုတ်တယ်လေးလေး... သမီးက သူသမီးနဲ့ရရင် ဒါကြီးပြတ်သွားမယ်ထင်တာ..မပြတ်ဘူး။ သားလေးရတော့ တစ်ခါမျှော်လင့်မိသေးတယ်။ သမီးလေးမွေးတဲ့အထိဒီအတိုင်းပဲ။ သားလေးကျောင်းကိစ္စလည်း ဘာမှစိတ်မဝင်စားဘူး။သမီးသူ့လိုစာတတ်ရင် သမီးသားလေး အတန်းထဲမှာ နံပါတ်(၁)ဗိုလ်ဖြစ်နေမှာနော်။''
'' အခုလဲ ဇွဲထက်သန်လေးက တော်တာပဲဟာ...နင်ကိုကလောဘကြီးနေတာ နေမှာပါ။ကလေးဗီဇ ပါလာပြီးသားပါ။ မပူနဲ့ ညည်းသားလေး ဖြစ်မြောက်သွားမှာသိလား။မိဘကလမ်းကြောင်းလေးတည့်အောင်သာ ဂရုစိုက်ပေး ''
ကျွန်တော့်စကားကို မျက်လုံးကလေး ပေကလပ် ပေကလပ်နဲ့ နားထောင်နေတဲ့ခင်ခင်ဦးရဲ့ စိတ်ထက်သန် မှုကို ကျွန်တော်တွေ့နေရတယ်။ ကျော်သူထက်ကတော့ကျွန်တော့်ကို စာရေးဆရာတစ်ယောက်အဖြစ် တလေးတစားဆက်ဆံတာကလွဲလို့ခင်ခင်ဦးလောက် တရင်းတနှီးမရှိလှဘူး။
x x x x x
ခင်ခင်ဦးက စာမတတ်ပေမယ့် သူ့သားလေးဇွဲထက်သန်ကို ညစဉ်စာသင်ပေးတာကိုကျွန်တော့်အခန်း ဘက်က ကြားနေရတယ်။ စာမတတ်သူက စာပြန်သင်တာကို
ကျွန်တော့်မှာ အံ့အားသင့် ပဟေဋ္ဌိတွေဖြစ်လို့ နေပါတယ်။သူဘယ်လိုနည်းပညာတွေနဲ့ သင်တာတုန်း..။ ကိုယ်မတတ်ပဲနဲ့ သင်လို့ရသလား...။ကျွန်တော် စိတ်ဝင်စားမှုကို မအောင့်နိုင်တော့ ခင်ခင်ဦးကိုမေးရတော့တာပေါ့။
''
ညည်းသားလေးကို စာသင်ပေးနေတာ အဟုတ်ပဲ။ ဘာတဲ့ ခြင်္သေ့သည်ကြွက်ငယ်ကို အဘယ်ကြောင့် မသတ်ဘဲလွှတ်သနည်းဆိုတော့ နင့်သားဖြေတာကို မဟုတ်ဘူး ကြွက်ကအကြိမ်ကြိမ်တောင်းပန်လို့ဆိုပြီး အမှားပြင်ပေးတာ ငါ့မှာအံ့သြရော...ပြောစမ်းပါအုံး။ နင်ကစာမတတ်ဘူးလဲပြောသေးတယ်။ စာလည်းသင် တယ်။ ငါ့ကို မျက်စိလည်အောင်၊ ဦးနှောက်စားအောင် လုပ်နေတာလားဟ။''
ကျွန်တော့် သိချင်စိတ်ကို တော်တော်နဲ့မဖြေဘဲ ခင်ခင်ဦးကရယ်ပဲနေတယ်။ သူမဖြေလေ ကျွန်တော့်မှာ သိချင်စိတ်များလေ ဖြစ်နေတော့တာပေါ့။
 '' လေးလေးရာ သမီးတကယ်စာမတတ်တာပါ။ မတတ်ဆို သင်မှမသင်ခဲ့ရတာကိုး...။ သားလေး ကျောင်းထားတော့ သမီး သားကိုကျောင်းပို့တဲ့အခါ နှစ်ယောက်စာထမင်းချိုင့်ထည့်ပြီး ကျောင်းမှာတစ်နေကုန် စောင့်နေတာ။ သားတို့သင်တဲ့စာ ဆရာမကဖတ်ပြတော့ သမီးစိတ်ကလိုက်ဆိုတာလေ...။ အိမ်ရောက်တော့ သားကိုစာကျက်ခိုင်း သားမှားနေရင် ထောက်ပြဆိုတော့ သမီးကို စာတတ်တယ်ထင်နေကြတာ... အခုဒီနှစ်သားက ဒုတိယတန်း ကျေးညီနောင်သင်ရတယ်။ သားတို့ဆရာမကဖတ်ပြ သမီးကလိုက်မှတ်တာပေါ့..။ ညကျသားကို ခိုးသူတို့ မွေးထားတဲ့ကျေးသည် ဘုရင်ကြီးကိုမြင်လျှင် မည်သို့ပြောသနည်းဆိုတဲ့မေးခွန်းကို မေးတာပေါ့...။ သားမှားရင် အဖြေမှန်ပြော... ဒီလိုပဲ သားကိုစာသင်တာလေ။''
 ခင်ခင်ဦးရှည်ရှည်ဝေးဝေး ရှင်းပြတော့ ကျွန်တော့်မှာ အံ့သြလို့မဆုံးဘူး။ တကယ်ထိထိရောက်ရောက် စာသင်ခဲ့ရရင် တတ်လွယ်သိလွယ် ဖြစ်မယ့်မိန်းခလေးလို့ ကျွန်တော်တစ်ထစ်ချ ယုံကြည်နေမိတယ်။
'' နင်က မြန်မာစာတင်လားဟဲ့..အင်္ဂလိပ်စာ၊ သင်္ချာကောသင်တာပဲလား...။''
'' သင်္ချာတော့်သမီးမသင်ပါဘူး...။ အဖြေစာအုပ်နဲ့တိုက်ပြီးစစ်လိုက်တာပေါ့။ အင်္ဂလိပ်စာကိုတော့ သမီးသင်ဖို့ ကြိုးစားကြည့်တယ်။ ဘယ်လိုမှကို မကြံတတ်တာနဲ့ လက်လျှော့လိုက်တာ။ ဒါတောင် သမီးက ခပ်တည်တည်ပဲ စာကျက်ခိုင်းတော့တာ။ မမှားစေနဲ့ သေသေချာချာဆို... မဟုတ်သေးဘူး..အသံထွက်ကမှား နေတယ်...ဘာညာလုပ်ရတာပေါ့ လေးလေးရာ။ နောက်နှစ်ဆို သမီးဘာမှ လုပ်တတ်မှာမဟုတ်တော့ဘူး။ ကျူရှင်ထားဖြစ်အောင်ထားပေးရတော့မှာ။ ကိုထက် ကျူရှင်ခ မပေးရင် သမီးအပျိုတုန်းကအလုပ်တွေပြန်လုပ်ပြီးကလေးတွေပညာရေး ကောင်းအောင်လုပ်ရမှာ..ဟုတ်တယ်နော် လေးလေး။''
ကျွန်တော်ခင်ခင်ဦးရဲ့ အပြောစကားတွေကို ခေါင်းညိတ်အဖြေမပေးမိပေမယ့် သူ့စိတ်ဓာတ်နဲ့ သူ့ရဲ့ စိတ်ထက်သန်မှုကို လျော့ပါးမသွားစေချင်ဘူး။ သားလေးဇွဲထက်သန်အပေါ်ထားတဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက် အောင်မြင်စေချင်ပါတယ်။ ခင်ခင်ဦးရဲ့ စိတ်ထက်သန်မှုက ဇွဲထက်သန်အပေါ် လွှမ်းမိုးအုပ်စည်းထားမှတော့ မလွှဲမသွေဖြစ်လာမှာပဲလို့ ကျွန်တော်ဖက်က အပြည့်အဝယုံကြည်နေမိတော့တာပါလေ။
(၂)
ခင်ခင်ဦးနဲ့သားလေးဇွဲထက်သန်တို့အကြောင်း အတွေးတွေလူးလာစုန်/ဆန်ဖြစ်နေတာမို့ သားလေး ဇွဲထက်သန်မေးလိုက်တဲ့ '' မေမေ...ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတာကို သားတို့ဆရာမကရှင်းပြတယ်..။ ကမ္ဘာကြီး သာ မီးလောင်ခဲ့ရင် သားကိုမေမေချနင်းလိုက်မှာလားဟင် '' ဆိုတဲ့ စကားသံလေးက ကျွန်တော့်နှလုံးသားမှာ ဝေ့ဝဲနေရာယူနေပါတယ်။ ကျောင်းစာမသင်ခဲ့ရတဲ့၊ ပညာမတတ်တဲ့ ဆင်းရဲနွမ်းပါးမှု အဝန်းအဝိုင်းထဲက မထွက်နိုင်သေးပေမယ့် အတွေးအခေါ်၊ အယူအဆ မခေါင်းပါးဘူးလို့ ကျွန်တော်ထင်ခဲ့တဲ့ ခင်ခင်ဦးဆိုတဲ့မိန်းခလေးခမျာ သူ့သားလေးရဲ့ ကြီးကြီးကျယ်ကျယ်မေးခွန်းကို မဖြေနိုင်တော့ဘူးထင်ပါရဲ့
x x x x x
အို...မမျှော်လင့်တော့တဲ့အချိန် ကျွန်တော့်အတွေးတွေ မဆုံးသေးခင်မှာပဲ ခင်ခင်ဦးဖြေသံ ကြားလိုက် ရပါတယ်။ ကျွန်တော် တုန်လှုပ်သွားပါတယ်။ ဒါဟာ ခင်ခင်ဦးပဲလေ။ အင်မတန်လှပတဲ့ အဖြေတစ်ခုလို့ ကျွန်တော် နားလည်လိုက်ပါတယ်။ သေချာပါတယ်..အပြင်မှာ လမင်းကြီးကလည်းထိန်ထိန်သာလို့ ကြယ်ကလေးတွေကလည်း လင်းလက်တောက်ပလို့...။ ခင်ခင်ဦးအဖြေလေးက သူ့သားလေး နှလုံးသား သာမက ကမ္ဘာကြီးမှာရှိတဲ့ သား၊ သမီးအားလုံးနဲ့ အမေတွေအားလုံးရဲ့ နှလုံးသားဆီကူးစက် သွားလိမ့်မယ်လို့ ကျွန်တော်တစ်ထစ်ကျ ယုံကြည်နေမိတယ်။ ကြည့်ပါဦး ခင်ခင်ဦးဖြေသွားတာက......
'' သားရယ်...ကမ္ဘာကြီးကလည်း မီးလောင်မှာမဟုတ်ပါဘူး။ မီးလောင်ခဲ့ရင်လည်း သားလေးကို မီး မခပါဘူး။ ဘာလို့လဲသိလား...သားလေးကို မေမေ့ရဲ့အေးမြတဲ့ ရေစင်တွေ ပက်ဖျန်းထားလို့ပေါ့သားရယ် ''
ရဲသျှမ်း

No comments:

Post a Comment