ပျော်ရွှင်နာကျင်စွာ

ကျွန်မတို့ကျောင်းထဲမှာ ယာဉ်ထိန်းရဲ ခေါ်ထားရလောက်အောင်ကို ဆိုင်ကယ်တွေက ပြည့်လို့နေပါတယ်၊ ကင်ဘို၊ ဟွန်ဒါ၊ လော့ဂျား၊ ဟင်န်ဆင်း၊ဂျာလင်းစတဲ့ အစိမ်း၊ အပြာ၊ ပန်းဆီ၊ ခရမ်းရောင်စုံ ဆိုင်ကယ်လေးတွေပါပဲ။ စူပါကပ်၊ ဒရင်း၊ ဖင်ထောင် ဒီဇိုင်းလည်းစုံ၊ အရောင်လည်းစုံ။ သည်အထဲမှာမှ ဆိတ်ငါးကောင် တရုတ်စက်ဘီး ကလေးကို ချောက်ချက်ချောက်ချက်နင်းနေတဲ့ ကျွန်မက ထင်းထင်းကြီးဖြစ်လို့နေမလားမသိ။ ကျွန်မတို့ကျောင်းမှာ ဆိုင်ကယ်တွေများတာကလည်း မဆန်းပါ။ ကျောင်းကမြို့အစွန်မှာဖြစ်ပြီး ကျောင်းရဲ့နည်းပြ၊ ဝန်ထမ်းတွေက မြို့ထဲရပ်ကွက်တွေမှာ အနေများနေကြတာမို့ အလှမ်းဝေးလွန်းလှပါတယ်။ ပြီးတော့ ကျွန်မတို့ ကျောင်းတည်နေရာက ကုန်းမြင့်မြင့်ပေါ်မှာမို့ စက်ဘီးစီးတက်ဖို့ တော်တန်ရုံအင်အား၊ သက်လုံနဲ့မရပါ။ ကျောင်းကဖယ်ရီ စီစဉ်ထားပေမယ့် ဖယ်ရီကားရပ်ပေးထားတဲ့ နေရာထိ လာစီးဖို့ခက်ခဲသူတွေအတွက် ဆိုင်ကယ်ကပဲ အဆင်ပြေမှာလေ။ ပြီးတော့တရုတ်ဆိုင်ကယ်တွေ ၄-၅ သိန်းနဲ့ ဝယ်လို့ရတာလည်း တစ်ကြောင်း ဖြစ်ပါလိမ့် မယ်။ ကျွန်မတို့ကျောင်းက ကျွန်မရဲ့ ရွာကလေးနဲ့ ၂ မိုင်သာသာလောက် ဝေးပါတယ်။ ဆောင်းတွင်းကာလတွေမှာ ပြဿနာမရှိပေမယ့် နွေကာလမှာတော့ ကျွန်မတို့ အညာနေက ချစ်ချစ်တောက် စူးရဲပြင်းထန်လွန်းပါတယ်။ သည်အခါမှာ ကျွန်မ စက်ဘီးကလေးက မရွေ့ချင်တော့။ ချွေးတွေနဲ့ရွှဲနစ်၊ ခြေထောက်တွေရဲ့ ရုန်းကန်အား ကလေးလံ။ ကျောင်းထဲလည်းရောက်ရော ကျွန်မရဲ့ နွမ်းနယ်ဖျော့တော့တဲ့မျက်နှာဆီက ချွေးတစိမ့်စိမ့်အန်ကျပြီး အိမ်ကလိမ်းခဲ့တဲ့ သနပ်ခါးလည်းပျက်ပြယ်။ ညစ်ပေ တူးဆရာမလေးလို့ သင်တန်းသားတွေက ကွယ်ရာမှာ ခေါ်ဝေါ်ကြတဲ့အထိပါပဲ။ သူငယ်ချင်း ဒုနည်းပြတွေက မြို့ထဲဘက်မှာနေတာမို့ ကျွန်မရွာကလေးနဲ့က အရှေ့ အနောက်တခြားစီဖြစ်ပြီး သူတို့ပို့ပေး၊ ကြိုပေးဖို့ကလည်း ဘယ်လိုမှမဖြစ်နိုင်ပါ။ သည်တော့ဆိတ်ငါးကောင် တရုတ်စက်ဘီးကလေးက တရုတ်ဆိုင်ကယ်တွေကြားမှာ ကန့်လန့်ကန့်လန့် ဖြစ်နေဦးမှာပါပဲ။ ပြင်ဦးလွင်မှာ ကျောင်းတက်နေတဲ့မောင်လေးနဲ့ စီးပွားရေးတက္ကသိုလ်တက်နေတဲ့ ကျွန်မညီမလေးတို့ရဲ့ ကျောင်းစရိတ်တွေကြား မှာ ကျွန်မအတွက် ဆိုင်ကယ်လေးတစ်စီး ဝယ်နိုင်ဖို့ အလှမ်းဝေးလွန်းမက ဝေးလွန်းနေပါပြီ။ နွား၂ ကောင်လောက် ရောင်းလိုက်ရင်ဖြင့် ဝယ်လို့ရမှာပေမယ့် အဖေ့ လက်ငုတ်လက်ရင်း ရိုက်ချိုးသလိုဖြစ်ပြီး တောင်သူအလုပ်ရပ်တန့်သွားရင် ဘာနဲ့ရပ်တည်ကြမလဲ။ ကျွန်မလခငါးသောင်းကျော်က ဘယ်အတိုင်းအတာထိအိမ်ရဲ့ ဓန အင်အားကို ထောက်ပံ့ပေးနိုင်မှာတဲ့လဲ။ အညာနွေရဲ့ ပြင်းထန်တဲ့ အပူအောက်မှာကျွန်မကတော့ စက်ဘီးလေးတစ်စီးနဲ့ တရွေ့ရွေ့ပါပဲလေ။
ကျွန်မတို့ကျောင်းက ကျောင်းပိတ်ရက်တွေမှာလည်း ဒုနည်းပြတွေအတွက် သင်တန်းတွေကအဆင်သင့်ကြိုနေတတ်ပါတယ်။ ကျောင်းအုပ်ကြီးရဲ့ စီစဉ်ပေးမှုကြောင့် နည်းပြအားလုံး အင်္ဂလိပ်စာ၊ ကွန်ပျူတာ အော်တိုကဒ်၊ ပါဝါပွိုင့် သင်တန်းတွေတက်ရပါတယ်။ ကျောင်းသင်ခန်းစာတွေကို ကွန်ပျူတာရိုက်၊ မေးခွန်းတွေ ပြန်ပြုစု၊ စာတမ်းရေးတွေလည်း လုပ်ရတာမို့ အနားမရပါ။ ပညာဖြန့်ဖြူးရာကျောင်းဖြစ်တဲ့အတွက် ဆရာ/ ဆရာမများ ‘ပြည့်ဝ’နေဖို့ ကျောင်းအုပ်ကြီးရဲ့ ဆန္ဒပြင်းပြမှုက လေး စားဖွယ်ဖြစ်ပါတယ်။ ရန်ကုန်ကဆရာကို ခေါ်ယူသင်ကြားပေးတဲ့ အော်တိုကဒ်သင်တန်းချိန်လေးကိုတော့ ကျွန်မစိတ်ဝင်စားလှပါတယ်။ မြို့ပြဘာသာရပ်နဲ့ စက်မှုသိပ္ပံကျောင်းပြီးထားတဲ့ ကျွန်မအတွက်ပိုပြီး နှစ်လိုဖွယ်ကောင်းတဲ့ ပညာရပ်ဖြစ်ပါတယ်။ အနုပညာမြောက်တဲ့ဘာသာရပ်လို့ ခံစားမိချိန်မှာ ကျွန်မလက်ချောင်း လေးများကလည်း ကီးဘုတ်ပေါ်မှာ ပျော့ပျောင်းသွက်လက်စွာ ပြေးလွှားနေပါတယ်။ စက်ဘီးနင်းလို့ ချွေးတွေနဲ့ နစ်နေတဲ့ကျွန်မရဲ့မောလျမှုကို ကွန်ပျူတာခန်းရဲ့ အဲယားကွန်းက ဖြေဖျောက်ပေးတာကြောင့်လည်း အော်တိုကဒ်ကို ကျွန်မရဲ့ စိတ်ဝင်စားမှုက ပိုပိုသာသာဖြစ်သွားတာလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ တိုက်တွေရဲ့ ကော်ရစ်ဒါ ဒီဇိုင်းတွေကိုအကွေး၊ အဖြောင့် Tools တွေသုံးပြီး ပုံအမျိုးမျိုးထုတ်နေတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချိန်လေးမှာပေါ့။ သင်တန်းတာဝန်မှူးရောက်လာ ပြီး ကျွန်မနား တိုးတိုးကပ်ပြောလိုက်တဲ့စကားကြောင့် ကျွန်မရဲ့ ကီးဘုတ်ပေါ်ပြေးလွှားနေတဲ့ လက်တွေရပ်တန့်ဆွံ့အသွားပါတယ်။ နွေခေါင်ခေါင်မှာမိုးကြိုးသွား ထက်ထက်တစ်စင်း ကျွန်မနားစည်ကို ထိုးခွဲသွားလိုက်တာကြောင့်လည်း ဖြစ်ပါတယ်။
”မနွယ်နီအဖေ နဂါးရုံဘုရားမှာ ဆိုင်ကယ်တိုက်ခံရလို့၊ ခုဆေးရုံမှာ”

အဖေက ရွာကနေ မြို့ထဲကို ယာခင်းအတွက်ပိုးသတ်ဆေးလာဝယ်တာမှာ နဂါးရုံဘုရားလမ်းဆုံမှာ ဆိုင်ကယ်နဲ့ တိုက်မိတာတဲ့။ ကျွန်မတို့မြို့မှာ အထက(၁)၊ ပညာ ရေးကောလိပ်၊ တက္ကသိုလ်၊ ဆေးရုံ၊ ဗဟိုပို့ဆက်ကျောင်း၊ စက်မှုလယ်ယာ သင်တန်းကျောင်းတွေက တစ်ဆက်တည်းမှာဖြစ်ပြီး နဂါးရုံဘုရားနဲ့လည်း နီးပါတယ်၊ လမ်းဆုံ၊ လမ်းခွလည်း ဖြစ်တာမို့ အဲ့သည်နေရာက ကား၊ ဆိုင်ကယ်၊ လမ်းသွားလမ်းလာ၊ ကျောင်းသားကျောင်းသူ လွန်စွာမှရှုပ်ထွေးလှပါတယ်။ ကျောင်းဆင်း တရှုပ်ရှုပ်ငိုကြွေးနေတဲ့ကလေးမလေးရဲ့သန့်စင်နုနယ်လှတဲ့မျက်နှာလေးမှာတုန်လှုပ်ကြောက်ရွံ့သွေးဆုတ်နေတဲ့ခံစားမှုတွေပြည့်သိပ်လို့နေပါတယ်။သတိလစ်နေတဲ့ အဖေ့ကိုတစ်လှည့်၊ကောင်မလေးကိုတစ်လှည့်ကြည့်ရင်းချိန်တွေမှာ ယာဉ်ထိန်းရဲ ၃-၄ ယောက်လောက်နဲ့ရှင်းယူတာတောင် အန္တရာယ်ရှိတဲ့နေရာပါ။ အဖေက လည်း သည်လိုရှုပ်ထွေးချိန်မှာတိုက်တိုက်ဆိုင်ဆိုင် ရောက်လာတာပါပဲ။ ကျူရှင်ကပြန်လာတဲ့ အင်္ဂလိပ်စာမေဂျာ ကျောင်းသူလေးရဲ့ ပေါ့ဆမှုကြောင့်လား၊ အဖေ့ရဲ့နမော်နမဲ့ နိုင်မှုကြောင့်လား၊ မဆင်မခြင်မောင်းနှင်တဲ့ အခြားသောကား၊ ဆိုင်ကယ်တွေရဲ့ ပယောဂနဲ့ ဆက်နွှယ်မှုကြောင့်လား၊ ခုတော့ ကျွန်မရဲ့ အဖေ..ဆေးရုံအရေးပေါ်ဌာနမှာ ကျွန်မရဲ့ သူငယ်ချင်းတွေ၊ ကျောင်းသူမလေးရဲ့ မိဘတွေ၊ သူငယ်ချင်းတွေ၊ ရဲတွေနဲ့ ပြည့်လို့နေပါတယ်။ ဘုရားရေ…ဒုရဲအုပ်တစ် ယောက်ကကျောင်းသူလေးကို စစ်မေးလို့နေပါလား။ သူတို့ကလေးမလေးကို ဖမ်းချုပ်တော့မှာလား။ တရှုပ်ရှုပ်ငိုကြွေးနေတဲ့ ကလေးမလေးရဲ့သန့်စင်နုနယ်လှတဲ့ မျက်နှာလေးမှာ တုန်လှုပ်ကြောက်ရွံ့ သွေးဆုတ်နေတဲ့ ခံစားမှုတွေပြည့်သိပ်လို့နေပါတယ်။ သတိလစ်နေတဲ့ အဖေ့ကို တစ်လှည့်၊ ကောင်မလေးကို တစ်လှည့် ကြည့်ရင်းကျွန်မရဲ့ နှလုံးအိမ်ကလည်း ပြင်းထန်စွာ တုန်ခါနေပါတယ်။ ကလေးရေ၊ ကံကြမ္မာဆိုးကြောင့် မင်းနဲ့အဖေ ဆုံစည်းသွားရတာပါ။ မင်းရဲ့တောက်ပတဲ့ အနာ ဂတ်လေး မပျက်ပြယ်စေရဘူး၊ မင်းစိတ်တည်ငြိမ်စွာထားပါ။ မင်းနဲ့မင်းမိဘ၊ မင်းသူငယ်ချင်းတွေပြုံးပျော်စေမယ့် ဆုံးဖြတ်မှုမျိုးပေးမှာပါ။”ဥပဒေကြောင်းအရတော့ ကျွန်မ နားမလည်ပါဘူးနော်။ ဒါပေမဲ့ ဒီကညီမလေး ဘာမှမဖြစ်စေချင်ပါဘူး။ ဒါကို ကျွန်မရင်ထဲ၊ နှလုံးသားထဲက ပကတိဆန္ဒမှန်နဲ့ ပြောတာပါ” ကျွန်မရဲ့ တည်ငြိမ်မှုကို ကျွန်မကိုယ်တိုင် အံ့သြသွားပါတယ်။ စကားလုံးတွေက အက်သွေ့ခြောက်ကပ်မှုမရှိဘဲ ချောချောမွေ့မွေ့ ထွက်အန်ကျလာတာပေမယ့် မျက် ရည်တွေ လိမ့်ဆင်းသွားတာကိုတော့ ကျွန်မ သတိမထားလိုက်နိုင်တာကိုတော့ ဝန်ခံရမှာပါ။အားလုံးညှိနှိုင်း ဆွေးနွေးမှုကြောင့် ကျောင်းသူလေးရဲ့ မိဘများက ငွေ ၁၅ သိန်းပေးတော့ ကျွန်မတုန်လှုပ် ချောက်ချားသွားပါတယ်။ ဒါအရောင်းအဝယ်လုပ်တာ မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခြေတစ်ဖက်ကို၊ မိသားစုတစ်စုလုံးရဲ့ စိတ် ဒဏ်ရာကို ငွေ ၁၅ သိန်းနဲ့ ရောင်းနေတာလား၊ ကျွန်မ လက်မခံနိုင်ပါ။ ကျွန်မပြင်းထန်စွာပဲ ခုခံငြင်းဆိုလိုပါတယ်။ ဆက်လက်ဆေးကုခံရဦးမယ့် အဖေ၊ ခြေတု (သို့မဟုတ်) ချိုင်းထောက်တစ်ဖက်နဲ့ တောင်သူလုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်တော့မယ် မထင်တဲ့အဖေ။ အဖေရယ်၊ သမီးကို ငြင်းဆန်ခွင့်ပေးလိုက်ပါလားဟင်။ ”ဒါဆို ညီမလေးကျောင်းထွက်လိုက်ရတော့မှာပေါ့နော်” ”အမေတို့ သမီးအဖေကို ဆေးဆက်ကုပေးရဦးမှာလေ” ”သမီးမာန အဖေနားလည်ပါ တယ်၊ ဒါပေမဲ့သမီးရယ် ရွေးချယ်ခွင့်မှ မရှိတော့တာပဲ” ကြေကွဲနွမ်းဖျော့ အဓိပ္ပာယ်မျိုးစုံနဲ့ ဖွဲ့သီနေတဲ့မျက်ဝန်းတွေရဲ့ အကြည့်။ ကျွန်မ ချုံးပွဲချ ငိုလိုက်မိပါတော့တယ်။ ခုတော့ ကျွန်မတို့ကျောင်းထဲမှာ လော့ဂျားပန်းဆီရောင် ဒရင်းမ်ဆိုင်ကယ်လေးတစ်စီး တိုးလို့နေပါပြီ။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားတဲ့အခါ၊ သင်တန်း ဆောင် တစ်ခုကနေတစ်ခုကူးတဲ့အခါ ‘လော့ဂျား’ လေးကို ကျွန်မ ကျွမ်းကျင်ပိုင်နိုင်စွာစီးလို့ပေါ့။ အားလုံးရဲ့ အကြည့်စူးစူးတွေ၊ ပဟေဠိအဖြေမှန်ရထားသူတွေရဲ့ မျက် နှာထားမျိုးတွေဆီကိုတော့ ကျွန်မ ပျော်ရွှင်နာကျင်စွာ တည့်တည့်တိုးဝင် လိုက်ပါတော့တယ်။ သေချာတာတစ်ခုကတော့ စာသင်တဲ့အခါ ကျွန်မပါးပြင်ထက်က သနပ် ခါးမပျက်မပြယ် ချွေးတွေနဲ့ နစ်မွန်းမနေတော့တာပါပဲ။
ရဲသျှမ်း
(ရတီမဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၁၁)

No comments:

Post a Comment