အဖေ၊ ပါပါး၊ ပီတာ၊ အာပုကြီး၊ ဖထီး၊ ဖာသာ လို့ ဖခင်တွေကို F/Pအသံတွေနဲ့ လူမျိုး နိုင်ငံ အသီးသီးက ခေါ်ကြပါတယ်။ သည်လိုပါပဲ မိခင် တွေကိုလည်းပဲ မေမေ၊ မာတာ၊ မို့အို၊ မာမီ၊ မာမား၊ မယ်မယ်၊ မာသာတဲ့လေ မ အသံတွေဖြစ်တာကြောင့် မြင့်မိုရ် ဆိုတာပေါ်လာသလား လို့ ထင်မြင်မိပါတယ်။ ဒါဆိုရင်
ဖ သို့မဟုတ် ပအက္ခရာနဲ့ မြင့်မားတဲ့၊ ကျယ်ပြန့်တဲ့ အရာတစ်ခုရှိရအုံးမှာပေါ့။ ပင်လယ် လို့ ကျွန်တော်ပြောရင် မှားများနေမလား။
သဘောမတူဖြစ်လေမလား။ ကျွန်တော်ကတော့ ဖခင်တွေရဲ့ သားသမီးတွေ အပေါ်ထားတဲ့
မေတ္တာကို ပင်လယ်နဲ့ နှိုင်းချင်တာပဲ ....။
''မြစ်နှစ်မွှာ'' ဆိုတဲ့ ''မိဘမေတ ဝတ္တုများ'' နဲ့ ''အဖေ''ဆိုတဲ့အတွေးအမြင်စာစု စာအုပ်(၂)အုပ် မကြာသေးခင်ကပဲ မရှေးမနှောင်း ထွက်လာကြတယ်။ မြစ်နှစ်မွှာ မှာ ဆရာ၊ ဆရာမ(၃၂)ဦး ပါဝင်ရေးသားကြပြီး ဆရာတွေက ဖခင်တွေအကြောင်း၊ ဆရာမတွေက မိခင်တွေအကြောင်း
ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။
တချို့က မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြပြီးသား၊ တချို့က အသစ်တွေပါ။ ဝတ္တုတို ရေးဖွဲ့ကောင်းတဲ့ ဆရာ၊ ဆရာမတွေရဲ့လက်ရာတွေဖြစ်တာမို့ ဖတ်ရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။ ဆရာ (၁၆)၊ ဆရာမ (၁၆)ဖတ်ပြီး တဲ့ထဲက ဆရာမလဲ့ဝင်းကြည်(ချို) ရဲ့ ဂုဏ်ဖွဲ့သီမမီ ကမ္ပည်းတင်ရင်ခွင်ကို ပြောချင်တယ်။ မိဘဘွဲ့ ဝတ္တုများလို့ ဆိုထားပေမယ့် ''ဂုဏ်ဖွဲ့သီမမီ..''ကို ရသစာတမ်းလေးလို့ ခံစားမိပါတယ်။ ဧပြီလထဲက ရက်တစ်ရက်မှာ မိသားစုနဲ့ ခွဲခွာသွားရတဲ့ မိခင်ကို လွမ်းဆွတ်တသမှုတွေနဲ့ ဖွဲ့သီထားပါတယ်။
တချို့က မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြပြီးသား၊ တချို့က အသစ်တွေပါ။ ဝတ္တုတို ရေးဖွဲ့ကောင်းတဲ့ ဆရာ၊ ဆရာမတွေရဲ့လက်ရာတွေဖြစ်တာမို့ ဖတ်ရမယ့် စာအုပ်ပဲ ဖြစ်ပါတယ်။ ဆရာ (၁၆)၊ ဆရာမ (၁၆)ဖတ်ပြီး တဲ့ထဲက ဆရာမလဲ့ဝင်းကြည်(ချို) ရဲ့ ဂုဏ်ဖွဲ့သီမမီ ကမ္ပည်းတင်ရင်ခွင်ကို ပြောချင်တယ်။ မိဘဘွဲ့ ဝတ္တုများလို့ ဆိုထားပေမယ့် ''ဂုဏ်ဖွဲ့သီမမီ..''ကို ရသစာတမ်းလေးလို့ ခံစားမိပါတယ်။ ဧပြီလထဲက ရက်တစ်ရက်မှာ မိသားစုနဲ့ ခွဲခွာသွားရတဲ့ မိခင်ကို လွမ်းဆွတ်တသမှုတွေနဲ့ ဖွဲ့သီထားပါတယ်။
''အမေကြီးရေ'' ''အဖေကြီးရေ'' လို့ တက်စုံဖွင့် လက်ကုန်စင်ကာ အတွဲညီခဲ့သည့် ဘဝဖော်နှစ်ဦး ဖေးမခေါ်ထူး၍ မဝသေးခင် ...''မေမေရေ'' ''သားရေ'' ''သမီးရေ'' လို့ ခေါ်ထူးချိန် မပြည့်စုံသေးခင် ဖေဖေ့ခေါင်းက ဆံပင်ဖြူတွေကို မျက်မှန်ကလေးတပ်ပြီး သာသာဖွဖွလေး မေမေနုတ်ပေးချင်ပါသေးလျက်၊ ဖေဖေကလည်း မေမေ့ကေသာမှာ ခရေမွှေးမွှေးတွေ ပန်ပေးချင်သေးသည်ကို သိလျက် မြေးဦးဆံချ မြေးမနားသမှာ ရေစက်ခွက်ကြီးကိုင်လို့ ဖေဖေနှင့် သံပြိုင်သာဓုခေါ်ဆိုချင်သေးလျက်၊ သားသမီး မြေးမြစ် တွေကြား ပုဝါစုံချလို့ ဖေဖေ နှင့်အတူ ဆင်နွဲပျော်ချင်သေးလျက်...ဆိုပြီး အချိန်မတိုင်မီ ထွက်ခွာသွားရှာတဲ့
မိခင်ရဲ့ ဆန္ဒကို ထုတ်ပြသွားပါတယ်။
''တေးသီအလှဖွဲ့ မဆုံး၊ ဘွဲ့ ဂုဏ်ထပ်တင် ပေးမဆုံးတွေဖြင့် လောကဇာတ်ခုံ ဝဲဂယက်တွင်းမှာ ကမ္ပည်းတင်ကျန် ချန်ရစ်နေသည့် မိခင်ရင်ငွေ့က အလုံးစုံသော သားသမီးများအတွက် မှေးစက်ပျော် ခိုလှုံ ဦးညွတ်ရသည့် ရင်ခွင်တစ်ခုပါ မေမေ'' ဆိုပြီး ရင်ဘတ်ထဲက၊ နှလုံးသားထဲက အသံကို ကြားလိုက်ရပါတယ်။
သည်စာအုပ်မှာပဲ ''ရာဇဝင်ကို ဖြတ်သန်းရတဲ့ည'' ဆိုတဲ့ ဆရာပိုင်စိုးဝေရဲ့ ဝတ္တုကတော့ ယခင်ဖတ်ရတုန်းကလည်း ကြေကွဲစွာ ခံစားရဆဲ၊ အခု ဖတ်ရပြန်တော့လည်း ခံစားမှုတွေ လျော့မသွားစေလောက်အောင် ရသ အပြည့်ပေးနိုင်ဆဲပါပဲ။
လွတ်လပ်ရေးရပြီးစ အညာကျေးလက်မှာ ရောင်စုံ သူပုန်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ဖခင်အကြောင်းပါ။ သူပုန်တွေက အဖေ့ကို လှည်းမောင်းခိုင်း၊ အမေက လှည်းပေါ် အတင်းပြေးတက်၊ လှည်းပေါ်က လူနှစ်ဦးက ပြန်တွန်းလွှတ် နောက်တော့ အဖေ့လှည်း အသော့နှင့်သွား... နာရီဝက်လောက်
အကြာမှာတော့...။ဆရာပိုင်စိုးဝေက ကဗျာမှော်အောင်သူ ဖြစ်လေတော့ သူ့ဝတ္တုကို ကဗျာနဲ့ လှလှပပ အနားကွပ်ပေးသွားပါတယ်။
လွတ်လပ်ရေးရပြီးစ
သူခိုး ဓားပြတွေ တန်ခိုးပြလို့ ကောင်းဆဲ
ခေတ်ကြီးထဲ လူဖြစ်ခဲ့ရတဲ့ ကျွန်တော်...
စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တခြားအမေတွေရယ်
အမေတွေ အားလုံး
ကလေးတွေကို ပခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ ပုန်းအောင်းကြနဲ့
တချို့ သားသေ၊ တချို့ လင်ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ် မဟုတ်လား အမေ...
အမေ့ရဲ့ ကျောပေါ်မှာ သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း ရွာတောင်စောင်းနဲ့ ဆူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ်
မဟုတ်လား အမေ...
တစ်ညသား
ပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား
တံခါးဝကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
အခိုင်အခံ့ လှည်းတစ်စီးဆင်
နွားပြာညို တစ်ရှဥ့်နဲ့ အတူ
''လှည်းမောင်းပို့'' ဆိုပြီး
အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက် တောအုပ်ကြားက
သေနတ်သံ တစ်ချက် ကြားလိုက်ရ
ဖေဖေရေ...
ဖေဖေရေ...
ကျွန်တော်တို့ မိသားစု ဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ ညပေါ့။
ဆရာပိုင်စိုးဝေ နှလုံးသွေးနဲ့ ရေးတဲ့ ဝတ္တုပါပဲ။
(၂)
အဖေ ဆိုတဲ့ အတွေးအမြင်စာစုများကို ဆရာအောင်ဇင်မင်းရဲ့ သားနိဒါန်းသစ်စာပေက ကိုအံ့ဘွယ်ဇင် စီစဉ်ထုတ်ဝေတာပဲ ဖြစ်ပါတယ်။ ရဟန်း(၃)ပါးအပါအဝင် (၂၃)ဦး ပါဝင်ရေးသားပါတယ်။ သည်စာအုပ်ကတော့ ''အဖေ'' သီးသန့်ပါ။
နိဒါန်းသစ်စာပေက အမေ တစ်အုပ်ထုတ်ခဲ့ပြီး ယခု ''အဖေ'' ကို ထုတ်ဝေတာပဲ ဖြစ်ပါတယ်။ ကိုယ့်ဖခင်တွေ အကြောင်းကို ဆရာ၊ ဆရာမတွေက အရှိအတိုင်း(အကောင်း၊ အဆိုး) ရေးတာဖြစ်လေတော့ ရသစုံသွားတယ်လို့ခံစားရပါတယ်။ ကိုယ့်ဖခင်မို့ အကောင်းတွေကိုသာ ရေးထားတာ မဟုတ်တာကိုက
သည်စာအုပ်ရဲ့ ထူးခြားမှုပါ။ နောက်ထူးခြားတာက ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ အဖေပါပဲ။ ''ဖခင်''ဆိုသည့် ရာထူး နေရာရှိ ဖခင်နှင့် မြန်မာ့လွတ်လပ်ရေး၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ရက်ရှယ် ရေးပြသွားပါသည်။
ဖခင်တစ်ယောက်က သားသမီးများကို မိသားစု အတွက် မဟုတ်ဘဲ နိုင်ငံ သားတစ်ဦးအနေဖြင့် နိုင်ငံတော်နှင့် ပတ်သက်တဲ့ အိပ်မက်များမက်ဖို့ ခံစားသိအောင်စွမ်းဆောင်၊ လှစ်ဟပြခဲ့တာကို ဆရာမ မသီတာက ''ဘခင် ဟူသည် ရာထူးနှင့် အခန်းကဏ္ဍကို တာဝန်ကျေစွာ သရုပ်ဆောင် ထမ်းရွက်ခဲ့သော၊ မြန်မာနိုင်ငံသား စိတ်ဓာတ်ရင့်သန်နိုင်ရန် အုတ်မြစ်ချပေးခဲ့သော မွေးသဖခင် ကျေးဇူးရှင် အဖေအား လည်ကောင်း လွတ်လပ်သော မြန်မာနိုင်ငံသားဟု ဆိုရဲရန် လွတ်လပ်သော မြန်မာပြည်အား မွေးဖွားပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း အားလည်းကောင်း လှိုက်လှိုက်ခါခါ ကျေးဇူးတင်မိရပါသည်'' လို့ ရေးပြသွားပြီး ''အမေများ၊ ဖခင်များ အားလုံး မိမိတို့၏ အခန်းကဏအား ယခုထက် ပိုမိုတွင်ကျယ်စွာ
သရုပ်ဆောင်နိုင်ကြပါစေ'' ဆိုတာကတော့ ကျွန်တော်တို့ကိုပါ သတိပေးလိုက်သလို ခံစားရပါတယ်။
၁၉၉၆ ကနေ ၂ဝဝ၄ ခုနှစ်ထိ (၇)နှစ်ကျော် အင်းစိန်၊ သာယာဝတီ၊ သရက်တို့ဆီ ရောက်သွားရတဲ့ ဆရာအောင်ဇင်မင်း အားလွမ်းတတဲ့ ''အဖေ့ အတွက်" စာစုလေးကို ဆရာ့သမီး မိုးဒေဝါက ရေးပါတယ်။
''အချိန်တန်လို့ ငှက်ကလေး သူ့အိမ်သူရောက်သွားပြီ ထုံးစံအတိုင်းပါပဲ လယ်ကွင်းပြင်ကတော့ လေစိမ်းတွေကြားမှာ ကျန်ရစ်ခဲ့တယ်''ဆိုတဲ့ အဖေပြန်လာမဲ့ ရက်တွေကို မျှော်တတဲ့ သားသမီးတစ်ယောက်ရဲ့ ခံစားမှုပါ။ သမီးက အဖေ့ကို၊ အမေက သားကို၊ သမီးကို၊ ဇနီးက ခင်ပွန်းကို၊ ခင်ပွန်းက ဇနီးကို အဲသလို မျှော်တခဲ့ရတဲ့ ကာလတစ်ခုက ရှိခဲ့ဖူးတာလေ။ ဆရာ မျိုးမြင့်ညိမ်း၊ ဆရာ ညီပုလေး၊ ဆရာမောင်ဝံသ၊ ဆရာမ မသီတာ၊ ဆရာတွေ...ဆရာမတွေ၊ မျိုးဆက်သစ်ကျောင်းသားတွေ... အများကြီးပါပဲ။ မိုးဒေဝါရဲ့ စာစုလေးက အားလုံးကို ကိုယ်စားပြုတယ်လို့ ခံစားလိုက်ရပါတယ်။
''မြစ်နှစ်မွှာ'' ''အဖေ'' စာအုပ်နှစ်အုပ်လုံးမှာ ရင်ထဲရောက်တဲ့ စာတွေချည့်ပါပဲ။ အမိ၊ အဖကို ချစ်မြတ်နိုးသော သားသမီးများနှင့် သားသမီးများကို ချစ်ကြင်နာသော မိဘများ ခံစားဖတ်ကြည့်ဖို့ လက်ဆင့်ကမ်း
မျှဝေလိုက်ပါတယ်။ မိခင်တွေက မြင့်မိုရ် ဆိုရင် ဖခင်တွေက ပင်လယ်ပဲပေါ့။
ရဲသျှမ်း