သားကောင်များ


၁-က
တောင်ဆိတ်အုပ်စု အကောင် ၄-၅ဝ ခန့်တော့ရှိမည်။ စမ်းချောင်းလေးဆီလား၊ မြက်စိမ်းနုစိုစိုဆီလား၊ အစုအဝေးလိုက် စည်းချက်မှန်ခြေလှမ်းတို့ဖြင့် တစ်လှမ်းချင်းတစ်ရွှေ့ချင်း သောကမရှိ၊ အပူအပင်မရှိ။
၁-ခ
သူတို့ရုံးမှာ ဝန်ထမ်း ၂ဝ ကျော်ရှိသည်။ အငယ်တန်းစာရေး၊ အကြီးတန်းစာရေး၊ စာပေးစာယူ စာရေး၊ ဌာနခွဲစာရေး၊ လက်နှိပ်စက်စာရေး၊ ကွန်ပျူတာကျွမ်းကျင်စသည်ဖြင့် သူ့Sectionအလိုက် ရာထူးအဆင့် အမျိုးမျိုး ရှိသည်။ စားပွဲ ၁ဝလုံးမျက်နှာချင်းဆိုင်ထားပြီး အလယ်ကလျှောက်လမ်းဖြစ်သည်။
စားပွဲတွေနောက်မှာ စာရင်းဇယားစာအုပ်များထည့်ထားသည့် ဦးစားပေးအဆင့်အတန်းမှတ်သားထားသော ဘီရိုကြီးများ နှင့် စာရွက်ဖိုင်များတင်ထားသည့် စင်ကြီးများရှိသည်မို့ ရုံးခန်းကအကျယ်ကြီးဟုလည်းမဆိုသာ။ လက်ထောက် ညွှန်ကြားရေးမှူး သူ့စာပွဲကမျက်နှာချင်းဆိုင် စားပွဲတွေကို ထိပ်ကပိတ်ထားသည်အလား ရှိသည့်အတွက် ဝန်ထမ်းအားလုံး၏ လှုပ်ရှားမှုကို မမြင်လိုပါပဲ မြင်နေရသည်၊ မကြည့်လိုပါပဲ ကြည့်နေရသည်။ သူနှင့် မျက်နှာချင်း ဆိုင် ရုံးအဝင်ပေါက်နံရံရှိ ၂၆ လက်မ LCDတီဗွီ၏ မြင်ကွင်းလိုပဲဖြစ်နေသည်။ ညွှန်ကြားရေးမှူး၏ လေအေးပေးစက်အခန်းထဲမှာ Skynet Boxထားပြီး ၄င်းကိုယ်တိုင်ကလည်း LCDတီဗွီ တစ်လုံးနှင့် အစီအစဉ်တွေကို ကြည့်နေတတ်သည်ဆိုတော့ သူတို့ရုံးခန်းရှေ့ တီဗွီအစီအစဉ်က ညွှန်ကြားရေးမှူး၏ ဆန္ဒအတိုင်းပဲဖြစ်လို့နေသည်။ ရုံးတာဝန်ချိန်မှာ တီဗွီကြီးဖွင့်ထားတာ မကောင်းပါဘူးဟု ဘယ်သူကမှလည်း စောဒကမတက်၊ ဝေဖန်ရေးမလုပ် တာဆိုတော့ ဝန်ထမ်းများအားလပ်ချိန်(သူကတော့
သူ့ဝန်ထမ်းတွေ အမြဲတမ်း အားနေသလိုပဲ ဟုထင်သည်) မှာ တီဗွီအစီအစဉ်က ငေးမောစရာ ကောင်းလှ သည့် ဖျော်ဖြေရေးအစီအစဉ်ပဲဖြစ်သည်။ ခက်တာကညွှန်ကြားရေးမှူး ၏ ခံစားချက်သည် တောကောင်တွေ ၏ သဘာဝကို နှစ်သက်ဟန်ရှိသည်။
အချိန်တော်တော်များများမှာ Worldwide Channel ကိုပဲ ဖွင့်ထားတတ်သည်။ သည်တော့ သူ့မှာ မမြင်လိုဘဲ မြင်နေရ၊ မကြည့်လိုဘဲ ကြည့်နေရတော့သည်။
''အဲ့သည်နေရာက နေရာကောင်း၊ အင်းလေ အမြန်ဆုံးကျအောင် ဆက် တင်ပေးလိုက်မယ်''
စာပေးစာယူ စာရေးလေးရဲ့ ပြာတာတာအသံ။
''နည်းနည်းတော့ခက်တယ်၊ ရုံးချုပ်အဝင်၊ အထွက်လိုတယ်''
အကြီးတန်းစာရေးမကြီးရဲ့ စူးရှရှစကားသံ။
''ကွန်ပျူတာရိုက်ရမယ်၊ မြေပုံဆွဲရမယ်၊ အော်တိုကတ်နဲ့မှအဆင်ပြေမှာ၊ မိတ္တူတွေကလည်း လိုသေးတယ်'' ကွန်ပျူတာကျွမ်းကျင်ရဲ့ သြအက်အက် စကားသံ။
''လျှောက်လွှာတွေကတထပ်ကြီး၊ ဦးစားပေးလုပ်ပေးရမှာဆိုတော့ ...အင်း''
ဌာနခွဲစာရေးကြီးရဲ့ သွေ့ခြောက်ခြောက် အသံ။
အားလုံးတညီတညွတ်တည်း ခြေလှမ်းတို့စည်းချက်အမှန်၊ ကိုယ့်စားပွဲအသီးသီးမှာ အထုပ်ကလေးတွေ စာအိတ်ကလေးတွေ ကိုယ်စီကိုယ်စီဖြင့် နေ့တဓူဝ ရုံးဆင်းအပြန်မှာ မိသားစု ဆန်ဖိုး၊ ဆီဖိုး၊ စာအုပ်ဖိုး၊ ဖယောင်းတိုင်ဖိုး၊ အရက်ဖိုး၊ ဖဲဖိုး၊ နှစ်လုံးဖိုး၊ ကာရာအိုကေဖိုး၊ မာဆတ်ဖိုး တစ်ခု သို့မဟုတ် နှစ်ခု သို့မဟုတ် အားလုံးလည်း ဖြစ်သွားနိုင်ပါသည်။
၂-က
သည်အခိုက်မှာပဲ ... တောင်ဆိတ်တို့ ဖရိုဖရဲဝရုန်းသုန်းကား။ တော၏ဘုရင် ခြင်္သေ့တစ်ကောင်က တောင်ဆိတ်အုပ်စုဘေးမှ တဝေါင်းဝေါင်းဟောက်သံပြုပြီး ပြေးလိုက်လာသည်။ မြင်ကွင်းက ကြည်နူးဖွယ်ရာမှ အကျည်းတန်အဖြစ် ရုတ်တရက်ပြောင်းသွားပြီ။ ခြေလှမ်းများစည်းချက်ညီရာမှ ရှုပ်ရှုပ်ထွေးထွေးဖြစ်ကုန်ပြီ။ အငြိမ်မှအဆူသို့ ဒရမ်ရိုက်ချက်ပြောင်းသွားသလို ခံစားရသည်။ မြင်ကွင်းမလှတော့ တောင်ဆိတ်တို့၏ မျက်လုံးအရောင်က ကြောက်လန့်တုန်လှုပ်မှုတို့ဖြင့် ဖွဲ့တည်နေသည်။ လွတ်အောင်ပြေးဆိုသည့် အသိမှတပါး အခြားမရှိသည့် အသွင်သဏ္ဍန်များပဲဖြစ်မည်။
ခြင်္သေ့က ပါးနပ်သည်။ အကောင်ကြီးကြီးကိုဟန့်ပြီး အကောင်ငယ်ကိုချောင်းသည်။
ခြေလှမ်းမှားမည့်၊ သင်းကွဲဖြစ်သွားမည့် တောင်ဆိတ်ငယ်ကိုသာ အမိအရဖမ်းဆွဲဖို့ပဲ အားထုတ်ဟန်ရှိသည်။ ခြင်္သေ့က တောင်ဆိတ်အုပ်စုနှင့်သာ ပြိုင်ပြေးနေပေမယ့် အကြည့်က ပဲ့ထွက်သွားမည့် ခြေလှမ်းမှားမည့် အကောင်ကိုသာ မဲနေသည်။
''မင်းကို ကိုက်သတ်မယ့်ကောင်...ဘေးဖဲ့မထွက်နဲ့ သစ်ရွက်နု၊ မြက်စိမ်းနုနုကို စားချင်တာပဲ မကြည့်နဲ့လေ..။ ဟာ ဒုက္ခပဲ အုပ်စုမကွဲနဲ့။ ဒီကောင်မင်းတို့အုပ်စုထဲ မဝင်ရဲဘူး။ ဘေးကပတ်ပြီး လှန်းခြောက်မှာ သင်းကွဲမဖြစ်စေနဲ့။ သင်းကွဲဖြစ်ရင်တော့ လွတ်လွတ်ကျွတ်ကျွတ်ဆွဲသွားမှာ''
ရင်ထဲကစကားများပဲ ဖြစ်ပါသည်။ တီဗွီအစီအစဉ်ကတော့ သူ့ရင်ထဲကစကားများကို နားလည်လိမ့် မည်မဟုတ်ပါ။ ဝုန်း ကနဲ ခုန်အုပ်လိုက်ချိန်မှာတော့ တောင်ဆိတ်ငယ် တစ်ကောင်၏ လည်မြိုကို ခဲမိသွားပြီး ခြင်္သေ့က အုပ်စုထဲမှ တရွတ်တိုက် ဆွဲထုတ်သွားသည်။ ကျန်သည့်ကောင်များကတော့ ကြောက်လန့်တကြား
ကစဥ့်ကလျား ပြေးလျက်။ ခြင်္သေ့၏ အားကောင်းသန်မာသော မေးရိုး၏ အလှုပ်အရှားဖြင့် ချွန်းမြမာကြော သော သွားစွယ်များအောက် အသက်ပျောက်လုဖြစ် အသံမထွက်နိုင်တော့သော တောင်ဆိတ်သင်းကွဲလေး ကို ထားရစ်ခဲ့ပြီ။
တော၏ သဘာဝနိယာမ။ အားကြီးသူမှ အားနည်းသူတို့အပေါ် ရက်စက်သော သတ်ဖြတ်မှု။
တောင်ဆိတ်တစ်ကောင်ကား ခြင်္သေ့၏ ပယ်ပယ်နယ်နယ် ဖဲ့ရွဲ့မြိန်ရေယှက်ရေ စားသောက်မှုအောက်မှာ ပုံပျက်ပန်းပျက်ဖြစ်သွားတော့သည်။
ခြင်္သေ့ကား စိမ်ပြေနပြေ စားသောက်ပြီး ပါစပ်တစ်ဝိုက် ပေကျံနေသော သွေးစသွေးနများကို လျှာနှင့် သိမ်းလျှက် အားရကျေနပ် ဗိုက်ဝသွားပြီမို့ တစ်လှမ်းချင်းရွေ့ကာ ရိပ်မြုံဆီ ပြန်အသွားမှာတော့ ခြုံအကွယ်မှ သွားရည်တမြားမြားကျလျှက် ချောင်းနေသော တောခွေးအုပ်စုကအိနြေ္ဒမဲ့စွာ အရိုးအရင်းကို လုယက် ကိုက်ခဲနေကြပြန်သည်။
တောင်ဆိတ်အုပ်စုက ဟိုးခပ်လှမ်းလှမ်းမှာ။ စောစောက အထိတ်တလန့်သည် အရိပ်လိုပဲ လိုက်ပါနေဟန် ရှိသည်။ ရိပ်မြုံသို့ ပြန်ရောက်ရေးပဲ အလေးထားနေကြပြီထင့်။ သစ်ရွက်နုလေးများ၊ မြက်နုလေးများ၊ ကြည်လဲ့သော စမ်းရေအိုင်လေးတို့ကို ရှိသည်လို့ မအောက်မေ့တော့။ အထိတ်တလန့် မျက်ဝန်းများက အခုထိမှုန်မှိုင်းနေဆဲ။ အစာဝဗိုက်ပြည့်သွားပြီဖြစ်သော ခြေင်္သေ့သည်လည်း တောင်ဆိတ်အုပ်စုကို ရှိသည်လို့ပင်မထင်သည့်အလား လေးတွဲပျင်းရိစွာ ရွေ့လျားနေသည်။
နောက်တော့လည်း တောကသစ်ပင်တို့၏ စိမ်းမြမှု၊ ရေ၏ကြည်လင်မှု၊ တော်ကောင်ငယ်အုပ်စု၏ ကြောက်ရွှံ့မှုမဲ့လှုပ်ရှားသွားလာမှု၊ တောကောင်ကြီးများ အိနြေ္ဒရရဖြင့် ရမ္မက်ဆန္ဒပျောက်နေမှု တို့ကြောင့် မြင်ကွင်းက သာသာယာယာဖြစ်လို့ သွားသည်။ မမြင်ဝံ့၊ မကြည့်ဝံ့သော အနိုင်ကျင့်စိုးမိုးမှုက ငြိမ်သက် သွားပြန်သည်။ အကျည်းတန်မှုများ ထပ်မံမမြင်ရတော့။ World Wide Channel အစီအစဉ်မှာ ကြီးနိုင်ငယ်ညှဉ်း သတ်ဖြတ်စားသောက် ရက်စက်သော အနိဌာရုံက ပါလာတတ်မြဲမို့ သူက သည်အစီအစဉ် ကို မနှစ်သက်သော်လည်း မမြင်ချင်လည်းမြင်နေရ၊ မကြည့်ချင်လည်း ကြည့်နေရ သည်ဆိုတော့ တခါတရံမှာ
မျက်စိစုံမှိတ်ခေါင်းငုံ့လျက် အာရုံကို လွှဲဖယ်နေမိသည်။ ကြည့်မိ၊ မြင်မိသည့် ခဏမှာတော့ တောင်ဆိတ်လေးများကို အားမလိုအားမရ ဖြစ်နေတတ်သည်။

၂-ခ
င်္Fax ဖြင့်ဝင်လာသော ရုံးစာတစ်စောင်က စာပေးစာယူမှတဆင့် အမှုထမ်းဌာန၊ အဲသည်မှတဆင့် ဌာနခွဲစာရေး နှင့် ရုံးအုပ်တို့ကို အဆင့်ဆင့်ဖြတ်ပြီးနောက် ရုံးလုလင်လေးက သူဆီလာပေးတော့ စာရွက်မှာ တံဆိပ်တုံးတွေ ဗရပွဖြစ်နေပြီ။
စာအမှတ်၊ ရက်စွဲတို့ကို ခပ်လျှမ်းလျှမ်းဖတ်ပြီး အကြောင်းအရာကို ဖတ်မိတော့မှ သူမျက်မှောင်ကျုံ့မိ သွားတော့သည်။ မျက်ခုံးထူထူများ အောက်သို့ကွေးညွှတ်။ အကြောင်းအရာအောက် စာကိုယ်ကို တစ်လုံးချင်း၊ တစ်ပိုဒ်ချင်းဖတ်သည့် အခိုက်မှာ သူ့ရင်ထဲ ဆို့ဆို့နင့်နင့်ဖြစ်သွားလေသည်။
...၏ တိုင်စာအရ ------------------------------------------။ သို့ ဖြစ်၍ တရားမဝင် ငွေကြေးအပိုတောင်းခံသော အငယ်တန်းစာရေး ဦးဝင်းကိုလတ်အား ရာထူးမှ ချထားလိုက်သည်။ ဌာနဆိုင်ရာ စစ်ဆေးမှုအတွက် ဥက္ကဋ္ဌ ဦး--------၊ အဖွဲ့ဝင်(၁) ဦး -------နှင့် ဦး --------- တို့ဖြင့် ဖွဲ့စည်းလျှက် ------------ နေ့ နောက်ဆုံးထား စစ်ဆေး အစီရင်ခံစာပေးပို့ရန် ညွှန်ကြားလိုက်သည်။
စုံစမ်းစစ်ဆေးမှု အဖွဲ့ဝင်အဖြစ် သူပါရအုံးမည်။ သူသက်ပြင်မောချပြီး ခေါင်းအမော့မှာ တီဗွီဆီသို့ အကြည့်ရောက်သည်။
၃-က
သည်တခါမြင်ကွင်းက သမင်လေးတွေပဲဖြစ်သည်။ သမင်ဖို၊ မ ၊ သမင်ငယ်လေးများ။ ဂျိုတကားကားဖြင့် သမင်ဖိုကြီးတွေက ကြည့်လို့တော့ကောင်းသည်။ ခမ်းခမ်းနားနား၊ မားမားမတ်မတ်၊ ဝင့်ဝင့်ကြွားကြွားနဲ့မို့ တော၏ အရောင်အသွေး စိမ်းမြမြနှင့် လိုက်ဖက်လွန်းသည်။ မြက်နုလေးတွေ၊ သစ်ရွက်နုလေးတွေကို အေးချမ်းစွာ စားနေသည်ကိုက အပူအပင်ကင်းစွာ။
သမင်ငယ်လေးတွေ မြူးတူးခုန်ပေါက်နေပုံက ချစ်ဖို့ကောင်းသည်။ အပြစ်ကင်းမဲ့သော တောကောင် ငယ်လေးတွေ ၏ လှုပ်ရှားမှုက အဟန့်အတား မရှိတော့ပြီဆိုတော့ လွတ်လပ်စွာ မြူးတူး ပျော်ပါးနေသည်ကို
တွေ့ရသည်။ သူတို့ သစ်ရွက်နု၊ မြက်စိမ်းနုနုလေးတွေကို စားနေစဉ်မှာ ကျား၊ ခြင်္သေ့၊ ကျားသစ်စသည့် သားစားကျူးသော တောကောင်ကြီး တစ်ကောင်ကောင် သို့မဟုတ် တောခွေး၊ ခွေးအအုပ်စုများ ပေါ်လာမလားဟု စိတ်တထင့်ထင့်ဖြင့် ကြည့်နေမိသည်။ တောကောင်ငယ် သမင်လေးတွေ၏ အနံ့ခံအာရုံမှာ
ဘာမှမရှိဟန် ဖြစ်ပေါ်နေပုံ ရသည်။ လှုပ်လှုပ်ရှားရှားမရှိ။ အန္တရာယ်အနံ့မရဟု ထင်ပါသည်။ ချစ်စရာ သမင်အုပ်စုလေး အစာဝပြီထင့်။ ရေချောင်းလေး ဆီ တရွေ့ရွေ့ချဉ်းကပ်လာသည်။
ဟော.. ငြိမ်သက်နေသဖြင့် သစ်တုံးဟုထင်မှတ်မှားရသော မိချောင်းတစ်ကောင် ..။ တော်တော့်ကို ကြီးပါသည်။ ဘုရား ...ဘုရား သမင်းလေး တစ်ကောင်ကောင်တော့ ပါသွားတော့မှာလား။ သူစိုးရိမ်ကြီးစွာ ကြည့်နေမိသည်။
''ဟေ့ ...မင်းတို့ရဲ့ရန်သူ ရေထဲမှာ၊ သစ်တုံးယောင်ဆောင်နေပြီ၊ အမြီးတစ်ချက် ယမ်းလိုက်တာနဲ့တင် ရေထဲဘိုင်းကနဲ ပစ်ကျပြီး အလျားရှည် ပါးစပ်ကြီးရဲ့ ချွန်မြ ထက်ရှတဲ့ သွားတွေအောက်မှာ ပွဲသိမ်းသွား လိမ့်မယ်။ သတိ...သတိထား ရေလယ်ထိမဆင်းနဲ့''
၃-ခ
ဝင်းကိုလတ်အား ရာထူးချ ရုံးစာထုတ်ဖို့ ထုံးစံအတိုင်း တစ်ဆင့်ချင်း လက်လွှဲလျှက် စာကြမ်းတစ်စောင် သူ့ဆီရောက်လာသည်။ စာကြမ်းဖတ်ပြီး လိုဖြည့်၊ ပိုဖြုတ်၊ သတ်ပုံသတ်ညွှန်းပြင်ပေးပြီး လက်မှတ်တို ထိုးပေးတော့ စာပွဲအသီးသီးသို့ တစ်ဆင့်ချင်းပြန်သွားကာ နောက်ဆုံး ကွန်ပျူတာရိုက်ပြီး သူ့လက်ထဲရောက်တော့ ရုံးပင်ဆင်းလုပြီ။ ဝင်းကိုလတ် သိထားပြီးဖြစ်မည်။ မျက်စိမျက်နှာ ပျက်နေပြီ။
ကျန်ဝန်ထမ်းများကလည်း သိထားပြီးဖြစ်ပုံရသည်။ ဒါမျိုးက ချက်ချင်းသတင်း ပျံ့လွယ်သည်ပဲ။
''အင်း လုပ်ပေးရမှာပေါ့ ...သိတယ်မဟုတ်လား''
''သည်တစ်ခါတော့ ဆင်တစ်ကောင်လုပ်ပါနော်''
''ခက်ခက်ခဲခဲ လုပ်ပေးရမှာဗျ...အိုကေ...အိုကေ''
''ရေလေးတော့ လောင်းခဲ့ပါအုံးအမကြီးရာ''
ကြားနေကြအသံများ ငြိမ်ဆိတ်သွားသည်။ အထိတ်တလန့် ဖြစ်သွားကြပြီထင်သည်။
ရုံးအဆင်းမှာတော့ခါတိုင်းလို ကျွက်စီကျွက်စီမဟုတ်တော့ဘဲ စကားတို့ဆွံအလျှက် ...။ ဝင်းကိုလတ် ကတော့ နောက်တစ်နေ့ ရုံးလာတက်စရာ အကြောင်းမရှိတော့ပြီ။ စုံစမ်းစစ်ဆေးအရေးယူမှု မပြီးမချင်း နေရပေအုံး မည်။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး အလေးထားဆောင်ရွက်နေသော ကာလ၊ အဂတိပပျောက်ရေးကို အစွမ်းကုန် ဆောင်ရွက်နေသောကာလ၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကာလ မှာ ဝင်းကိုလတ်အဖို့
အဆိုးဆုံး အနေအထားကိုသာ ငံ့လင့်နေလိမ့်မည်ထင်သည်။ တိုင်ကြားသူက အပိုင်ချည်ပြီး တုတ်ပြီး မလှုပ်သာ၊ မလူးသာ အနေအထားကို ဆုပ်ကိုင်ထားသည်။ ဝင်းကိုလတ် ရုန်းထွက်ဖို့ မစွမ်းသာဟု သူထင်သည်။
၎-က
သူ့စိုးရိမ်ပူပန်မှုဖြင့် သမင်အုပ်စုကို ဟန့်တား၍ ရပါက ဟန့်တားလိုက်ချင်ပါသည်။ TVအစီအစဉ် ရိုက်ကူး သူတို့၏ နှလုံးသားကို သူအံ့သြနေမိသည်။ ဒါဟာ ဖျော်ဖြေမှုလား၊ ဒါမှမဟုတ် အကြင်နာ ကင်းမဲ့တာလား၊ သူဝေခွဲရခက် တွေးဆနေဆဲမှာပဲ ရေချောင်းကလေးက ရေစက်ရေမှုန်တို့ ဖွာကနဲဖြစ်ပြီး ဝရုန်းသုန်းကားဖြစ်သွား တော့သည်။
အတင့်ရဲတာလား၊ ရှေ့ကဦးဆောင်တာလား၊ သတိကင်းမဲ့တာလားမသိ။ သမင်ဖိုကြီး တစ်ကောင်၏ လည်ပင်းက မိကျောင်းကြီး၏ အလျားရှည် ပါးစပ်ထဲမှာ မလွတ်တန်းဖြစ်နေပြီ။ ရုန်းရင်းကန်ရင်းမှာပဲ ချောင်းငယ်လေး၏ ရေပြင်က သွေးချင်းချင်း နီသွားတော့သည်။ ကျန်သောသမင်တို့ ရေချောင်းလေးကနေ
ကုန်းပေါ်သို့ ကြောက်လန့်တကြား သူ့ထက်ငါဦးအောင်တက်ရင်း အလုအယက်ပြေးနေကြသည်။
တော၏အရောင်၊ အရိပ်တို့ကား အကျည်းတန်သွားပြန်လေပြီ။
၎-ခ
ဌာနခွဲပေါင်းစုံအတွက် လိုအပ်သော စာရေးကိရိယာများ ထုတ်ပေးရသော သူနှင့်ရာထူးတူ သိုလှောင်ရုံအကြီးအကဲ ဒေါ်ချောချောကို ထိန်းသိမ်းလိုက်ပြီး ၄င်း၏အိမ်ကိုပင် ချိတ်ပိတ်လိုက်ပြီ ဆိုတော့ သူတို့ တစ်ရုံးလုံး တီးတိုးတီးတိုး၊ သဖန်းပိုး ဖြစ်ကုန်ကြသည်။
'' နောက်တောင်ကျနေသေး စောစောထဲကလုပ်ရမှာ''
'' သားသမီးတွေကို စင်္ကာပူမှာ ကျောင်းထားတဲ့ အဆင့်ဆိုတော့ ဘယ်လောက်ဝိုက်ထားမှန်းမှ မသိတာ''
'' ဒါလည်း တိုင်တဲ့သူပေါ်လာလို့ လုပ်ရတာနေမှာ၊ နိုမို့ဝေးသေး ''
'' ဒေါ်ချောချော နောက်မှာ၊ ရှေ့မှာ အများကြီး တစ်နွယ်ငင်တစင်ပါ... ရှုပ်ကုန်မှာပဲ''
စကားသံများကတော့ သွေးပူစမှာ ပျံ့လွင့်လို့နေသည်။ သူတို့တစ်ရုံးလုံး မျက်နှာတွေမကောင်းကြ။ လေးညှို့သံတွေကြားမှာ နေရမှတော့ ညောင်သီးစားဖို့ကြောက်ရွံ့နေသည့် ငှက်ကလေးတွေလို ဖြစ်နေကြပြီဟု
သူကတွေးနေမိသည်။
၅-က
ယုန်ကလေးတွေ၊ ချေငယ်လေးတွေ၊ သမင်လေးတွေ၊ ဒရယ်လေးတွေ၊ တောဆိတ်၊ တောင်ဆိတ်စသည့် တောကောင်ငယ် လေးတွေက လိုအပ်သော အဟာရအတွက် သစ်သီး၊ သစ်ရွက်၊ မြက်ခင်းနုနုလေးတွေနှင့် စမ်းချောင်းရေအိုင်လေး တွေဆီ အချိန်တန်တော့လည်း ရောက်လာရတာပဲဖြစ်သည်။
သားစားကျူးသော ကျားရဲ၊ ခြင်္သေ့၊ မိကျောင်း တို့၏ ရန်ကို ရှောင်ရင်းတိမ်းရင်း၊ ကံဆိုးသူကျန်ရစ်ရင်း၊ တော၏ ဂေဟစနစ်က သည်အတိုင်းပဲ ဖြစ်နေပါလိမ့်မည်။
၅-ခ
'' အမြန်ဆုံးကျအောင်တင်ပေးမယ်နော်... ဆရာသမားကိုပါကန်တော့ရမှာဆိုတော့ ...''
'' လမ်းစရိတ်လေးပါထည့်ပေးလေ... လက်ဖက်ရည်ဖိုးလောက်သာဆိုရင် နည်းနေမှာပေါ့''
'' သဘောပေါက်ပါတယ်နော်.. ဝန်ဆောင်မှုဆိုတာကို''
''ကျွန်တော့်အဆင့်နဲ့မပြီးဘူး၊ အဆင့်တွေအများကြီးဖြတ်အုံးမယ်''
သူ့ရုံးဝန်ထမ်းများက ကြည့်ရင်းကြည့်ရင်းမှာပင် သမင်လေးတွေ၊ ချေငယ်လေးတွေ တောင်ဆိတ်လေး တွေနှင့် တူပဲတူနိုင်လွန်းသည်ဟု သူကထင်နေမိလေသည်။
သူကရော...ခုခံနိုင်စွမ်းရှိသည့် ချိုကားကားနှင့် တောကျွဲလောက်တော့ဖြစ်နေမလား။ တောကျွဲလည်း အကြောက်အရွံ့မဲ့ အစာငမ်းငမ်းတက်ဖြစ်ပြီး သတိ ကင်းလွတ် သင်းကွဲဖြစ်ချိန်မှာ သားကောင်ကြီး ၂ကောင် ၃ ကောင် ညှပ်လျက်တိုက်ခိုက်လျှင်တော့ ...။
သူ...ကြက်သီးမွေးညှင်းထသွားလေသည်။
လိုအင်ဆန္ဒအတွက် အချိန်တန်တော့လည်း...။
တစ်ခုတော့ရှိသည် လူနှင့်တိရစ္ဆာန်မှာ လူက လောဘနှင့်ပိုမိုယဉ်ပါးနေတတ်ပါသည်လေ။


ရဲသျှမ်း

ရွှေ

 
၁။
မြန်မာ အဘိဓာန်မှာ ရွှေကို အ၀ါရောင် ရှိသော သတ္တု ဒြပ်စင်ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။
သတ္တုဒြပ်စင်ဟု ဆိုကတည်းက ပြုလုပ်၍ မရသော ပစ္စည်းဖြစ်ပြီး ဓာတုဗေဒ ဘာသာရပ်မှာတော့ လက်တင် ဘာသာရပ် အခေါ် Aurum ကို အစွဲပြုပြီး Au ဟု သင်္ကေတ သတ်မှတ်သည့် အကြောင်း အထက်တန်း ပညာသင်စ ကတည်းက အလွတ် ကျက်မှတ်ခဲ့၍ ရင်ထဲ စွဲနေသည်။

အလူမီနီယမ်၊ ဇင့်၊ သံတို့လို ရေနွေးပူပူနှင့် ဓာတ်မပြု။ သံဖြူ၊ ခဲတို့လိုလည်း အက်ဆစ်ပျော့နှင့် ဓာတ်မပြု။ အပြင်းစား နိုက်ထရစ်အက်ဆစ်နှင့်မှသာ ရွှေက ဓာတ်ပြုနိုင်သည် ဆိုတော့ သတ္တုဒြပ်စင်ထဲမှာ ရွှေက အဆင့်မြင့် နေရာမှ ရပ်တည်ပါသည်။ ပါးလွှာသည် အထိ အပြားခတ်၍ ရခြင်း၊ အရောင်ဝင်း လက်တောက်ပခြင်း။ နေရာတိုင်းမှာ လွယ်ကူစွာ မတွေ့နိုင်ခြင်း၊ လိုအပ်သော ပုံသွင်းနိုင်ခြင်းစသော ဂုဏ်ဒြပ်များကြောင့် ရွှေက အဖိုးအနဂ္ဃ ထိုက်တန်ပြီး အထွတ် အထိပ်ရောက်သည်ဟု ထင်ပါသည်။ တန်ဖိုးမြင့် ဂုဏ်သတိ္တတို့ဖြင့် ထည်ဝါ လွန်းသည်မို့ မြတ်နိုး တန်ဖိုးထားရသော ပစ္စည်း၊ ဒေသတို့ရှေ့မှ မားမားမတ်မတ် ဂုဏ်ယူဝင့်ကြွားစွာ နေရာယူလျက် အခြားသော ယှဉ်ပြိုင်ဖက်တို့ထက် ခြေ လှမ်းများစွာ “စွာ” နေသလား ဟုလည်း တွေးနေမိသည်။

ရွှေမန္တလေး၊ ရွှေဥဒေါင်း၊ ရွှေမင်းဝံ၊ ရွှေဖိနပ်၊ ရွှေအမြုတေ။ အားလုံး အကောင်းတွေ စုနေသည့် အတွက် မနှိုင်း၊ မယှဉ်အပ်သော အရာများ အဖြစ် မှတ်ယူသော ကျွန်တော့်အား လွန်လွန်ကဲကဲ တန်ဖိုးဖြတ်သည်ဟု စွပ်စွဲနိုင်ပါသည်။ သည့်အတွက် ကျွန်တော် ငြင်းဆန်လိမ့် မည်မဟုတ်ပါ။

အဲ့သည် ရွှေကို ၂၇ မေ ညဦးမှာ ကျွန်တော် ဆုံဖြစ်ခဲ့ပါသည်။ ရေမှာမျော နေသော ဗေဒါပွင့်လေးပုံပါ သည့်ဖိတ်စာ လှလှလေး တစ်စောင်ကို ကျွန်တော် ရရှိ ခဲ့ပါသည်။ ဖိတ်စာအမှတ် ၂၃၁။ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသည့် ဆဋ္ဌမ အကြိမ်မြောက် ရွှေအမြုတေ စာပေ ဆုပေးပွဲ ဖိတ်စာလေးပဲ ဖြစ်ပါသည်။ ကြီးကျယ် ခမ်းနားသောပွဲ ဖြစ်ကြောင်းကိုတော့ ပထမ အကြိမ်၊ ဒုတိယ အကြိမ်တို့မှာကတည်းက ကြားခဲ့ဖူးပါသည်။ သည်လိုပွဲမျိုး တက်ရောက်နိုင်ဖို့ အတွက် ကျွန်တော် ရင်ခုန်မျှော်လင့် အိပ်မက်ခဲ့ဖူးကြောင်း ၀န်ခံချင်ပါသည်။

ကုန်သည်ကြီးများ ဟိုတယ်ကို ကျွန်တော် ရောက်ရှိချိန်မှာ ရွှေတွေ စုနေ ကြပါပြီ။ နောက်ထပ် တဖွဲဖွဲ ရောက်လာ သူမှန်သမျှကလည်း ရွှေတွေပါပဲ။ ကျွန်တော့် အမြင်မှာတော့ အားလုံးရွှေ တွေပဲ ဖြစ်နေပါသည်။ စာပေတွင် အမြင့်ဆုံးဟုဆိုသော ခေတ်ပေါ်၊ ခေတ် ပြိုင်ကဗျာများကို ရေးဖွဲ့ နိုင်စွမ်းကြသော ရွှေကဗျာ ဆရာများ။ သရုပ်ဖော် ဒီဇိုင်းနှင့် အနုပညာဖြင့် ထုံမွမ်းသော ပန်းချီကားများ ဖန်တီးရှင် ရွှေလက်ရာ ပန်းချီဆရာများ။ ရသစာတမ်း၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးစသော စကားပြေများဖြင့် စာဖတ်သူတို့၏ နှလုံးသည်းခြေကို လှုပ် ခါနိုင်သော ရွှေကလောင်ရှင် စာရေး ဆရာများ။ ခေတ်ကို မျက်ခြည်မပြတ် စာပေ ရွှေခေတ်ကို ထူထောင်နေကြသည့် ရွှေ အယ်ဒီတာများ။ ရွှေထုတ်ဝေသူများ။ ရွှေများဆုံတွေ့သည့်ပွဲကို ကျွန်တော်ယူဆ ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် မရောက်လာနိုင်သော ရွှေများ အများကြီး ရှိနေပါဦးမည်။ မည်သို့ဆိုစေ ၂၇ မေ ညဦးမှာ ကျွန်တော် ရွှေအများကြီးကို တစ်ဝကြီး တွေ့ခွင့် ရခဲ့ပါသည်လေ။

ထူးခြား ဆန်းသစ်သော၊ သမားရိုး ကျမှ ခွဲထွက် ခေတ်မီသော၊ ဖြန့်ကြက် အတွေးဆန့် ထုတ်စေသော၊ ပန်းပုရုပ်များ၏ ဖန်တီးရှင် ဆရာ ဆန်နီညိမ်း၏ ပုံဖော် ဒီဇိုင်း ရွှေကလောင် ရုပ်တုကို ကိုင်တွယ် မကြည့်ရှုဖူးသော်ငြား မဂ္ဂဇင်းများတွင် မြင်တွေ့ခွင့်ရရုံမျှနှင့်ပင် ခမ်းနားထည် ၀ါပြီး မြတ်သောအငွေ့အသက်တို့ ယစ် ထုံနေကြောင်း ခံစားမိခဲ့ဖူးသည်။

သည်ရွှေကလောင်ကို လက်ဝယ် ပိုင်ပိုင်ရခဲ့သော ကဗျာ ဆရာကြည်မောင် သန်း၊ ဆရာ မိုးဃ်းဇော်၊ ဆရာ ခရမ်းပြာ ထက်လူ၊ ဆရာယမုံ၊ ဆရာ မောင်လင်း ရိပ်။ အတွေးလှလှ အရေးနွဲ့နွဲ့ဖြင့် ငြိနေ အောင်ရေးခဲ့ပြီး ရသစာတမ်း ရွှေကလောင် ဆုရှင်များ ဖြစ်သည့် ဆရာ ၀င်းထွဋ်ဇော်၊ ဆရာ မောင်ရင့်မာ၊ ဆရာ ကြည်နိုင်၊ ဆရာ မြေလတ်မောင်မြင့်သူ၊ ဆရာ နောင်ကျော်။ ၀တ္ထုတို၊ ရှည်ပေါင်း များ စွာထဲမှာ အကောင်းတကာ့ အကောင်း ဆုံး စံအဆင့်တွင် ရပ်တည်ပြီး ရွှေ ကလောင်ကို ပွေ့ပိုက်ယူသွားကြသော ဆရာ နတ်မှူး၊ ဆရာ ဦးဆွေ၊ ဆရာမ ချောအိမာန်၊ ဆရာမ မီမိုး၊ ဆရာမ လဲ့ဝင်းကြည်။ ရွှေအသစ် အမည်ဖြင့် ကလောင်သစ်သော်လည်း အတွေးရင့် အနုပညာ မြင့်ခဲ့သည့် ဆရာမ ငွေဇင် ယော်ဦး၊ ဆရာ ကျော်မောင်မောင်ဟန်၊ ဆရာ မောင်နှင်းပန်း၊ ဆရာ သာကြည် ဆွေ၊ ဆရာမ ငွေကြယ်စင်။ အခင်း အခက် အချိတ်အဆက်များဖြင့် စွဲမက် ဖွယ်စကားပြေစမ်းကျရေကြောင့် ရင်ထဲ ငြိမ်းစေခဲ့သော ဆရာ ဆူးငှက်၊ ဆရာ လင်းသော်ဝေ၊ ဆရာ နေ၀င်းမြင့်၊ ဆရာ မာန်၊ ဆရာ ခေါင်ခါးခါး၊ ဆရာ သင်းရီ တို့၏ ဧည့်ခန်းဆောင်သို့ တစ်ခေါက် တစ်ခါမျှ ရောက်ရှိသွားလျှင်ဖြင့် ရွှေ ကလောင် ရုပ်တုကို တယုတယကိုင်တွယ် ပွတ်သပ်မိမှာပဲ ဖြစ်ပါသည်။ မျက်မမြင် တစ်ဦးကဲ့သို့ လက်ဖ၀ါးပေါ်တွင် သက်ရောက်သော အထိအတွေ့မှသည် အသွေး အသားထဲ၊ နှလုံးသားထဲထိ စီးဝင်ပြီး ကြည်နူးပွင့်တို့ လန်းစွင့်မွှေးကြူသွား လိမ့်မည်ထင်သည်။

သို့သော် ကျွန်တော်ကား ဆရာ၊ ဆရာမများ၏ ဧည့်ခန်းဆောင်သို့ တစ် ကြိမ်တစ်ခါမျှပင် မရောက်ဖူးခဲ့။ ရွှေ ကလောင်ကို အရောင်၊ အရိပ်ဖြင့်သာ မဂ္ဂဇင်း၊ ဂျာနယ်များမှာ မြင်တွေ့ခွင့်ရခဲ့ ပါသည်။ ၂၇ မေ အခမ်းအနားမှာ ရွှေ ကလောင်ဆုရသည့် ဆရာ၊ ဆရာမတို့ အား ၀မ်းသာပီတိတို့ဖွဲ့တည်သောအပြုံး ဖြင့် မုဒိတာစကားဆို နှုတ်ဆက်ရင်း ရွှေ ကလောင် ရုပ်တုကို ခေတ္တခွင့် တောင်းပြီး ပွတ်သပ် ကိုင်တွယ်ကြည့်ဖို့  စိတ်ကူးမိ သည်။ ဆရာ၊ ဆရာမတို့ဘက်က ငြင်း ဆန်လိမ့်မည် မထင်ပါ။ အပျော်များဖြင့် ခွင့်ပြုပေးလိမ့်မည်ဟု ကျွန်တော်ယုံသည်။

ကျွန်တော် ဘယ်သူတွေကို ၀မ်း သာပီတိနှင့် နှုတ်ဆက်ရမှာလဲ။ သတင်း မုဆိုးတစ်ဦးကဲ့သို့ မဟုတ်သော်လည်း အထင်အမြင် မှန်းဆထားသောဆရာ၊ ဆရာမတို့ရှိနေသည့် စားပွဲတွေကို မျက်စိ ကစားကြည့်သည်။ ခန်းမအတွင်းရှိ ဆရာ၊ ဆရာမအားလုံးက ဆုရထိုက် သောစာတွေရေးဖွဲ့သည့် “ရွှေ”တွေချည်း ပဲဖြစ်နေတော့ ကျွန်တော့်မှာ အားလုံး ကို ဆုရှင်အဖြစ် ရွေးချယ်မိပြီး ကိုယ့် အတွေးနှင့်ကိုယ် ပြုံးမိသွားတော့သည်။

သည်နှစ်ထဲမှာ ကဗျာတွေလည်းကောင်း လှပါသည်။ ရသစာတမ်း၊ ၀တ္ထုတို၊ ဆောင်းပါး၊ ၀တ္ထုရှည်များလည်း ရင် ဘတ်မှန်သည်။ ရွှေအသစ်များကလည်း တကယ့်ကို “ရွှေ”ပါပင်။ ဆုရွေးချယ် ရေးအဖွဲ့ကိုယ်စား ခေါင်းပင် ကိုက်ချင် လာသည်။ စိတ်ဓာတ်ခိုင်မာ ပြတ်သား ရဲရင့်ပြီး နှလုံးသား ရှင်းသန့်မှသာသည် တာဝန် ယူနိုင်လိမ့်မည် ထင်သည်။ အတ္တ နောမတိတွေ ခ၀ါချ ထားရမည့် နေရာဟု ကျွန်တော်အကြွင်းမဲ့ ယုံကြည်နေပါသည်။

စိတ်လှုပ်ရှားဖွယ် ဂီတသံစဉ်က ရွှေ တို့၏ ရင်ခုန်သံ စည်းချက်နှင့် ပြိုင်နေ သည်ဟု ထင်သည်။ လျှို့ဝှက်မှုက အခမ်းအနား၏ ၀ိညာဉ်ကို လူးလွန့်စေ သလား။ ကဗျာဆု ကြေညာတော့မည်မို့ အခမ်းအနားမှူး ကဗျာဆရာ၏ ဆွဲဆောင်သော စကားလုံးများ အောက်မှာ ရွှေများငြိမ်ဆိတ်စွာ ခန့်မှန်း တွေးထင်ပေး နေပါသလား။ ပိတောက်ပွင့်သစ် မဂ္ဂဇင်း ပဲ့ကိုင်ရှင် ဆရာ မောင်စိမ်းနီက ကဗျာဆုရှင် အဖြစ် “သစ်ခက်အိမ်” ကို ကြေညာ လိုက်တော့ အသံပုံးများဆီမှ ထွက်ပေါ် လာသော ဂီတ၏ ပြင်းအားက ရွှေများ၏ လက်ခုပ်သံအောက်မှာ စုံးစုံးမြုပ်သွား တော့သည်။ ဆုရသောဆရာ သစ်ခက်အိမ်၏ အပျော်က အားလုံးသို့ကူးစက် သွားသည်။ ရွှေအားလုံး အပြုံးတို့ ဝေစည်နေသည်။ စိုးစဉ်းမျှ အဖုအထစ် မရှိ။ ဆရာ သစ်ခက်အိမ်နှင့် ဆရာမ ဝေ(စီး ပွားရေးတက္ကသိုလ်)တို့ ဇနီးခင်ပွန်း၏ လဲ့ကြည်သော အပြုံးသည် ရွှေကလောင် ရုပ်တု၏ လင်းလက်မှု၊ ၀င်းပြက်မှုနှင့် ပြိုင်နေပြီကော။

ဆောင်းပါးဆုကို အခမ်းအနားမှူး ကဗျာဆရာက ခန့်မှန်းတို့ဖြင့် ရွှေများကိုအာရုံထွေပြားစေခိုင်း ပြန်ပါသည်။ ခန့်မှန်းသည် ခန့်မှန်းသာပဲဖြစ်ရာ အမှန် ရာခိုင်နှုန်းပြည့်မရောက်ပါ။ နှလုံးသားရှင်းသန့်သော သူတို့၏ အဆုံးအဖြတ်မှာ ခန့်မှန်းသည် သွေဖည်လွဲချော်သွားနိုင် ပါသည်။ ဒါသည်ပင် ဆုနှင်းပွဲတို့၏ နိယာမပေပဲလား။

အနှစ်တို့ဖြင့် သိပ်သည်းသော၊ ခေတ်ပြိုင် ခံစားမှုတို့ ပြည့်ဝသော၊ လူငယ် တို့၏ နှလုံးသားကို ဖောက်မြင်တတ်သော၊ ထက်မြက် စူးရှသည့် Message များကို ပေးဝေတတ်သော ဆောင်းပါးတို့ကို အားထည့် ရေးနေသည့် ဆရာမ မသီတာ(စမ်း ချောင်း)အား ဆောင်းပါးဆုရှင်အဖြစ် ရွေးချယ်တော့ ရွှေတို့၏ လက်ခုပ်သံများ စည်ဝေပြန်လေပြီ။ ဆရာမ၏ မျက်ဝန်း မှာရှိ မူပိုင်အပြုံးက မျက်မှန်ကို ဖောက် ထွက်လာသည်ဟု ထင်ရသည်။ ဖြူစင် သောစိတ်ထားနှင့် ပညာဂုဏ်မြင့် အရိပ်တို့ ယှက်နွယ်နေသော ဆရာမ၏ အပြုံး မြမြကား ရွှေအားလုံးသို့ ကူးစက်ပြန်ချေ ပြီကော။ ထိုက်တန်ပါသည် ဆိုသော စကားလုံးထက် ပို၍မြင့်သော စကားဖြင့် ဆရာမ မသီတာအား မုဒိတာ စကားဆို ဂုဏ်ပြုချင်သော်လည်း ဆွံ့အလျက်၊ စကား လုံးရှားပါးနေသော ကျွန်တော်သည် ကိုယ့်ကိုယ်ကိုသာ အပြစ် ဖို့ချင်နေမိသည်။

ရသစာတမ်း ဆုမကြေညာမီ အခမ်းအနားမှူး ကဗျာဆရာက သူ့ဆံပင် ရှည်များကဲ့သို့ ရှည်လျားသော ခန့်မှန်း တို့ကို စီကာစဉ်ကာ ပြောတော့ ကျွန်တော် မဟေသီ မဂ္ဂဇင်းတွင် ရေးခဲ့သည့်“ကျွန်တော် အချိန်သူခိုး”ကပါလာတော့သည်။ ဆရာ လေးကိုတင် ခန့်မှန်း ပေးခဲ့တာပဲ ဖြစ်ပါသည်။ ကျွန်တော် မျှော်လင့် ရင်ခုန်ခွင့် ရှိရမည်ဖြစ်သော်လည်း ကျွန်တော့်ရင် ကား အေးဆေးစွာ တည်ငြိမ်နေခဲ့ပါ သည်။ ဆုနှင်းပွဲ မတိုင်မီ ရက်တစ်ရက် မှာဝတ္ထုတိုတစ်ပုဒ် ရွှေအမြုတေမဂ္ဂဇင်း သို့သွားပို့ခဲ့ရာ ရွှေအမြုတေ ပဲ့ကိုင်ရှင် ဆရာ ဦးဝင်းငြိမ်းနှင့် တွေ့ပြီး နှုတ်ဆက် စကားဆိုတော့ အမြဲတမ်းပြုံးနေသော ဆရာ့နှုတ်မှ ရွှေဆုနှင့် ပတ်သက်၍ စကားတစ်လုံးပင်မဟ။ သည်တော့ ကျွန်တော် ရင်ခုန်ခွင့်မရှိသူဟု ကိုယ့် ကိုယ်ကို ကြိုတင် သတ်မှတ် ထားခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်ကားဆု ကြေညာသည့် အခါ လက်ခုပ် တီးဖို့သာ ဟန်ရေး တပြင်ပြင် ဖြစ်နေခဲ့သည်လေ။

၂။
သန်းခေါင်ချဉ်းစမှာ ကုန်သည် ကြီးများဟိုတယ်မှ ကျွန်တော့်အိမ် ကလေးရှိရာ ၀န်ထမ်း ရပ်ကွက်လေးဆီ ပြန်လာတော့ ကျွန်တော် တယုတယ ပွတ်သပ် ကိုင်တွယ်ကြည့်ချင်ခဲ့သည့် “ရွှေကလောင်”က လက်ထဲမှာ။ ရင်သွေး ငယ်ကို ပွေ့ပိုက်ထားသော မိခင်ပမာ သိမ်မွေ့မြဲမြံသော ချစ်ခြင်းဖွဲ့အင်အား အစုအဝေးတို့ကလက်မှာ၊ ရင်ခွင်မှာ ၀ဲလည်လျက်။

၃။
ကျွန်တော့် ဧည့်ခန်းဆောင် ကျဉ်းကျဉ်းလေးမှာ မှန်ဗီရိုတစ်လုံး ရှိသည်။ မှန်ဗီရိုပေါ်မှာ ဗုဒ္ဓမြတ်စွာ၏ ရုပ်ပွားတော် စံပယ်သည့် ကျောင်းဆောင်လေး ရှိပါသည်။ စိမ်းညို့လန်းဆန်းသော အောင်သပြေတို့က ကျွန်တော့် ဘုရားစင်လေးကို ကြည်ညိုသပ်္ပာယ်ဖွယ်ရာ ဖြစ် စေပါသည်။ မှန်ဗီရိုလေးထဲမှာတော့ ကျွန်တော် မြတ်နိုးခုံမင်သောစာအုပ် တချို့ အစီအရီရှိနေပါသည်။ စာအုပ် များရှေ့မှာတော့...။

ရွှေရောင်ဖဲကြိုး အလယ်မှာ ဖဲကြိုးနီ လေးဖြင့် ထင်းနေသော၊ လင်းလက်နေသော၊ ၀င်းပြက်နေသော“ရွှေကလောင်”။ Shwe Amyutay Literary Awrad ဆိုသည့် အပြာရောင် စာလုံးများ၊ အနီရောင် ရွှေအမြုတေ လိုဂို၊ စာပေဆုက အပြာ၊ ရသစာတမ်းက အနက်။

အို အခုတော့ဖြင့် ကျွန်တော့် ဧည့်ခန်းဆောင်လေးက မီးရောင်မှိန်မှိန် အောက်မှာပေမင့် လင်းလက်ထည်ဝါ၊ ရွှေ၏ ဂုဏ်ဒြပ်တို့ဖြင့် ပြည့်လို့နေပြီလေ။
(ဆဋ္ဌမ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲနှင့် ရွှေဆုရ ဆရာ သစ်ခက်အိမ်၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ မင်းဝေဟင်၊ ဆရာမ ဇူးဇူးမွန်၊ ဆရာမ မနှင်းဖွေးတို့သို့ ဂုဏ် ပြုအမှတ်တရ)               
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

လမ်းဆုံဘူတာ

၁။
ကျွန်တော် ငယ်စဉ် ၈ နှစ်သားခန့်က ကျွန်တော့်ဖခင် တာဝန်ကျရာ မြို့ကလေးမှ ဦးလေး ဖြစ်သူထံ နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်တော်နှင့် ကျွန်တော့် အစ်ကို ကိုရဲတင့်တို့ အလည် လာစဉ်က တွေ့ခဲ့ရသော မြင်ကွင်းကို ပြောပြ ချင်ပါသည်။

တောင်ရှမ်း ရထားဟု ခေါ်သည့် ရွှေညောင် ရထားကညနေ ၆ နာရီတိတိမှာ ဦးလေးတို့၏ လမ်းဆုံ ဘူတာကြီးသို့ အချိန်မှန် ၀င်ရောက် လာစဉ် ရန်ကုန်ဘက်က လာသော ကျွန်တော်တို့ စီးလာသည့် အမြန် ရထားကြီးကလည်း ဘူတာ၏ အခြားလမ်း တစ်လမ်းသို့ ၀င်လာသည်။ တိုက်ဆိုင်စွာပင် မြင်းခြံက လာသော ရထားကလည်း ဘူတာ၏ လစ်လပ်နေသော လမ်းသို့ ၀င်လာပါသည်။ မြင်ကွင်းက တကယ့်ကို အံ့သြစရာကြီးဖြစ်လို့နေသည်ပင်။ ကျွန်တော်တို့ ရထားက အလယ်မှာ ဆိုတော့ ၀ဲဘက်က မြင်းခြံရထား ခရီးသည်တွေ လက်ပြလိုက်၊ တစ်ဖက် ပြတင်းပေါက်ကို ကူးပြီး တောင်ရှမ်းရထားကို လက်ပြ လိုက်နှင့် အပျော်ကြီး ပျော်နေ ခဲ့ပါသည်။ လက်ခုပ်လက်ဝါး တီးလျက် ရထားတွဲပေါ် မှာ ခုန်ပေါက်မြူးထူးနေ သော ကျွန်တော်တို့ ညီအစ် ကိုကိုကြည့်ပြီး တွဲပေါ်ပါ လာသည့် လက်မှတ်စစ်ကြီး က သဘောကျ အံ့သြနေဟန် ရှိသည်။

“သားတို့က ရထားသုံး စီး တစ်ပြိုင်နက်ဝင်လာတာ ကို သဘောကျ နေတာလား။ သုံးစီးလုံး အချိန်မှန်တာနဲ့ ဒါမျိုးဖြစ်တာပဲ။ ဦးတို့တော့ ရိုးနေပြီ”

“ဘူတာကြီးက ထွက် ရင်ရော ဒါမျိုးရှိလား”

အစ်ကို့ အမေးကို လက် မှတ်စစ်ကြီးက ခေါင်းယမ်းသည်။
“မရဘူးကွ။ အထွက် ရထားတွေက တစ်ချိန်စီဖြစ် နေတာ။ ရထား နောက်ကျရင် တော့ ဖြစ်တောင့်ဖြစ်ခဲ့ ရှိမှာ ပေါ့။ ဒါပေမဲ့ ရထားတွေက နောက်မကျဘူးကွ။ ဦးတော့ မကြုံသေးဘူး။

အချိန်မှန်ရထားများကို အကြိမ်ကြိမ်စီးခဲ့ဖူးသော ကျွန်တော်သည် လမ်းဆုံဘူ တာကြီးသို့လာတိုင်း တောင် ရှမ်းရထား၊ မြင်းခြံရထားတို့ရှိ ခရီးသည်များနှင့် အပြန်အလှန် နှုတ်ဆက်ခဲ့ချင်သော်လည်း လက်မှတ်စစ်ကြီး ပြောသလို တော့ မဟုတ်ဟု ထင်သည်။ တစ်ခါမျှ သုံးစီး တစ်ပြိုင်နက် မဆုံစည်းတော့ပါ။

နောက်အနှစ် နှစ်ဆယ် ကျော်လောက်မှာ ကျွန်တော် က လမ်းဆုံဘူတာကြီးမှာ အထူးတန်းရုံပိုင်တစ်ယောက် အဖြစ် တိုက်တိုက်ဆိုင်ဆိုင် တာဝန်ကျနေပါပြီ။ ရထား အစင်းပေါင်းများစွာ လက်ခံ၊ စေလွှတ်ခဲ့ပြီးပြီ။ ထိန်းချုပ်ရုံရှိ လမ်းလွှဲခလုတ်တွေကို အမှား အယွင်းကင်းစွာလှည့်ပြီး လမ်းလွှဲတွေဆင်၊ အ၀င် အထွက် မီးအချက်ပြတွေ မှန်ကန်စွာပေးနှင့် အလုပ်၏ ယန္တရားထဲမှာ အလိုက်သင့် စီးမျောနိုင်ခဲ့ပြီ။ သို့ပေမဲ့ ကျွန်တော် ငယ်စဉ်ကလေး ဘ၀က ရခဲ့သော တောင်ရှမ်း ရထား၊ ရန်ကုန်- မန္တလေး ရထား၊ မြင်းခြံရထားတို့ ဘူတာထဲ တစ်ပြိုင်နက် ၀င်လာသည့် အနေအထား ကား အမြဲတမ်း လွတ်ထွက် နေလေသည်။

တစ်ခါတစ်ရံမှာ တောင်ရှမ်း ရထားက အချိန်မှန်၊ မြင်းခြံရထားက အချိန် မှန်၊ သို့သော် ရန်ကုန်ရထား က အချိန်မမှန်။ တစ်ခါတစ်ရံမှာ တောင်ရှမ်း ရထားနှင့် ရန်ကုန် ရထားက အချိန်မှန် ပြီး မြင်းခြံရထားက မမှန် ပြန်။ တစ်စင်းစင်း အချိန်မမှန် သည်နှင့်ပဲ သုံးစင်း တစ်ပြိုင် နက်ဝင်ရောက်လာမည့် အနေ အထားက လွဲချော်နေတော့ သည်ပင် ဖြစ်သည်။

“ရထား သုံးစင်းလုံး တစ်ပြိုင်နက် ၀င်လာဖို့က သုံး စင်းလုံး အချိန်မှန်နေရမှာ ဖြစ်တဲ့အပြင် မင်းလက်ခံရ မယ့် လမ်းတွေရှင်းနေရဦး မယ်။ နောက် ပွိုင့်တွေ၊ အချက်ပြတွေကလည်း လုံးဝ ကောင်းနေရမယ်။ ပြောရရင် အားလုံးဟာမိုနီဖြစ်နေရမှာ လေ။ မင်းပင်စင်သွားတောင် ရမယ် မထင်ဘူး”

ကျွန်တော့် ရုံပိုင်ချုပ် ကြီးက ကျွန်တော့် ခံစားမှု မျှော်လင့်အိပ်မက်တို့ကို မဖြစ် နိုင်ခြေဘက်ကနေ အလေး ကဲ ပြောခဲ့သော်လည်း ကျွန်တော်ကား တာဝန်ကျ စဉ်တိုင်း ညနေ ၆ နာရီခန့် အချိန်လေးကို ရင်ခုန်နေဆဲပဲ ဖြစ်ပါသည်။

ကျွန်တော့် ရင်ခုန်အိပ် မက်နှင့် ငယ်စဉ်ကလေးဘ၀ ကြုံခဲ့ရသော မြင်ကွင်းကို လေးစားချစ်ခင်ရသော ကဗျာ ဆရာတစ်ယောက်အား ပြော ပြခဲ့ဖူးသည်။ ဆရာက ...
“ဟာ ညီလေး ဒါ Unity တစ်ခုကို ဖော်ဆောင် တာပဲ။ တောင်ပေါ်က ရထား၊ မြို့တော်ကြီးက ရထား၊ အညာကျေးလက်တွေကို ဖြတ်သန်းလာတဲ့ ရထား။ တိုင်းရင်းသားပေါင်းစုံ အလွှာ ပေါင်းစုံ သယ်ဆောင်လာတဲ့ ရထား။ တစ်ချိန်တည်း တစ်ပြိုင်တည်း သွားဆုံကြပြီး လွတ်လပ်ပေါ့ပါးစွာ လက်ပြ နှုတ်ဆက်ရတဲ့ ခံစားမှု။ သိပ်လှတယ် ညီလေးရာ။ ညီလေး အိပ်မက်ဆက်မက်ပါ နော်။ တစ်ချိန်ချိန်မှာ ရရမှာ ပေါ့”
ဆရာ့ ရုပ်သွင်က ဆရာ့ စကားတွေလိုပါပဲ။ ငြိမ်း အေးလွန်းလှသည်။ ဆရာ ပြောသလိုဆို ကျွန်တော့် အိပ်မက်တို့ မလွင့်ပြယ်သေး ဘူးပေါ့...။

စက်ပစ္စည်းတို့၏ ဖောက်လွဲဖောက်ပြန်မဖြစ်မှု၊ စက်တို့ကို စီမံရာ၊ စေခိုင်းရာ လူတို့၏ လွဲသွေမှု တစိုးတစိ မျှ မရှိမှု၊ အခြေအနေ အချိန်အခါ ကတိမ်းကပါး မဖြစ်၊ အံဝင်ခွင်ကျ ချိန်သား ကိုက်ညီညွတ်သော အနေအထား တစ်ခုကို ကျွန်တော်တို့ ဘာကြောင့် မရရမှာလဲ။ ကျွန်တော်တို့ မျှော်လင့်ချက်တွေ ဘာကြောင့် မဲ့သွားရမှာလဲ။ ကျွန်တော်တို့ အိပ်မက်တွေ ဘာလို့ မရှင်သန်ရမှာလဲ။ ကျွန်တော်ကား တက်ကြွနေ ဆဲပါလေ။


နံနက်ပိုင်း တာဝန်ကျ အထူးတန်းရုံပိုင် ကိုကြည် ဆန်းနှင့် တာဝန်လွှဲပြီး ရောက် ရှိလာမည့် ရထားတွေ၏ အချိန်ကိုစုံစမ်းတော့ တောင် ရှမ်းရထား ၁၄၂ အစုန်၊ မြင်း ခြံရထား ၁၁၂ အစုန်နှင့် ရန်ကုန်-မန္တလေးအမြန်ရထား ၁၁ အဆန်တို့ ခရီးစဘူတာ တွေကနေ အချိန်မှန်ထွက်ခွာ လာသည်ဆိုရော ကျွန်တော့် မှာ ထိတ်ခနဲ ရင်ခုန်သွား သည်။ မျှော်လင့်သော အိပ် မက်တို့အတွက် အစဦးရင်ခုန် မှုပဲဖြစ်သည်။ သည်ရင်ခုန်မှု လေးရပ်မသွားချင်။ ကျွန်တော်ကား တည်ငြိမ်မှု နှင့်  နည်းနည်းကင်းလွတ်၊ ဆောက်တည်ရာမဲ့ ဖြစ်ချင်နေ ပြီ။ “ထိန်းစမ်း၊ ငြိမ်စမ်း” ကိုယ့်ကိုယ်ကို ပြန်သတိပေး နေသည့် ကြားက ရထားကြီး ကြပ်ခန်းသို့ တာဝန်ကျရာ မျှော်စင်မှ ဆင်းပြေးလိုက် သေးသည်။

“ကွန်ထရိုလာကြီး။ လမ်းရုံပိုင်တွေ နည်းနည်း ကျပ်ပေးဦး။ ရထားတွေက အချိန်မှန်လာနေတာ၊ ရထား ဆုံရင်လည်း အချိန်မှန် ရထား တော့ မထိစေနဲ့ဗျ”

ရထား ကြီးကြပ်ရေး အုပ်က မျက်မှောင် ကုတ်ကြည့်သည်။ ဘာလာ ကြောင်နေတာလဲ။ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုသည့် အမူအရာ ပေါ်နေသော်လည်း ကျွန်တော်ကတော့ ကိုယ်ဖြစ်ချင်တာကိုပဲ ဇွတ်ပြောပြီး ပြန်ထွက်လာသည်။

အို အနေအထားက ကျွန်တော့်ဘက်မှာ ရှိနေပြီ။ ဘယ်ရထားမှ ဖောက်လွှဲဖောက်ပြန် မဖြစ်သေး။ တစ် ဆံချည်မျှ မသွေသေး။ စည်းချက် မှန်နေပြီ။ ကျွန်တော့် ဘက်က အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်ပြီ။

ကျွန်တော်လမ်းလွှဲ ခလုတ်တွေကိုလှည့်စမ်းသည်။ အတိမ်းအစောင်းမရှိ၊ လမ်း လွှဲလျှာတွေကြားထဲမှာခဲတွေ၊ အမှိုက်သရိုက်တွေ ညပ်မနေဖို့ ယာဒ်ဝင်း ၀န်ထမ်းတွေကို ကြိုသတိ ပေးရဦးမည်။
“ဘူတာမှာ ရထား နှစ်စင်းဆုံပြီး ဟိုဘက်သည် ဘက် တစ်ချိန်တည်း ဆက် လွှတ်တော့၊ နှစ်စင်းလုံး တစ် ပြိုင်နက် ထွက်သွားတဲ့အခါ တစ်ဖက်စီက ကြေးနန်းခ လုတ်တွေပေါ် ဘယ်ညာ လက် နှစ်ဖက်တင် ထွက် ၁၀း၃၀ ဆိုတာကို တစ်ပြိုင် နက် ရိုက်လိုက်တာမှာ ဟိုဘက်၊ သည်ဘက်ဘူတာ နှစ်ခုလုံးစီက “ရ” ဆိုတဲ့ ကြေးနန်း ပြန်ကြားချက်ရ တော့ ငါကွာ ဘယ်လိုဖြစ် မှန်း မသိအောင်ကို ပျော် သွားတာ။ မင်းတို့ရုံပိုင်ဖြစ် ရင် ဒါမျိုးကြုံတောင့်ကြုံခဲ တွေ့ချင်တွေ့ရမယ်။ ငါပြော တာဟုတ်မဟုတ် လက်တွေ့ ခံစားရတဲ့အခါ သိလိမ့်မယ်”

လက်ထောက်ရုံပိုင် သင်တန်းတက်စဉ်က ကြေး နန်းသင်ကြားပို့ချခဲ့သော ဆရာဦးစိုးလှိုင်၏ စကားကို ပြန်ကြားယောင်သည်။
ဆရာရေ။ ဆရာရခဲ့တဲ့ ပီတိထက်ပိုတာကို ကျွန်တော် မြင်နေရပြီ။
ဂျူးလီယက်ဆီဇာ၏ ကမ္ဘာကျော်စကား၊ သမိုင်း တွင်စကား၊ မပြယ်သည့် စကားဖြစ်သော
ငါလာသည်
ငါတွေ့သည်
ငါအောင်ပွဲခံမည် ဆိုသည်ကို ကျွန်တော် နှုတ်က ဖွဖွရွတ်နေမိသည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မရေမတွက်နိုင်စွာပါပဲ။

၁၄၂ အစုန် တောင်ရှမ်း ရထားကို လှိုင်းတက်ဘူတာ က ချဉ်းကပ်ခွင့် တောင်းချိန် နှင့် ၁၂၂ အစုန် မြင်းခြံရထား ကို မိတ္ထီလာဘူတာက ချဉ်း ကပ်ခွင့်တောင်းချိန်တို့က မရှေးမနှောင်းပင်။ သေချာ ပြီ သည်နှစ်စင်း အချိန်မှန် တော့မည်။ ရန်ကုန် အဆန်ရ ထား ၁၁ အဆန် အချိန်မှန် လျှင်တော့ ပွဲသိမ်းပြီ။ အနှစ် နှစ်အလလ စောင့်စားနေခဲ့ သော အိပ်မက်တို့ ရှင်သန် နိုင်တော့မည်။ ကျွန်တော် ကား တစိမ့်စိမ့်နှင့် ကြည်နူး နေပြန်ပြီ။

အမှတ် ၁၁ အဆန် ရန်ကုန်-မန္တလေး အမြန် ရထား ချဉ်းကပ်ခွင့်ကို ကပ်လျက် ဘူတာက တောင်း တော့ တစ်ဖက်ဘူတာထွက် ချိန်ကို မေးမိသည်။ အချိန်မှန် ဆိုသည့် ကပ်လျက်ဘူတာ ရုံပိုင်၏ အဖြေကား ချိုမြိန် လွန်းလှသည်။
ခါတိုင်း ရထားဆိုက် ရောက်ချိန် ၁၀ မိနစ်ခန့်အလို မှ လမ်းလွှဲဆင်၊ အချက်ပြ ပေးလေ့ရှိသော်လည်း အခု တော့ ကျွန်တော့် ဆန္ဒတွေက ရှေ့သို့ အတင်းပြေးနေလေပြီ။ တွဲရွှေ့ လုပ်ငန်းနှင့် အခြား လုပ်ငန်းများလည်း မရှိသည် မို့ ရထားသုံးစင်းတစ်ပြိုင် နက်ဝင်နိုင်အောင် လမ်းတွေ ကို ကြိုဆင်သည်။

ပွိုင့်အမှတ် 83 Reverse  ဘက်ခလုတ်လှည့်သည်။ မီးဝါလေးလင်းသွားသည်။ ပွိုင့် အမှတ် ၇၉ ကလှည့်ရန် မလို။ Normal မီးစိမ်းနေဆဲ။ ပွိုင့် အမှတ် 76 က Revese လှည့်ရမည်။ တောင်ရှမ်း ရထား ၆ လမ်းသွင်းရန် အတွက် ပွိုင့်အားလုံး အထစ် အငေါ့မရှိပြီဆိုမှတော့ အချက် ပြလည်း လိမ့်လိမ့်လဲလဲဖြစ် တော့မည် မဟုတ်။

အမှတ် ၁၁၂ အစုန်၊ မြင်းခြံရထားကို ၂ လမ်း၊ ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန်အမြန်ရထားကို ၄ လမ်း၊ ၁၄၂ အစုန် တောင် ရှမ်းရထားကို ၆ လမ်း သွင်းဖို့ အ၀င်အချက်ပြခလုတ်နီလေး ကို လှည့်လိုက်ချိန်မှာတော့ ထိန်းချုပ်ခလုတ်ခုံဆီမှာ မှန်ကန်မှုအမှတ်အသား မီးဖြူ လေးများ လင်းလို့လာသည်။ ပီတိအဟုန်ကြောင့် တုန်နေ သောလက်ဖြင့် အသံလွှင့် မိုက်လေးကို လှမ်းဆွဲလိုက် သည်။ မိုက်ကလေးက လက် ထဲမှာ လှုပ်ခါနေလေသည်။

မြင်းခြံ-သာစည် အမှတ် ၁၁၂ အစုန် အမှတ် ၂ လမ်း၊ ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန် ၄လမ်း၊ ရွှေညောင်-သာစည် ၁၄၂ အစုန် တောင်ရှမ်းရထား ၆ လမ်းသို့ ဆိုက်ရောက်မည့် အချိန်ကို ကြေညာပြီးပြီးချင်း အချက်ပြ မျှော်စင်ဝရန်တာက နေ ဘူတာစင်္ကြံသို့ ငုံ့ကြည့် တော့ ခရီးကြို၊ ခရီးသည် များ သက်ဆိုင်ရာ စင်္ကြံဆီ သွားနေကြသည်ကိုက မျှော် လင့် စောင့်စားခြင်းတစ်ခုကို အောင်မြင်စွာ ပွေ့ပိုက် လိုက် ကြသည့်အလား။ ကျွန်တော့် အတွက်တော့ အောင်နိုင်မှု တစ်ခုအတွက် ရာနှုန်းပြည့် မျှော်လင့်ရင်ခုန်သံသည် ဒရမ် ရိုက်ချက်လို တအုန်းအုန်းတ ဒိုင်းဒိုင်းမြည်နေပါတော့သည်။

ညနေ ၆ နာရီမှာ တစ် ပြိုင်နက်ဝင်လာမည့် ရထား သုံးစီးကို ၅ နာရီ ၅၅ မိနစ်မှာ ပဲ ကျွန်တော်အချက်ပြထိန်း ချုပ်မျှော်စင်ဝရန်တာလေးကနေ ကြည်နူးလန်းဆန်းစွာ ကြိုနေ မိသည်။ ဟော တောင်ရှမ်း ရထား စက်ခေါင်းနီကြီး မြင်ရပြီ။ ဟာ ၁၁ အဆန် အမြန်ရထား၏ စက်ခေါင်း ကလည်း ဘွားခနဲ။ ကွေ့ဖြစ် နေ၍ မမြင်ရသေးသော မြင်းခြံရထားစက်ခေါင်းပါ ကွေ့ကို လွန်မြောက်လာတော့ ကျွန်တော် ၀မ်းမြောက်ဝမ်း သာခုန်ပေါက် လက်ခုပ်လက် ၀ါးတီးနေမိတော့သည်။ ငယ်စဉ်ကလေးဘ၀က အပျော်ထက်ပင်လွန်ကဲစွာ။ ကျွန်တော့်အပျော်ကား ခေါင် ဖျားရောက်နေပေပြီ။ ကျွန်တော် ထင်ပါသည်။ ရထား သုံးစင်းလုံးမှာ ပါလာ သည့် ခရီးသည်အားလုံး အတိုင်းထက်အလွန် ပျော်ရွှင် နေကြပါလိမ့်မည်။ ကျွန်တော် ငယ်စဉ်တုန်းကလို လက်ခုပ် လက်ဝါးတီးသည်အထိ ပျော် ချင်လည်း ပျော်နေကြပါလိမ့်မည်။

“ဆရာ ဘာဖြစ်သွား တာလဲ”

ကျွန်တော့် တပည့်လေး များ၏ အမေးကို ပြန်မဖြေ တော့ဘဲ သူတို့ကိုလက်က လေးတွေ ချိတ်ဆက်စေ လျက် ၀ိုင်းကြီးပတ်ပတ် ကနေမိတော့သည်။ ကျွန်တော့် တပည့်လေးများ က ကြောင်စီစီဖြင့်၊ သို့သော် အလိုက်သင့် စီးမျောကခုန်နေ သည်။

“ငါ အနှစ်နှစ်အလလ မျှော်လင့်ထားတဲ့ အိပ်မက်။ အဲသည် အိပ်မက် ဒီနေ့တွေ့ လိုက်တာပဲ။ ကြည့်စမ်း ရထား သုံးစီး တစ်ပြိုင်နက် ၀င်လာတာ”

“ဟာ ဟုတ်တယ် ဆရာ။ ခုမှ သတိထားမိ တယ်။ ဟေး ဟေး”

ကျွန်တော့် တပည့်လေး များပါ အပျော်တို့ ကူးစက် သွားကြလေပြီ။

ကျွန်တော်တို့ လုပ်ငန်း တာဝန်ချိန်နှင့် လုပ်သက် အတွင်း တစ်ကြိမ်တစ်ခါမျှ မရနိုင်တော့ဟု ထင်ရသော် လည်း အမြဲတမ်းမျှော်လင့်ခဲ့ သော ရက်ကလေးတစ်ရက် ကို ခက်ခက်ခဲခဲရလိုက်ပါပြီ။ ကျွန်တော် သက်ဆုံးတိုင် မေ့နိုင်မည် မထင်ပါ။ ကျွန်တော့် ဒိုင်ယာရီလေးမှာ စာလုံးကြီးကြီးနှင့် ရေးမှတ် ထားသလို လမ်းဆုံဘူတာ ကြီး၏ အချက်ပြမျှော်စင်ရှိ ပြက္ခဒိန်လေးမှာလည်း ဆော့်ဖ်ပင် အနီဖြင့် ထင်ထင် လင်းလင်း ၀ိုင်းထားလိုက်ပါ ပြီ။

၂။
ကြာခဲ့ပါပြီ။ သို့သော် လမ်းဆုံဘူတာကြီး အချက်ပြ မျှော်စင်ရောက်ခဲ့လျှင်ဖြင့် ကျွန်တော် အမှတ်တရချိတ် ဆွဲထားခဲ့သော ပြက္ခဒိန် အဟောင်းလေး ရှိနေပါဦး မည်။ ဖေဖော်ဝါရီလကိုသာ လှန်ထားလိမ့်မည်။ အသေ အချာ စူးစိုက်ကြည့်လျှင် တော့ ၁၂ ဂဏန်းလေးကို ၀ိုင်းထားသော မင်နီရောင် ဖျော့ဖျော့ကိုတွေ့ရမှာ သေချာ ပါသည်လေ။
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

“အတွေးမှသည် ဂုဏ်သိက္ခာ” (သားသို့ ပေးစာ – ၅)

ချစ်သောသားလေး… ရဲဝဏ္ဏ

၁ဝ တန်း စာမေးပွဲတွေလည်းပြီး၊ တက္ကသိုလ်၊ ကောလိပ်တွေလည်း ပိတ်တဲ့အပြင် သင်္ကြန်နားနီးပြီဆိုတော့ မကြာမီမှာ ရုံးတွေ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေလည်း ရက်ရှည်ပိတ်ကြတော့မယ်လေ။  ဒီတော့ ရုံးအားရက် ခရီးထွက်တဲ့သူတွေ များလာကြပြီပေါ့ သားရယ်။ တစ်ချို့က မိဘရပ်ထံ၊ တစ်ချို့ကျတော့ မိတ်ဆွေတွေဆီ၊ တစ်ချို့က အပန်းဖြေဘုရားဖူး စသဖြင့် ခရီးသွားကြတာ မဟုတ်လား။ ကားဂိတ်တွေလည်း ကားဂိတ်တွေလည်း ဘွတ်ခ်ကင်တွေပြည့်၊ ရထားတွေမှာလည်း တင်းကြမ်းဖြစ်နေတာပေါ့သားရယ်။  တစ်ယောက်စ နှစ်ယောက်စ မဟုတ်ဘဲ အသင်းအဖွဲ့လိုက် ခရီးထွက်ကြတဲ့သူတွေကလည်း များများ၊ ဖေဖေ့မှာလည်း ရထားလက်မှတ် စီစဉ်ပေးရတဲံ မှတ်တမ်းတင် white board မှာ ပြည့်လို့ နောက်ထပ် တစ်ခုထပ်ပြီး စီစဉ်ရတယ်။

ဖေဖေရဲ့ စာပေမိတ်ဆွေတွေ၊ တခြားမိတ်ဆွေတွေ၊ မိတ်ဆွေမဟုတ်ပေမယ့် အကူအညီတောင်းလို့ လက်မှတ်စီစဉ်ပေးရတာမို့ ဖေဖေ့ဖုန်း ၃ လလုံး မနားရပါဘူး သားရယ်။ ဖေဖေတို့မှာ ဖြည့်ဆည်းနိုင်တာက နည်းနည်း တောင်းဆိုတာက များများ ကြုံတွေနေရတာလေ။ ကြာတော့ ဖေဖေက စိတ်မရှည်ချင်ဘူး။ စကားအရာ ပျားသကာလို ချိုသာရမယ်လို့ သားကို ဖေဖေ အကြိမ်ကြိမ် ဆုံးမထားခဲ့ပေမယ့် ဖေဖေကိုယ်တိုင်ကတော့ ပျားသကာလိုမဟုတ် ကြားရတဲ့သူအတွက် ခါးတမာလို ဖြစ်သွားမှာပေါ့။

ဒါဟာ မကောင်းတဲ့ ကိစ္စပါသားရယ်။ ငြင်းပယ်တဲ့ အကြောင်းဖြစ်တာတောင်မှ ချိုသာမှု၊ ယဉ်ကျေးမှုရှိရင် အငြင်းပယ်ခံရတဲ့သူမှာ ခံသာသေးတာပေါ့။ အခုတော့ ငြင်းပယ်လည်း ခံရသေး၊ စကားအရာမှာလည်း မောက်မာသေးဆိုရင် တစ်ဖက်သားခမျာ ဘယ်ကျေနပ်နိုင်မှာတဲ့လဲ။ ဒါကို ဖေဖေတို့ အလွန်ချစ်ခင်လေးစားရတဲ့ အမေလူထုဒ်ါအမာက ဆောင်းပါးတစ်ပုဒ်မှာ ရေးခဲ့ဖူးတယ်။ သားလေး နားလည်အောင် ရှင်းပြမယ်နော်။

သားလေးရေ … ဖေဖေတို့ မြန်မာစကားမှာ “ဟန်ပန်လေသံ” ဆိုတဲ့ စကားလုံးတွဲရှိတယ်။ လူတစ်ယောက်ရဲ့ ဟန်ပန်၊ လေသံကို ကြည့်ပြီး အကဲခတ်လို့ ရတယ်။ ငါပြောတာ အမှန်၊ ငါလောက် ဘယ်သူမှ မတတ်ဘူးဆိုတဲ့ မျက်နှာထားနဲ့ သူပြောတဲ့စကားရဲ့ လေသံက တစ်ထပ်တည်းကျပြီး တော်တော့်ကို အကျည်းတန်တော့တာပဲပေါ့။

သားလေး ရဲဝဏ္ဏရေ… ဖေဖေတို့ လူမျိုးက သံဃာတော်၊ လူကြီးသူမ၊ ဆရာသမား၊ သက်တူရွယ်တူ၊ ငယ်ရွယ်သူ စသဖြင့် စကားပြောရာမှာ၊ ဆက်ဆံရာမှာ ဟန်ပန်လေသံ ကွဲသွားတော့တယ်။ ဖိုးဖိုး၊ ဖွားဖွား၊ ဦးလေး၊ အဒေါ်၊ အကို၊ အမ၊ ညီမလေး၊ မိတ်ဆွေ၊ နောင်ကြီး အဲသလို ယဉ်ကျေးချိုသာတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှု ရှိကြတယ်လေ။ I, you နဲ့ ပြီးတဲ့ စကားမဟုတ်ဘူး။ သည်လို ကြွယ်ဝတဲ့ စကားကို မြတ်နိုးခုံမင်စွာ သုံးတတ်ရလိမ့်မယ်။

သားရေ… အမေ လူထုဒေါ်အမာက “လူက ကြွစောင်းစောင်း၊ ကြွပ်ဆတ်ဆတ်နဲ့ ထောင့်မကျိုးတဲ့ပုံစံ၊ စကားပြောတော့လည်း ရိုင်းစိုင်းမောက်မာသေးတယ် ဆိုတာ အမေတို့ လူ့အဆောက်အုံက အလွန်မလို မုန်းထားတဲ့ ပုံစံမျိုးပေါ့” လို့ မှတ်သားလိုက်နာရမယ့် စကားကို ပြောသွားခဲ့တယ်။  လိမ္မာရေခြား ရှိပြီး ဖွယ်ဖွယ်ရာရာ ယဉ်ယဉ်ကျေးကျေး ပြောတတ်၊ နေတတ်တဲ့သူကို “အသံကြား သနားပါစေ၊ မျက်နှာမြင် ချစ်ခင်ပါစေ” ဆိုတဲ့ ဆုနဲ့ ပြည့်စုံသူလို့ အမေက ထပ်ဆင့် ပြောပြသွားတယ်။ ရင်ထဲ စွဲနေရမယ့် ဆုံးမစကားပေါ့ သားရယ်။ ကိုယ့်အပြေုအမူ၊ အလေ့အထ၊ စကားအသုံးအနှုန်း၊ လေသံတွေကို ဂရုစိုက်ရလိမ့်မယ်။ မကောင်းတဲ့ စရိုက်လက္ခဏကာတွေဟာ ကြာရင် အကျင့်စွဲဖြစ်သွားတတ်တယ်။ ပြင်ရခက်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်။ “၀သီကိုက ပါနေတာ” ဆိုတာ ကောင်းတာကို ပြောတာမဟုတ်ဘူး။ အမှားကို သိလျက်နဲ့ အမှန်ကို မကူးပြောင်းနိုင်တဲ့သူတွေကို မှတ်ချက်ပြုတာနော်။ ဒါတွေဟာ အသေးအဖွဲလို့ မထင်မှတ်ရဘူး။ ကြီးကျယ်ခမ်းနားမှုတွေဟာ အသေးအဖွဲဆိုတာနဲ့ စတင်လာတာဆိုတာ သားလေး သိရလိမ့်မယ်။

ဆရာမြင့်ဆွေဦး ဘာသာပြန်ထားတဲ့ “ဂရုစိုက်ပါ” ဆိုတာလေးကိုလည်း ဖေဖေ မှတ်သားထားသေးတယ်။ သားလေးဖတ်ကြည့်ပါဦး။

အတွေးအမြင်များကို ဂရုစိုက်ပါ
စကားလုံးများ ဖြစ်လာတတ်သည်။
စကားလုံးများကို ဂရုစိုက်ပါ
အပြုအမူများ ဖြစ်လာတတ်သည်။
အပြုအမူများကို ဂရုစိုက်ပါ
အလေ့အထများ ဖြစ်လာတတ်သည်။
အလေ့အထများကို ဂရုစိုက်ပါ
အကျင့်စရိုက်များ ဖြစ်လာတတ်သည်။
အကျင့်စရိုက်များကို ဂရုစိုက်ပါ
ယင်းတို့မှ ဂုဏ်သိက္ခာဖြစ်လာလိမ့်မည်။

သားလေး ရဲဝဏ္ဏရေ… ကိုယ့်ဂုဏ်သိက္ခာ၊ အမျိုးဂုဏ် သိက္ခာ၊ နိုင်ငံဂုဏ်သက္ခာ အားလုံးဟာ အတွေးအမြင်က စရတယ်ဆိုတာ သားလေး သဘောပေါက်ပြီနော်။ သည်တော့ အတွေးအမြင်ကောင်းဖို့၊ ထက်သန်ဖို့ ထိုင်နေရုံနဲ့ ဖြစ်မလာဘူး။ ပညာကို သိရမယ်။ တတ်ကျွမ်းနားလည်ရမယ်။ သည်တော့ စာအုပ်တွေကို ဖတ်ရမှာပေါ့။ ပြီးရင် အပြုအမူ အလေ့အထ၊ အကျင့်စရိုက်ကနေ ဂုဏ်သိက္ခာရှိအောင် နေထိုင်ရလိမ့်မယ်။

ကဲ… သားလေးရေ ဖေဖေကိုယ့်ကိုယ်ကို ဝေဖန်ရင်းနဲ့ သားလေးလိုက်နာ ပြုမူရမယ့် အကျင့်စရိုက် အလေ့အထတွေကို ဖေဖေ ပြောပြလိုက်တာပါ။ ကျင့်သုံးပါသားရယ်။ ပြီးတော့ သား သူငယ်ချင်းကို လက်ဆင့်ကမ်းပါနော်။


ချစ်သော ဖေဖေ
ရဲသျှမ်း

'' မြင်းမိုရ်တောင်ထိပ်မှ စီးဆင်းလာသော စမ်းချောင်းကလေး ''


'' မေမေ မေမေ ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုတာကို သားတို့ဆရာမကရှင်းပြတယ်...။ ကမ္ဘာကြီးသာ မီးလောင်ခဲ့ရင် မေမေလည်းသားကို ချနင်းလိုက်မှာလား...ဟင်''
ကျွန်တော့်အခန်းနဲ့ကပ်လျက်အခန်းက (၂)တန်းကျောင်းသားလေး မောင်ဇွဲထက်သန်ရဲ့ သူ့အမေကို မေးတဲ့ မေးခွန်းကို ကျွန်တော်ကြားလိုက်တော့ ကြက်သီးမွေးညှင်းထလောက်အောင်ကို ခံစားလိုက်ရပါတယ်။မောင်ဇွဲထက်သန်နှယ် တွေးမှတွေးတက်ပလေလို့ အံ့သြစိတ်လည်းဖြစ်သွားတာပေါ့...။ ကလေးက စကား တတ်တာ ဥာဏ်ရည်ထက်မြက်တာဟာ သူ့အဖေ ကျော်သူထက်နဲ့တူလို့သာပဲ ဖြစ်ရမယ်။ ကျော်သူထက်ကဘူတာကြီးကုန်တင်/ကုန်ချမှာချိန်မှတ်စာရေး။
(၁ဝ)တန်းအောင်ပြီးသား၊ကျောင်းဆက်မတက်ဘဲအလုပ်ထဲရောက်လာပြီးအလုပ်ခွင်ကနေစာရေးရာထူးရောက်လာတာလေ။
 လူ(၁ဝဝ)ဖြေလို့ (၅)ယောက် မအောင်တဲ့ အလုပ်ခွင်စာမေးပွဲကိုတစ်ကြိမ်ထဲနဲ့ အောင်ပြီးသင်တန်းပါသွားတာလို့ ကြားဖူးတယ်။ဒီတော့ကျော်သူထက် ဥာဏ်ရည်ကအနိမ့်စားတော့မဟုတ်ဘူးလို့ တွေးမိတာပေါ့..။ကျော်သူထက်ရဲ့မဟေသီ၊ မောင်ဇွဲထက်သန်ရဲ့မိခင် ခင်ခင်ဦးကျတော့ ခကွေးနဲ့သဝေထိုးက ရန်ဖြစ်ထား လို့ ဟိုဖက်သည်ဖက် လှည့်နေကြတာလား၊ ကကြီးနဲ့ယပက်လက်ကလည်း အဲသည်လိုပဲဆိုတဲ့ ကြံကြံဖန်ဖန် မေးခွးန်းမျိုးကျတော့သူကရှာရှာဖွေဖွေတတ်နေပြန်ရော။
'' ကိုထက် ချက်ဆို နှစ်ခွက်နဲ့မူးတယ် ဆိုတဲ့ စကားပုံကြားဖူးလား''
တစ်ခါက ခင်ခင်ဦး သူ့ယောက်ျားကိုမေးတဲ့ စကားပုံကိုကျွန်တော်အပြေးအလွှားစဉ်းစားနေမိတယ်။ ကိုယ့်ကိုယ်ကို စာရေးဆရာလို့သတ်မှတ်ထားတဲ့ကျွန်တော့်ရဲ့ မှတ်ဥာဏ်ထဲမှာမရှိတဲ့ စကားပုံပါပဲ။အမျိုးမျိုး စဉ်းစားပေမယ့် သည်စကားပုံကို မကြားဖူးဘူးဖြစ်နေပါတယ်။ဒါနဲ့ပဲ ကျော်သူထက်ဆီက ကြားရမယ့် အဖြေကိုပဲ နားစွင့်နေမိတာပေါ့။
'' ဟာ..ခင်ဦးတို့ကတော့ သောက်တလွဲလုပ်ပြီ ချက်ဆို နားခွက်ကမီးတောက်ပြီးသား လို့ပဲကြားဖူး ပါတယ်။ ဘယ်နှယ့် ချက်အရက်ကပါလာရတာတုန်း။နင်လုပ်တာနဲ့ မြန်မာစကားပုံတွေ ပျက်တော့မယ်။''
ကျော်သူထက် အဖြေကြားတော့မှ ကျွန်တော်လည်း သည်ဖက်အခန်းကနေခွက်ထိုးခွက်လန် ရယ်နေမိတယ်။
'' သိဘူးလေ...ချက်လည်းပါတယ်..နှစ်ခွက်လည်းပါတယ်ဆိုတော့ ခင်ဦးပြောတာမှားလို့လား။''
ခင်ခင်ဦးတွေးတာလည်း ဟုတ်သားဟ လို့ ကျွန်တော်ကကောက်ချက်ချမိသေးတယ်။
'' ကိုထက်နော် သားကအတန်းကြီးလာပြီ စာလေးဘာလေးသင်ပေးပါအုံး။ဂျူတီနားတဲ့ရက်လည်း အိမ်မကပ်။ ဘိလိယက်ခုံမှာပဲ တစ်နေကုန်နေတာ...ကျူရှင်ထားဖို့ကျတော့ ခင်ဦးတို့မှာသမီးငယ်လေးပါဒီနှစ်ကျောင်းထားရပြီဆိုတော့ မတတ်နိုင်ဘူး။''
'' ဟာကွာ... တစ်ခါလာလည်း ဘိလိယက်ထိုးတာပဲခလုပ်တိုက်နေ...မသင်နိုင်ဘူးကွာ။ ဒီကောင် စာလိုက်နိုင်နေတယ်မဟုတ်လား။မလိုက်နိုင်ရင်လဲ ကျူရှင်ပို့လိုက်။ ကျူရှင်ခမရှိလည်း မင်းကိုယ်တိုင်သာသင်ပေတော့..အရင်ကလည်း မင်းပဲသင်နေတာ ခုမှရေးကြီးခွင်ကျယ်လုပ်ပြီး..ကဲတော်ပြီ..တော်ပြီ နားညည်းတယ် ဘိလိယက်ခုံပဲသွားတော့မယ်။''
ထင်တဲ့အတိုင်းပါပဲ ကျော်သူထက်တော့ သူ့ရဲ့မူပိုင်အတိုင်းပေါ့ပေါ့ပါးပါးပဲတွေး၊ နေ၊ ကျင့်ကြံသွားတော့ တာပဲလေ။ (၁ဝ)တန်းအောင်အဆင့်ပညာအရည်အချင်းလေးက လူရိုသေရှင်ရိုသေရှိပေမယ့် သားကိုစာသင် ပေးဖို့ကျတော့ထွန့်ထွန့်လူး ဖြစ်နေတတ်တယ်။ကွာတယ်...ခင်ခင်ဦးနဲ့ကျော်သူထက်တို့ သားလေးဇွဲထက်သန်ရဲ့ပညာရေး၊အနာဂတ်ခရီးဆုံးဆီ သွားဖို့အတွက် ထားတဲ့ရည်ရွယ်ချက်တွေက ကွာဟလွန်း တယ်လို့သုံးသပ်ရလိမ့်မယ်ထင်တယ်။
သားလေး...မေမေကစာမတတ်လို့...သားအဖေလိုတတ်ရင်အတန်းထဲမှာ သား ပထမအမြဲရနေ အောင် မေမေကသင်ပေးမှာ... ကျူရှင်လဲမေမေမထားနိုင်တာ သားသိတယ်နော်။ သားလေးစာကျက်နေရင် အတန်းထဲမှာအတော်ဆုံးဆိုတဲ့အထဲ သားပါကိုပါရလိမ့်မယ်လို့ မေမေယုံတယ်။အခုသားကအတန်းကြီးလာ ပြီ။ သားကိုမေမေ မသင်တတ်တော့ဘူး။ အငယ်လေးကိုပဲမေမေသင်နိုင်တယ်။ ''
'' သားသိပါတယ်မေမေ ပညာမရှိ သူ၏ဝန်ထမ်းတဲ့။ သားကိုမေမေဝယ်ပေးထားတဲ့အလိမ္မာ မဂ္ဂဇင်းထဲမှာ သားဖတ်ဖူးပါတယ်။''
သားအမိနှစ်ယောက်ရဲ့ စကားသံတွေက တကယ့်ကိုချိုမြိန်ကြည်နူးဖွယ်တွေပါပဲ..။သတိထားမိတာက ဇွဲထက်သန်ရဲ့နာမည်နဲ့လိုက်အောင် ဇွဲရှိတာ။ သိချင်စိတ်တတ်ချင်တဲ့စိတ် ထက်သန်တာကိုပါ။
x x x x x

ခင်ခင်ဦးက အတန်းပညာမရှိရုံတင်မဟုတ်၊ တကယ့်ကို ဖတ်တတ်ရုံလေးပဲတတ်တယ်၊မရေးတတ်ဘူး။ သမီးမိန်းခလေးပဲ ဘာစာတတ်စရာလိုလဲ ဆိုတဲ့အတွေးအခေါ်အောက်မှာကြီးပြင်းလာတာလား၊ ဒါမှမဟုတိဘတွေရဲ့ ဆင်းရဲမွဲတေ ကျပ်တည်းမှုအောက်မှာကြီးပြင်းလာတာလား။ ငယ်စဉ်ကလေးဘဝကိုဘယ်လို ဖြတ်သန်းခဲ့ရသလဲစတဲ့အတိတ်အကြောင်းတွေကို ကျွန်တော်စပ်စပ်စုစုမလုပ်ခဲ့ဘူးပေမယ့်
ပတ်ဝန်းကျင်အပြော၊ တစ်ခါတစ်ရံ ခင်ခင်ဦးကိုယ်တိုင် အပြောတွေကြောင့်သူ့ဘဝတွေကို သိခွင့်ရခဲ့ပါတယ်။
'' လေးလေး...သမီးသိတတ်ချိန်မှာ အဖေ့ကိုမတွေ့တော့ဘူး...။အဖော်တွေနဲ့ဖားကန့်ကို ကျောက်တူးဖို့သွားတာ ပြန်မလာတော့တာလို့အမေပြောပြတာပဲ။ သမီးက နံပါတ်(၃) အစ်ကို(၂)ယောက် မောင်လေးတစ်ယောက်ရှိသေးတာလေ...။ ဒီတော့အမေ့မှာ ဒုက္ခတွေဝေလို့...။ဒါနဲ့သမီးပဲအမေ့ကို ကူရတာ။ သမီးကျောင်းမတက်လိုက်ရဘူး။ အစ်ကိုတွေလဲကျောင်းတက်ရတယ်မရှိပါဘူး။ ဘူတာသွားပြီးကုန် ထမ်းနေရတာ။အမေ့ကိုဈေးရောင်းကူ၊ အမေအဝတ်လျှော်တဲ့နေရာလိုက်ပြီး အဝတ်တွေကူလှန်းပေးသမီး အလုပ်လုပ်ခဲ့ရတာ။''
ခင်ခင်ဦးက ရုပ်ကလေးနဲ့ မလိုက်ဖက်အောင် အလုပ်အစုံလုပ်ခဲ့ရတယ်ဆိုတာယုံမှားစရာ မရှိပါဘူး။ ပညာလေးသင်ခဲ့ရ၊ သင့်တင့်လျောက်ပတ်တဲ့ရုပ်ဝတ္ထုလေးတွေဆင်မြန်းခဲ့ရရင် ခင်ခင်ဦးနားမှာ ကောင်လေးတွေဝိုင်းနေခဲ့လိမ့်မယ်ထင်တယ်။တော်ပါသေးရဲ့ ခေတ်ရေစီးထဲ မျောပါသွားတဲ့ RVကလေးမလေးတွေ၊ အနှိပ်ခန်းရောက် ကလေးမလေးတွေ၊ နယ်စပ်ရောက်၊
နိုင်ငံခြားရောက်သွားတဲ့ ကလေးမလေးတွေရဲ့ဘဝမျိုး ရောက်မသွားတာကိုပဲကံကောင်းတယ်လို့ မှတ်ထင်ရမှာပဲ။
'' သမီးလေ... အဝတ်အစားလဲမမက်ဘူး၊ အလှအပလဲမမက်ဘူး၊ စာမသင်ခဲ့ရတာဘဲစိတ်မကောင်း ဖြစ်တာ။ ဒါကြောင့် သမီးရဲ့သားသမီးတွေကိုပညာတတ်ဖြစ်စေချင်တယ်။ ကိုထက်အားကိုးလို့လဲမရ...။
သမီးကလေးတွေကျူရှင်ထားနိုင်ဖို့ အလုပ်လုပ်ချင်တာ.. ကိုထက်ကပေးမလုပ်၊ခုအနေအထားလဲ လစာတစ်မျိုးပဲ ရှိတော့တာလေးလေးရ။ တန်ဆာခနဲ့အလုပ်သမားခတွေဈေးတက်တော့ အရင်လိုအစွန်းအထွက်လေးတွေက မရတော့ဘူး။''
ပြောသင့်လား မပြောသင့်လားမဝေခွဲတတ်တဲ့ ခင်ခင်ဦးကိုကျွန်တော်ကနားလည်ပေးနိုင်ပါတယ်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ ကိုယ်ကျင့်တရားမှတ်ကျောက်တင်ခံနိုင်မှုတို့ကြောင့် ဆရာဦးကိုလေး ကဗျာထဲကလို လှံသွားထောင် ထာင် ဒါးရောင်ဖွေးဖွေး မြွေပွေးခွေခွေ ဆူးလေကြဲကြဲ...ဆိုတဲ့ ဘူတာကြီးကျက်စားရာအကို(၂)ယောက်နဲ့ အပေါင်းအပါတွေကြားကနေ ကျာ်သူထက်က ရအောင်ခိုးထုတ်သွားတာနေမှာလို့ ကျွန်တော်တွေးမိသွားတယ်။
''
ခင်ဦး...ကျော်သူထက်က နင်နဲ့မရခင်ကတည်းက ဘိလိယက်ခုံ တစ်နေကုန်ထိုင်တာပဲလား''
'' ဟုတ်တယ်လေးလေး... သမီးက သူသမီးနဲ့ရရင် ဒါကြီးပြတ်သွားမယ်ထင်တာ..မပြတ်ဘူး။ သားလေးရတော့ တစ်ခါမျှော်လင့်မိသေးတယ်။ သမီးလေးမွေးတဲ့အထိဒီအတိုင်းပဲ။ သားလေးကျောင်းကိစ္စလည်း ဘာမှစိတ်မဝင်စားဘူး။သမီးသူ့လိုစာတတ်ရင် သမီးသားလေး အတန်းထဲမှာ နံပါတ်(၁)ဗိုလ်ဖြစ်နေမှာနော်။''
'' အခုလဲ ဇွဲထက်သန်လေးက တော်တာပဲဟာ...နင်ကိုကလောဘကြီးနေတာ နေမှာပါ။ကလေးဗီဇ ပါလာပြီးသားပါ။ မပူနဲ့ ညည်းသားလေး ဖြစ်မြောက်သွားမှာသိလား။မိဘကလမ်းကြောင်းလေးတည့်အောင်သာ ဂရုစိုက်ပေး ''
ကျွန်တော့်စကားကို မျက်လုံးကလေး ပေကလပ် ပေကလပ်နဲ့ နားထောင်နေတဲ့ခင်ခင်ဦးရဲ့ စိတ်ထက်သန် မှုကို ကျွန်တော်တွေ့နေရတယ်။ ကျော်သူထက်ကတော့ကျွန်တော့်ကို စာရေးဆရာတစ်ယောက်အဖြစ် တလေးတစားဆက်ဆံတာကလွဲလို့ခင်ခင်ဦးလောက် တရင်းတနှီးမရှိလှဘူး။
x x x x x
ခင်ခင်ဦးက စာမတတ်ပေမယ့် သူ့သားလေးဇွဲထက်သန်ကို ညစဉ်စာသင်ပေးတာကိုကျွန်တော့်အခန်း ဘက်က ကြားနေရတယ်။ စာမတတ်သူက စာပြန်သင်တာကို
ကျွန်တော့်မှာ အံ့အားသင့် ပဟေဋ္ဌိတွေဖြစ်လို့ နေပါတယ်။သူဘယ်လိုနည်းပညာတွေနဲ့ သင်တာတုန်း..။ ကိုယ်မတတ်ပဲနဲ့ သင်လို့ရသလား...။ကျွန်တော် စိတ်ဝင်စားမှုကို မအောင့်နိုင်တော့ ခင်ခင်ဦးကိုမေးရတော့တာပေါ့။
''
ညည်းသားလေးကို စာသင်ပေးနေတာ အဟုတ်ပဲ။ ဘာတဲ့ ခြင်္သေ့သည်ကြွက်ငယ်ကို အဘယ်ကြောင့် မသတ်ဘဲလွှတ်သနည်းဆိုတော့ နင့်သားဖြေတာကို မဟုတ်ဘူး ကြွက်ကအကြိမ်ကြိမ်တောင်းပန်လို့ဆိုပြီး အမှားပြင်ပေးတာ ငါ့မှာအံ့သြရော...ပြောစမ်းပါအုံး။ နင်ကစာမတတ်ဘူးလဲပြောသေးတယ်။ စာလည်းသင် တယ်။ ငါ့ကို မျက်စိလည်အောင်၊ ဦးနှောက်စားအောင် လုပ်နေတာလားဟ။''
ကျွန်တော့် သိချင်စိတ်ကို တော်တော်နဲ့မဖြေဘဲ ခင်ခင်ဦးကရယ်ပဲနေတယ်။ သူမဖြေလေ ကျွန်တော့်မှာ သိချင်စိတ်များလေ ဖြစ်နေတော့တာပေါ့။
 '' လေးလေးရာ သမီးတကယ်စာမတတ်တာပါ။ မတတ်ဆို သင်မှမသင်ခဲ့ရတာကိုး...။ သားလေး ကျောင်းထားတော့ သမီး သားကိုကျောင်းပို့တဲ့အခါ နှစ်ယောက်စာထမင်းချိုင့်ထည့်ပြီး ကျောင်းမှာတစ်နေကုန် စောင့်နေတာ။ သားတို့သင်တဲ့စာ ဆရာမကဖတ်ပြတော့ သမီးစိတ်ကလိုက်ဆိုတာလေ...။ အိမ်ရောက်တော့ သားကိုစာကျက်ခိုင်း သားမှားနေရင် ထောက်ပြဆိုတော့ သမီးကို စာတတ်တယ်ထင်နေကြတာ... အခုဒီနှစ်သားက ဒုတိယတန်း ကျေးညီနောင်သင်ရတယ်။ သားတို့ဆရာမကဖတ်ပြ သမီးကလိုက်မှတ်တာပေါ့..။ ညကျသားကို ခိုးသူတို့ မွေးထားတဲ့ကျေးသည် ဘုရင်ကြီးကိုမြင်လျှင် မည်သို့ပြောသနည်းဆိုတဲ့မေးခွန်းကို မေးတာပေါ့...။ သားမှားရင် အဖြေမှန်ပြော... ဒီလိုပဲ သားကိုစာသင်တာလေ။''
 ခင်ခင်ဦးရှည်ရှည်ဝေးဝေး ရှင်းပြတော့ ကျွန်တော့်မှာ အံ့သြလို့မဆုံးဘူး။ တကယ်ထိထိရောက်ရောက် စာသင်ခဲ့ရရင် တတ်လွယ်သိလွယ် ဖြစ်မယ့်မိန်းခလေးလို့ ကျွန်တော်တစ်ထစ်ချ ယုံကြည်နေမိတယ်။
'' နင်က မြန်မာစာတင်လားဟဲ့..အင်္ဂလိပ်စာ၊ သင်္ချာကောသင်တာပဲလား...။''
'' သင်္ချာတော့်သမီးမသင်ပါဘူး...။ အဖြေစာအုပ်နဲ့တိုက်ပြီးစစ်လိုက်တာပေါ့။ အင်္ဂလိပ်စာကိုတော့ သမီးသင်ဖို့ ကြိုးစားကြည့်တယ်။ ဘယ်လိုမှကို မကြံတတ်တာနဲ့ လက်လျှော့လိုက်တာ။ ဒါတောင် သမီးက ခပ်တည်တည်ပဲ စာကျက်ခိုင်းတော့တာ။ မမှားစေနဲ့ သေသေချာချာဆို... မဟုတ်သေးဘူး..အသံထွက်ကမှား နေတယ်...ဘာညာလုပ်ရတာပေါ့ လေးလေးရာ။ နောက်နှစ်ဆို သမီးဘာမှ လုပ်တတ်မှာမဟုတ်တော့ဘူး။ ကျူရှင်ထားဖြစ်အောင်ထားပေးရတော့မှာ။ ကိုထက် ကျူရှင်ခ မပေးရင် သမီးအပျိုတုန်းကအလုပ်တွေပြန်လုပ်ပြီးကလေးတွေပညာရေး ကောင်းအောင်လုပ်ရမှာ..ဟုတ်တယ်နော် လေးလေး။''
ကျွန်တော်ခင်ခင်ဦးရဲ့ အပြောစကားတွေကို ခေါင်းညိတ်အဖြေမပေးမိပေမယ့် သူ့စိတ်ဓာတ်နဲ့ သူ့ရဲ့ စိတ်ထက်သန်မှုကို လျော့ပါးမသွားစေချင်ဘူး။ သားလေးဇွဲထက်သန်အပေါ်ထားတဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက် အောင်မြင်စေချင်ပါတယ်။ ခင်ခင်ဦးရဲ့ စိတ်ထက်သန်မှုက ဇွဲထက်သန်အပေါ် လွှမ်းမိုးအုပ်စည်းထားမှတော့ မလွှဲမသွေဖြစ်လာမှာပဲလို့ ကျွန်တော်ဖက်က အပြည့်အဝယုံကြည်နေမိတော့တာပါလေ။
(၂)
ခင်ခင်ဦးနဲ့သားလေးဇွဲထက်သန်တို့အကြောင်း အတွေးတွေလူးလာစုန်/ဆန်ဖြစ်နေတာမို့ သားလေး ဇွဲထက်သန်မေးလိုက်တဲ့ '' မေမေ...ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတာကို သားတို့ဆရာမကရှင်းပြတယ်..။ ကမ္ဘာကြီး သာ မီးလောင်ခဲ့ရင် သားကိုမေမေချနင်းလိုက်မှာလားဟင် '' ဆိုတဲ့ စကားသံလေးက ကျွန်တော့်နှလုံးသားမှာ ဝေ့ဝဲနေရာယူနေပါတယ်။ ကျောင်းစာမသင်ခဲ့ရတဲ့၊ ပညာမတတ်တဲ့ ဆင်းရဲနွမ်းပါးမှု အဝန်းအဝိုင်းထဲက မထွက်နိုင်သေးပေမယ့် အတွေးအခေါ်၊ အယူအဆ မခေါင်းပါးဘူးလို့ ကျွန်တော်ထင်ခဲ့တဲ့ ခင်ခင်ဦးဆိုတဲ့မိန်းခလေးခမျာ သူ့သားလေးရဲ့ ကြီးကြီးကျယ်ကျယ်မေးခွန်းကို မဖြေနိုင်တော့ဘူးထင်ပါရဲ့
x x x x x
အို...မမျှော်လင့်တော့တဲ့အချိန် ကျွန်တော့်အတွေးတွေ မဆုံးသေးခင်မှာပဲ ခင်ခင်ဦးဖြေသံ ကြားလိုက် ရပါတယ်။ ကျွန်တော် တုန်လှုပ်သွားပါတယ်။ ဒါဟာ ခင်ခင်ဦးပဲလေ။ အင်မတန်လှပတဲ့ အဖြေတစ်ခုလို့ ကျွန်တော် နားလည်လိုက်ပါတယ်။ သေချာပါတယ်..အပြင်မှာ လမင်းကြီးကလည်းထိန်ထိန်သာလို့ ကြယ်ကလေးတွေကလည်း လင်းလက်တောက်ပလို့...။ ခင်ခင်ဦးအဖြေလေးက သူ့သားလေး နှလုံးသား သာမက ကမ္ဘာကြီးမှာရှိတဲ့ သား၊ သမီးအားလုံးနဲ့ အမေတွေအားလုံးရဲ့ နှလုံးသားဆီကူးစက် သွားလိမ့်မယ်လို့ ကျွန်တော်တစ်ထစ်ကျ ယုံကြည်နေမိတယ်။ ကြည့်ပါဦး ခင်ခင်ဦးဖြေသွားတာက......
'' သားရယ်...ကမ္ဘာကြီးကလည်း မီးလောင်မှာမဟုတ်ပါဘူး။ မီးလောင်ခဲ့ရင်လည်း သားလေးကို မီး မခပါဘူး။ ဘာလို့လဲသိလား...သားလေးကို မေမေ့ရဲ့အေးမြတဲ့ ရေစင်တွေ ပက်ဖျန်းထားလို့ပေါ့သားရယ် ''
ရဲသျှမ်း

အရွေ့


photo: JayMgMg(amarapura)
(၁)

   အလင်းရောင်တောင်အပြည့်အဝမရသေးတဲ့အရုဏ်ဦးအချိန်လေးမှာပဲရပ်ကွက်လေးကအဝေးရောက်တောင်ပေါ်သားကြီးရဲ့အောင်မြင်တဲ့အသံဝါကြီးနဲ့
ဆိုထားတဲ့သီချင်းကြောင့်နိုးထသွားပြီ။သည်သီချင်းကိုအရင်ရက်တွေကတည်းကလက်ဖက်ရည်ဆိုင်တွေမှာအကြိမ်ကြိမ်အထပ်ထပ်ကျော့ဖွင့်နေတာဆိုတော့
ရပ်ကွက်ထဲရှိလူငယ်လေးတွေကအလွတ်ရနေပြီလေ။သံပြိုင်သီဆိုလက်ခုပ်လက်ဝါးတီးနဲ့အတော့်ကိုစည်စည်ဝေဝေ ဖြစ်နေပါတော့တယ်။ ကလေးတွေရော၊
 လူကြီးတွေရော၊ ကလေးကြီးတွေရော၊ လူလတ်တွေရောအားလုံးတက်ကြွလန်းဆန်း နေကြတာ မြင်ရတော့ သူ့ရင်ခုန်သံက ပိုမြန်သွားသလိုပါလား။ 
သူလည်းပဲဝတ်ထားတဲ့တီရှပ်ချွတ်ပြီးတစ်လောကအင်းလေးရောက်တုန်းဖောင်တော်ဦးဘုရားဈေးမှာအမှတ်တရဝယ်ခဲ့တဲ့အင်္ကျီလေးကိုဝတ်လိုက်မိတယ်။
ဖွတ်မြီးထိုးကြယ်သီးကလေးတွေတတ်ရင်း ရွှေဘိုဆိပ်ခွံ စာပေဟောပြောပွဲကော်မတီက လက်ဆောင်ပေးလိုက်တဲ့ ရိုးရာဆင်လုံချည်ကို ဝတ်လိုက်ပြီးမှန်ထဲ
တစ်ချက်လှမ်းကြည့်တော့ သူ့ပုံကလည်း ရပ်ကွက်ထဲကလူတွေလိုပဲ ဖြစ်သွားပါရော။
  '' ဟား...သားနားလှချည်လား။ ကျွန်မလည်းအဝတ်လဲရအုံးမှာပေါ့''
  ဇနီးကသူ့ကိုကြည့်ပြီးလက်ထဲကိုင်လာတဲ့ နှင်းဆီနီတစ်စည်းကိုစားပွဲပေါ်အသာချတယ်။အဝတ်ဘီဒိုထဲကအဝတ်တွေဆွဲထုတ်နေတဲ့ဇနီးလက်ထဲမှာ ရင်စေ့
အဖြူလေးပါလာမှာလား၊ရုပ်ပုံပါတဲ့တီရှပ်ဖြစ်နေမလား၊ဒါမှမဟုတ်သူ့အင်းလေးပြန်လက်ဆောင်သူနဲ့တဆင်တည်းအင်္ကျီလေးပဲဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ်
အဆင်ပြေမှာပါလို့ တွေးနေမိတယ်။
  '' ဒါဆိုအဆင်ပြေတယ်မဟုတ်လား''
 သူအမှတ်တရဝယ်လာပေးတဲ့အင်္ကျီလေးနဲ့ခရမ်းနောက်ခံမှာအပွင့်လေးတွေပါတဲ့လုံချည်လေး ဖြစ်နေတော့တယ်။သည်ဝတ်စုံလေးတွေက သူတို့ဇနီးမောင်နှံ
အတွက်အဆင်ပြေလိုက်လျောညီထွေ ဖြစ်သွားတာကို သူကကျေနပ်သဘောကျကျေနပ်သွားတာပေါ့။
       '' အံမယ်...အံမယ်..ဒါတွေက ဘယ်ကရ''
       ဇနီးသည်က သူဝတ်မယ့်အင်္ကျီခေါက်ကို ဖြန့်လိုက်တဲ့အခါမှာ တွေ့လိုက်ရလို့အံ့သြသွားတာပါ။ စတစ်ကာလေးတွေမှ အများကြီးပါပဲ။ အကြီးအသေးစုံ
လို့နေပါတယ်။
       '' လိုက်ဝေတာလေ...ပါးမှကပ်မယ်၊ ရင်ဘတ်မှကပ်မယ်''
  ကလေးတစ်ယောက်လို မြူးတူးနေတဲ့ ဇနီးသည်ကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်။သူတို့အိမ်ရှင်မ တွေခမျာ တစ်နေ့တစ်နေ့ ရုန်းကန်နေရတဲ့လှုပ်ရှားမှု
တွေအတွက်မွန်းကျပ်ထိုင်းမှိုင်းလေးလံနေရှာမှာပါပဲ။ မမျှတတဲ့ဘဝတွေအတွက်၊မညီမျှတဲ့လူနေမှုစနစ်တွေအတွက်မီးဖိုချောင်ဗေဒကို အောင်မှတ်ရဖို့၊အမှတ်
တစ်မှတ်ရဖို့လှည့်ပတ်ပြီးအမှတ်ရှာနေရတဲ့ သူတွေလို့သူကကဗျာဆန်ဆန်မှတ်ချက်ပေးနေမိတယ်။သား၊ငါး၊အသီး၊အရွက်၊ဆန်၊ဆီ၊ဆား၊နနွင်း၊ဂျင်းဘယ်သင်း၊
ဘယ်အချိုးထည့်ဆိုပြီးသက်သာတဲ့ဟင်းကောင်းတစ်ခွက်ရဖို့ ဖော်မြူလာအသစ်တွေအမြဲတမ်းကြံဆနေရရှာတာပါ။

(၂)
       လွန်ခဲ့တဲ့တစ်နှစ်ကျော်ကို သူကပြန်သတိရနေမိတယ်။ သူတို့ရပ်ကွက်လေးရဲ့အထင်ကရလမ်းမကြီးနဲ့ လမ်းသွယ်လေးတွေမှာ ကွန်ကရစ်လမ်းခင်းကြ
တာကိုပါ။နေ့နေ့ညညတစ်လမ်းပြီးတစ်လမ်းခင်းသွားကြတာပဲဖြစ်ပါတယ်။ရပ်ကွက်လေးထဲကအိမ်ထောင်စုအားလုံး ငွေအား၊လုပ်အားတတ်စွမ်းသမျှပူးပေါင်း
ပါဝင်ပြီးညီညီညွတ်ညွတ်နဲ့လုပ်ဆောင်ကြတာဆိုတော့မိုးရွာတိုင်းရေဝပ်၊ရေဆိုးမြောင်းကလျှံတဲ့ရေတွေ လမ်းပေါ်ရောက် တဲ့ ရပ်ကွက်လေးကအရည်ခွံခွာ
လိုက်သလိုကို ပြောင်းလဲသွားတာပါပဲ။ ညမှာလာပုံသွားတဲ့ကျောက်တွေ၊ သဲတွေကို ပေါက်ပြား၊ ဂေါ်ပြား၊ ဒယ်အိုးကိုယ်စီနဲ့လမ်းခင်းကြတဲ့ရပ်ကွက်သူ၊
ရပ်ကွက်သားအားလုံးရဲ့ လုပ်အားအလှူဟာ ပီတိဖြစ်စရာကောင်းလှပါတယ်။ စီမံသူတွေရဲ့ စေတနာ၊ လုပ်အား၊ ဒါနပြုသူတွေရဲ့စေတနာအရိပ်အရောင်
ကြောင့် ရပ်ကွက်လေးရဲ့ လမ်းသွယ်(၆)ခုဟာ နေ့ချင်း၊ညချင်းထည်ထည်ဝါဝါဖြစ်သွားတယ်လို့သူကထင်နေမိတယ်။ ရပ်ကွက်ကလေးရဲ့ရွာနေပြည်တွေ
ကလည်း ပြန့်ပြူးညီညာတဲ့ လမ်းလေးတွေရဲ့ အလှတရားကို အကျည်းမတန်စေဘူး။ အမှိုက်တစ်စမရှိအောင်ကိုကိုယ့်အိမ်ရှေ့ကိုယ်လှဲကျင်းကြတာဆို
တော့ အမြဲသန့်ပြန်နေတယ်။ ခွေးချေးတွေတပုံတပင်၊ ဗာဒံရွက်ခြောက်တွေ၊ ကျွတ်ကျွတ်အိတ်ဟောင်းတွေနဲ့ မြင်မကောင်းခဲ့တဲ့ လမ်းလေးတွေရဲ့ အတိတ်
ဆိုးက ဟိုဘက်မှာ ကျန်ရစ်ခဲ့ပြီ။
 ''ဒါဖြစ်သင့်တာကြာပြီဗျ...ဘတ်ဂျက်မကျလို့တို့၊ဒီထက်အရေးကြီးတဲ့စီမံကိန်းတွေရှိလို့ဆိုတာတွေနဲ့ကျွန်တော်တို့ရပ်ကွက်လေးရွှံ့ဗွက်ထဲကမထွက်နိုင်တော့
တာ ခုတော့ဟန်ကျတယ်ဗျို့''

       သူတို့အိမ်ဘေးက စာရေးကြီးပြောတာကို သူကလည်းထောက်ခံနေမိတယ်။ လမ်းထဲကကလေးငယ် လေးတွေ စက်ဘီးစီးမလား၊ ဆောင်းတွင်းကာလ
တွေမှာကြက်တောင်ရိုက်မလား၊ဂိုးကျဉ်းဘောလုံးကစားမလား၊အားလုံးအဆင်ပြေလောက်အောင်ကိုလမ်းလေးတွေဖြစ်တည်လာတာလေ။
       '' အေးဗျာ... အားလုံးကို ကျေးဇူးတင်တယ်။ ဆိုက်ကားသမား၊ တက္ကစီသမားမဝင်ချင်တဲ့ ကျွန်တော် တို့ရပ်ကွက်ရဲ့ လမ်းကလေးတွေ အခုလိုထည်ထည်
ဝါဝါဖြစ်သွားတာ ကျေနပ်စရာပဲ။''
    သူ့တုန့်ပြန်စကားကို စာရေးကြီးက အကျေနပ်ကြီးကျေနပ်ပြီးခေါင်းတညိတ်ညိတ်လုပ်နေလေရဲ့။ အခုမှ ပေးသူ၊ ယူသူ၊ ဝယ်သူ၊ ရောင်းသူ အသံတူဖြစ်နေ
တော့တယ်။

x          x          x          x          x

       လမ်းသွယ်လေး(၆)ခုလုံးရဲ့ ကွန်ကရစ်ခင်းခြင်း အောင်မြင်ပြီးဆုံးသွားပြီးတစ်ပတ်လောက်မှာပဲ လမ်းသွယ် လေးတွေရဲ့လမ်းထိပ်မှာ အထိမ်းအမှတ်
ကပ္ဗည်းအုတ်ခုံလေးတွေလာလုပ်တာတွေ့တော့ရပ်ကွက်သူ၊ရပ်ကွက်သားတွေ အံ့သြကုန်ကြပါလေရော။သည့်ထက်ပိုပြီးအံ့သြစရာကောင်းတာကအုတ်ခုံလေး
တွေရဲ့ဗိသုကာပန်းရံဆရာကဦးစန်းဖြစ်နေတာကိုပါပဲ။ အချိန်ပြည့်ရေဒီယိုလေးနားကပ်ထားတဲ့ ဦးစန်းဆီက ကမ္ဘာ့ သတင်း၊ မြန်မာ့သတင်းအစုံကြားရတတ်
ပြီး လူထူထူရှေ့မှာ သူ့ထင်မြင်ချက်တွေ၊ သုံးသပ်ချက်တွေ အာပေါင် အာရင်းသန်သန်ပြောတတ်တော့ မျက်စိကြီး၊ နားကြီးသူလို့ ရပ်ကွက်လေးက ထင်မှတ်ထား
ခဲ့ကြတာလေ။
       ဦးစန်းရဲ့လက်ရာက အဖြူရောင်မှာ အစိမ်းအနားကွပ်၊ ကနုတ်ပန်းတွေတောင် ပါလိုက်သေးဆိုတော့ သူတို့အားလုံးမရှင်းမလင်းဖြစ်၊တီးတိုးတီးတိုး
သဖန်းပိုးလုပ်နေကြပေမယ့်လမ်းသွယ်လေးတွေရဲ့ထိပ်မှာအုတ်ခုံတွေကအခိုင်အခန့်တည်ရှိသွားကြပါပြီ။ ဦးစန်းကလည်း ခေသူမဟုတ်ပါ၊ ဝါရင့်ပန်းရံဆရာ
လောက်ကို လက်ရာကောင်းပါတယ်။ ဒါကြောင့် သူ့လက်ရာအုတ်ခုံလေးကို သမင်လည်ပြန်တော့ကြည့်မိကြတာပါပဲ။ ဦးစန်းကတော့ ကြည့်လို့မဝနိုင်
ဖြစ်နေလိမ့်မယ်လေ။
       '' ဆရာ..စဉ်းစားကြည့်ပါဗျာ''ဆိုပြီး လက်ဘက်ရည်ဆိုင်ရှင်ကပြောလိုက်၊ သူကြီးတို့၊ အကျိုးတို့ ပါတဲ့စကားပုံတွေကို ကျောင်းဆရာကရွတ်ပြလိုက်နဲ့
သူတို့စကားဝိုင်းလေးက သက်မဲ့ရုပ်ဝတ္ထုတွေအပေါ် မှတ်ချက်ပေးနေကြတယ်။
''သည်ကြားထဲဦးစန်းကတစ်မှောင့်''ဆိုတာကပါသေး။သူကတော့ဘယ်သူဘာပြောပြောမှတ်ချက်လည်းမပေး၊သုံးသပ်ချက်လည်းမပြောဘဲ အုတ်ခုံလေးကိုသာ
ငေးမောကြည့်နေမိတယ်။
 '' ကိုယ့်လူကော ဘယ်လိုထင်လဲ''
  ကျောင်းဆရာကပခုံးပုတ်ပြောတော့ ရုတ်တရက်ဘာပြောရမှန်းမသိ ဖြစ်သွားသေးတယ်။
''အင်း...သည်အတိုင်းပစ်ထားတာနဲ့စာရင်ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်လမ်းကောင်းလေးတွေဖြစ်တည်လာတာကိုကျေနပ်လိုက်ပါ။ ကိုယ်ပေးခဲ့တဲ့ ချွေးစက်တွေ အလဟသဖြစ်သွားတာမှမဟုတ်တာ။''

       သူ့စကားက ဖျောင်းဖျတာလား၊ တိုက်တွန်းတာလား၊ နှစ်သိမ့်တာလား သူလည်းရေရေရာရာ မခွဲတတ်ခဲ့ပါဘူးလေ။

(၃)
 
      အခုတော့ သူတို့ရပ်ကွက်လေးမှာ အုံးအုံးကျွတ်စည်ကားနေပြီ။သူရောသူ့ဇနီးရော၊ ကလေးတွေရော၊ အိမ်ရှိလူကုန် လမ်းပေါ်ရောက်ရှိနေကြပြီး သူတို့ကြိုရမယ့်
သူကိုမျှော်နေကြတာပါ။ လူပင်လယ်ကြီးပါပဲ။ သူ ဒစ်ဂျစ်တယ်ကင်မရာလေးကို ထုတ်ပြီး ဓါတ်ပုံတွေလျှောက်ရိုက်နေမိတယ်။ သူ့ဇနီး၊ သူ့ကလေး၊ နံဘေး အိမ်၊
ရပ်ကွက်ထဲက လူကုန် အို...အစုံပါပဲ။ ဒစ်ဂျစ်တယ်ကင်မရာ ခလုပ်ကိုတရစပ် နှိပ်နေတာဆိုတော့ သူ့ကင်မရာမီးလေး တဖျက်ဖျက်လင်းလက်လို့။  
တောင်ပေါ်သားကြီးရဲ့ သီချင်းမြိုင်မြိုင်ကြား ကနေတဲ့သူတွေ၊ ရှမ်းအိုးစည်နဲ့ကနေသူတွေ၊ ပန်းစည်းကိုင်ထားသူတွေ အလံငယ်လေးကိုင်ထားသူတွေ၊ သတင်း
ဓါတ်ပုံဖြစ်လောက်တဲ့ ပုံတွေပါပဲ။ သူ့အတွက်တော့ မှတ်တမ်းတင်အဆင့်လောက်နဲ့ ရပ်မနေတော့ဘူး။ တကယ့်ကို ပုံကောင်းတွေလို့မှတ်ထင်မိတယ်။
 ကွန်ပျူတာမှာ တင်ကြည့်လိုက်ရင်ပိုပြီးပြတ်သား ရှင်းရှင်းလင်းလင်းရှိမယ်။ လူလှိုင်းလုံးကြီးတွေကို အထုအထည်နဲ့ကိုရလိုက်တဲ့ ဓါတ်ပုံတွေလို့ သူကတွေးတယ်။
 ပုံတွေအများကြီးရပြီဆိုတော့ သူကျေနပ်သွားပြီလေ။ သူ့ကင်မရာလေးကို ပါဝါမီးပိတ် အင်္ကျီဘေးအိတ်ထဲထည့်ပြီး လမ်းထဲပြန်အဝင်မှာမြင်ကွင်းတစ်ခုကြောင့်
သူတုန့်ကနဲဖြစ်သွားပါလေရော။ ချက်ချင်းပဲ ကင်မရာကိုဆွဲထုတ်၊ ပါဝါအမြန်ဖွင့်၊ ကင်မရာခလုတ်ကို ဆက်တိုက်နှိပ်ပစ်လိုက်တယ်။ အနည်းဆုံး ဆယ်ပုံအထက်
တော့ရှိမယ်။
    ကင်မရာရဲ့မော်နီတာစခရင်မှာ ပေါ်လာတဲ့ပုံကို ကြည့်ရတာအားမရနိုင်တော့ဘူး။ ဇနီးသည်ရှာပြီး အိမ်သော့တောင်း၊ နောက်ဆုံးရိုက်လိုက်တဲ့ ဓါတ်ပုံကို
ကွန်ပျူတာမှာထည့်ပြီး ကြည့်လိုက်ချင်ပြီ။ ပုံကကောင်းမှာပါ။ အမှတ်တမဲ့ ရလိုက်တာပေမယ့် အလင်းအမှောင်၊ အနီးအဝေးပြတ်သားပြီး စာလုံးလေးတွေတောင်
ဖတ်လို့ရသွားလိမ့်မယ်ထင်တယ်။

x          x          x          x          x
       လူတစ်ယောက်၊ အရုပ်ပါ တီရှပ်အဖြူအင်္ကျီ၊ ရိုးရာလုံချည်နဲ့ နှင်းဆီနီလေးတွေ ပွေ့ပိုက်ပြီး ကြိုရမယ့်သူကိုမျှော်နေတာ။ မျက်ဝန်းကအရောင်တွေ
 လက်နေတယ်လို့ထင်ရအောင် တောက်ပလွန်းပါတယ်...။  ညောင်းလို့ထင်ပါရဲ့။ လမ်းထိပ်က အုတ်ခုံလေးကိုမှီလို့လေ။   ဘယ်သူဖြစ်မယ်ထင်လဲ။