ဘူတာရုံလေး(၃)

(တစ်)
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်ကို ဆက်စပ်ပေးနေတဲ့ ရထားလမ်းတစ်ခုကို လွန်ခဲ့တဲ့ နှစ် ၂ဝ ခန့်က ဖောက်လုပ်ပြီးခဲ့ပါတယ်။ သာစည်-ရွှေညောင်ရထား လမ်းမကြီးမှာ ဆင်တောင်ဆိုတဲ့ ဘူတာကို ကျော်လာတာနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းကို  ရောက်တော့တာပါပဲ။ တောင်ပိုင်းရှမ်းပြည်နယ်ရဲ့ အလှဆုံးမြို့ဖြစ်တဲ့ ကလော အလွန်ဘူတာက အစုန်ဆိုရင် မြင်းဒိုက်၊ အဆန်ဆိုရင် အောင်ပန်းဘူတာပဲဖြစ်ပါတယ်။ အဲသည်အောင်ပန်းဘူတာကနေ တောင်ယွန်းယွန်းကို ခွဲထွက်သွားတဲ့ လမ်းက တော့ ရှမ်းပြည်နယ်နဲ့ကယားပြည်နယ် ဆက်စပ်ပေးတဲ့ အောင်ပန်း-လွိုင်ကော်လမ်းပဲ ဖြစ်ပါတော့တယ်။
ရထားလမ်းကို အောင်ပန်းကနေ လွိုင်ကော်အထိ ဖောက်လုပ်ခဲ့ပေမယ့် စီမံကိန်းကာလဖြစ်တာရယ် မိုးရွာမြေပြိုအသားမကျတာရယ်ကြောင့် အောင်ပန်း-ပင်လောင်းအ ပိုင်းကို ပထမဆုံးရထားပြေးဆွဲခဲ့ပြီး ပင်လောင်း-လွိုင်ကော်အပိုင်းကိုတော့ ရထားလမ်းကြံ့ခိုင်၊ တောင်ပြို၊ မြေပြိုတွေကို အတားအဆီးလုပ်ဆောင်ပြီးမှ ပြေးဆွဲပေးခဲ့တာ ပါ။
အောင်ပန်းကနေ ပင်လောင် ကြား ဘူတာစဉ်ကလေးတွေက အင်းဝန်း၊ နန်းထိုင်း၊ တီကျစ်၊နောင် တရား..တို့ပဲဖြစ်ပါတယ်။ ရှမ်း တိုင်းရင်းသား ပအို့ဝ်၊ ဓနု၊ တောင်ရိုး တွေနေတဲ့ ရွာလေးတွေပါပဲ။ ကျွဲနဲ့ လယ်လုပ်၊ မုန်ညှင်း၊ ကိုက်လံ၊ ပန်း နှမ်း၊ ဂေါ်ဖီ၊ အာလူး၊ ဂန္ဓမာပန်း၊ သစ္စာပန်းတွေစိုက်ပျိုးပြီး လယ်ထွက်၊ ယာထွက် သီးနှံလေးတွေကို အောင် ပန်း၊ တီကျစ်၊ ပင်လောင်းဈေးနေ့ တွေမှာ လိုက်လံရောင်းချရင်း ဘဝ နေပျော်ခွင့် ဖန်တီးတဲ့ ငြိမ်းငြိမ်းချမ်း ချမ်း ရွာလေးတွေလို့ ဆိုနိုင်ပါ တယ်။
ဘူတာသစ်လေးတွေရဲ့ ထုံးစံ အတိုင်း မြို့ထဲရွာထဲနဲ့ အတော်အ တန်လှမ်းတဲ့အထဲမှာ အင်းဝန်းဘူ တာလေးက ပိုပိုကဲကဲဖြစ်မယ်ထင် ပါရဲ့။ ရွာကလေးနဲ့က ၁ မိုင်သာ သာဝေးပြီး ကားလမ်းနဲ့က ၄ မိုင် လောက်ဝေးပါတယ်။ ရွာကလေးမှာက အားလုံးတောင်သူလုပ်ငန်းပဲလုပ်ပြီး တစ်ခြား စီးပွားရေးလည်း မရှိပါ။ အိမ်ဆိုင်လေးတစ်ဆိုင်တစ် လေတောင်မှမရှိပါဘူး။ ဟင်းစားက အိမ်မှာမွေးထားတဲ့ ကြက်ကလေး၊ ကြက်ဥကလေးရှိမယ်၊ ယာထွက်သီးနှံရှိမယ်၊ အောင်ပန်း၊ ပင်လောင်း၊ တီကျစ် (၅) ရက် တစ်ဈေးမှာ ဝယ်ထားတဲ့ အခြောက်အခြမ်းလေးတွေရှိမယ်။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ နနွင်း၊ ဟင်းချိုမှုန့်၊ ဖယောင်းတိုင်၊ တစ်ဈေးစာအပြီး ဝယ်ထားကြတာ ဆိုတော့ အိမ်ဆိုင်ရှိလည်း ရောင်းရမှာမဟုတ်ပါ။ အဲသည်လို ဈေးဆိုင် တောင်မရှိတဲ့ ရွာကလေးနဲ့ ၁ မိုင် ကျော်လောက်အကွာမှာ အင်းဝန်းဆိုတဲ့ ဘူတာကလေးတည်ရှိနေတာပါ။
ရုံပိုင်(၁)၊ လမ်းခွဲကိုင်(၁) ဆို တဲ့ ဝန်ထမ်းဖွဲ့စည်းပုံနဲ့ ငြိမ်ငြိမ်ဆိတ် ဆိတ် ဘူတာကလေးက စီမံကိန်း ကာလအထိုင်မကျသေးတဲ့  ဘူတာ ဆိုတော့ ရုံပိုင်၊ လမ်းခွဲကိုင်တွေ လည်း အတည်အကျမရှိသေးဘဲ အောင်ပန်းဘူတာက ရုံပိုင်လေးတွေ၊ လမ်းခွဲကိုင်လေးတွေ အလှည့်ကျလာဆင်းရတဲ့အတွက် အိမ်ရှင်မရှိတဲ့ ဘူတာလေးလို့ ကောက် ချက် ဆွဲချင်လည်းဆွဲနိုင်ပါတယ်။
အောင်ပန်းဘူတာကနေ အင်းဝန်းဘူတာကို အလှည့်ကျလာဆင်းပေးရတဲ့ ရုံပိုင်လေးကိုစန်းမောင်က အောင်ပန်းဘူတာမှာ မြို့နယ်စာရင်းစစ်ဝင်မှာမို့ မရှင်းတဲ့ စာရင်း ဇယားတွေ ပြန်ရှင်းပေးဖို့အတွက် အောင်ပန်းဘူတာမှာ အချိန်ပြည့်ရှိနေရမယ်ဆိုတာကြောင့် တိုင်းရုံးက ကျွန်တော့်ကို အင်းဝန်းဘူတာသွားဆင်းဖို့ စေလွှတ်ပါတယ်။ ကျွန်တော်က သာစည်ဘူတာမှာအထိုင်ကျပြီး ရုံပိုင်လိုအပ်တဲ့ဘူတာတွေကို သွား ဆင်းပေးရတဲ့အရန်ရုံပိုင်လေးပဲဖြစ် ပါတယ်။ စောစောပိုင်းကာလတွေ တုန်းက ရန်ကုန်-မန္တလေး လမ်းမ ကြီးမှာရှိတဲ့ သာစည်ဘူတာနဲ့ကပ် လျက် နွားထိုးဘူတာ၊ ရွှေညောင် လမ်းက လှိုင်းတက်၊ ဘုရားငါးဆူ၊ စတုတ္ထလွန်းထိုး၊ ခွေးရုပ်၊ လယ်ပြင်၊ ရေပူ၊ ကန်းနားစတဲ့ ဘူတာလေး တွေနဲ့ သာစည်ဘူတာ အချက်ပြ မျှော်စင်မှာ လူးကာခေါက်ကာ ဆင်း ပေးနေခဲ့ရတာပါ။ လမ်းသစ်ဘူတာ လေးမှာ တစ်ခါမှ မဆင်းဘူးလို့ ကျွန်တော့်မှာ စိုးရွံ့ပါတယ်။ အဓိက ကတော့ ရထားစင်းရေတစ်စင်းသာ အစုန်/အဆန်ရှိတာရယ်၊ ရွာနဲ့အ လှမ်းဝေးလွန်းတာရယ်၊ ကျွန်တော့် အတွက် ဒေသစိမ်းဖြစ်နေတာရယ်၊ နောက် အိတ်စိုက်စားသောက်ရမယ့် အနေအထားရယ်၊ အဲသည့်ရယ်တွေ ကြောင့် စိုးထိတ်တာပဲဖြစ်ပါတယ်။ ပုံမှန်အထိုင်ကျနေတဲ့ ဘူတာတွေက နေ့စဉ်ထမင်း နှစ်နပ်အတွက် သိပ် မခက်ခဲလှပါဘူး။ ဘူတာအခံလမ်း ခွဲကိုင်တွေ ဘူတာဝန်းကျင် ဈေးဆိုင် ကလေးတွေက စီစဉ်ပေးကြတာ လေ။ နောက်ဆုံးပိုက်ဆံရှိရင်ကိုပဲ ဝယ်စားစရာဈေးဆိုင်လေးတွေ ရှိ နေပါသေးတယ်။ ခွေးရုပ်လိုဘူတာ မှာ သွားဆင်းရလို့က ဘာအရေး လဲ၊ ထမင်းဆိုင်တွေမှ အများကြီး။ ကြိုက်တတ်လို့ မှီဝဲချင်တယ်ဆိုရင် တောင် ယမကာအစုံရတဲ့ဆိုင်တွေ ပေါ့။ မျောက်၊ ပန်းသီး၊ လိမ္မော်ဖြူ စတဲ့ ရှမ်းပြည်ထွက်၊ ဒေသထွက် အရက်တွေပဲသောက်မလား။ အာမီရမ်၊ ဂျင်၊ ဘီအီးစတဲ့အရက်တွေ ပဲသောက်မလား။ တရုတ်ဘက်က ဝင်တဲ့ စပါးနှံ၊ ထိုင်းကဝင်တဲ့ ဆင် နှစ်ကောင်ဘီယာဘူးတွေပဲ သောက် မလား အားလုံးရနိုင်တဲ့ဘူတာပဲ ဖြစ်ပါတယ်။ ကျန်တဲ့ဘူတာလေး တွေမှာ သူ့ဟာနဲ့သူ၊ သူ့အထာနဲ့သူ ရှိနေတာပါ။ ဆင်တောင်လိုဘူတာ မျိုးဆို ဂေါ်ရခါးအရက်ပေါပေါများ များ သောက်လို့ရနိုင်ပါသေးတယ်။ အဲ..အခု အင်းဝန်းဘူတာလေးမှာ ကြိုက်တတ်လို့ အရက်သောက်ချင် တယ်ဆိုရင်တော့ ဘယ်လိုဝယ် သောက်ကြမလဲ။ ကျွန်တော်က တော့ အရက်လည်း ကြိုက်တာ မဟုတ်တော့ အဲဒီကိစ္စ ပြဿနာ လည်း မဟုတ်ပါဘူး..။
တစ်ခုပဲစိုးရိမ်ပါတယ်။ ကိုယ်နဲ့တွဲကျတဲ့ လမ်းခွဲကိုင်တွေ မသောက်မစားတတ်ဘဲ အလုပ်အ ပေါ်မှာလေးနက်ပြီး ဘူတာမြဲဖို့ပါ ပဲ။ နို့မို့နှစ်ယောက်တည်းရှိတဲ့ဘူတာ မှာ တစ်ယောက်တည်း ချောက်ချားစွာ နေရမယ့်အဖြစ်ကို မတွေးဝံ့အောင် တုန်လှုပ်လှပါတယ်။ မတော် တောကောင်လာရင်တောင် အော် လို့မကြား၊ ကယ်မယ့်သူမဲ့နဲ့ တစ် ကိုယ်တည်း တွေးကြောက်စရာ ကောင်းလှတဲ့ လမ်းသစ်ဘူတာလေးလို့ ကျွန်တော်ခံစားရပါတယ်။ ဘယ် လိုပဲဖြစ်ဖြစ်လေ ရှောင်လွှဲငြင်းပယ် လို့ မှမရတာ။ တချို့ရုံပိုင်လေး တွေလို ကိုယ်သွားမဆင်းချင်တဲ့ ဘူတာကို တာဝန်ပေးစေခိုင်းရင် နေမကောင်းအကြောင်းပြ ဆရာဝန်ဆီက မကျန်းမာကြောင်း လက်မှတ်အတင်းတောင်းယူ၊ စိုပြည် အဆင်ပြေတဲ့ ဘူတာဆင်းရမယ့်အလှည့် ရောက်တော့ ကျန်းမာကြောင်းဆေးလက်မှတ်ပြန်ယူ၊ အဲသည်လိုတော့လည်း ကျွန်တော်မလုပ်နိုင်ပါဘူး။ လုပ်ရမှာလည်း ရှက်ပါ တယ်။ ကိုယ့်လိပ်ပြာ ကိုယ်မသန့်ပါဘူး။ အတယ်လို့အ ထင်ခံရအောင်ကို ကျွန်တော်က လည်း ခပ်အအပဲ နေပေးလိုက်ပါ တယ်။
(နှစ်)
အောင်ပန်း၊ ပင်လောင်း၊ တစ်စင်းတည်းသွား အဆန်ရထားနဲ့ အင်းဝန်းဘူတာလေးဆီ လိုက်လာခဲ့တော့ ညနေစောင်းနေပါပြီ။ အလင်း ရောင်ဆုတ်ယုတ်စ အမှောင်ကူး တော့မယ့်အချိန်ပေါ့။ အမှန်အတိုင်း ပြောရရင် ကျွန်တော် လက်ဖျား၊ ခြေဖျားတွေ အေးစက်ပြီး သောကတွေ တစ်ပွေ့တစ်ပိုက်နဲ့ပါ။ ကျွန် တော် မိုးကာသားနဲ့ပတ်ပြီး ကြိုးချီ ထားတဲ့ အိပ်ရာလိပ်ကလေးချိုင်း ကြားညှပ်၊ လက်ဆွဲအိတ်က တစ်ဖက်၊ ခြင်းတစ်ဖက်ဆွဲပြီး ရထားရဲ့ နောက်ဆုံးတွဲကနေ ဘူတာလေးဆီ အသွား၊ ဘူတာမရောက်ခင်မှာ ဘဲ ရထားကစထွက်ဖို့ ဥသြဆွဲနေပါပြီ။ ဂါတ်ဗိုလ်ကြီးကလည်း ရထားထွက်ဖို့ ဝီစီမှုတ်ပြီး အလံစိမ်းတယမ်း ယမ်းနဲ့မို့ ကျွန်တော့်မှာအားငယ်ပြီး လွမ်းသလိုလိုဖြစ်နေ ပါတယ်။ ကျွန်တော့်ကို လာကြိုမယ့် လမ်းခွဲကိုင်လေးလည်း မမြင်ပါ။ ကျွန်တော်ဘူတာ အပေါက်ဝအရောက်မှာ စက်ခေါင်းကို လမ်းရှင်းပေးပြီး ဘူတာဘက်ပြန်လာတဲ့ လမ်းခွဲကိုင်လေးကို မြင်လိုက်ရပါတယ်။
”ဆရာ ရောက်ပြီလား၊ ဆရာ သေချာပေါက်ပါလာတယ်သိရတော့ ဆရာကိုစန်းမောင် ဟိုဘက်ဘူတာ လမ်းရှင်းတောင်းပြီး တာဝန်လွှဲပေးထားခဲ့တာ။ ကားလမ်းကနေ အောင်ပန်းပြန်ဖို့ နေလယ်ကတည်းက ထွက်သွားခဲ့တယ်”
”အေးပေါ့ကွာ၊ အချိန်နဲ့အခါ နဲ့ ပြန်ရတာဆိုတော့လည်း ငါ့ကို စောင့်မနေနိုင်ဘူးပေါ့”
ကျွန်တော် ဘူတာလှေကား အုတ်ခုံလေးအတက်မှာ လမ်းခွဲ ကိုင်လေးက ကျွန်တော့်အိတ်နဲ့ခြင်းကို လှမ်းယူပါတယ်။
”ဆရာဘူတာနောက်က အိမ်မှာနေမလား၊ လူမနေတော့ ဘာမှတော့ မရှင်းလင်းရသေးဘူး။ ဘူတာထဲမှာပဲ နေကြတာဆိုတော့”
လမ်းခွဲကိုင်လေးကို ကျွန်တော် လက်ကာပြလိုက်ပါတယ်။
”မင်းအိမ်လည်း တစ်ယောက်တည်း မနေရဲပါဘူးကွာ။ ဘူတာထဲပဲ ကောင်းပါတယ်။ သြော်၊ ဒါနဲ့ မင်းထမင်းချက်တတ်တယ် မဟုတ်လား။ ခြင်းထဲမှာ ဆန်ပါတယ်။ ဆီပါ တယ်၊ ကြက်ဥပါတယ် ညစာချက်လိုက်တော့နော်”
ကျွန်တော်ပြောတာမှာ လမ်းခွဲကိုင်လေးက ခေါင်းယမ်းပါတယ်။
”ကျွန်တော် ထမင်းမချက်တတ်ဘူး”
”ဘာ မချက်တတ်ဘူးဟုတ် လား။ ဒါဆို မင်းတို့ ဘယ်လို ထမင်းစားလဲကွာ၊ ဝယ်စားရအောင် လည်း ဆိုင်မပြောနဲ့ရွာတောင် အဝေးကြီး”
ကျွန်တော့်အံ့သြမှုကို သူက သတိတောင်ထားမိမယ်မထင်ပါ။
”ဆရာ၊ ကိုစန်းမောင်ရဲ့ အောင်ပန်းအိမ်ကနေ ညမနက်ချိုင့် နဲ့ပို့တာ”
အဲဒါမှ ပြဿနာ ကျွန်တော်က ထမင်းချက်ရမယ်။ ဒါတော့ မဖြစ်နိုင်ဘူး။ ဒီလိုဆိုရင် ကျွန်တော် ညစာငတ်တော့မှာလား။ အိုးခွက်တွေ ဘူတာမီးဖိုခေါင်းတိုင်လေးဘေးမှာ ရှိပါလျက် ချက်မစားပါဘူးလို့ ပြောတာကို ကျွန်တော် နည်းနည်းတော့ ကသိကအောက် ဖြစ်သွားပါတယ်။ ကျွန်တော်နဲ့ နှစ်ယောက်အတူ တာဝန်ဆင်းရမယ့် ကျွန်တော့် ထက် ရာထူးအပုံကြီးငယ်တဲ့အပြင် အတန်းပညာမရှိတဲ့ လမ်းခွဲကိုင်လေးမှာ မရိုးသားစိတ်ရှိနေပြီလား၊ သက်သက်မဲ့ကြောတာလား၊ ကျွန်တော် ဝေခွဲရခက်နေပါတယ်။
”ဒါဆိုလည်းထားလိုက်ကွာ၊ မချက်နဲ့တော့၊ ငါကတော့ မချက် ဘူး။ ဒီအတိုင်းအငတ်နေရုံပဲ”
ကျွန်တော် ပြောပြောဆိုဆိုပဲ ခုတင်ပေါ်အိပ်ရာလိပ်ပစ်တင်ပြီး အိပ်ရာလိပ်ကို မဖြေသေးဘဲ ခုတင်လေးပေါ် လှဲနေလိုက်ပါတယ်။ လမ်းခွဲကိုင်လေးလည်း သူ့ ကုတင် လေးဆီမှာ သွားခွေနေပါ တော့တယ်။ အိပ်ရာထဲလှဲနေရင်း ကျွန်တော်စဉ်းစားမိတာက နှစ်ယောက်တည်းရှိတဲ့၊ လူသူကင်းဝေးတဲ့ နေရာလေးမှာ သူဟာ ကျွန်တာ့် အတွက် ရဲဘော်ရဲဘက်ဖြစ်ပါ့မလား ဆိုတဲ့ကိစ္စပါပဲ။
”ဆရာ၊ ကျွန်တော်ထမင်းတော့ ချက်တတ်ပါတယ်”
ဟောဗျာ၊ ကျွန်တော်အိပ်ရာ ပေါ်လှဲတာ၊ တွေးတာ ၁၅ မိနစ် တောင်မရှိသေးဘူး အနေအထားက ချက်ချင်းပြောင်းသွားတာပါလား။ ကျွန်တော်ဘာမှမပြောဘဲ ပြုံးနေ လိုက်ပါတယ်။ အမှောင်သန်းနေပြီမို့ ကျွန်တော့်အပြုံးကို လမ်းခွဲကိုင်လေးမြင်မှာလည်း မဟုတ်ပါ။
သိပ်မကြာခင်မှာပဲ ဘူတာ ခေါင်းတိုင်မီးဖိုလေးမှာ ထင်းမီးတ ရဲရဲဖြစ်နေပါပြီ။ ထင်းမီးရောင် ကြောင့် ဘူတာလေးထဲမှာ အလင်း စတို့ပျံ့နှံ့နေပါတယ်။
”ဆရာ၊ ထမင်းကျက်ရင် ဘာဟင်းချက်မှာလဲ။ ဟင်းတော့     ကျွန်တော်မချက်တတ်ဘူးနော်”
သူမလျှော့သေးပါလား၊ ကျွန်တော်ဘာပြောရမလဲ၊ ကြိုတင် စဉ်းစားမထားပေမယ့် အထိရောက်ဆုံး စကားတော့ ပြောရမှာပါပဲ။
”ဟင်းမရှိလည်း ဖြစ်ပါတယ်ကွာ ဆီဆမ်း၊ ဆားဖြူးပေါ့၊ မင်းစားနိုင်လား ငါတော့ စားနိုင်ပါ တယ်”
သူ့ဆီက ဘာသံမှထွက်မလာပါ။ သူ မျှော်လင့်ထားတာနဲ့ တခြားစီဖြစ်သွားလို့ တုံဏှိဘာဝေဖြစ်သွားတာလား မသိပါ။ ထမင်းတစ်အိုးက ထင်းမီးကောင်းကောင်းနဲ့ ချက် တာမို့ သိပ်လည်းမကြာလိုက်ဘူး ထင်ပါရဲ့။ သူ ထမင်းရည်ငှဲ့တာ ထမင်းအိုးကိုလှုပ်ပြီး ထင်းမီးလေးတွေ ဆွဲထုတ်၊ အိုးဖုန်းပေါ် မီးကျီးခဲလေးတွေတင်နဲ့ ထမင်းနှပ်နေတာ ကိုမြင်နေရတော့ သူ့ရဲ့ ကျွမ်းကျင်မှု ကိုကြည့်ပြီး ကျွန်တော် ဟက်ဟက် ပက်ပက်ကို ရယ်ချင်နေမိပါတယ်။
”ဆရာ ကြက်ဥဟပ်ဖရိုက် ကြိုက်လား၊ အဲဒါတော့ ကျွန်တော် ကြော်တတ်တယ်ဗျ”
ဟပ်ဖရိုက်ဆိုတာကို ဒီကောင် ပြောနိုင်တဲ့အတွက် ကျွန်တော်ဟက်ခနဲ အသံထွက်အောင် ရယ်မိပါ တယ်။
”ကောင်းတာပေါ့ကွာ၊ ခြင်းထဲမှာ ကြက်ဥလည်းရှိတယ်။ ဆီပုလင်း လည်းရှိတယ်”
သူ ကြက်ဥကြော်နေတာလည်း စနစ်တကျပါပဲ။ ဆီပူအိုးထဲ ကြက်ဥခွဲထည့် အနှစ်ကိုဆီကလေးပက်ပြီး တဲ့နောက် ဥအနှစ်မပျက်၊ အိုးထဲကနေ အသာဆယ်ယူ ဆား ကလေးဖြူးနဲ့ တကယ့်ကို အတွေ့အကြုံရှိ သူတစ်ယောက်လိုပါ။
သူ့ကို ကျွန်တော် အောင်နိုင်လိုက်ပါပြီ။ တစ်ကယ်တမ်းတော့ ကျွန်တော်လည်း ထမင်းဆာနေတာပါ။ ဒါပေမဲ့ မြိုသိပ်နိုင်စွမ်းနဲ့ သိက္ခာက သူ့ထက်သာမှ ရမှာဆိုတော့ ကျွန်တော် အားတင်းထားရတယ်လေ။ အဲဒီညမှာတော့ လမ်းခွဲကိုင်လေးနဲ့ ကျွန်တော် ကြက်ဥကြော်၊ မြေပဲဆန်ကြော်တို့နဲ့ ရေနွေးတပူပူ တရှူးရှူးသောက်ပြီး ထမင်းမြိန်ခဲ့ ပါတော့တယ်။
(သုံး)
အင်းဝန်းဘူတာလေးမှာ ကျွန်တော်အလုပ်ဆင်းပေးတာ တစ်ပတ်လောက်ရှိတော့ ကျွန်တော့်မှာပါလာတဲ့ ရိက္ခာလည်း နေ့ခင်းစာစားပြီးကတည်းက လုံးဝပြတ်တောက် သွားပါပြီ။ အောင်ပန်းဘူတာကို လှမ်းမှာတဲ့အခါ ညနေရထားနဲ့ ဆန်ရယ်၊ ဆီရယ်၊ ကြက်ဥ၊ ပဲခြမ်းထည့်ပေးလိုက်မယ်ဆိုတော့ ကျွန်တော် အေးအေးဆေးဆေးပဲ စာဖတ်နေလိုက်ပါတယ်။ လမ်းခွဲကိုင်လေးလည်း မနက်ကရထားနဲ့ မိသားစုရှိရာ အောင်ပန်းကိုလိုက်သွားပြီး ညနေရထားနဲ့ပြန်လိုက်လာ မယ်ဆိုတော့ ရထားဆိုက်ချိန်မှပဲ ညစာထမင်းချက်ရမှာပါပဲ။ လမ်းခွဲကိုင်လေး အောင်ပန်းရုံပိုင်အိမ်က ယူလာမယ့် ဆန်၊ ဆီလေးတွေနဲ့ ညစာချက်ရမှာလေ။ ရထားဆိုက် ချိန် ညနေ ၅ နာရီဆိုတော့ ညစာ ချက်ဖို့ အချိန်မနှောင်းသေးပါဘူး။
ကျွန်တော် ဘူတာထဲက နာရီရော၊ လက်မှာပတ်ထားတဲ့နာရီရော ကြည့်တော့ ညနေ ၄ နာရီ ၂ဝ ရှိပြီ။ အောင်ပန်းကနေ အမှတ် ၁၄၉ အဆန်ရထား အင်းဝန်း ဘူတာလေးဆီ အချိန်မှန်လွှတ်လိုက်ပြီပေါ့။ စောစောပိုင်းကတည်းက လမ်းရှင်းခွင့်ပြု လျှို့ဝှက်နံပါတ် ပေးထားပြီးသားမို့ ရထားထွက်ချိန်ကို စောင့်နေတာပါ။ ၄နာရီ ၁၅ မိနစ်အချိန် မှန်ထွက်ချိန်ကို အောင်ပန်းက မပေးသေးတာကြောင့် မေ့များနေသလား အတွေးနဲ့ ကျွန်တော် တယ်လီဖုန်းလက်ကိုင်လေးကို တဂျစ်ဂျစ်နဲ့ လှည့်လိုက် ပါတယ်။
”အစ်ကိုရေ ဝမ်းဖိုးနိုင်း ရိုက်တိုင်းပဲလားဗျ”
တစ်ဖက်ရုံပိုင်လေး ကိုစန်းမောင် ပြန်အဖြေမှာ ကျွန်တော် ရင်မောသွားပါတယ်။ ၁၄၉ အဆန် စက်ခေါင်းဘက်ထရီဒေါင်းပြီး စက်နှိုးမရလို့ မထွက်နိုင်သေးဘူး။ ရန် ကုန်ရထား ၁၄၁ အဆန်အောင်ပန်း ရောက်မှ စက်ခေါင်းချင်းပူးနှိုးရမှာ။ ရန်ကုန်ရထားက ည ၁ဝ နာရီ ၁၁ နာရီလောက်မှရောက်မယ်လို့ ဆိုပါတယ်။ သွားပြီပေါ့ ဒီအတိုင်းဆို ရထားက ည ၁၂ နာရီကျော်တောင် ရောက်ပါ့မလား။ ညစာလွတ်တော့မယ့် အခြေအနေကိုတွေးမိလိုက်ချိန်မှာ ကျွန်တော်ဆာလောင်သလိုကို ဖြစ်လာပါ တယ်။ အချိန်ရှိတုန်း ရွာကလေးဆီသွားပြီး စားစရာတစ်ခုခု ဖန်တီးရမလား စဉ်းစားမိပါတယ်။ ရွာကလေးဆီ အခုချိန်သွားလိုက်လို့ ခြေခင်းလက်ခင်းသာပေမယ့် အပြန်မှာ တော့ အမှောင်ချဉ်းတော့မှာပါ။ ကျွန် တော်စိုးရိမ်ပါတယ်။ အေးတဲ့ ဒေသဝန်းကျင်ပေမယ့် ခြေခင်းလက်ခင်း မသာဘူးလို့အထင်နှင့်  ကျွန်တော် ကြောက်နေတာကလည်း ပါနေမှာပေါ့။ ကျွန်တော် အောင်ပန်းကို ဖုန်းပြန်ခေါ်လိုက်ပါတယ်။
”အစ်ကိုရေ ညစာတော့ လွတ်ပြီဗျာ။ ရထားဆိုက်ချိန်ဆို ထမင်းချက်ဖို့ လွန်သွားပြီ။ ပေါင်မုန့်လေး၊ ဘီစကစ်လေးပါ ထည့်ပေးလိုက်ပါဗျာ၊ ကျသင့်တာအစ်ကို ခဏစိုက် ထားပေးပါဦး”
”အေး အေး စိတ်ချ ထည့်ပေးမယ် ညီလေး” ဆိုတဲ့ ကိုစန်းမောင်ရဲ့ ဖုန်းထဲကအသံက အပြင်အတိုင်းပဲ အေးဆေးညင်သာသိမ်မွေ့လှ တယ်လို့ ကျွန်တော် တွေးမိပါတယ်။
”ကလင်လင်..ကလင်လင်”
နန်းထိုင်းဘူတာဘက်က ဖုန်းမြည်လာပါတယ်။ ၁၄၉ အဆန် ရထားအခြေအနေကို စုံစမ်းတာပဲ ဖြစ်မှာပါ။ ”ဟုတ်ကဲ့ အင်းဝန်းပါ။ ဝမ်းဖိုးနိုင်း စက်ခေါင်းပျက်နေတယ်။ ဝမ်းဖိုးဝမ်း အောင်ပန်းရောက်မှ ပူးနှိုးရမှာတဲ့၊ ဟုတ်တယ် သေချာတယ် ခင်ဗျားဆီရောက်ရင် သန်းခေါင်ပဲ”
နန်းထိုင်းရုံပိုင် ကိုခင်သိန်းလည်း လေသံပျော့ပြီး စိတ်ဓာတ်ကျနေပုံရပါတယ်။ နန်းထိုင်းက အင်းဝန်းထက်တောင် ရွာနဲ့အလှမ်းဝေးတဲ့အပြင် ရေအခက်အခဲပါရှိတာ ဆိုတော့ ကိုခင်သိန်းခမျာ နေရေးစားရေး အဆင်မပြေဘူးထင်ပါ ရဲ့။ သူလိုကိုယ်လို နွမ်းယဲ့ယဲ့ဘဝတွေ ပါလေ။
ကျွန်တော် ၁၄၉ အဆန် ထွက်လာမယ့်အချိန်ကို စောင့်ရင်း အိပ်ပျော်ဖို့ကြိုးစားပါတယ်။ ဗိုက်ဆာဆာနဲ့ လှိမ့်ပိမ့်အိပ်နေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တစ်ည လုံး ဖယောင်းတိုင်ထွန်းထားပြီး ကြောက်စိတ်ကလေး လျော့လိုလျော့ငြား စာဖတ်တဲ့နေရာပို့ ကုစားချင်ပေမယ့် ဖယောင်းတိုင်လေးကို ချွေတာရတာနဲ့ပဲ အမှောင်ထဲမှာ စိုးတထိတ်ထိတ်နဲ့ အိပ်ပျော်အောင် ကြိုးစားရတာပါ။ လူဟာ တစ်ဦးတစ်ယောက်တည်း ဘယ်လောက်ကြာကြာ နေလို့ရမလဲ။ တချို့နှစ်ကာလများစွာ နေခဲ့ကြပြီးပြီ၊ နေနေ ကြဆဲဆိုပေမယ့် အရုပ်၊ အသံကိုတော့ မြင်ရကြားရမှာပါ။ အခုတော့ ကျွန်တော့်မှာမနက်က အောင်ပန်းကို ထွက်သွားတဲ့ရထားချိန်နောက်ပိုင်း လူသံသူသံမကြားရ တော့တာဆိုတော့ အင်း စုစုပေါင်း ၁၄ နာရီ လောက်တောင် ရှိပါတော့မယ်။ ကျွန်တော်ဟာ လူသံကိုလည်း ကြားချင်နေပါတယ်။ တစ်ဆက်တည်းမှာပဲ လူစိမ်းတွေ ရောက်လာမှာကိုလည်း တွေးရွံ့နေပါတယ်။ အိပ်ပျော်သွားရင်တော့ ဘာမှလည်း တွေးမိမှာမဟုတ်ပေမယ့် ဆာလောင် မှုကြောင့် အိပ်လို့လည်းမပျော်ပါ။
ဟော၊ ဓာတ်မီးရောင် ဝင်းခနဲ။ ကျွန်တော်အိပ်ရာထက်ကနေ ဝုန်းခနဲထထိုင်လိုက်ပါတယ်။ ခေါင်းအုံးအောက်က လက်နှိပ်ဓာတ်မီးကိုလည်း ဆွဲထုတ်ပြီးဖြစ်နေပါပြီ။ သည်အချိန်ကြီးမှာ ဘူတာကို ရောက်လာတာ ဘယ်သူတွေလဲ။ ရွာထဲကနေ ရထားစီးဖို့ရောက်လာ တာလား။ မဖြစ်နိုင်ဘူး။ မနက်ဖြန် တီကျစ်ဈေးလည်းမဟုတ်၊ ပင် လောင်းဈေးလည်းမဟုတ်ဘူး။ ဖိနပ် သံတွေက အများကြီး။ လူအုပ်စု အသံအနည်းဆုံး ၁ဝ ယောက် လောက်တော့ရှိမယ်ထင်တယ်။ ကျွန်တော် ချွေးစို့ပြီး အာခေါင်တွေ ခြောက်သလို ဖြစ်သွားပါတယ်။ ထိတ်လန့်မောသည်းစွာပဲ အသံပေးလာသူတွေကို ရင်ဆိုင်ဖို့ကြိုးစား ကြည့်နိုင်အောင် စိတ်ကူးလိုက်ပေမယ့် ကျွန်တော့်နှလုံးခုန်သံက ပြင်း ပြင်းထန်ထန်ကြီးကို ပရမ်းပတာနဲ့ စည်းချက်မညီဖြစ်လို့နေပါတယ်။
”ရုံပိုင်လေး အိပ်ပြီလားဗျ။ ကျွန်တော်တို့ပါ။ စက်ထိန်းအဖွဲ့ လေ၊ နန်းထိုင်း အင်းဝန်းကြား မြေပြိုတာ ရှင်းပြီးပြန်လာတာ။ ဝမ်းဖိုးနိုင်းနဲ့ ပင်လောင်းဆက်လိုက်မလို့ဟာ ရထားမလာတာကြောင့် အင်းဝန်းဘက် ပြန်လှည့်လာတာ”
အို.. ကျွန်တော်အခုမှ သတိရပါတယ်။ မနေ့က မိုးသည်းသည်း ထန်ထန်ရွာထားတာကြောင့် မြေပြို ပြီး သံလမ်းဖုံးနေတာတွေ ဖယ်ရှားဖို့ လမ်းဗိုလ်ကြီး ဦးကျော်လွင်တို့ အဖွဲ့ လမ်းပိုင်းထဲသွားလိုက်တာကို ကျွန်တော်က သူတို့အဖွဲ့ ရထားနဲ့ ပြန်လိုက်သွားပြီလို့ ထင်နေတာလေ။ ကျွန်တော် တော်တော့်ကို ပျော်သွားပါတယ်။ စောစောပိုင်းက အား ငယ်စိုးရွံ့ထိတ်လန့်နေတာတွေဘယ် ရောက်ကုန်ပြီလဲမသိပါ။ကျွန်တော် ဖယောင်းတိုင်လေးထွန်းလိုက်ပြီး
”မအိပ်သေးဘူး လမ်းဗိုလ်ကြီးရေ၊ ဝမ်းဖိုးနိုင်းက စက်ခေါင်း ဘက်ထရီဒေါင်းသွားလို့တဲ့။ ဝမ်းဖိုးဝမ်းစောင့်ပြီး နှိုးရမှာဆိုတော့ ကြာဦးမယ်ဗျ”
ကျွန်တော့်အသံက အပျော်လေးတွေ စွက်နေမယ်လို့ထင်ပါ တယ်။
”လမ်းဗိုလ်ကြီးတို့အဖွဲ့ ဘူတာ ထဲမှာပဲနေမှာမဟုတ်လား။ ဘူတာထဲဆိုတော့ နွေးနွေးထွေးထွေးရှိ တာပေါ့ဗျာ”
ကျွန်တော်ကတော့ လောကွတ်ချိုနေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိထားမိလောက်အာင် မြူးမြူးလေး ဖြစ်နေပါတယ်။
”နေပါစေတော့ဗျာ လူများတယ်။ ဒီဘက်အခြမ်းမှာပဲ နေလိုက်တော့မယ်။ ညစာမစားရသေးဘူး။ ထမင်းလည်း ချက်ရဦးမှာ”
လမ်းဗိုလ်ကြီးက သူ့လူတွေများလို့ ခရီးသည်နားနေရာ အဆောင်လေးမှာ နေမယ်ဆိုတော့ ကျွန်တော်အတင်း မတိုက်တွန်းတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အမိုး တစ်ခုတည်း အောက်မှာ ဆယ်ဂဏန်းအထက် လူသူရှိနေပြီဆိုတော့ ကျွန်တော်နှစ်ခြိုက်စွာ၊ အထိတ်အလန့်မရှိ အိပ်ပျော်နိုင်လိမ့် မယ်လို့ ထင်ပါတယ်လေ။
ကျွန်တော် ဖယောင်းတိုင်မီးလေးမှုတ်လိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားပါတယ်။ ဂုဏ်တော်ရွတ်၊ ဝင်လေထွက်လေမှတ် ကြိုးစားကြည့်တော့ ဗိုက်ဆာနေတာလေးလည်း လျော့ပြီး အိပ်ပျော်လုဖြစ်သွားပါ တယ်။ သည်အချိန်မှာပဲ..။
လမ်းဗိုလ်ကြီးတို့အဖွဲ့တွေ ညစာအတွက် ချက်ပြုတ်တဲ့ ဟင်းရနံ့က ပျံ့လွင့်လို့လာပါတယ်။ ငါးသေတ္တာဟင်းအနံ့လို့ထင်ပါတယ်။ ကျွန်တော် တံတွေးမျိုမိသွားသလားပဲ။ ဂုဏ်တော်ရွတ်၊ ဝင်လေထွက် လေမှတ်ပြီး ကြိုးစားဖြေဖျောက်ထားတဲ့ ဆာလောင်မှုက ပြန်ပြီး ခေါင်းထောင်လာပြန်ပါတော့တယ်။
သိပ်မကြာခင်မှာပဲ လမ်းဗိုလ်ကြီးတို့အဖွဲ့ ထမင်းစားကြတော့မှာမို့ ပန်းကန်ခွက်ယောက်ပြင်ဆင်တဲ့ အသံတွေ ကြားနေရပါပြီ။ ကျွန်တော် အိပ်ရာကနေထထိုင်ပြီး ဖယောင်းတိုင်လေးကို မီးညှိလိုက် ပါတယ်။ ကျွန်တော် မအိပ်သေးဘူး ဆိုတဲ့အသိ လမ်းဗိုလ်ကြီးနဲ့ သူ့အ ဖွဲ့သိစေချင်တဲ့ အပြုအမူဖြစ်နေမ လား။
”ရုံပိုင်လေး ထမင်းစားပြီးပလား။ မစားရသေးရင် ဝင်စားပါလား”
ကျွန်တော် မျှော်လင့်စွာ ကြားချင်တဲ့အသံပါ။ ဒါပေမဲ့ ဘယ်သူ့မှ လည်းမမေးပါ။ မခေါ်ပါ။ ညဥ့်နက်နေပြီမို့ ကျွန်တော်ထမင်းစားပြီးပြီလို့ ထင်နေလားတော့မသိပါ။
”ဘာဟင်းတွေနဲ့ စားတာလဲဗျ။ စားကောင်းမယ့်ပုံပဲ” ဆိုပြီး သူတို့ နားသွားစကားရောဖောရောလုပ် လိုက်ရင် ကောင်းမလား။
ငါးသေတ္တာဟင်းနံ့ကတော့ ပျံ့လွင့်မွှေးနေတာမို့ ကျွန်တော် တံတွေးကို ဒုတိယအကြိမ် မြိုမိပြန်ပါပြီ။ ဆာလောင်မွတ်သိပ်မှုရဲ့ ကုတ်ခြစ်မှုက လူတစ်ယောက်ရဲ့ မြိုသိပ်နိုင် စွမ်းနဲ့သိက္ခာကို သွေးတိုး စမ်းနေပြီလား။ လွန်ခဲ့တဲ့တစ်ပတ်က အင်းဝန်းဘူတာလေးဆီ စရောက်တဲ့ညကို ဖျတ်ခနဲပြန်သတိရ သွားပါတယ်။
(လေး)
အောင်ပန်းက ထွက်လာတဲ့ ၁၄၉ အဆန်ရထားသန်းခေါင်အ လွန် ၁ နာရီလောက်မှ ကျွန်တော့်ရဲ့ အင်းဝန်းဘူတာလေးကို ရောက် လာပါတော့တယ်။ လမ်းခွဲကိုင်လေးနဲ့ ထည့်ပေးလိုက်တဲ့ မုန့်ကြွပ်နှစ်ချပ်စားပြီး ရေအဝသောက်လိုက်တော့လည်း ကျွန်တော့်ဆာလောင်မှုက ရပ်တန့်ငြိမ်ဆိတ်သွား ပါတော့တယ်။ လွန်ခဲ့တဲ့ ၂ နာရီ လောက်က ဖြစ်တည်ခဲ့တဲ့ ကတိမ်းကပါးစိတ်ကလေး ခေါင်းငုံ့၊ လျှိုးဝင်၊ လူးလူးလဲလဲ ဖြစ်မသွားတာကို တွေးမိပြီး ကိုယ့်ကိုယ်ကိုယ် ကျေးဇူးပြန်တင်နေမိပါတယ်။
သေချာပါပြီ၊ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တော့မှာပါလေ။
ရဲသျှမ်း
(ရတီမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၁)

No comments:

Post a comment