”ဘဝနေပျော်ခွင့်” (သားသို့ပေးစာ – ၃)

ချစ်သောသားလေး ရဲဝဏ္ဏ ဒီနှစ် ဇန်နဝါရီ (၂၂) ရက်နေ့က ဝါးခယ်မမြို့ကနေ ဇလပ်ထော် မြစ်လက်တက်လေးအတိုင်း ၁နာရီလောက် စက်လှေစီးပြီး သွားရတဲ့ ကျုံတိုင်ဆိုတဲ့ ရွာကလေးမှာ ဖေဖေတို့စာပေဟောပြောပွဲလေး လုပ်ဖြစ်ခဲ့တယ်။
မြစ်ကလေးက ကွေ့ဝိုက်ထားတဲ့ ကျွန်းရွာကလေးပေါ့ သားရယ်၊ လမ်းပန်း အဆက်အသွယ်က ရေလမ်းတစ်ခုသာရှိပြီး သီးခြားရပ်တည်ရရှာတဲ့ ရွာကလေးပေါ့။ ဒါပေမယ့် သားရယ် နောက်ကျကျန်ရစ် မနေရအောင် ရွာကလေးက ကြိုးစားရှာတယ်။
အထက်တန်းကျောင်းခွဲကလေး ရှိတယ်။ အောင်ချက်မြင့်မားရေးအတွက် ဆရာ ဆရာမတွေနဲ့ ရွာရဲ့ အမိအဖတွေက စနစ်တကျ ဝိုင်းဝန်းဆောင်ရွက်နေကြတာကို ဖေဖေတွေ့ခဲ့ရတယ်။
အ.ထ.က ကျောင်းခွဲလေးမှာ နေ့ခင်းပိုင်း ဟောပြောပွဲလုပ်တော့ သားတို့အရွယ်တွေရော၊ သားထက် ကြီးတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူ ကိုကိုမမ အရွယ်တွေရော မှတ်စုစာအုပ်လေးတွေ ကိုယ်စီနဲ့ တက်ရောက်ကြတယ်။ ခက်ခက်ခဲခဲ ကြိုးပမ်းထားရတဲ့ စာပေဟောပြောပွဲလေးဟာ အပြန်အလှန် စကားတွေနဲ့ စည်ဝေပြီး ပျော်စရာကောင်းလိုက်တာ သားရယ်။
မြို့နဲ့ အလှမ်းကွာ၊ စာအုပ်စာပေ အလွယ်တကူမရနိုင်တဲ့ ရွာကလေးရဲ့ စိတ်အားထက်သန်မှုကြောင့် အထီးကျန်မနေခဲ့ဘူးလို့ ဖေဖေက ပြောခဲ့တာပေါ့ကွယ်။
သားလေး ရဲဝဏ္ဏရေ အဲသည့်နေက ဖေဖေ ပြောခဲ့တဲ့ ခေါင်းစဉ်လေးက ”ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်”တဲ့။



ဘဝဟာ အဓိပ္ပာယ်ရှိစွာရှင်သန်ဖို့လိုတယ်ဆိုတာကို ပြောခဲ့တာပါ။ ဖေဖေပြောခဲ့တာလေးကို သားလေးလည်း သိစေချင်တယ်လေ။ ဒါကြောင့် သားကို ဖေဖေထပ်ပြောပြတာပေါ့။ ဘဝဆိုတာကို ပညာရှင်တွေ၊ ဒဿန ဆရာတွေက
အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြတာ သားလေး ကြားဖူး၊ ဖတ်ဖူးမှာပေါ့။ ပြောရရင်အများကြီးပဲ။ သည်ထဲမှာမှ Is life work living? That depends on the liver (ဘဝကနေပျော်ရဲ့လား၊ ဒါ နေသွားတဲ့လူအပေါ် မူတည်တာပဲ)ဆိုတဲ့စကားကို
ဖေဖေသိပ်သဘောကျတယ် သားရယ်။
အတ္တတွေ၊ မာန်မာနတွေ၊ ကိုယ်ချင်းစာတရား ကင်းမဲ့မှုတွေ၊ တာဝန်ကို ရှောင်လွှဲသူတွေ၊ အမျိုးဘာသာ သာသနာကို သေးသိမ်စေသူတွေ၊ မေတ္တာစိတ်ကင်းမဲ့သူတွေ၊ ချစ်ခြင်းတရားမရှိသူတွေ၊ စစ်မက်လိုလားသူတွေ၊ အာဏာငမ်းငမ်းတက် မက်မောသူတွေရဲ့ဘဝဟာ နေပျော်ပါ့မလား။ မထင်ပါဘူးသားရယ်။ စည်းစိမ်ဓနတွေ တနင့်တပိုးကြီးနဲ့ ဆီဦးထောပတ်စားပြီး ဇိမ်နဲ့ နေနေရတယ်လို့ ထင်ရပေမယ့် စောစောက ဖေဖေပြောတဲ့ အညံ့စားတွေကို ပွေ့ပိုက်ထားတာဆိုတော့ စိတ်တစ္ဆေက ခြောက်လှန်ပြီပေါ့သားရယ်။ ကိုယ့်အရိပ်ကိုတောင် ထိတ်လန့်ရတဲ့ အနေအထားပေါ့။ ဒါဆိုရင် နေသွားတဲ့သူအပေါ် မူတည်တာပဲ ဆိုတဲ့စကားအဓိပ္ပာယ်ကို သားလေး သိလောက်ပြီပေါ့။

”တရားမဲ့မှုဆိုတာ မျိုးရိုးမြင့်မြတ်တာတွေ စည်းစိမ်ချမ်းသာတာတွေနဲ့ ဆေးကြော တိုက်ချွတ်သည့်တိုင် ဘယ်တော့မှ မကျွတ်တဲ့ အစွန်းအထင်းတစ်ခုပဲတဲ့။ ဘယ်လိုပဲတိုက်ချွတ် ဆေးကြောပစေ၊ စည်းစိမ်ချမ်းသာမှုတွေနဲ့
ကာကွယ်ရှောင်လွှဲပစေ ဒီအစွန်းအထင်းက လုံးဝမကျွတ်တော့ဘူး။ သေသည်အထိ၊ နောက်သမိုင်း အဆက်ဆက်အထိ မှတ်တမ်းမှတ်ရာတွေ ရှိနေသည်အထိ လုံးဝစွန်းထင်းနေမှာနော်။ ဒါဆိုရင် ဘဝက နေပျော်ပြီလား။ သူရှင်သန်ရတဲ့ ဘဝက အဓိပ္ပာယ်ရှိပါတော့မလား…။ သည်အတွေးလေးတွေကို ဖေဖေ ကျုံတိုင်ရွာ အ.ထ.က ကျောင်းခွဲလေးမှာ ပြောပြခဲ့တယ်။
ကျောင်းသားလေးတွေက သားလေးလိုပဲ ချစ်စရာကောင်းတယ်၊ မှတ်သားကြတယ်။ ရာသီဥတု အလွန်အေးပြီး ပင်ပန်းတဲ့ ခရီးစဉ်ပေမယ့် ဦးဆောင်ခေါ်သွားတဲ့ သူတို့အပေါ် ဖေဖေတို့ တာဝန်ကျေခဲ့တယ်လို့ ထင်ပါတယ်။ ဆရာကြည်မင်းကလည်း ပုသိမ်မြို့တစ်ဖက်ကမ်း တောရွာကလေးကနေ ပါမောက္ခချုပ် တစ်ယောက်ဖြစ်အောင် ရုန်းကန်ကြိုးစားခဲ့ရတာတွေအပြင်-
My name is ဘဲရှုတ်
I live in တဲကုပ်
I have a dog ; it is မဲဒုတ်

It always ဝဲကုတ်
I eat daily ပဲပြုတ်
My sister sells နန်းကြီးသုတ်
I wear အဝတ်စုတ်

We live in တဲကုပ် ဆိုပြီး ပျော်စရာကောင်းတဲ့ ကဗျာလေးနဲ့ အင်္ဂလိပ်စာ သင်ပြသွားသေးတယ် သားရေ။ ဆရာမကြီး ရွှေကူမေနှင်းက လက်ဆင့်ကမ်းအမွေ၊ မျိုးဆက်သစ်တို့အား ကယ်တင်ခြင်းဆိုတဲ့ တရုတ်ပုံပြင်လေးကိုပြောပြသွားခဲ့တယ်။
သားလေးလိုပါပဲကွယ် မျက်ဝန်းလေးတွေ လင်းလက်နေတော့ ရွာကလေးရဲ့အနာဂတ်ကို မြင့်တက်စေမယ့် သူတွေအဖြစ် ဖေဖေက မှတ်ချက်ပေးမိပါတယ်။ ယုံလည်းယုံပါတယ် သားရေ။
ချစ်သောသားလေး ရဲဝဏ္ဏရေ …။ ဘဝမှာ အဓိပ္ပာယ်ရှိစွာ ရှင်သန်ဖို့ နေတတ်ဖို့ လိုတယ်ဆိုတာကို သားလေးနားလည်ပြီနော်။ ဒါ့အပြင် ဝေးလံခေါင်သီတဲ့ ကျေးလက်က ကျောင်းသားလေးတွေမှာ အထီးကျန်မှု မရှိဘူး။ ဦးဆောင်သူတွေရဲ့ မေတ္တာစေတနာကြောင့် အနာဂတ်မမဲ့ဘူး ဆိုတာကို သားလေးခံစား သိရောပေါ့။ ဒါဆိုရင် ဘဝမှာနေပျော်ဖို့ သား ဘာလုပ်မလဲ၊ သားသိပါပြီလေ။ သားအပေါ်မှာပဲ မူတည်နေပြီဆိုတာ။
ချစ်သောသားလေး မေတ္တာတရားနဲ့ ယှဉ်ပြီးဘဝနေပျော်ခွင့်ဖန်တီးနိုင်ပါစေ။

ချစ်သောဖေဖေ
ရဲသျှမ်း
(မျက်ရှု အွန်လိုင်းမဂ္ဂဇင်း)

No comments:

Post a Comment