အရွေ့


photo: JayMgMg(amarapura)
(၁)

   အလင်းရောင်တောင်အပြည့်အဝမရသေးတဲ့အရုဏ်ဦးအချိန်လေးမှာပဲရပ်ကွက်လေးကအဝေးရောက်တောင်ပေါ်သားကြီးရဲ့အောင်မြင်တဲ့အသံဝါကြီးနဲ့
ဆိုထားတဲ့သီချင်းကြောင့်နိုးထသွားပြီ။သည်သီချင်းကိုအရင်ရက်တွေကတည်းကလက်ဖက်ရည်ဆိုင်တွေမှာအကြိမ်ကြိမ်အထပ်ထပ်ကျော့ဖွင့်နေတာဆိုတော့
ရပ်ကွက်ထဲရှိလူငယ်လေးတွေကအလွတ်ရနေပြီလေ။သံပြိုင်သီဆိုလက်ခုပ်လက်ဝါးတီးနဲ့အတော့်ကိုစည်စည်ဝေဝေ ဖြစ်နေပါတော့တယ်။ ကလေးတွေရော၊
 လူကြီးတွေရော၊ ကလေးကြီးတွေရော၊ လူလတ်တွေရောအားလုံးတက်ကြွလန်းဆန်း နေကြတာ မြင်ရတော့ သူ့ရင်ခုန်သံက ပိုမြန်သွားသလိုပါလား။ 
သူလည်းပဲဝတ်ထားတဲ့တီရှပ်ချွတ်ပြီးတစ်လောကအင်းလေးရောက်တုန်းဖောင်တော်ဦးဘုရားဈေးမှာအမှတ်တရဝယ်ခဲ့တဲ့အင်္ကျီလေးကိုဝတ်လိုက်မိတယ်။
ဖွတ်မြီးထိုးကြယ်သီးကလေးတွေတတ်ရင်း ရွှေဘိုဆိပ်ခွံ စာပေဟောပြောပွဲကော်မတီက လက်ဆောင်ပေးလိုက်တဲ့ ရိုးရာဆင်လုံချည်ကို ဝတ်လိုက်ပြီးမှန်ထဲ
တစ်ချက်လှမ်းကြည့်တော့ သူ့ပုံကလည်း ရပ်ကွက်ထဲကလူတွေလိုပဲ ဖြစ်သွားပါရော။
  '' ဟား...သားနားလှချည်လား။ ကျွန်မလည်းအဝတ်လဲရအုံးမှာပေါ့''
  ဇနီးကသူ့ကိုကြည့်ပြီးလက်ထဲကိုင်လာတဲ့ နှင်းဆီနီတစ်စည်းကိုစားပွဲပေါ်အသာချတယ်။အဝတ်ဘီဒိုထဲကအဝတ်တွေဆွဲထုတ်နေတဲ့ဇနီးလက်ထဲမှာ ရင်စေ့
အဖြူလေးပါလာမှာလား၊ရုပ်ပုံပါတဲ့တီရှပ်ဖြစ်နေမလား၊ဒါမှမဟုတ်သူ့အင်းလေးပြန်လက်ဆောင်သူနဲ့တဆင်တည်းအင်္ကျီလေးပဲဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ်
အဆင်ပြေမှာပါလို့ တွေးနေမိတယ်။
  '' ဒါဆိုအဆင်ပြေတယ်မဟုတ်လား''
 သူအမှတ်တရဝယ်လာပေးတဲ့အင်္ကျီလေးနဲ့ခရမ်းနောက်ခံမှာအပွင့်လေးတွေပါတဲ့လုံချည်လေး ဖြစ်နေတော့တယ်။သည်ဝတ်စုံလေးတွေက သူတို့ဇနီးမောင်နှံ
အတွက်အဆင်ပြေလိုက်လျောညီထွေ ဖြစ်သွားတာကို သူကကျေနပ်သဘောကျကျေနပ်သွားတာပေါ့။
       '' အံမယ်...အံမယ်..ဒါတွေက ဘယ်ကရ''
       ဇနီးသည်က သူဝတ်မယ့်အင်္ကျီခေါက်ကို ဖြန့်လိုက်တဲ့အခါမှာ တွေ့လိုက်ရလို့အံ့သြသွားတာပါ။ စတစ်ကာလေးတွေမှ အများကြီးပါပဲ။ အကြီးအသေးစုံ
လို့နေပါတယ်။
       '' လိုက်ဝေတာလေ...ပါးမှကပ်မယ်၊ ရင်ဘတ်မှကပ်မယ်''
  ကလေးတစ်ယောက်လို မြူးတူးနေတဲ့ ဇနီးသည်ကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်။သူတို့အိမ်ရှင်မ တွေခမျာ တစ်နေ့တစ်နေ့ ရုန်းကန်နေရတဲ့လှုပ်ရှားမှု
တွေအတွက်မွန်းကျပ်ထိုင်းမှိုင်းလေးလံနေရှာမှာပါပဲ။ မမျှတတဲ့ဘဝတွေအတွက်၊မညီမျှတဲ့လူနေမှုစနစ်တွေအတွက်မီးဖိုချောင်ဗေဒကို အောင်မှတ်ရဖို့၊အမှတ်
တစ်မှတ်ရဖို့လှည့်ပတ်ပြီးအမှတ်ရှာနေရတဲ့ သူတွေလို့သူကကဗျာဆန်ဆန်မှတ်ချက်ပေးနေမိတယ်။သား၊ငါး၊အသီး၊အရွက်၊ဆန်၊ဆီ၊ဆား၊နနွင်း၊ဂျင်းဘယ်သင်း၊
ဘယ်အချိုးထည့်ဆိုပြီးသက်သာတဲ့ဟင်းကောင်းတစ်ခွက်ရဖို့ ဖော်မြူလာအသစ်တွေအမြဲတမ်းကြံဆနေရရှာတာပါ။

(၂)
       လွန်ခဲ့တဲ့တစ်နှစ်ကျော်ကို သူကပြန်သတိရနေမိတယ်။ သူတို့ရပ်ကွက်လေးရဲ့အထင်ကရလမ်းမကြီးနဲ့ လမ်းသွယ်လေးတွေမှာ ကွန်ကရစ်လမ်းခင်းကြ
တာကိုပါ။နေ့နေ့ညညတစ်လမ်းပြီးတစ်လမ်းခင်းသွားကြတာပဲဖြစ်ပါတယ်။ရပ်ကွက်လေးထဲကအိမ်ထောင်စုအားလုံး ငွေအား၊လုပ်အားတတ်စွမ်းသမျှပူးပေါင်း
ပါဝင်ပြီးညီညီညွတ်ညွတ်နဲ့လုပ်ဆောင်ကြတာဆိုတော့မိုးရွာတိုင်းရေဝပ်၊ရေဆိုးမြောင်းကလျှံတဲ့ရေတွေ လမ်းပေါ်ရောက် တဲ့ ရပ်ကွက်လေးကအရည်ခွံခွာ
လိုက်သလိုကို ပြောင်းလဲသွားတာပါပဲ။ ညမှာလာပုံသွားတဲ့ကျောက်တွေ၊ သဲတွေကို ပေါက်ပြား၊ ဂေါ်ပြား၊ ဒယ်အိုးကိုယ်စီနဲ့လမ်းခင်းကြတဲ့ရပ်ကွက်သူ၊
ရပ်ကွက်သားအားလုံးရဲ့ လုပ်အားအလှူဟာ ပီတိဖြစ်စရာကောင်းလှပါတယ်။ စီမံသူတွေရဲ့ စေတနာ၊ လုပ်အား၊ ဒါနပြုသူတွေရဲ့စေတနာအရိပ်အရောင်
ကြောင့် ရပ်ကွက်လေးရဲ့ လမ်းသွယ်(၆)ခုဟာ နေ့ချင်း၊ညချင်းထည်ထည်ဝါဝါဖြစ်သွားတယ်လို့သူကထင်နေမိတယ်။ ရပ်ကွက်ကလေးရဲ့ရွာနေပြည်တွေ
ကလည်း ပြန့်ပြူးညီညာတဲ့ လမ်းလေးတွေရဲ့ အလှတရားကို အကျည်းမတန်စေဘူး။ အမှိုက်တစ်စမရှိအောင်ကိုကိုယ့်အိမ်ရှေ့ကိုယ်လှဲကျင်းကြတာဆို
တော့ အမြဲသန့်ပြန်နေတယ်။ ခွေးချေးတွေတပုံတပင်၊ ဗာဒံရွက်ခြောက်တွေ၊ ကျွတ်ကျွတ်အိတ်ဟောင်းတွေနဲ့ မြင်မကောင်းခဲ့တဲ့ လမ်းလေးတွေရဲ့ အတိတ်
ဆိုးက ဟိုဘက်မှာ ကျန်ရစ်ခဲ့ပြီ။
 ''ဒါဖြစ်သင့်တာကြာပြီဗျ...ဘတ်ဂျက်မကျလို့တို့၊ဒီထက်အရေးကြီးတဲ့စီမံကိန်းတွေရှိလို့ဆိုတာတွေနဲ့ကျွန်တော်တို့ရပ်ကွက်လေးရွှံ့ဗွက်ထဲကမထွက်နိုင်တော့
တာ ခုတော့ဟန်ကျတယ်ဗျို့''

       သူတို့အိမ်ဘေးက စာရေးကြီးပြောတာကို သူကလည်းထောက်ခံနေမိတယ်။ လမ်းထဲကကလေးငယ် လေးတွေ စက်ဘီးစီးမလား၊ ဆောင်းတွင်းကာလ
တွေမှာကြက်တောင်ရိုက်မလား၊ဂိုးကျဉ်းဘောလုံးကစားမလား၊အားလုံးအဆင်ပြေလောက်အောင်ကိုလမ်းလေးတွေဖြစ်တည်လာတာလေ။
       '' အေးဗျာ... အားလုံးကို ကျေးဇူးတင်တယ်။ ဆိုက်ကားသမား၊ တက္ကစီသမားမဝင်ချင်တဲ့ ကျွန်တော် တို့ရပ်ကွက်ရဲ့ လမ်းကလေးတွေ အခုလိုထည်ထည်
ဝါဝါဖြစ်သွားတာ ကျေနပ်စရာပဲ။''
    သူ့တုန့်ပြန်စကားကို စာရေးကြီးက အကျေနပ်ကြီးကျေနပ်ပြီးခေါင်းတညိတ်ညိတ်လုပ်နေလေရဲ့။ အခုမှ ပေးသူ၊ ယူသူ၊ ဝယ်သူ၊ ရောင်းသူ အသံတူဖြစ်နေ
တော့တယ်။

x          x          x          x          x

       လမ်းသွယ်လေး(၆)ခုလုံးရဲ့ ကွန်ကရစ်ခင်းခြင်း အောင်မြင်ပြီးဆုံးသွားပြီးတစ်ပတ်လောက်မှာပဲ လမ်းသွယ် လေးတွေရဲ့လမ်းထိပ်မှာ အထိမ်းအမှတ်
ကပ္ဗည်းအုတ်ခုံလေးတွေလာလုပ်တာတွေ့တော့ရပ်ကွက်သူ၊ရပ်ကွက်သားတွေ အံ့သြကုန်ကြပါလေရော။သည့်ထက်ပိုပြီးအံ့သြစရာကောင်းတာကအုတ်ခုံလေး
တွေရဲ့ဗိသုကာပန်းရံဆရာကဦးစန်းဖြစ်နေတာကိုပါပဲ။ အချိန်ပြည့်ရေဒီယိုလေးနားကပ်ထားတဲ့ ဦးစန်းဆီက ကမ္ဘာ့ သတင်း၊ မြန်မာ့သတင်းအစုံကြားရတတ်
ပြီး လူထူထူရှေ့မှာ သူ့ထင်မြင်ချက်တွေ၊ သုံးသပ်ချက်တွေ အာပေါင် အာရင်းသန်သန်ပြောတတ်တော့ မျက်စိကြီး၊ နားကြီးသူလို့ ရပ်ကွက်လေးက ထင်မှတ်ထား
ခဲ့ကြတာလေ။
       ဦးစန်းရဲ့လက်ရာက အဖြူရောင်မှာ အစိမ်းအနားကွပ်၊ ကနုတ်ပန်းတွေတောင် ပါလိုက်သေးဆိုတော့ သူတို့အားလုံးမရှင်းမလင်းဖြစ်၊တီးတိုးတီးတိုး
သဖန်းပိုးလုပ်နေကြပေမယ့်လမ်းသွယ်လေးတွေရဲ့ထိပ်မှာအုတ်ခုံတွေကအခိုင်အခန့်တည်ရှိသွားကြပါပြီ။ ဦးစန်းကလည်း ခေသူမဟုတ်ပါ၊ ဝါရင့်ပန်းရံဆရာ
လောက်ကို လက်ရာကောင်းပါတယ်။ ဒါကြောင့် သူ့လက်ရာအုတ်ခုံလေးကို သမင်လည်ပြန်တော့ကြည့်မိကြတာပါပဲ။ ဦးစန်းကတော့ ကြည့်လို့မဝနိုင်
ဖြစ်နေလိမ့်မယ်လေ။
       '' ဆရာ..စဉ်းစားကြည့်ပါဗျာ''ဆိုပြီး လက်ဘက်ရည်ဆိုင်ရှင်ကပြောလိုက်၊ သူကြီးတို့၊ အကျိုးတို့ ပါတဲ့စကားပုံတွေကို ကျောင်းဆရာကရွတ်ပြလိုက်နဲ့
သူတို့စကားဝိုင်းလေးက သက်မဲ့ရုပ်ဝတ္ထုတွေအပေါ် မှတ်ချက်ပေးနေကြတယ်။
''သည်ကြားထဲဦးစန်းကတစ်မှောင့်''ဆိုတာကပါသေး။သူကတော့ဘယ်သူဘာပြောပြောမှတ်ချက်လည်းမပေး၊သုံးသပ်ချက်လည်းမပြောဘဲ အုတ်ခုံလေးကိုသာ
ငေးမောကြည့်နေမိတယ်။
 '' ကိုယ့်လူကော ဘယ်လိုထင်လဲ''
  ကျောင်းဆရာကပခုံးပုတ်ပြောတော့ ရုတ်တရက်ဘာပြောရမှန်းမသိ ဖြစ်သွားသေးတယ်။
''အင်း...သည်အတိုင်းပစ်ထားတာနဲ့စာရင်ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်လမ်းကောင်းလေးတွေဖြစ်တည်လာတာကိုကျေနပ်လိုက်ပါ။ ကိုယ်ပေးခဲ့တဲ့ ချွေးစက်တွေ အလဟသဖြစ်သွားတာမှမဟုတ်တာ။''

       သူ့စကားက ဖျောင်းဖျတာလား၊ တိုက်တွန်းတာလား၊ နှစ်သိမ့်တာလား သူလည်းရေရေရာရာ မခွဲတတ်ခဲ့ပါဘူးလေ။

(၃)
 
      အခုတော့ သူတို့ရပ်ကွက်လေးမှာ အုံးအုံးကျွတ်စည်ကားနေပြီ။သူရောသူ့ဇနီးရော၊ ကလေးတွေရော၊ အိမ်ရှိလူကုန် လမ်းပေါ်ရောက်ရှိနေကြပြီး သူတို့ကြိုရမယ့်
သူကိုမျှော်နေကြတာပါ။ လူပင်လယ်ကြီးပါပဲ။ သူ ဒစ်ဂျစ်တယ်ကင်မရာလေးကို ထုတ်ပြီး ဓါတ်ပုံတွေလျှောက်ရိုက်နေမိတယ်။ သူ့ဇနီး၊ သူ့ကလေး၊ နံဘေး အိမ်၊
ရပ်ကွက်ထဲက လူကုန် အို...အစုံပါပဲ။ ဒစ်ဂျစ်တယ်ကင်မရာ ခလုပ်ကိုတရစပ် နှိပ်နေတာဆိုတော့ သူ့ကင်မရာမီးလေး တဖျက်ဖျက်လင်းလက်လို့။  
တောင်ပေါ်သားကြီးရဲ့ သီချင်းမြိုင်မြိုင်ကြား ကနေတဲ့သူတွေ၊ ရှမ်းအိုးစည်နဲ့ကနေသူတွေ၊ ပန်းစည်းကိုင်ထားသူတွေ အလံငယ်လေးကိုင်ထားသူတွေ၊ သတင်း
ဓါတ်ပုံဖြစ်လောက်တဲ့ ပုံတွေပါပဲ။ သူ့အတွက်တော့ မှတ်တမ်းတင်အဆင့်လောက်နဲ့ ရပ်မနေတော့ဘူး။ တကယ့်ကို ပုံကောင်းတွေလို့မှတ်ထင်မိတယ်။
 ကွန်ပျူတာမှာ တင်ကြည့်လိုက်ရင်ပိုပြီးပြတ်သား ရှင်းရှင်းလင်းလင်းရှိမယ်။ လူလှိုင်းလုံးကြီးတွေကို အထုအထည်နဲ့ကိုရလိုက်တဲ့ ဓါတ်ပုံတွေလို့ သူကတွေးတယ်။
 ပုံတွေအများကြီးရပြီဆိုတော့ သူကျေနပ်သွားပြီလေ။ သူ့ကင်မရာလေးကို ပါဝါမီးပိတ် အင်္ကျီဘေးအိတ်ထဲထည့်ပြီး လမ်းထဲပြန်အဝင်မှာမြင်ကွင်းတစ်ခုကြောင့်
သူတုန့်ကနဲဖြစ်သွားပါလေရော။ ချက်ချင်းပဲ ကင်မရာကိုဆွဲထုတ်၊ ပါဝါအမြန်ဖွင့်၊ ကင်မရာခလုတ်ကို ဆက်တိုက်နှိပ်ပစ်လိုက်တယ်။ အနည်းဆုံး ဆယ်ပုံအထက်
တော့ရှိမယ်။
    ကင်မရာရဲ့မော်နီတာစခရင်မှာ ပေါ်လာတဲ့ပုံကို ကြည့်ရတာအားမရနိုင်တော့ဘူး။ ဇနီးသည်ရှာပြီး အိမ်သော့တောင်း၊ နောက်ဆုံးရိုက်လိုက်တဲ့ ဓါတ်ပုံကို
ကွန်ပျူတာမှာထည့်ပြီး ကြည့်လိုက်ချင်ပြီ။ ပုံကကောင်းမှာပါ။ အမှတ်တမဲ့ ရလိုက်တာပေမယ့် အလင်းအမှောင်၊ အနီးအဝေးပြတ်သားပြီး စာလုံးလေးတွေတောင်
ဖတ်လို့ရသွားလိမ့်မယ်ထင်တယ်။

x          x          x          x          x
       လူတစ်ယောက်၊ အရုပ်ပါ တီရှပ်အဖြူအင်္ကျီ၊ ရိုးရာလုံချည်နဲ့ နှင်းဆီနီလေးတွေ ပွေ့ပိုက်ပြီး ကြိုရမယ့်သူကိုမျှော်နေတာ။ မျက်ဝန်းကအရောင်တွေ
 လက်နေတယ်လို့ထင်ရအောင် တောက်ပလွန်းပါတယ်...။  ညောင်းလို့ထင်ပါရဲ့။ လမ်းထိပ်က အုတ်ခုံလေးကိုမှီလို့လေ။   ဘယ်သူဖြစ်မယ်ထင်လဲ။

No comments:

Post a comment