ကောင်းကျိုးကိုယ်၌ တည်စေမင်း (သားသို့ ပေးစာ – ၁)

ချစ်သောသားလေး …ရဲဝဏ္ဏ



သားတို့အရွယ် လူငယ်လေးတွေကို လိမ်မာယဉ်ကျေး အသိပညာတိုးတက်စေဖို့ လူကြီးသူမ၊ ဆရာ၊ ဆရာမတွေက ပုံပြင်လေးတွေ၊ ဆုံးမစာလေးတွေကို ပြောပြပြီး သားတို့ရဲ့ နုနယ်လှတဲ့ နှလုံးသာလေးကို ကြည်လင်သန့်ရှင်းစေတယ် ဆိုတာ သားလေးကို ဖေဖေ ရှင်းပြထားတာမို့ သားလေး နားလည်ခံယူတတ်နေပြီနော်။ သားလေးရေ … ဖေဖေတို့ ငယ်ငယ်တုန်းကတော့ ကျောင်းမှာ ပြည်သူ့နီတိဆိုတာ သင်ရတယ်… သားရဲ့။ ဖေဖေတို့တစ်တွေ ပြည်သူ့နီတိ စာသင်ချိန်ရောက်ရင် သိပ်ပျော်ခဲ့တာပဲ။ အဲ့သည်တုန်းက ဖေဖေတို့ကို ပြည်သူ့နီတိ သင်ပေးခဲ့တဲ့ ဆရာမက လောကသာရပျို့ကို အလွတ်ရတယ်။ ဆရာမ ရွတ်ပြတိုင်ပေးတာကို ဖေဖေတို့က လိုက်ဆို၊ နောက်တော့ အလွတ်ရသွားတော့တာပေါ့။ ပျို့တစ်ပိုဒ်ခြင်းကို အဓိပ္ပာယ် ဖွင့်ပြရှင်းပြ၊ ဥပမာလေးတွေ ပေးပေးပြီး ပြောပြတာဆိုတော့ မှတ်သားရ လွယ်တာပေါ့ သားရယ်။



ပျို့ဆိုတာဘာလဲဆိုတာ သားကို ရှင်းပြရဦးမယ်။ ပျို့ဆိုတာ ကဗျာ၊ လင်္ကာတွေ အများကြီးထဲက ကဗျာပုံသဏ္ဌန် တစ်ခုဖြစ်တဲ့ လေးလုံးစပ် လင်္ကာရှည်ကြီးပေါ့။ ပိုဒ်ရေအများကြီး ပါတာပေါ့ကွယ်။ အဲ့သည် လောကသာရ ပျို့ကို မြန်မာသက္ကရာဇ် ၈၄၂ ခုနှစ်မှာ ကန်တော်မင်းကျောင်း ဆရာတော်က ရေးသားခဲ့တာလေ။ အခု ၁၃၇၃ ခုနှစ်ဆိုတော့ ၅၃၁ နှစ်တောင် ကြာခဲ့ပြီပေါ့။ ဒါပေမယ့် သားရယ် အခုချိန်ထိ လူသားတွေ လိုက်နာကျင့်သုံးရမယ့် ဆုံးမစကားတွေက မပြယ်သေးပါဘူး။ နောင်လည်း အရှည်တည်တန့် နေဦးမှာပါပဲ။



သားလေး ရဲဝဏ္ဏရေ … ကန်တော်မင်းကျောင်း ဆရာတော်ဆိုတာ ဆရာတော်ရဲ့ မွေးရာဇာတိ ရွာကလေးဖြစ်တဲ့ ကန်တော်ရွာအနီးက ဘုရင်(မင်း) ဆောက်လှူထားတဲ့ ကျောင်းမှာ ဆရာတော် သီတင်သုံးခဲ့တာကို အစွဲပြုပြီး ခေါ်ခဲ့တာလေ။ ကန်တော်ရွာက မြင်းမူမြို့နယ်ထဲမှာ ရှိတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့ပေါ့။ စစ်ကိုင်းတိုင်းဆိုတာ သားသင်ရတဲ့ ပထ၀ီဝင်ထဲက မြေပုံထဲမှာ အကြီးဆုံးတိုင်းကြီးပေါ့ သားရယ်။



သားရေ … အဲ့သည် ကန်တော်မင်းကျောင်း ဆရာတော်ကြီးရေးတဲ့ လောကသာရပျို့မှာ အမျိုး ၄ ပါးကို ဆုံးမတဲ့စကားတွေ ပါဝင်တယ်။ အမျိုး ၄ ပါးဆိုတာကို သားသိမယ် မထင်ဘူး။ ဖေဖေရှင်းပြမယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်ကို ခတ္တိယ၊ ပုဏ္ဏားတွေကို ဗြဟ္မဏ၊ ကုန်သည်တွေကို ဝေဿ၊ ပြည်သူတွေကို သုဒ္ဒလို့ ခေါ်တယ်။ အဲ့သည် ပျို့ကြီးမှာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို ဆုံးမတဲ့စကား၊ ပုဏ္ဏားကို ဆုံးမတဲ့ စကားတွေကိုပါ ထည့်သွင်း ရေးဖွဲ့ထားတာကြောင့် ပိုပြီးထင်ရှားခဲ့တာပေါ့။ ပုဏ္ဏားက ဘယ်လို ပါလာတာလဲလို့ သားကမေးဦးမယ်။ ပုဏ္ဏားဆိုတာက ပုရောဟိတ်တွေကို ခေါ်တာ။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို အကြံဥာဏ်တွေ ပေးရတဲ့သူ။ တနည်းပြောရရင် မင်းဆရာ ဆိုပါတော့ကွယ်။ ရှေးခေတ် ဆရာတော်ကြီးတွေက တိုင်းသူပြည်သားတင် မကဘူး။ အုပ်ချုပ်တဲ့မင်း၊ မင်းဆရာတွေကိုတောင် ဆုံးမစကားတွေ ပြောခဲ့တယ်။ မင်းတွေ၊ မင်းဆရာတွေကလည်း ဆရာတော်ကြီးတွေရဲ့ ဆုံးမစကားကို လိုက်နာကြတယ်။ မငြင်းပယ်ဝံ့ဘူး။ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့ ဆရာတော်ကြီးတွေရဲ့ သမာဓိ၊ သိက္ခာ၊ ပညာဂုဏ်တို့ကို လေးစား ကြည်ညိုတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။



သားလေး ရဲဝဏ္ဏရေ… လောကရဲ့ အနှစ်သာရတွေကို ပျို့လင်္ကာအဖြစ် ရေးဖွဲ့ထားတာမို့ လောကသာရပျို့လို့ ခေါ်တာ။ ပျို့လင်္ကာကြီးရဲ့ ပထမပိုင်းထဲက ပုဒ်ရင်း ၆ ကို ဖေဖေ ရွတ်ပြမယ်နော်။ သားလေး သေသေချာချာနားထောင်။



ပညာမျက်စိ၊ မြင်မရှိ၍

မသိတရား၊ အယူမှားလျှက်

စီးပွားမမျှော်၊ ကျိုးမပေါ်သား

သူတော်မဟုတ်၊ ယုတ်သည့်စရိုက်

လူသူမိုက်ကို၊ မကြိုက်မချစ်

ရန်သူစစ်သို့၊ မနှစ်သက်ဘဲ

ဝေးခွာရှဲ၍

အမြဲခွာရှင်း ဖဲကြဉ်မင်း။ ။



ပညာဆိုတာဘာလဲ…ခွဲခြားသိမြင်နိုင်တဲ့ အရာလို့ ဖေဖေ သားကို “ပညာရဲ့ဝတ်ရုံ” မှာ ရှင်းပြခဲ့ပြီးပြီ။ အရာရာအားလုံးကို မြင်နိုင်စွမ်းတဲ့ မျက်စိရဲ့ အရည်အချင်းကို ပညာနဲ့ ထပ်တူပြုပြီး ပညာမျက်စိလို့ ဆရာတော်က ရူပကအလင်္ကာကို သုံးပြခဲ့တယ်။ ပညာမဲ့ရင် အတွေးအခေါ် အယူအဆတွေ မှားမယ်။ စီးပွားရှာရာမှာ နုံချာညံ့ဖျင်းမယ်။ သူတော်ကောင်းတရားတွေ ပပျောက်မယ်။ ယုတ်ညံ့တဲ့ အတွေးစရိုက်တွေ ရောက်လာမယ်လို့ ဆိုလိုတာပဲ။ အဲ့သည်လို ပညာမဲ့သူတွေကို ရန်သူလို သဘောထားပြီး အမြဲတမ်း ဝေးသထက် ဝေးအောင် ရှောင်ကြဉ်ရမှာပေါ့။



ကဲ ရှေးစာဆိုကြီးဖြစ်တဲ့ ကန်တော်မင်းကျောင်း ဆရာတော်ရဲ့ ပျို့လင်္ကာက ဘယ်လောက် ရှင်းလင်းပြတ်သားပြီး လောကလူ့ရွာအတွက် ဘယ်လိုအကျိုးရှိတယ် ဆိုတာကို သားလေးသိပြီနော်။ ဒါဆိုရင် လောကသာရပျို့ကြီးကို သားလေး ဆုံးခန်းတိုင်အောင်ဖတ်။ အပိုဒ်တိုင်းရဲ့ အဆုံးချဖြစ်တဲ့



ကောင်းတေနှလုံး ယဉ်စေမင်း။

အမြဲခွာရှင်း ဖဲကြဉ်မင်း။

မျက်မာန်မပြင်း ကောင်းစေမင်း။

ပညာထိန်း၍ မိန်းစေမင်း။

ဆည်းပူးသိမြင် ကျယ်စေမင်း။ စတဲ့ တိုက်တွန်းဆုံးမ စကားလေးတွေကို အမြဲအမှတ်ရ ကျင့်ကြံ ကြိုးစားရမှာပေါ့။ သည်အခါမှာ သားလေးရဲ့ ခန္ဓာ၊ နှလုံးအိမ် နေရာအားလုံးမှာ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေ ရောက်ရှိသွားလိမ့်မယ်လို့ ဖေဖေယုံတယ်။



ကောင်းကျိုးကိုယ်၌ တည်စေမင်းလို့ ဆရာတော်ကြီးရဲ့ အလင်္ကာနဲ့ သားအတွက် ဖေဖေဆုတောင်း ပေးလိုက်တယ်။



တတ်သိလိမ္မာ ယဉ်ကျေးပြီး လောကရဲ့ အနှစ်သာရတွေကို ခံစားရယူနိုင်ပါစေ။

သားရဲ့ ချစ်သော ဖေဖေ

ရဲသျှမ်း

စာညွှန်း။ သုခမှတ်စု၊ မြန်မာ့ရိုးရာဆုံးမစာ(ဒေါ်နုကြည်/မဟာဝိဇ္ဇာ)

ရဲသျှမ်း
မျက်ရှုအွန်လိုင်းမဂ္ဂဇင်း

No comments:

Post a comment