ကျွန်တော်အချိန်သူခိုး


အဒိန္နာဒါနမှုသည် ဥစ္စာရှင်များကို အဆက်ဆက်နာလန် မထူနိုင်အောင် ဖိစီးနှိပ်စက်သော အမှုကြီးပေတည်း။ ထိုအဒိန္နာဒါနမှ ရှောင်ကျဉ်၍ အဒိန္နာဒါနဝိရတိ သီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ရတော့မည်မဟုတ်သဖြင့် အဒိန္နာဒါန ဝိရတိသီလသည် ကမ္ဘာသူ၊ ကမ္ဘာသားများကို ဆင်းရဲ ဒုက္ခမှ မုချလွတ်လပ်ခွင့်ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သီလပေတည်း။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓရုံဆရာတော်)
ကျွန်တော်ဖြတ်သန်းခဲ့သော နှစ်ကာလများမှာ မီးရထား ရုံပိုင်ဘဝနှင့် ရထားအစင်းပေါင်း မြောက်များစွာကို လက်ခံစေလွှတ်ခဲ့ဖူးပါသည်။ အချိန်နှင့်ပတ်သက်၍ အတိုး၊ အလျှော့လုပ်ခဲ့တာကို ပြန်သတိရသည်။ ကျွန်တော့်ဘူတာကို ရောက်ရှိရပ်တန့် ဆက်လက် ထွက်ခွာမည့် ရထား၏ကုန်တင်တွဲမှာ ပါဆယ်ပစ္စည်း တင်သည့်အခါ ရထားရောက်ချိန်နှင့် ထွက်ချိန်ကို အတိုးအလျှော့လုပ်ပြီး ရထားကြီးကြပ်ရေးရုံးသို့ မမှန်မကန် သတင်းပို့ပါသည်။
ရထားဆိုက်ရောက်ချိန် ၉ နာရီ ၁၅ မိနစ်ကို ၉ နာရီ ၂၀ မိနစ်ဟု တိုးပြောပြီး၊ ရထားအမှန်တကယ်ထွက်ခွာချိန် ၉ နာရီ ၃၀မိနစ်ကို ၉နာရီ ၂၅ မိနစ်ဟုလျှော့ပြောကာ အဝင် ၅ မိနစ်၊ အထွက် ၅ မိနစ် ၁၀ မိနစ်တိတိ အချိန်ခိုးယူလိုက်ပါသည်။ ကျွန်တော့်ဘူတာ ကုန်တင်ရန်သတ်မှတ်ချိန်က ၅ မိနစ်သာရှိပါသည်။ မလောက်ငပါ။ ပါဆယ်ပစ္စည်း အကုန်တင်နိုင်ဖို့က ၁၅ မိနစ်ခန့်ရမှသာ အဆင်ပြေပါမည်။ သည့်အတွက် ကျွန်တော် အချိန်ခိုးလိုက်ခြင်းဖြစ်ပါသည်။
ပါဆယ်ပစ္စည်းများများတင်ရခြင်းဖြင့် ဘူတာဝင်ငွေကောင်းသလို ဝန်ထမ်းများလည်း စိုစိုပြည်ပြည်ရှိသည်မို့ သတ်မှတ်ချိန်ထက်ပိုသောအချိန်ကို စိတ်လက်ပေါ့ပါးစွာပဲ ကျွန်တော်နှင့်အတူ စက်ခေါင်းမောင်း၊ ရထားထိန်းတို့ကပါ ပူးတွဲအချိန်ခိုးယူကြပါသည်။ ခေတ်မီနိုင်ငံများမှာလို ဘူတာတွေကို ရထားဖြတ်သန်း၊ ရပ်တန့်၊ ထွက်ခွာ စသည့် သံလမ်းပေါ်က အခြေအနေကို ကွန်ပျူတာနှင့် ဖမ်းယူမကြည့်နိုင်သေးသော်လည်း ရထားကြီးကြပ်ရေးရုံးရှိ Chart တွင် မင်နီ၊ မင်ပြာ၊ မင်စိမ်းတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်နေသည်မို့ ကျွန်တော်တို့ အချိန်ခိုးခြင်းကို ရထားကြီးကြပ်ရေးအုပ်က ထင်းထင်းလင်းလင်းသိနေပါသည်။ သည့်အတွက် ကျွန်တော်တို့က ဥပေက္ခာမပြုတတ်ပါ။ ဤသို့ဖြင့် ကျွန်တော်တို့ အချိန်တွေကို ပျော်ပျော်ကြီးခိုးယူခဲ့ဖူးပါသည်။
ကျွန်တော်တို့ခိုးခဲ့တဲ့အချိန်တွေကြောင့် ဘယ်သူတွေထိခိုက်နစ်နာသွားသလဲ ကျွန်တော် တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ပါ။ ယခု ကျွန်တော် တွေးဆစဉ်းစားမိတော့ လိပ်ပြာလွင့်မတက် တုန်လှုပ်သွားပါသည်။ ရထားစီးခရီးသည်တွေ ရထားတစ်စင်းမှာ ပျမ်းမျှအနည်းဆုံး ၆၀၀ ကျော်တော့ရှိပါလိမ့်မည်။ ကျွန်တော့်ဘူတာမှာတင် ၁၀ မိနစ်ခိုးယူလိုက်ပြီမို့ ခရီသည်ပေါင်း ၆၀၀ ကျော်၏ မိနစ်ပေါင်း ၆၀၀၀ ကျော်၊ နာရီပေါင်း ၁၀၀ ကျော်ကို ကျွန်တော်မဆင်မခြင် ခိုးယူခဲ့တာပါပဲ။
ကျွန်တော်သည် သူ့ဥစ္စာကိုခိုး၍၊ တိုက်၍၊ လုယက်၍ယူငင်ဖူးသူမဟုတ်သောကြောင့် ကိုယ့်ကိုယ်ကိုယ် အဒိန္နာဒါန သီလစင်ကြယ်သူဟု ထင်ယောင်မှားခဲ့ခြင်းသည် ယခုအခါ တက်တက်စင်အောင် လွဲပေရော့မည်။
***************
Procrastination is the thief of time
“နှောင့်နှေး၊ ဖင့်လေး၊ တုန့်ဆွဲ၊ ရွှေ့ဆိုင်းခြင်းတို့သည် အချိန်ကိုခိုးခြင်းမည်၏”ဆိုသည့် စာသားလေးကို ကျွန်တော်ဖတ်ခဲ့၊ မှတ်သားခဲ့သော်ငြား ကျင့်ကြံနိုင်ခြင်းမရှိခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် သနား၊ ညှာတာ၊ စောသေးလို့၊ ပူအိုက်လို့၊ ချမ်းလို့၊ မိုးရွာလို့၊ ဆူညံလို့၊ မီးပျက်လို့၊ ဗိုက်ဆာလို့၊ ဗိုက်ပြည့်လို့၊ အိပ်ရေးပျက်လို့၊ ပိုက်ဆံမရှိလို့ စသည်ဖြင့် နှစ်ကာလ များစွာကို ပေါ့ရှပ်ရှပ်ဖြတ်သန်းပြီး အချိန်တို့ကို ဆုံးရှုံးစေခဲ့ဖူးပါသည်။
ခိုးခြင်းနှင့်ဖြုန်းခြင်းကို ယှဉ်တွဲ၍အဓိပ္ပာယ်ဖွင့်ကြည့်ပါသည်။ “ခိုးခြင်းက ကိုယ့်အတွက်ရယူတာ၊ ဖြုန်းခြင်းက အကျိုးမရှိသုံးစွဲပစ်တာ”
သည်လိုဆိုတော့ ကိုယ့်မှာရှိတဲ့အချိန်တွေကို အကျိုးမရှိဖြစ်စေတာဟာ ဖြုန်းတာပဲလေ၊ ခိုးတာမှမဟုတ်တာ။ ခိုးတာမဟုတ်လျှင်တော့ အဒိန္နာဒါနကံမကျူးလွန်ဘူးပေါ့။ ကျွန်တော်ဖွဖွလေးတွေးပြီး ကိုယ့်ဘက်ကိုယ်ယက် ကြည့်တော့ တော်တော်လေးကို ပျော်သွားပါသည်။ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို ဖြုန်းပစ်တာ ဘာဖြစ်သေးလဲ၊ ဘယ်သူ့ထိခိုက်မှာမို့လဲ။
ကျွန်တော် White Lie ဆိုတဲ့ ဝေါဟာရသစ်ကို ကြားခဲ့ဖူးပါသည်။ မုသားချိုချိုဟု မြန်မာလိုအဓိပ္ပာယ်လှလှလေး ဖွင့်ကြပါသည်။ ကိုယ်က လိမ်ညာပြောဆိုသော မုသားစကားသည် တစ်ဖက်ကြားရသူအဖို့ စိတ်လက်ချမ်းမြေ့စေခြင်းကို ဆိုလိုသည်ဟု ကျွန်တော် နားလည်ထားပါသည်။ ရက်ပိုင်း လပိုင်းမျှသာ အသက်ရှင်ခွင့်ရှိသော လူမမား၏ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘ၊ ဆွေမျိုး စသည့် လူနာရှင်အား…
“အိမ်မှာ သက်သောင့်သက်သာနဲ့ထားပြီး မိသားစုဝင်တွေ ယုယုယယပြုစုပေးပါ၊ လူနာမှာ ဒါလိုအပ်နေတယ်။ ဆန္ဒရှိတဲ့အစားအစာလေးတွေလည်း ကျွေးပါနော်” စသည်ဖြင့် ပြောဆိုခြင်းသည်။ White Lie ဟု နားလည်မိပါသည်။
သည်လိုဆိုလျှင် White Thief ကောရှိပါသလား။ ကျွန်တော် ရှာရှာဖွေဖွေ တွေးကြည့်ပါ သည်။ ဘောလုံးပွဲတစ်ပွဲမှာ နိုင်နေသောအသင်းက ပွဲပြီးဆုံးခါနီး ဖြည့်စွက်အချိန်မှာ ဘောလုံးကို ဘေးလိုင်းဆီဆွဲပြေး၊ တစ်ဖက်အသင်းအား လုယူမရအောင် နှစ်ယောက်၊ သုံးယောက် ခန္ဓာကိုယ်ဖြင့်ကာထား၊ လက်ပစ်ဘော၊ ဂိုးအောက်ဘောဖြစ်အောင်လုပ်၊ ဘောလုံးကို စိမ်ပြေနပြေကောက်ယူ၊ ဂိုးသမားကလည်း တော်တော်နဲ့ကန်မတင်၊ အနိုင်အတွက်ရနိုင်သောနည်းလမ်းစုံဖြင့် အချိန်ခိုးယူခြင်းသည် White Thief ဖြစ်နိုင်ပါ့မလား။ ဒိုင်လူကြီး လက်မခံပါ။ အဝါကတ်ပြသတိပေးပါသည်။ ရှုံးနိမ့်သောအသင်းပရိသတ်၏ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံရပါတော့သည်။ သည်တော့ White Thief ဆိုတာ လုံးဝရှိလိမ့်မည်မထင်ပါ။
အချိန်ဖြုန်းတာနှင့် အချိန်ခိုးတာကို ခွဲခြမ်းပြီး ကိုယ့်ဘက်ကိုယ်ယက်ခဲ့သော ကျွန်တော့်အပျော်က တာရှည်မခံတော့။ ဆပ်ပြာပူဖောင်းလေးကို ဖျက်ခနဲမှာပဲ ကွဲထွက်သွားပါသည်။ ကျွန်တော်ဖြုန်းပစ်လိုက်သည့် အချိန်တွေကြောင့် ကျွန်တော်နှင့်ဆက်နွှယ်နေသော မိသားစုတွေ၊ ဆရာတွေ၊ တပည့်တွေ၊ လုပ်ငန်းတာဝန်တွေ၊ မိတ်ဆွေတွေရဲ့ ခံစားခွင့်တွေ ဆုံးရှုံးမှုရှိခဲ့ပါလိမ့်မည်။ ဘယ်သူမှမသိလိုက်တဲ့ ကိုယ့်ကိုယ်ကိုယ် ခိုးမှုကနေ စဉ်ထွက်လာတဲ့ ဆုံးရှုံးမှုတွေပဲဖြစ်ပါသည်။
ကျွန်တော်နှင့်ဆက်နွှယ်သူတို့သည် ကျွန်တော်၏ ဖင့်လေးမှု၊ အချိန်ဆွဲမှုတို့ကြောင့် ဖြစ်တန်စွမ်း၏အထွတ်အထိပ်ကို မရောက်ရှိဘဲ လမ်းခုလတ်တွင် ရပ်တန့်လိုက်ရခြင်းမျိုး ရှိခဲ့သည်ဆိုလျှင်တော့ ဆုံးရှုံးမှုတရားခံသည် ကျွန်တော်မှတစ်ပါး အခြားမရှိပြီ။ သည်သို့ဆိုလျှင် ကျွန်တော်သည် အချိန်တွေကို ဖြုန်းသူသက်သက်မဟုတ်တော့။ တစ်ပါးသူ ရပိုင်သော မျှော်လင့်ချက်။ ရည်မှန်းချက်တို့ကို ခိုးယူသူဖြစ်တော့မည်။
ညဥ့်သန်းခေါင်အမှောင်ရိပ်မှာ တိတ်တဆိတ်ချွတ်နင်းမျက်နှာဖုံးစွပ်၊ ပဝါစည်းတာမှ သူခိုးမဟုတ်။ ခိုးတာကို ခိုးတာလို့မသိ။ တစ်နည်း အကုသိုလ်မှန်း၊ ကုသိုလ်မှန်း ခွဲခြားမသိနိုင်တဲ့ အနုသယမောဟခေါ်သည့် အကြမ်းစား မောဟကြီးသူဟာ လူမိုက်၊ လူမည်း၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူတိုင်း၊ လူမှိုင်း၊ လူပျင်း၊ လူဖျင်းဟု သတ်မှတ်သည်ဆိုတော့ ကိုယ့်ပယောဂဖြင့် တစ်ပါးသူ၏ အချိန်တွေကို ဆုံးရှုံးလေလွင့်စေခဲ့ဖူးသူ ကျွန်တော်သည် “အနုသယမောဟကြီးသူ ဖြစ်မှန်း မသိ ဖြစ်နေပါပကော”
ကျွန်တော့်မှာ အပြေးအလွှားစဉ်းစားရုံမျှနှင့်ပင် တစ်ခုပြီးတစ်ခု ပေါ်လာသည်ဆိုတော့ တစိမ့်စိမ့်တွေးမိလျှင်တော့ စီကာစဉ်ကာနှင့် အတောမသတ်အောင်ရှိတော့မည်။
ဆရာသိုက်ထွန်းသက်၏ ကဗျာလေးတစ်ပိုဒ်ကို သတိရပါသည်။
“နာရီ…
နာရီသည် ခြေလှမ်းသွက်
တုံ့နှေးတွေဝေ အိပ်မမက်
နာရီကို ငါတို့ရှက်”
နာရီလက်တံများကတော့ တရွေ့ရွေ့နေပါမည်။ စက္ကန့်၊ မိနစ်၊ နာရီ လက်တံတို့က စွက်ဖက်မှုမပါဘဲ ရပ်တန့်လိမ့်မည် မဟုတ်ပါ။ နာရီတစ်လုံးကို ရပ်တန့်စေဦးတော့ နောက်ထပ်၊ နောက်ထပ် နာရီပေါင်းများစွာ ကျန်ရှိနေပါဦးမည်။ ရပ်တန့်ဖို့ငှာ မစွမ်းသာ။ ဘယ်သူက တားဆီးနိုင်မှာမို့လဲ။ အချိန်ယန္တရားကြီးကို ဘယ်သူက ချုပ်ကိုင်နိုင်မှာလဲ။
နာရီလက်တံတို့ကတော့ ခြေလှမ်းသွက်သွက်ဖြင့် တစ်ပတ်ပြီးတစ်ပတ် လည်နေပါလိမ့်မည်။ တွေဝေခြင်းအလျဉ်းမရှိပြီ။ အိပ်မက်တို့ဖြင့် ထွေပြားနေမည်မဟုတ်။ နာရီကို ကျွန်တော်တို့ရှက်ရပါတော့မည်။
***************
ကျေကျေနပ်နပ် မပေးအပ်သော သူတစ်ပါး၏ သက်ရှိပစ္စည်းကို ခိုးဝှက်ယူခြင်း၊ ဓားပြတိုက်၍ယူခြင်း၊ အာဏာဖြင့်ရယူခြင်း စသည်ဖြင့် အဒိန္နာဒါနကို လူ့ဘဝ၌ ပြုခဲ့သူသည် သေသောအခါ ငရဲ၌ဖြစ်ရတတ်၏။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓရုံဆရာတော်)
အို…ကျွန်တော်သေလွန်ပြီးသော် ငရဲဘုံသို့ ရောက်မှာလေလား။
***
ရဲသျှမ်း
(ဆရာချစ်ဦးညို၏ “အဒိန္နာဒါန” (သင့်ဘဝမဂ္ဂဇင်း)ကို ခံစားပြီး တွေး/ရေးပါသည်)

သစ်သားပေတံ

 
ကျွန်တော်တို့ ငယ်ငယ်က အဖေ့အရိုက်ခံရတာလေးကို ပြောချင်ပါသည်။ ဒီတုန်းက ကျွန်တော ၁၀နှစ် မပြည့်တတ်သေးပါ။ ညီမလေး မဂျူး၊ မစူးတို့က ၈နှစ် နှင့် ၆နှစ် လောက်စီရှိမည်။. မောင်နှမ ၃ ယောက်လုံး အရိုက်ခံရတာကတော့ မှတ်မှတ်ရရပါပဲလေ။
            ကျွန်တော်တို့အဖေက ရေဒီယိုဖွင့်တာ သိပ်ကျွမ်းကျင်သည်။ ဒီလိုဆိုတော့ ကိုယ့်အဖေကိုယ် ဂုဏ်ယူလွန်းရာ ကျနေမလားမသိ။ ကျွန်တော်ကတော့ အခုအချိန်ထိ အဖေ့လို ရေဒီယိုလိုင်းပေါင်းစုံဖွင့် တတ်သူကို မကြုံသေးပါ။ အဖေမို့ ရေဒီယိုဖွင့်ပြီဆိုလျှင် ဘယ်အချိန်ဖြစ်ဖြစ် စိတ်ဝင်စားစရာ လိုင်းတစ်လိုင်းကတော့ မိနေတတ်တာပါပဲ။ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ကုလား လိုင်းစုံ အသံစုံဖွင့်တတ်သည်။ အဲဒီနေ့က မနက် ၆ နာရီခွဲလာသည့် ရေဒီယိုလိုင်းကို အဖေဖွင့်ပြီးနားထောင် နေသည်။ လျှပ်စစ်မီးနှင့် ဖွင့်ရသည့် အဖေ့ ရှေးရေဒီယိုကြီးက ဘီရိုလေးပေါ်မှာ စနစ်တကျ တခမ်းတနား။ အဖေက အမေကိုယ်တိုင် ဖျော်သည့် လက်ဖက်ရည်ကျဆိမ့်ဆိမ့်ကို အရသာခံသောက်ရင်း ရေဒီယိုကို နားစွင့်နေသည်။ နောက်တော့ အဲ့ဒီလိုင်းပြီးသွား၍ အပိတ်တီးလုံးလာတော့ အဖေလက်ဖက်ရည်စားပွဲမှ ထသည်။ သည်မှာတင်ပဲ ……
            စားပွဲပေါ်က နံပြားထောပတ်သုတ်ကို ကျွန်တော်တို့ မောင်နှမ သုံးယောက် မတိုင်ပင်လိုက်ရဘဲ လုစားကြသည်။ ရုတ်တရက် ၀ုန်းဒိုင်းကြဲသွားတော့ အဖေက ရေဒီယိုလိုင်းညှိနေရာမှ လှည့်ကြည့်သည်။ ကျွန်တော်တို့ မောင်နှမကတော့ နံပြညးထောပတ်သုတ်ကို အလုအယက်….။
            “ဟာ… မင်းတို့ ဘယ်လိုဖြစ်နေကြတာတုန်း …. လာစမ်း .. လာစမ်း….. လက်ပိုက်ပြီးလာခဲ့စမ်း”
            ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ထောပတ်ဆီတွေ၊ သကြားမှုန့်တွေနဲ့ လက်က ပေညစ်နေပြီ၊ တစ်ဖြည်းဖြည်းနှင့် အဖေ့ဆီတိုးသွားတော့ ……..
            “အဖေစားပြီးတာ၊ မပြီးတာမသိ ………. မင်းတို့ မောင်နှမတွေ မုန့်လုစားတာ မရှက်ကြဘူးလား”
            ကျွန်တော်တို့ ၃ ယောက် ခေါင်းကိုသာ တွင်တွင်ငုံ့နေသည်။
            “ မင်းတို့ ဘာမှမစားရသေးဘူးလား”
            “စားပြီးပြီအဖေ အမေက ထမင်းကြော်နဲ့ ကော်ဖီနဲ့”
            “သမီးလည်းစားပြီးပြီ” ညီမလေးနှစ်ယောက်က ပြိုင်တူဖြေသည်။
            “သားတို့သမီးတို့ ထမင်းကြော်လည်း စားပြီးပြီ၊ ကော်ဖီလည်းသောက်ပြီးပြီ၊ ဒါကို မ၀သေးလို့ လုစားတာလား “
            ညီမလေး မစူးက ခေါင်းယမ်းပြသည်။ ကျွန်တော်က “မဟုတ်ဘူး.. အပျော်လုစားတာ”
            “အပျော်” အဖေ့အသံက ရယ်သံစွက်စွက်နဲ့မို့ ကျွန်တော်က သိပ်မကြောက်တော့
            “မင်းတို့ အဖေစားတဲ့ နံပြားထောပတ်သုတ်စားချင်ရင် အဖေ့ကိုပြော အဖေ၀ယ်ကျွေးမှာပေါ့၊ ခုတော့ မင်းတို့ စည်းကမ်းမဲ့လွန်းတယ်၊ အဖေမင်းတို့ကို ဒဏ်ပေးရမယ်”
            အဖေက ပြောပြောဆိုဆိုဖြင့် ဘီရိုလေးပေါ်မှ သစ်သားပေတံလေး ယူပြီးကျွန်တော်တို့ တင်ပါးကို တစ်ချက်စီရိုက်သည်။. သာသာဖွဖွ ရိုက်တာမို့မနာပါ။ “နောက်တစ်ခါဆို အရှိုးရာထင်အောင် ရိုက်မှာနော်” ဟုပြောအပြီးမှာ ကျွန်တော်တို့ မောင်နှမ အိမ်ရှေ့ကွက်လပ် ကလေးဆီ ပြေးသွားကြသည်။
            အဖေရိုက်တာက မနာတော့ တဟီးဟီး တဟားဟားနဲ့ ကျွန်တော်တို့ မောင်နှမ ဟီးလေးတိုက်နေကြသည်။ “ငါက နှစ်ခု၊ ငါက သုံးခု” နှင့် နံပြားထောပတ်သုတ် လုစားခဲ့တာကို ပြိုင်လိုက်ကြသေးသည်။
            ငယ်ဘ၀ရဲ့ မှတ်မှတ်ရရလေးပါ။

            ဟောဒီ ဘူတာရုံလေးကတော့ ရန်ကုန်၊ မန္တလေးလမ်းမကြီး မှာရှိသည်။ ရုံပိုင်၊ ရုံပိုင်လေး၊ လမ်းခွဲကိုင် ၄ ယောက်နှင့် သာဖွဲ့စည်းထားသည့် ဘူတာရုံသေးသေးလးပဲဖြစ်သည်။ ဒီဘူတာလေးမှာ ခရီးသည်အတက်၊ အဆင်းလည်းမရှိ။ လော်ကယ်ရထားကလည်း ဖျက်သိမ်းသွားပြီမို့ ဘာရထားမှ ရပ်တန့်ရန် သတ်မှတ်မထား။ ရထားများ တောက်လျှောက် ခုတ်မောင်း။ တစ်ခါတစ်ရံ ရထားကြီးကြပ်ရေးအုပ်က ညွှန်ကြားသည့်အတိုင်း ရထားများဆုံရန်၊ ကျော်ရန် ခနတဖြုတ် ရက်ရုံမှလွှဲ၍ ရထားအားလုံး တောက်လျှောက်ခုတ်မောင်းရသည့် သွားလာရေးသက်သက် ဘူတာလေးပဲဖြစ်သည်။ ခရီးသည် မရှိ၊ ကုန်ပစ္စည်း အတင်အချမရှိသည့် ဘူတာမို့ ဘူတာဝင်ငွေလည်းမရှိ ပါးရှားလွန်းတာမို့ ၀န်ထမ်းများ စိုးထိတ်သည့် ဘူတာလေးလို့ ဆိုနိုင်ပါသည်။
            ဒီတော့ ဒီဘူတာလေးကို ရောက်လာသည့် ဘူတာဝန်ထမ်းများကို တိုင်းအရာရှိများက တစ်နှစ်သာ ထားပေးပြီး ခရီးသည်၊ ကုန်စည် စည်ကားရာ ဘူတာကြီးများသို့ ပြောင်းပေးကြပါသည်။ အပြောင်းရမီ တစ်နှစ်ကတော့ ဒုက္ခ၊ သုက္ခတွေ တစ်ပွေ့တစ်ပိုက်။ ဒါကြောင့်လည်း ဒီဘူတာလေးမှာ ရုံပိုင်၊ ရုံပိုင်လေး ၂ ယောက် တစ်လှည့်စီ ၁၀ ရက် တစ်ဂျူတီ ဆင်းပြီး အားရက်တွေမှာ မိသားစုအတွက် ရုန်းကန်ကြဖြင့် တစ်နှစ်တာ အချိန်လေးကို နွမ်းမောစွာဖြတ်သန်းကြရသည်။ ချို့တဲ့သော ဘူတာရုံလေးနှင့် ချို့တဲ့သော အစုအဖွဲ့ကလေးဟု ဆိုနိုင်ပါသည်။
            ခုတော့ ဒီဘူတာလေးကို ကျွန်တော်က လာဆင်းပေးနေရပြီ။ အမြဲတမ်း တာဝန်ကျ ရုံပိုင်လေးကိုအောင်စိုး ခွင့်ယူသွားသည်မို့ ကျွန်တော့်မှာ တာဝန်ကျရာ ဘူတာကြီးမှ လာဆင်းပေးရခြင်း ဖြစ်သည်။ ကျွန်တော်က ခေတ္တလာဆင်းရသူ ပီပီ စားအိုး၊ စားခွက်မပါ၊ ဆင်းပေးရမည့် ၁၀ ရက်တာအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆေးလိပ်၊ ပဲခြမ်း၊ လက်ဖက်တို့ကို ဇနီးသည်က ပြည့်ပြည့်စုံစုံ ထည့်ပေးလိုက်သည်။ ကျွန်တော်ပါသည့် ရိက္ခာအားလုံးကို “ကိုရေး” အပ်လိုက်ရုံဖြင့် ကျွန်တော့် စားရေးကိစ္စကပြီးပြီ။
            ကိုရေးဆိုတာက ဒီဘူတာရုံလေးကို တွယ်တာ၊ သံယောဇဉ် ရှိသည့် ဆည်ကန်ရွာသားတစ်ယောက်ပင် ဖြစ်သည်။ ဆည်ကန်က ဘူတာရုံလေးနှင့် တစ်မိုင်ခန့်ဝေးသည်။ ဟိုးအရင် ရုံပိုင်အဆက်ဆက် ၏ လက်စွဲအဖြစ် ကိုရေးက အရေးပါနေခဲ့သည်။ ရွာမှာ လယ်လေး၊ ယာလေး၊ အမွေရထားတာရှိပေမယ့် ကိုရေးက သူများကို သီးစားပေးပြီး ဘူတာလေးရဲ့ ၀န်ထမ်းလိုင်းခန်းမှာ ကုပ်ကပ်နေသည်။ မိသားစုပါ ခေါ်လာပြီး အခြေချသည်။ မသိသူကတော့ ကိုရေးကို ၀န်ထမ်းဟုပင် ထင်သည်။ ထင်ရလောက်အောင်လည်း ကိုရေးက လုပ်တ်ကိုင်တတ်သည်။ ရထားသွင်း၊ ထုတ်၊ ပိုင်းလော့လုပ်၊ တစ်ခါတစ်ရံ ဘီးပူတွဲဖြုတ်ရှန်တိန်တောင် စနစ်တကျ ၀င်လုပ်ပေးနိုင်သည်။ တွဲချိတ်၊ တွဲဖြုတ်၊ အချက်ပြအားလုံးကို သင်တန်းဆင်းလမ်းခွဲကိုင် တစ်ယောက်လိုကျွမ်းကျင်သည်။ ရုံပိုင်ကလည်း အားကိုးရ၊ လမ်းခွဲကန်ုငတွေကလည်း သက်သာဆိုတော့ ကိုရေးကို အားလုံးခင်တွယ်နေသည်။
            ပြီးတော့ ကိုရေးက အိုးသူကြီးပါ လုပ်လိုက်သေးသည်။ ရုံပိုင်အပါအ၀င် လမ်းခွဲကိုင် အားလုံးရဲ့ ထမင်းဟင်း ကိစ္စကို ကိုရေးက စီစဉ်ချက်ပြုတ်ပေးသည်။ မိသားစုမပါသော ၀န်ထမ်းများအတွက် စားသောက်ရေး ကိစ္စက ကိုရေး၏ စီမံခန့်ခွဲမှု အောက်မှာနေတော့၊ ကိုရေးချက်ပြုတ်ကျွေးတာစား၊ အထွန့်မတက်။
            ကိုရေးကလည်းရှင်းသည်။ အားလုံးအတွက် ရှိတာလေးနှင့် လောက်ငှမျှတအောင် စီစဉ်ပေးရတော့ ပုံစံနှင့်ပဲ ကျွေးသည်။ ရုံပိုင်ကြီး ဟင်းပိုမရ၊ ကိုယ်တာ (Quota) ထက်မပို။
            ၅ အဆန်အမြန်ရထားတစ်ဖက် ဘူတာက ချဉ်းကပ်ခွင့်တောင်းတာကို ခွင့်ပြုလိုက်ပြီး တခြားတစ်ဖက်ဘူတာသို့ တောက်လျှောက် ဆက်လက်စေလွှတ်နိုင်ရန်အတွက် လမ်းရှင်းခွင့်ပြုချက် ရယူလိုက်သည်။ အ၀င်၊ အထွက် လမ်းရှင်း အပေးအယူအချက်အလက်များကို သက်ဆိုင်ရာ စာအုပ်အသီးသီးတွင် ဖြည့်ပြီး လမ်းရှင်း ကြိမ်ကွင်းမှာ လမ်းရှင်းစာရွက်ချည်ပြီး ဘူတာနံရံထောင်ထားချိန် လမ်းခွဲကိုင် ကိုကျော်ကြီးက ကြိမ်ကွင်းကြီးကို ဆွဲယူပြီး ရထားလာရာဖက်ဆီ စိုက်စိုက် စိုက်စိုက်ဖြင့် ထွက်သွားသည်ကို ငေးရင်း ဘူတာတွင်း ပြန်အ၀င်မျာ ကိုရေးက ထမင်းပွဲလာချသည်။ ထမင်းတစ်ပန်းကန်၊ ကြက်ဥတစ်ခြမ်းက ခရမ်းချဉ်သီး ရေပေါလေထဲမှာ ပက်လက်။ ငရုတ်သီးကြော် ၃၊၄ တောင့်က ထမင်းပေါ်မှာ…..။
            ကျွန်တော် ကြာက်ဥတစ်ခြမ်းကို တစ်ဝက်ပိုင်းလိုက်သည်။ ထမင်းကိုလည်း တစ်ဝက်ပိုင်းလိုက်သည်။ ကြက်ဥတစ်စိတ်၊ ထမင်းပန်းကန်ဝက်၊ ငရုတ်သီးကြော် ကျွန်တော့်ညစာ….၊ ကျွန်တော် ရောင့်ရဲနိုင်ပါသည်။ တစ်ဖက်ဘူတာမှ ရထားထွက်ချိန် ပေးတော့ ထမင်းစားခြင်းကိစ္စလည်း ပြီးပြီ၊ ရထားကြီး အန္တရာယ် ကင်းရှင်းစွာ တောက်လျှောက် ခုတ်မောင်းနိုင်ခြင်း အချက်ပြ ပြသရန် ဓါတ်မီးနှင့် ကော်ပြားအစိမ်းပိုင်းလေးယူပြီး ဘူတာစကြံင်္သို့ ထွက်လာလိုက်သည်။
            ရထားကြီးတောက်လျှောက် ခုတ်မောင်းသွားပြီး ရထားထိန်းတွဲ ဘူတာလေးကို ဖြတ်ကျော်ပြီးချိန်မှာ ဘူတာထဲပြန်ဝင်ပြီး တစ်ဖက် ဘူတာနှင့် ရထားကြီးကြပ်ရေးရုံးသို့ ဖုန်း၊ စက်ဖြင့် ထွက်ခွာချိန်ပေး၊ ရထားစေလွှတ်လိုက်သော ဘူတာသို့ ရောက်သတင်းပေးပြီး ချိန်မှာ စားပွဲလေးဆီအကြည့်ဝေ့တော့ ထမင်းပွဲလေးမရှိတော့ ကိုရေးသိမ်းသွားပြီထင်သည်.။
            လမ်းခွဲကိုင် ကိုကျော်ကြီး ရထားကြီး စက်ခေါင်းမှ ပြန်ပစ်ချခဲ့သော လမ်းရှင်း ကြိမ်ကွင်းကြီး ကိုင်လျက် ဘူတာထဲ ၀င်လာရင် “ဆရာ ထမင်းစားပြီးပလား” အမေးကို ခေါင်းညိတ်ရာမှ “ကိုကျော်ကြီးလည်း သွားစားတော့လေ …. ခဏနေ ၃ အဆန်လာတော့မှာ” ပြောအပြီးမှာ ကိုကျော်ကြီး ဘူတာနောက်ဖက် ကိုရေးတို့ အိမ်ခန်းဘေးဆီ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။
“မင်းသက်သက် လူပါးဝတာ ဖျံကျတာ အချင်းချင်းလုပ်ဖို့ မကောင်းဘူး။”
“ဟာကွာ …. ငါတောင်းပန်ပါတယ်၊ ရုံပိုင်လေးကြားသွားရင် မကောင်းဘူး”
“ကြားကြားကွာ … မင်း အကျင့်သိသွားတာပေါ့”
ဘူတာနောက်ဖေး ကိုရေး အိမ်ခန်းလေးဆီမှ စကားများရန်ဖြစ် သံများကြားသောကြောင့် ကျွန်တော် ပြေးသွားလိုက်သည်။ လမ်းခွဲကိုင် ကိုကျော်ကြီးနှင့် ကိုသန်းဦးတို့ နှစ်ယောက် ထိုးကြိတ်ကြမယ့် အခြေအနေသို့ ရောက်နေကြပြီ။
“ဟာ ……. ဘာဖြစ်ကြတာလဲ ရပ်ကြစမ်း”
ကျွန်တော့် ဟိန်းဟောက်သံကြောင့် လမ်းခွဲကိုင်ကြီးနှစ်ယောက် ခပ်ခွာခွာဖြစ်သွားသည်။ ဘက်ထရီမီး မှိန်မှန်အောက်မှာ ကိုကျော်ကြီးမျက်နှာက မကျေနပ်ချက်များနှင့် ခပ်ထန်ထန်၊ ကိုသန်းဦး ကတော့ မသိမသာ ခေါင်းငုံ့ထားသည်ကို တွေ့ရသည်။
“ခင်ဗျားတို့ဗျာ၊ ကြီးကောင်ကြီးမားနဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေဖြစ်ပြီးတော့ ရန်ထဖြစ်ရတယ်လို့ … ကဲကဲ ပြောပါဦး ဘယ်လိုဖြစ်တာလဲ”
      ကျွန်တော့အမေးမှာ ငေါက်ငမ်းသံများ ပါနေပါမည်။ မတတ်နိုင် လက်အောက်ဝန်ထမ်း နှစ်ယောက် ရန်ဖြစ်သည့် ကိစ္စကိုတော့ ထိထိရောက်ရောက် ဖြေရှင်းပေးမှရမည်။ သွားလာရေးဝန်ထမ်းတွေမို့ အငြိုးအတေးများနှင့် အလုပ်တွဲဖက်လုပ်လျှင် အန္တရာယ်ရှိနိုင်သည်။
            “ကဲ….. ကိုသန်းဦးစပြော” ကိုသန်းဦး ခေါင်းငုံ့နေရာမှ မော့သည်။
            “ဒီတစ်ခေါက် ဘူတာဆင်းရတော့ ကျွန်တော်ဘာမှ ပါမလာဘူးဆရာ၊ အိမ်အတွက်လည်း ဘာမှ ရေရေရာရာ လုပ်မပေးနိုင်ခဲ့ဘူး ….. ဒီကောင် ကျော်ကြီးဆီက ကပ်စားရမှာ ခုတော့ ဒီကောင်ကလည်း ဗလာပဲ”
            “ဟုတ်တယ်ဆရာ ဘယ်လိုမှ အဆင်မပြေတော့ ကျွန်တော်လည်း လက်ချည်းထွက်လာခဲ့တာ”
            ကိုကျော်ကြီးက စိတ်ပြေသွားဟန်ရှိသည်။ စောစောက ဒေါသတွေမရှိတော့ လေသံကမခက်ထန်တော့။            “ဒီတော့ ဆရာရယ် ကိုရေးကလည်း ဆရာ့အတွက်သာ ဟင်းတစ်ခွက် မယ်မယ်ရရချက်ပြီး ကျွန်တော်တို့ အတွက်တော့ ချဉ်ပေါင်၊ ကန်စွန်းရွက်နဲ့ လယ်ထဲက နှိုက်လာတဲ့ ဂဏန်းလုံးပြုတ်နဲ့ ကျွေးတာပေါ့ … “ ကိုသန်းဦး စကားမဆုံးခင်မှာပဲ။
            “မတင်းတိမ်ဘူး ဆရာ” ကိုကျော်ကြီး ပြောပြီး ခေါင်းငုံ့သွားသည်။
            “ဆရာလည်း …….. ဒါကို ရိပ်မိနေတယ်ထင်တယ်၊ ဆရာ့ထမင်းပွဲ တစ်လှည့်စီ သိမ်းကြေးလေ၊ နေ့လည်က သန်းဦး သိမ်းပြီးပြီ …… ညနေ ကျွန်တော့အလှည့် အခုတော့ ကျွန်တော့ ပွိုင့်ဆီသွားတုန်း ဒီကောင် ထမင်းပွဲယူသိမ်းသွားတာ “
            ကျွန်တော် ထိတ်ကနဲ ဖြစ်သွားပြီး ကိုသန်းဦးကို ကြည့်မိတော့ ကိုသန်းဦး ခေါင်းငုံ့လျက်သား ………
            “ကျွန်တော် ဂဏန်းလုံးနဲ့ ချဉ်ပေါင်ရွက်ပြုတ် ဘယ်လိုမှ မျိုမကျလို့ပါဆရာရယ်” တုန်ခါနေသော စကားသံမှာ ရှိုက်သံတို့ ရောစွက်လို့နေသည်။

            ကျွန်တော်တို့ မောင်နှမငယ်ငယ်က အဖေ့လက်ဖက်ရည်စားပွဲပေါ်က မုန့်လုစားခဲ့တာကို ပြန်သတိရသည်။ အဖေက သစ်သားပေတံလေးနှင့် ကျွန်တော်တို့ မောင်နှမကို ဖွဖွလေးရိုက်ခဲ့သည်။ ကျွန်တော်တို့ ပျော်ခဲ့ကြသည်။ အခု ကျွန်တော် ကိုကျော်ကြီးနဲ့ ကိုသန်းဦး တို့ ရန်ဖြစ်တာကို အရေးယူ ဒဏ်ပေးရပါမည်။ အဖေ့လိုပဲ ပေတံလေးနဲ့ ဖွဖွရိုက်ရင်တော့ ကြားလို့မကောင်းဖြစ်မည်။ ဒါပေမယ့် သူတို့ ပျော်သွားအောင် အဖေ့လိုပဲ ပေတံလေးနဲ့ ဖွဖွလေးရိုက်ကြည့်ချင်ပါသည်.။

ရဲသျှမ်း 
(ဘူတာရုံကလေး ၀တ္ထုတိုစုစည်းမှု မှ)

ဆု


“၁”

ပြီးပြည့်စုံသော ပြက္ခဒိန်တစ်ခုမှာ နိုဝင်ဘာလဆိုတာရှိမည်။ အဲ့သည်လမှာ ၆ ဆိုသော ရက်ကလေး ရှိမည်။  ရက် ခုနစ်ရက်မှာ  နိုဝင်ဘာ ၆ သည် တစ်နှစ်နှင့် တစ်နှစ်ကွဲလွဲမည်ဖြစ်သော်လည်း ၄နှစ်တစ်ကြိမ်မှာ မွေးနေ့၊ မွေးလ၊ မွေးရက်တစ်ထပ် တည်းကျစေသော ပြက္ခဒိန်တီထွင်သူ နက္ခတ္တဗေဒပညာရှင်တို့၏ ဖော်မြူလာကို ကျွန်တော်က အံ့သြနေတတ်ပါသည်။

သည်နှစ်မှာ ၆ နိုဝင်ဘာနှင့် သောကြာနေ့တစ်နေ့ထဲ မကျသော်လည်း စနေနေ့ဖြစ်နေသည်ကိုက တစ်မျိုးကောင်းပါသည်။ ကျောင်းပိတ်သော သား ရဲဝဏ္ဏနှင့် သမီး နရီလှိုင်း တို့ကိုပါ ခေါ်လျက် မိသားစုဘုရား တက်ဖြစ်သည်။ ယခင်နှစ်တွေတုန်းက မိသားစုဘုရားသွားခဲ့သော်လည်း ကျောင်းပြန်တက်ရမည့်သားနှင့်သမီး ကြောင့် ဘုရားမှာကြာမြင့်စွာမနေခဲ့ရ။ ပုဆိန်ပေါက်ဦးချ ဂြိုဟ်ပြေနာမ်ပြေမှာ သက်စေ့ရေပူဇော်တော့လည်း ဖြေးဖြေးညင်ညင်သာသာမဟုတ်တော့ သင်္ကြန်ရေပက်သလိုကိုဖြစ်ခဲ့သည်ဟု ထင်ရသည်။ ဟော သည်နှစ် မှာတော့ အေးအေးဆေးဆေးပဲ ဘုရားဖူး၊ ဆွမ်းတော်၊ ပန်းကပ်၊ ရေသပ္ပာယ်၊ ရွှေသင်္ကန်းကပ်၊ ပါလာသည့် လက်ကိုင်ဖုန်းလေးဖြင့် မိသားစုတစ်လှည့်စီ ဓာတ်ပုံရိုက်ကြနှင့် အချိန်တွေ အများကြီး ပေးနိုင်ခဲ့သည့်အပြင် သူငယ်ချင်းမိတ်ဆွေများဆီ ဖုန်းမက်ဆေ့ခ်ျပို့၊ မန္တလေးရှိ မောင်နှမတွေဆီ ဖုန်းဆက်ဖြစ်သည်။ မန္တလေးရှိ အဖေ့ဆီ ဖုန်းဆက်တော့ ညီမအငယ်က ဖုန်းကိုင်သည်။ အသံက အိပ်ချင်မူးတူး။

“ဟေ့ … အိပ်တုန်းလား ငါ့မွေးနေ့ဘုရားလာကြတာလေ နင်တို့မေ့နေတာမဟုတ်လား ”

ကျွန်တော့်အသံက လန်းဆန်းတက်ကြွနေသော်လည်း တစ်ဖက်ဖုန်းအသံက လေးပင်လွန်းလှသည်ဟု ထင်သည်။

“အင် ..ဖုန်းဘဲမြည်လို့သာ ကိုင်လိုက်ရတာ အိပ်ချင်နေတုန်းပဲ။ ညက အိပ်ရေးပျက်တယ်ဟ။ အဖေ့ကို ထထကြည့်ရတာ၊ အိုက်တယ်ဆိုပြီး စွပ်ကျယ် ချိုင်းပြတ်နဲ့နေ၊ ပန်ကာတွေ ထဖွင့်နဲ့ လုပ်ချင်လုပ်တာ။ငါတို့ သတိတစ်ချက် လစ်တာနဲ့ နောက်နေ့ အဖေ အအေးမိရော။ မနည်းချော့မော့ပြီး တီရှပ်ဝတ်ပေး၊ ပန်ကာ Speed လျှော့ပေးနဲ့ အိပ်ပျော်တဲ့အထိ စောင့်လုပ်ရတာ။””

ဟုတ်ပါလိမ့်မည်။ အဖေက ၈၆ နှစ်ထဲ ရောက်လာပြီ။ ကလေးငယ်လေး တစ်ယောက်လို ပန်းပွင့်လေး တစ်ပွင့်လို ဖြစ်သွားပြီ။ အထိအခိုက် မခံနိုင်တော့။ သို့သော်လည်း စိတ်ကတော့ဖြင့် တစ်ပြားသားမှ မလျော့၊ သူဖြစ်ချင်တာ ခံစားရတာကို အထိန်းအကွပ်မရှိ ထုတ်ဖော် ပြသချင်စိတ်က လွန်လွန်ကဲကဲ ရှိသည်ဟု ထင်သည်။ တကယ်တမ်းကျတော့ အဖေ့မှာ ဘာရောဂါမှ ကြီးကြီးမားမားမရှိ၊ အမေ့တုန်းကသာ အသည်းကင်ဆာနှင့် ၈၅ နှစ် မှာ ကွယ်လွန်ခဲ့သည်။ လူ့သက်တမ်းစေ့ နေနိုင်ခဲ့သော်လည်း ၁ နှစ်ခန့်အတွင်းမှာ အမေဝေဒနာကို အလူးအလဲ ခံခဲ့ရသည်။

“သူ့ဖာသာသူလည်း ရောဂါနာမည် တပ်တယ်ဟ။ အသက်ကြီးတော့လည်း နည်းနည်းပါးပါး ဖြစ်တာပေါ့ အဖေရယ်လို့ မမသန်းကပြောမိတာ နင်တို့ငါ့ကိုသေတော့မယ့် အဖိုးကြီးဆိုပြီး ပြောတာမဟုတ်လား ဘာညာ ပြောပြီး ပေါက်ကွဲတော့တာ …။ အဖေနဲ့ပြောဖို့စကားလုံးတွေကို တော်တော် စဉ်းစားယူရတယ်။ စာရေးဆရာ နင့်ထက်တောင် ပိုကျွမ်းနေပြီ ဟဲဟဲ ”

ညီမလေးအရယ်က သိပ်တော့ အသက်မ၀င်ဟု ထင်သည်။

“နေအုံး …မိဆွေကလည်း ပြောအုံးမယ်တဲ့”

ညီမလေးကဖုန်းကို တူမလေးတစ်ယောက်ထံ လက်လွှဲလိုက်ပြန်သည်။

“လေးလေး …ဘဘက အထီးကျန်သလို ခံစားနေရတာ အားလုံးက သူ့အလုပ်နဲ့သူဆိုတော့ ဘဘနဲ့က သိပ်စကားမပြောဖြစ်ဘူး။ အဲဒါသူ့ကို ပယ်ထားတယ် ငါကအိုပယ် ဖြစ်နေပါပြီဆိုပြီး သမီးတို့ကို ပြောတာ အခုတော့ သမီးတို့လည်း ဘဘကို စကားမရှိ စကားရှာပြော ဟာသတွေလုပ်နဲ့ဆိုတော့ ရယ်ရယ်ပြုံးပြုံး ဖြစ်သွားပြန်ရော”
“ကျေးဇူးတင်ပါတယ်သမီးရယ်…လေးလေးတို့က အဝေးကနေ ကိုယ်တတ်နိုင်သလောက်လေး ကန်တော့တာနဲ့ပဲ ပြီးသွားတာ၊ သမီးတို့ကသာ ခြေဆုပ်လက်နယ် ပြုစု စောင့်ရှောက်တာလေ၊ လေးလေးတို့ လစဉ်ကန်တော့တာထက် သမီးတို့က ကုသိုလ်ရပါတယ်။  ကျေးဇူးတင်ပါတယ်ကွယ်။ အဖိုးအဖွား၊ အမိအဖ၊ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ရတဲ့ မြတ်သောစိတ်ကြောင့် ဘ၀အခြေလှကြမှာပါ။””

ကျွန်တော့်စကားက တူမလေးရင်သို့  စူးဖောက်ဝင်ရောက်ဟန် တူသည်။ တစ်ဖက် ဖုန်းသံက တော်တော်နဲ့ ထွက်မလာ၊ ဖုန်းကျသွားသည် အထင်ဖြင့် ဟဲလို ဆိုတော့

“ကြားတယ် လေးလေး။ လေးလေးလည်း ၀န်ထမ်းဘ၀ လစာ မလောက်မငတဲ့ ကြားထဲက ဘဘကို လစဉ်ကန်တော့တာ သမီးတို့ ရတဲ့ ကုသိုလ်ေ လေးလေးလည်း ရမှာပါ၊ အပြန်အလှန် မျှဝေလိုက်တာပေါ့။ အိုကေ လေးလေး ဘဘအတွက် မပူနဲ့”

တူမလေးမိဆွေ ဖုန်းချသွားတော့ သက်ပြင်းမောလေး ချမိသွားသည်။ အဖေ့မွေးနံထောင့် ကြာသပတေး ဂြိုဟ်မင်းရောက်လျှင်ဖြင့် ရေ ၈၆ ခွက် သပ္ပာယ်ရဦးမည်။နောက်နှစ် ၈၇ …နောက် ၉၀ ၊နောက် ၁၀၀ ကြုံချင်ပါသည်လေ။

အရှေ့ဘက် ဓာတ်လှေကားမှ ပြန်ဆင်းလာတော့ မိသားစု စုံညီနံနက်စာ စားဖို့စိတ်ကူးသည်။

“ကဲ မွေးနေ့အမှတ်တရ မုန့်ကျွေးမယ် ကြိုက်တဲ့ဆိုင်ပြော”

သားနဲ့သမီးက “ဖေဖေ့သဘော” ဟု ပြောချိန်မှာ ဇနီးသည်က ဂဏန်းပေါင်းစက်ကို စိတ်နှင့် နှိပ်နေပြီ ထင်သည်။

“မောနင်းစတားလောက်ပဲ ကောင်းပါတယ် သိပ်လည်း မဝေးဘူး အိမ်ကို လမ်းလျှောက်ပြန်လို့ ရတယ်”

နံနက်ခင်း ကန်တော်ကြီးပတ် လမ်းလျှောက်ပြန်သူတို့ နှင့် စည်ကားတတ်သော တိရစ္ဆာန်ရုံထောင့်က ဆိုင်၏  ကျယ်ဝန်း သပ်ရပ်မှုကို ကျွန်တော်ကလည်း သဘောကျနှစ်မြို့တာမို့ မောနင်းစတားကိုပဲ ရွေးချယ်ပြီး တက္ကစီတစ်စီး ငှားလျက် ရောက်သွားတော့သည်။

မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုပ်၊ ပလာတာ၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် တစ်ယောက်တစ်မျိုး မှာလျက် ကျွန်တော်တို့ စားပွဲဝိုင်းလေး စည်စည်ဝေေ၀ ဖြစ်သွားပါသည်။ စားသောက်စရာအစုံ ရောက်လာပြီး မြီးရှည် မုန့်ဖတ်များကို ၀ါးတူလေးဖြင့် ကျွန်တော်သမအောင် မွှေနေချိန်မှာ ဇနီးသည်က
“အကို..ဟိုမှာကြည့်စမ်း” ဆိုပြီး မေးကလေး ဆတ်ပြသည်။

အို…လှပသော၊ လင်းလက်သော၊ အရောင်အသွေးစုံသော ပန်းချီကားတစ်ချပ်ပါပဲ။ အသက် ၉၀ နီးပါးရှိ အမေအိုကြီးကို သားလုပ်သူက ပလာတာနှင့် ပဲလေးတို့ပြီး အမေကြီးပါးစပ်ဆီ အညင်အသာ ခွံကျွေး၊ အမေကြီးကလည်း ပြုံးပြုံးလေးနှင့် တမြုံ့မြုံ့၊ သားဖြစ်သူ ကမ်းပေးသည့် တစ်သျူးလေးကို နမ်းပြီးမှ ပါးစပ်ရှိ ပဲပြုပ်အစအနလေးတွေကို တို့သုတ်နေသည်။ ကျွန်တော် လက်ကိုင်ဖုန်း၏ မီနူးလေးကို နှိပ်ပြီး ကင်မရာဆက်တင်ကို ဖွင့်လိုက်သည်။

“အို… အကိုကလည်း ဓာတ်ပုံရိုက်မလို့ မဟုတ်လား။ ခွင့်မတောင်းဘဲ ရိုက်လို့ ကောင်းပါ့မလား။ ဒီအတိုင်းလေး ကြည့်ကောင်းပါတယ်။ ဓာတ်ပုံရိုက်လိုက်မှ အမေကြီးတို့ သားသမီး ရှက်သွားပါဦးမယ်။”

ဇနီးသည် အပြောကြောင့် လက်ကိုင်ဖုန်းလေးကို မသိမသာ အိတ်ထဲ ပြန်ထည့်မိသည်။ သားနှင့်သမီးက ကျောပေးထားရာကနေ ခေါင်းလှည့်ကြည့်သည်။

“ကဲ .. အဲသလို ဖေဖေတို့မေမေတို့ အိုမင်းမစွမ်း ဖြစ်တဲ့အခါ မင်းတို့ ပြုစုမှာလား”

“ဟင် ဖေဖေကလည်း အဲ့သည့်အရွယ်ထိ နေချင်သေးလို့လား”

သားစကားကြောင့် ကျွန်တော် အထိတ်တလန့် ဖြစ်သွားသည်။ သားပြောသလို အဲသည့်အရွယ်ထိ ကျွန်တော်တို့ နေခွင့်သာသည့်အခါ နေချင်သေးတာပဲလား။ သတ္တ၀ါအားလုံးက မိမိ၏အသက်ကို ရနိုင်သလောက် ဆွဲဆန့်ချင်တာပဲ မဟုတ်လား။ အကြောင်းအမျိုးမျိုးကြောင့် Suicide လုပ်တာက လွဲရင်ပေါ့၊ ကျွန်တော့်မှာ မြီးရှည် ဆက်စားဖို့ အာရုံမရှိတော့ စဉ်းစားစရာတွေ ဖြစ်ကုန်ပြီ။

“ဟုတ်ပါပြီ ..ဖေဖေတို့အဲသည့် အသက်အရွယ်ထိ မနေချင်သော်လည်း နေရပါပြီတဲ့ မင်းတို့ကရော မနေစေချင်ဘူးလား။ ဘာမှ မစွမ်းဆောင်နိုင်တဲ့ လူပိုကြီးလို့ မြင်ယောင်တာလားကွာ” ကျွန်တော့်အသံတွေက နည်းနည်း တိမ်ဝင်သွားသည်ဟု ထင်ပါသည်။

“နင်ကလည်းဟာ… ဘာတွေ ပြောမှန်းမသိဘူး။ ဖေဖေတို့ စိတ်မကောင်းအောင်” သမီးက သူ့မောင်ကို ခပ်အုပ်အုပ် ဆူသည်ကို ကျွန်တော် ကြားဖြစ်အောင် ကြားသည်။ သည်အချိန်မှာပဲ အမေကြီးတို့ သားအမိ စားသောက်ပြီး၍ ဆိုင်က ထွက်ဖို့ပြင်သည်။ အသက် ၆၀ ခန့် သားက အသက် ၉၀ ခန့် အမေကြီးကို တယုတယ ဖက်ပြီး ဖေးဖေးမမဖြင့် သူတို့၏ စူပါစလွန်းကားဖြူလေးထဲ ရောက်သွားတော့သည်။

“ဒါကလဲ ပိုက်ဆံရှိတာ၊ မရှိတာနဲ့ ဆိုင်လိမ့်မယ် ဖေဖေ။ တစ်နေ့လုပ် တစ်နေ့စား မွေးထားတဲ့ သားသမီးတွေ အများကြီးနဲ့ ဖရိုဖရဲ ဖြစ်နေရင်တော့ အဲသလို လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့ အမေကြီးကို သားလုပ်သူကလည်း အပြည့်အ၀ လုပ်ပေးနိုင်မယ် မထင်ဘူး။ စိတ်ချ ဖေဖေ သားချမ်းသာရင်တော့ ဒီမြင်ကွင်းမျိုးက စာဖွဲ့စရာ မဟုတ်ပါဘူး”

“ဒါပဲ… သားယောက်ျားလေးတွေက မွေးရကျိုး မနပ်တာ”

ဇနီးသည်က သားဖြစ်သူ အဖြေကို ကျေနပ်ဟန်မတူ။ အထိုက်အလိုက် ဖြေတာကိုပဲ သဘောကျချင်ပုံ ရသည်။

“သားပြောတာလည်း ဟုတ်နေတာပဲကွ။ ဒါတွေ အားလုံးဟာ ဓနဥစ္စာချည်းပဲတော့ မဟုတ်ဘူးပေါ့။ မေတ္တာ အဲဒါကတော့ မရှိမဖြစ်ပါကို ပါမှရမယ်”

“ဟုတ်တာပေါ့ ဖေဖေရယ်။ ချစ်ခြင်းမေတ္တာက အဓိကပါ၊ သူ့ကို  Support  လုပ်ပေးနိုင်ဖို့က ဓနဥစ္စာတော့ အထိုက်အလျောက် ကြွယ်ဝရမယ်။ မပူပါနဲ့ ဖေဖေ၊ မေမေတို့သာ အသက် ၉၀၊ ၁၀၀ ရောက်အောင်နေပေး”

သမီးက ရယ်ရယ်မောမော ပြောရင်းက လက်ကျန် ကော်ဖီခွက်ကို မော့နေသည်။

“အားလုံးက ကံတရားအတိုင်း ဖြစ်လာတာပါ။ ဓနဥစ္စာ ကြွယ်ဝတိုင်းလည်း မရဘူး၊ မေတ္တာတရားချည်းပဲလည်း မရဘူး၊ မျှော်လင့်တိုင်းလည်း မဖြစ်ဘူး၊ ကျွန်မကတော့ ဘာမှ ကြိုမတွေးဘူး။ ဘုရားမှာ ဆုတောင်းတာတောင်မှ အသက်ရှင်ခွင့် ရသခိုက် သောက အပူအပင်မရှိ ငြိမ်းအေးစွာ နေရပါလို၏လို့ ဆုတောင်းတာ”


မျက်ခုံးလေး ပင့်ပင့်ပြောသော ဇနီးသည် မျက်နှာကို ကျွန်တော် ငေးမောကြည့်နေမိသည်။ အိုမင်းမစွမ်း ဘ၀ကို ကျွန်တော် တွေးကြောက်သွားတာမလားဟုလည်း ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေမိပြန်ပါသည်။ သေချာတာကတော့ မနက်ဖြန်ဆို ကျွန်တော့်အသက် တစ်နှစ်တိုးသွားပြီလေ။
…………………………………………………………………….

“၂”

လခထုတ်ရက်တိုင်းမှာ အဖေ့ကို ကန်တော့သော ငွေကြေးအနည်းငယ်သည် လည်းကောင်း၊ ခြေဆုပ်လက်နယ်ဖြင့် ပြုစုယုယသည့် ညီမလေးများနှင့် တူမလေးများ၏ မေတ္တာသည် လည်းကောင်း၊ အိုမင်းမစွမ်းတော့ပြီ ဖြစ်သော ဖခင်ကြီးထံ သက်ရောက်ပါစေသတည်း။ ထို့အပြင် လစဉ်ကန်တော့နိုင်သော ဥစ္စာငွေကြေးနှင့် ညီမလေး၊ တူမလေးများ၏ မေတ္တာသည်လည်း မခန်းမခြောက် ရှိပါစေသတည်း။ ရွှေတိဂုံမှာ မတောင်းခဲ့သောဆုကို အိမ်ဦးခန်းဘုရားမှာ အခုတော့ ကျွန်တော် မမေ့မလျော့ နေ့စဉ် တောင်းရတော့မှာပါလေ။


ရဲသျှမ်း

အိပ်တန်းပျောက်တဲ့ ငှက်

ကျွန်တော်တို့ နေထိုင်တဲ့ ရပ်ကွက်ရှိ အိမ်ကလေးတွေ အကြောင်း ပြောပြချင် ပါတယ်။ ရပ်ကွက်လေးက လမ်းသွယ် ၆ လမ်းနဲ့ ဖွဲ့စည်းထားတဲ့
ရပ်ကွက်ငယ်လေး ဖြစ်ပေမယ့် အိမ်ကေ လးတွေကတော့ ကျပ်သိပ်ပြွတ် ခဲနေတာပါ။ ၀န်ထမ်း ရပ်ကွက်လေးမို့ အိမ်တွေက ပုံစံတူလေးတွေ ဖြစ်ရပေမယ့် ရသမျှ မြေလေးပေါ်မှာ အဖီချ ချဲ့ထွင်ထားတာမို့ ပုံစံ အမျိုးမျိုး ဖြစ်နေပြီး အိမ်အရေအတွက် ကလည်း စာရင်းပေါက်ထက် များတော့တာပါပဲ။ ရပ်ကွက် ကလေးကို သန်းခေါင်စာရင်း ကောက်ယူရင်တော့ မူးနေအောင်ကို ကောက်ယူ ရမယ် ထင်ပါရဲ့။

ရပ်ကွက်လေးကို လမ်း မကြီးတစ်ခုက ပိုင်းခြားထား ပါတယ်။ သည်တော့ လမ်း မတန်းဘေး အိမ်ကလေးတွေ နဲ့ အတွင်းပိုင်းအိမ်ကလေး တွေရဲ့ကြားမှာ ခံစားခွင့် လာဘ်လာ ဘလေးတွေလည်း ပြောင်းလဲကုန်တာပေါ့။ လမ်း မတန်းဘေး အိမ်ကလေးတွေရဲ့ ချဲ့ထွင်ထားတဲ့ အိမ်အဖီလေး တွေက ဆိုင်ခန်းတွေဖြစ်ကုန် ကြပါရော။ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ သစ်သီး ပွဲရုံ၊ ငါးပိငါးခြောက်ပွဲရုံ၊ ကုန် ခြောက်ဆိုင်၊ အအေးဆိုင်၊ စာအုပ်ဆိုင်၊ တိပ်ခွေဆိုင်၊ ဆံပင်ညှပ်ဆိုင်နဲ့ PCO ဖုန်း ဆိုင်လေးတွေအပြင် ဂိမ်းဆိုင်၊ ဘိလိယက်ခုံတို့တောင် ရှိပါတယ်။ ဒီဆိုင်လေးတွေကို ၀န်ထမ်းတွေ ကိုယ်တိုင် ဖွင့် တာတော့ မဟုတ်ပါဘူး။ လခစားဝန်ထမ်းဆိုတော့ ငွေပို ငွေလျှံလည်း မရှိတာမို့ ဆိုင်တစ်ဆိုင် ဖြစ်တည်နိုင်တဲ့ ဓန အင်အားက သေးသေးမွှား မွှားလေးပါ။ ဒါကြောင့် ငွေ ဖြစ်မြန်တဲ့ ဆိုင်ခန်း အငှားချ တာကိုပဲ လွယ်လင့်တကူ လုပ်လိုက်ကြတာပါပဲ။ စို့စို့ ပို့ပို့လေးရတော့လည်း ကိုယ်အနေ ကျပ်တာကို မေ့ထား လိုက်နိုင်တာပဲပေါ့။

လမ်းမတန်းဘေး အိမ်ကလေးတွေက ဆိုင်ခန်းငှား တာလေးတွေနဲ့ စိုပြည်သလို အတွင်းဘက် အိမ်ခန်းလေး တွေကလည်း အိမ်ငှားတွေနဲ့ အထိုက်အလျောက် အဆင် ပြေကြပါတယ်။ ခြေတံမြင့် အိမ်ကလေးတွေဖြစ်တာမို့ အိမ်အောက်မြေကြီးကို ကပ် ကြမ်းခင်း ပြီးတော့တောင် ငှားကြပါသေးတယ်။ တချို့ကတော့ ပုံသေအိမ်ငှား မထားဘဲ တည်းခိုခန်းငယ်လေးတွေ ဖွင့်ထားပါတယ်။ ကျော တစ်ခင်းစာနေရာ ကျဉ်းကျဉ်းလေးက တည်းခိုခန်း ကြီးတွေပေါ် တက်မနေနိုင်တဲ့သူတို့ အဖို့ သက်သောင့်သက်သာ နတ်ဘုံနတ်နန်း ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ သူတို့လည်း အဆင်ပြေကြတာပါပဲ။

မိုး ချုပ်ချုပ် ၀င်လာတဲ့ ရထားဆင်း ခရီးသည်တွေကို ရွှေ ကြို လုပ်တဲ့ ကလေး၊ လူကြီး အများကြီး ရှိပါတယ်။ တည်းခို အိမ်လေးတွေဆီ ပို့ပေးရုံနဲ့ နေ့တွက်စည်တာမို့ ရထား ဆိုက်ချိန်မှာ ခရီးသည်တွေ ကြား “နားမလား၊ တည်းမလား”ဆိုတဲ့ လူခေါ်သံတွေက အလုအယက်။ တက္ကစီ ဒရိုင်ဘာတွေရဲ့ ခရီးကြိုသံ တွေကိုပါ ဖြည့်စွက်လိုက်တဲ့ အခါ ဘူတာကြီးက ရထား ဆိုက်ချိန်မှာ ရှုပ်ထွေးစီညံနေ ပါတော့တယ်။

ညနေဘက် ခြေခင်း လက်ခင်းသာချိန် မိုးလေ ကင်းလွတ်တဲ့ အခါ ကျွန်တော်တို့ ရပ်ကွက်ကလေးရဲ့ လမ်းမတန်းဟာ အလွန် စည်ကား ပါတယ်။ ရပ်ကွက်ထဲကနေ လမ်းမတန်းပေါ် အန်ကျလာ တဲ့လူတွေကို ကြည့်ရင်း ကြည့် ရင်းမှာပဲ ကျွန်တော့်မှာ အံ့သြလို့ နေပါတော့တယ်။ ရပ်ကွက်လေးထဲမှာ လူတွေ သည်လောက်များလား။ ကလေးတွေလည်း များတာပဲ။ ခွေးလေ ခွေးလွင့်တွေလည်း များတာပါပဲ။

လမ်းမပေါ် အန်ကျလာတဲ့ သူတွေရဲ့ ဒီဇိုင်းတွေကလည်း အရောရော အထွေးထွေးနဲ့ အရောင်စုံ အသွေးစုံ လှပါတယ်။ မြစ်ဝ ကျွန်းပေါ်နဲ့ အညာဘက်ကနေ လာရောက်ပြီး ဈေးရောင်းလုပ် ကိုင်စားသောက်နေတဲ့ သူတွေရဲ့ ၀တ်စား ဆင်ယင်မှုနဲ့ ရပ်ကွက် လေးထဲက ရွာနေပြည်နေထိုင် သူတို့ရဲ့ ၀တ်စား ဆင်ယင်မှုက သိသာ ခြားနားလွန်းပါတယ်။

ဂျင်းဘောင်း ဘီကျပ်ကျပ်၊ အင်္ကျီပြောင်လက်လက် ကျပ်ကျပ်၊ နားကွင်းဆွဲ၊ နား ကပ်ပန်ထားပြီး ကော်ရေ လိမ်းထားတဲ့ ဆံပင်ကို အမောက် ထောင်ပြီး လမ်းမပေါ်ရှေ့ နောက်လျှောက်။ လက်ဖက် ရည်ဆိုင်မှာ သီချင်းနားထောင်၊ ညပိုင်းလာမယ့် ဘောလုံးပွဲ အကြောင်း ဟောင်ဖွာဟောင်ဖွာ ပြောနေတဲ့ သူတွေကတော့ ရပ်ကွက်လေးရဲ့ အမာခံလေး တွေပဲ ဖြစ်ပါတယ်။ မိန်းကလေး ငယ်ငယ်လေးတွေက လည်း စကတ်တို၊ ဘောင်း ဘီတို သူ့ထက်ငါ တိုအောင်ဝတ်၊ လည်ပင်း အ၀ိုက်အဟိုက် ပိုပိုသာ သာလေးနဲ့ စက်ဆွဲ ဆံပင် တခါခါလုပ်ပြီး တိပ်ခွေ ဆိုင်လေးတွေမှာ ခွေရွေးရင်း၊ တုတ်ထိုးစားရင်း၊ အကင်စားရင်း ဟန်ရေးပြနေ ကြတာကလည်း မော်ဒယ်လ်ရှိုး တစ်ခုလို့ ထင်မှတ်မှား လောက်ပါတယ်။

မြို့ထဲနဲ့ နီးတဲ့အပြင် ကား၊ ရထားစီးရ လွယ်ပြီး ဈေးရောင်း၊ ဈေးဝယ်နဲ့ တခြား လုပ်ကိုင်စားသောက် ရတာ လွယ်တာရယ်၊ အိမ် ကလေးတွေမှာ ကပ်ရပ် ငှားနေထိုင်ရတဲ့ ကုန်ကျစရိတ် လူးသာလွန့်သာ ရှိတာရယ် စတဲ့ အားသာချက်တွေကြောင့် ရပ်ကွက်လေးမှာ အိမ်ငှား နေထိုင်သူတွေ ကြွယ်ပိုးကြွယ်ဝ ဖြစ်လာတာ ဆန်း တော့မဆန်းပါ။ ဘ၀တွေ အများကြီး ပိုက်ပွေ့ထားတဲ့၊ ဖရိုဖရဲ ၀ါကျတွေနဲ့ တည်ဆောက်ထားတဲ့ ရပ်ကွက် လေးကို ဆရာမြသန်းတင့် ဘာသာပြန် တော်တီလာ ဖလက်နဲ့ ခိုင်းနှိုင်းရင်လည်း ကျွန်တော့်ဘက်ကတော့ ကျေနပ်စွာ ခံယူလိုက်မှာပါပဲ။

ကျွန်တော့်အိမ်လေးက လမ်းမတန်းကို ထောင့်မှန် ပြုထားပြီး လမ်းသွယ် ၃ ဖက် ကို မျက်နှာစာ လှည့်ထားတာမို့ ကုန်ခြောက်ဆိုင်နဲ့ စတိုးဆိုင်လေးကို အငှား ချထားနိုင်ပေမယ့် ကျွန်တော့် ဘေးခန်း ကတော့ လမ်းသွယ် အတွင်းထဲ ရောက်သွားတာကြောင့် ဆိုင်ခန်းငှားလို့ မရပါ။ သည်တော့ ရပ်ကွက်လေးရဲ့ သမားရိုးကျ စီးပွားရေး ဖြစ်တဲ့ အိမ်ခန်းငှားခြင်း အမှုကိုသာ ပြုထားပါတယ်။ ဘေးကွက်လပ် မြေပိုလေးမှာ ၈ ပေ ပတ်လည် အခန်းလေး ၃ ခန်း ဖွဲ့စည်း လိုက်နိုင်တာနဲ့ အဲသည့် အိမ်ကလေးရဲ့ တစ်လ ၀င်ငွေက အိမ်ထောင်ဦးစီး ၀န်ထမ်းရဲ့ လခထက် လျော့လိမ့်မယ် မထင်ပါဘူး။
အိမ်ဘေး အခန်းက လူ ငှားတွေ ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်က စပ်စပ်စုစု မလုပ်ပေမယ့် မိန်းမတစ်ယောက် ကုန်စိမ်းတောင်းကြီး ရွက်ပြီး ထွက်သွားလိုက်၊ ယောက်ျားသား တစ်ယောက်က ရာသီပေါ်သီးနှံတွေဖြစ်တဲ့ ကျွဲကောသီး၊ သြဇာသီး၊ ငှက် ပျောသီး၊ နာနတ်သီး စတဲ့ သစ်သီးဆိုင်း ထမ်းပြီး ထွက် သွားလိုက်နဲ့မို့ အညာဘက်က ဒါမှမဟုတ် မြစ်ဝကျွန်း ပေါ်ဘက်နေ လာရောက်နေ ထိုင် ဈေးရောင်းတဲ့သူတွေလို့ တော့ ကောက်ချက်ဆွဲနိုင် ပါတယ်။ ကုန်စိမ်းသည်နဲ့ သစ်သီးသည်ကလည်း လင် မယားလား၊ သတ်သတ် စီလား၊ သားသမီးတွေ ရှိလား၊ မြစ်ဝကျွန်းပေါ် ဘယ်အရပ်ကလဲ၊ အညာဒေသ ဘယ် အရပ်ကလဲ ကျွန်တော် စိတ်မ၀င်စားပေမယ့် ကျွန်တော့် ဇနီးသည်ကတော့ ရပ်ကွက် လေးထဲက အမျိုးသမီး ဆံပင် အလှပြင်ဆိုင်မှာ တစ်လ တစ်ခါ ဆံပင်တိရင်း နာရီဝက်ခန့် အချိန် ပေးလိုက်တာနဲ့ သတင်း အပြည့်စုံကို စုဆောင်း လိုက်နိုင်ပါတယ်။

အခုလည်းပဲ ကျွန်တော့် ဘေးခန်းက အဖီလေးမှာ နေတဲ့ သစ်သီးသည် ယောက်ျားနဲ့ ကုန်စိမ်းသည် အမျိုးသမီးက လင်မယား ဖြစ်ပြီး မြစ်ဝ ကျွန်းပေါ်မြို့လေးတစ်မြို့ (ဇနီးက မြို့နာမည်ကို မေ့သွား ဟန် တူပါတယ်။)က။ အမေ အိုကြီးတစ်ယောက် ရှိတယ်။ အဲ့သည် မိန်းမရဲ့အမေ။ နောက် သူတို့မှာ သားလေး တစ်ယောက် ရှိတယ်။ ကောင်လေး နာမည်က မင်းခန့်တဲ့။ ၁၀ နှစ် ကျော်ကျော်လောက် ရှိမယ်။ ကျောင်းထားပေးထားတယ်။ ယောက်ျားက ဆူးလေဘက်မှာ သစ်သီးရောင်းပြီး မိန်းမက သိမ်ဖြူဈေးထဲမှာ ကုန်စိမ်းရောင်းတာ။ အခု အမေကြီးက တော်တော်လေး နေမကောင်း ဖြစ်နေပြီး ဆေးရုံ တင်ထားရတယ်။ ဘယ်သူမှလဲ သွားမကြည့် ကြဘူး ဆိုတဲ့ သတင်းကို ယူလာတဲ့ အပြင်-
“အစ်ကို၊ အဘွားကြီးက သေမှာလား မသိဘူးနော်။ သေရင် ဘယ်လို လုပ်မလဲ။ သဂြုင်္ိဟ်တာက နာရေး ကူညီမှု ရှိလို့ အဆင် ပြေဦးတော့ ရက်လည်ဆွမ်း ဘယ်မှာ လုပ်မှာတုံး”
ဆိုပြီး ဇနီးသည်က ရှာရှာဖွေဖွေ အတွေး ပေါက်တာကို ကျွန်တော့်မှာ ရယ်ရ အခက် ဖြစ်နေတဲ့ အပြင် သူမေးတဲ့ ပုစ္ဆာကို အဖြေထုတ် ကြည့်တော့ ရှုပ်ထွေး ခက်ခဲ နက်နဲ လွန်းနေပါတယ်။
တစ်ရက်မှာတော့...
“အစ်ကိုရေ၊ ဟိုဘက်ခန်းက အဖီလေးမှာ ငှားနေတဲ့ ကုန်စိမ်းသည် မိန်းမရဲ့ အမေ ကြီးလေ ဆေးရုံက ဆင်းလာပြီ သိလား။ ကောင်းသွားလို့လား၊ ဒီအတိုင်း ဆင်းချ လာတာလား မသိဘူး။ အဲဒါ အိမ်ရှင်က လက်မခံလို့တဲ့။ အဲ့သည်မိန်းမ သူ့မောင်ရှိတဲ့ မြောက်ဒဂုံကို သွားပို့လေရဲ့”
ရုံးကပြန်ရောက်လို့ အိမ်ပေါ်တက်စ ရှိသေးတယ်၊ ဇနီးသည်က စက်ရပ်သတင်း ဦးကို ဖောက်သည်ချလေရဲ့။
“ဘာဖြစ်လို့ အိမ်ရှင်က လက်မခံရတာလဲကွာ”

“အို... အစ်ကိုကလည်း၊ အဘွားကြီးက အခြေအနေ ကောင်းတာမဟုတ်ဘူး။ မတော် သူတို့အိမ်ပေါ် သေ သွားမှာကို ကြောက်လို့ နေမှာပေါ့”
“ဒါဆိုလည်း၊ မနေဘဲ တခြားမှာ သွားရှာနေပေါ့”

ကျွန်တော် မကျေနပ် သံစွက် မာဆတ်ဆတ် အပြောကို ဇနီးက “အ ရန်ကော”ဆို တဲ့ပုံစံနဲ့ ခနိုးခနဲ့ ဖွဖွ ရယ်ပါ တော့တယ်။
“ဘယ်မှာ သွားငှားလို့ ရမှာလဲ။ ဒီလောက် ပိုက်ဆံနဲ့က ဒီနေရာလေးက အဆင် ပြေဆုံးပဲလေ။ ဟိုဘက်ခြမ်းမှာကလည်း ပြည့်ညပ်နေတာကို”
အသက် ၈၀ ကျော် အမေအို တစ်ယောက်ရဲ့ နေ၀င်ချိန် ဘ၀နေနည်း အကျည်းတန် လှတာကို ကျွန်တော့်မှာ စိတ်မကောင်းလွန်းစွာ ရင်ထဲမှာ နင့်နေပါတော့တယ်။
“အမေကြီး သူ့သား ငယ်ဆီမှာ ကိုယ်စိတ်ချမ်းသာ နေပျော်ပါစေ”ဆိုပြီး မဆီမဆိုင် ဆုတောင်းနေမိပါ သေးတယ်။

အိမ်ထဲမှာ ပူအိုက် လွန်းတာမို့ ကျွန်တော်တို့ လင်မယား အိမ်ရှေ့ကွက်လပ် ကလေးမှာ ပလတ်စတစ်ခုံ တစ်လုံးစီနဲ့ ထိုင်ရင်း ကျွန်တော်က ဓာတ်ခဲ ရေဒီယို လေးဆီက လာတဲ့ သတင်းကို စိတ်ဝင်တစား နားထောင်နေ ချိန်မှာ ဇနီးသည်ကတော့ ခြင်ဖမ်းဘက်တံ တစ်ချောင်းနဲ့ ခြင်တွေကို တဖြောင်းဖြောင်း ဖမ်းသတ်နေပါတယ်။
“ဟယ်- အစ်ကို၊ ဟိုမှာ ရပ်လိုက်တဲ့ တက္ကစီပေါ်က ဆင်းလာတာ ဘယ်သူလဲ သိလား၊ အဲဒါ ကျွန်မ ပြောတဲ့ အမေကြီးလေ”

ဇနီးက ကျွန်တော့် လက်မောင်းပုတ် သတိပေးတော့ ကျွန်တော် ကားဆီကို အကြည့်ရွှေ့လိုက်ပါတယ်။  ဟောဗျာ၊ မနေ့ ညနေကမှ မြောက်ဒဂုံမှာရှိတဲ့ သားငယ်ဆီ ရောက်သွားတယ် ဆိုတဲ့ အမေကြီး အခု ပြန်ရောက်လာပြီ။ ကျွန်တော့်ဆုတောင်း လွဲ ချော်သွားသလား မသိတော့ပါ။ ကားဆရာက အမေကြီး လက်မောင်းကိုတွဲပြီး ကားပေါ်မှ ချပေးရင်း သူ့ခြေလှမ်း တွေက ကျွန်တော့်ဆီ ဦးတည် လာနေပါတယ်။

“ဒီမှာဗျာ၊ မြောက်ဒဂုံ ကနေ ကျွန်တော့် ကားငှားပြီး အဲသည် အမေကြီးကို လူ တစ်ယောက် တင်ပေးလိုက်တယ်။ အမေကြီးသားလို့ ပြောတာပဲ။ ကျွန်တော့်ကို မြေပုံပါ သေသေချာချာ ဆွဲပေးလိုက်တာ။ သူ့အစ်မ ရှိတယ်လို့ ပြောပြီး တင်ပေး လိုက်တာ၊ ကားခတော့ ပေးလိုက်ပါတယ်”

ပြောပြောဆိုဆိုနဲ့ သူ့ ကားဆီ ပြန်သွားတဲ့ ကားဆရာလေးကို ကျွန်တော် ဘာပြော ရမှန်း မသိအောင်ကို ကြောင် အသွားပါတော့တယ်။ အမေ ကြီးကို တွဲခေါ်ပြီး နံဘေးအိမ်ကို လိုက်ပို့ လိုက်ရမလား၊ ဒါမှမဟုတ် မသိလိုက်မသိ ဘာသာဘဲ နေလိုက်ရမလား။ ကျွန်တော် တွေးတွေးဆဆ လိုလို၊ တွေဝေတာလိုလို ဖြစ်နေချိန်မှာ ကျွန်တော့်ဇနီး ရုတ်တရက်ထပြီး နံဘေးခန်း အိမ်ရှေ့ပေါက် ကနေသွား အော်ပါတော့တယ်။

“မင်းခန့်၊ မင်းခန့်၊ နင်တို့အဘွား ပြန်လာပြီ။ လမ်းထိပ်မှာ သွားခေါ်”
အို... အံ့သြစရာပါပဲ။ နံဘေး အိမ်ကနေ ဘာသံမှ ထွက်မလာတဲ့ အပြင် မီးတွေ ပါ မှိတ်သွားပါတော့တယ်။

“အဲဒါ တမင်လုပ်တာ။ အမေကြီးတော့ မှုန်တိမှုန်မွှား တုန်ချည့်ချည့်နဲ့ မသွားတတ်၊ မလာတတ် ဒုက္ခ ရောက်တော့မှာပဲ”

“မင်းကလည်းကွာ၊ သိပ်စိတ်မပူပါနဲ့။ အမေကြီး သမီးနဲ့ သမက် ဈေးရောင်းက ပြန်မလာသေးလို့ နေမှာပေါ့။ ဟိုကလေး ပေါက်စက ဘာတတ်နိုင်မှာမို့လဲ”

ဇနီးကတော့ ဗျစ်တောက်ဗျစ်တောက်နဲ့ မကျေမနပ် ဖြစ်နေပါတော့တယ်။ အမေကြီးကတော့ လမ်းထိပ် အုတ်ခုံလေးပေါ် ထိုင်ရင်း ကြွပ်ကြွပ်အိတ် ကလေး ပိုက်ပွေ့ထားပြီး ကျီးကြည့်ကြောင်ကြည့်နဲ့ မျက်စိ လည်နေဟန် ရှိပါတယ်။

“လူလေးတို့ရယ်၊ အမေကြီး သမီး ဒီနားမှာရှိပါတယ်။ နေ့လယ်ဆိုရင်တော့ မှတ်မိ ပါတယ်။ မြေးလေးလည်း ရှိတယ်။ မြေးလေးနာမည်က မင်းခန့်တဲ့။ အဲဒါ ခေါ်ပေး ကြပါ”

လမ်းသွယ်လေးထဲ ၀င်လာတဲ့ သူတွေရဲ့လက်ကိုဆွဲပြီး တစာစာပြောနေတဲ့ အမေကြီး အသံက တုန်ယင်ပြီး ငိုသံ ရောစွက်နေပါပြီ။
“ဟိတ်- မင်းခန့်တို့ အဖေနဲ့ အမေ၊ ခင်ဗျားတို့ လူ မဟုတ်ဘူးလား။ ဘာကိစ္စ ပုန်းနေကြတာလဲ၊ ထွက်ခဲ့”
ဟာ... ကျွန်တော့် ဇနီးက ပွဲကြမ်းနေပါပြီ။ ကျွန်တော် မနေသာတော့။ သူ့လက်ဆွဲပြီး ကျွန်တော့် အိမ်လေးထဲ အတင်းတွန်းပို့ လိုက်ပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ အနေအထားမို့ လမ်းထဲက လူတွေ ထွက် ကြည့်တော့ နံဘေး အိမ်ခန်းလည်း မနေသာတော့ဘူး ထင်ပါရဲ့။ အိမ်ရှေ့မီးလေး လင်းလာပါတယ်။

နောက်တော့ အမေကြီး သမက် ထွက်ချလာပြီး-“တောက်”တစ်ချက်ပြင်းပြင်း ခေါက်ရင်း အမေကြီး လက်ကိုဆွဲကာ ဘူတာကြီးဘက်ဆီ ထွက်သွားပါတော့တယ်။

အချိန်စောသေးတာမို့ မြို့ပတ်ရထားတွေ မသိမ်းသေးပါဘူး။ မြို့ပတ်ရထား တစ်စင်းစင်းနဲ့ အမေကြီးကို သူ့သားငယ်ဆီ ပြန်ပို့မှာလား။ တခြား တစ်နေရာရာကို ပို့လိုက်မှာလား။ အမေကြီး သမီးက သူတို့ အိမ်ခန်းလေး ထဲမှာ မရှိတာလား၊ ရှိလျက်နဲ့ ပုန်းနေတာလား။ အိမ်ရှင်တွေက ဖိအား ပေးလိုက်သလား။ အဘွား ကြီး ခေါ်ထားရင် ခင်ဗျားတို့ ပါမနေနဲ့လို့ ပြင်းပြင်းထန်ထန် ပြောလိုက်သလား။

ကျွန်တော့် ရင်ထဲမှာတော့ လားပေါင်းများစွာနဲ့ ပဟေဠိတွေ ရှုပ်ထွေးနေပါ တော့တယ်။ လမ်းထဲကလူ တွေလည်း ကျွန်တော့်လိုပဲ တွေးနေကြမှာပါ။ နောက်တော့လည်း ကျွန်တော် အပါအ၀င် အားလုံး ကိုယ့်အိမ်ခန်း လေးတွေဆီ သက်ပြင်းကိုယ် စီချရင်း ၀င်သွားကြရတော့ တာပါပဲ။
၂။
ကျွန်တော် ဘယ်လိုမှ အိပ်မပျော်တော့ဘူး။ အိပ်ပျော်ဖို့ ကြိုးစားနေရတာကိုက တော်တော် ပင်ပန်းလှတယ်။ ၁၊ ၂၊ ၃၊ ၄ ရေတာရော၊ ဂုဏ်တော် ရွတ်တာရော၊ ၀င် လေထွက်လေ မှတ်တာရော စုံနေပေမယ့် ကျွန်တော့်အာရုံ မှာက သမက်နဲ့ ပါသွားတဲ့ အမေကြီးရဲ့ ရုပ်ပုံပဲ ထင်ဟပ် နေတယ်။ ကျွန်တော် အိပ်မပျော်သလို ကျွန်တော့် ဇနီးလည်း အိပ်မပျော်ဘူး ထင်ပါရဲ့။ သက်ပြင်းချသံ တိုးတိုးကို ကျွန်တော် ကြားနေရ တယ်။

“ဂီး...”
ဟော- ငှက်တစ်ကောင်ရဲ့ ကြောက်မက်ဖွယ် အော်သံက တိတ်ဆိတ်နေတဲ့ ညဥ့်ယံကို ဖောက်ခွဲ လိုက်ပါတယ်။
“အစ်ကိုရယ်၊ ငှက်ဆိုး ထိုးသံ မဟုတ်လား။ နိမိတ် မကောင်းလိုက်တာ”

ကျွန်တော့်ဇနီးအသံက တုန်ယင်နေရှာတယ်။
“ငှက်ဆိုး၊ ဒါဟာ ငှက်ဆိုး မဟုတ်ဘူး။ အိပ်တန်း ပျောက်နေတဲ့ ငှက်တစ်ကောင်ရဲ့ ထိတ်လန့် တုန်လှုပ်စွာ ငိုကြွေးလိုက်တဲ့ ကြေကွဲဖွယ် အသံပါကွယ်”
ကျွန်တော် ပြောပြီးမှာတော့ ဇနီးဆီက သက်ပြင်းချ သံက သည်တစ်ခါ တိုးတိုး ဖွဖွ မညင်သာတော့ဘူး။
“ဂီး... ဂီး”
ငှက်တစ်ကောင်ကတော့ အိပ်တန်း ပျောက်နေဆဲ ပါလေ။

ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)

အမျက်ဆူး


ကျွန်တော့ ဒုရုံပိုင်ချုပ် ရုံးခန်းလေးထဲကို ၀င်လာတဲ့ သူ့ကို ကျွန်တော် ချက်ချင်းပဲ မှတ်မိလိုက်ပါတယ်။
ကျွန်တော် ရုံပိုင်လေး ဘ၀က တွဲလုပ်ခဲ့ဖူးတဲ့ ရုံပိုင်ကြီးပဲလေ။ ကျွန်တော် ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ပါ။ “ကျွန်တော် အငြိမ်းစား ရုံပိုင်ကြီးပါ။ ပြည်ကို ဒီနေ့ ထွက်မယ့် ရထားလက်မှတ် လေးစောင်လောက် ကူညီပါ။ ကျွန်တော်ကတော့ ၀ယ်မစီးတော့ဘူး ဒီအတိုင်း ပြောစီးပါ့မယ်” သူ ကျွန်တော့်ကို မမှတ်မိဘူးလား။ သူ မမှတ်မိတာကိုပဲ ချော်လဲရောထိုင် လိုက်ရမလား။ ဒါမှမဟုတ် အတိတ်ကို နှိုးဆွ နှုတ်ဆက်လိုက်ရမလား။ “ရုံပိုင်ကြီး ထိုင်ပါဦး။ ကျွန်တော့ အဆင်ပြေအောင် စီစဉ် ပေးပါ့မယ်” သူ တန်းလျားလေးပေါ် ထိုင်နေချိန်မှာ သူ့သွင်ပြင်ကို ကျွန်တော် အသေးစိတ်လေ့လာ နေမိပါတယ်။ သူ တော်တော့်ကို နွမ်းလျအိုစာ နေပါပြီ။

ကျွန်တော့်ကိုတော့ သူ မှတ်မိဖို့ ကောင်းပါတယ်။ တစ်ဘူတာတည်းမှာ လနဲ့ချီ အတူ တာဝန် ထမ်းဆောင်ခဲ့ဖူး သူတစ်ယောက်ကို မေ့လျော့သွားတာ ကျွန်တော် နားလည်ရ ခက်နေပါတယ်။ တကယ်ပဲ မမှတ်မိတော့တာလား၊ မမှတ်မိ ချင်ယောင်ဆောင်နေ တာလား သူမှပဲ သိမှာပါ။ အခုတော့ သူ ကျွန်တော့်ကို မမှတ်မိဘူးလို့ပဲ ကောက် ချက်ချရတော့မှာပါပဲ။ သူ မမှတ်မိတော့ပေမယ့် သူနဲ့ ကျွန်တော့်ဆက်နွှယ်မှု အားလုံးကိုတော့ ကျွန်တော်က အသေးစိတ် မှတ်မိနေပါ တော့တယ်။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်က တိတိကျကျ ပြောရရင် ၁၉၉၃ ခု၊ ဇွန်လမှာ တောင် ပေါ်ဒေသ ရထားလမ်းရဲ့အစ မြေပြန့်ဘူတာလေးမှာ ကျွန်တော် ဒုရုံပိုင်အဖြစ် ခေတ္တ တာဝန်ထမ်းဆောင် နေရပါတယ်။ အမြဲတမ်း တာဝန်ကျ ဒုရုံပိုင်က ရထား မတော်တဆမှုနဲ့ ရာထူးက ရပ်စဲထားရတဲ့ အတွက် ကျွန်တော်က ဘူတာကြီးကနေ လာဆင်း ပေးရတာပါ။ ရုံပိုင်ကြီးက အခု ကျွန်တော့် ရှေ့တန်းလျားလေးပေါ် ထိုင်နေတဲ့ သူပါပဲ။


အဲဒီအချိန်က အောင်ပန်း-ပင်လောင်းလမ်း ဖောက်နေချိန်မို့ ကျွန်တော် တာဝန်ကျ ဘူတာလေးမှာ သံလမ်းတွေ အပြောင်းအရွှေ့ လုပ်ရပါတယ်။ သင်္ဘောကြီး တွေနဲ့ ရောက်ရှိလာတဲ့ သံလမ်းတွေကို ရန်ကုန်ကနေ မြေပြန့် တွဲတွေနဲ့ ကျွန်တော်တို့ ဘူတာ လေးကို ရောက်လာပါတယ်။ အဲဒီသံလမ်းတွေကို တောင် ပေါ်တွဲလို့ ခေါ်တဲ့ ဘရိတ် ကိရိယာ အပြည့်အစုံတပ်ဆင် ထားတဲ့တွဲပေါ် ပြောင်းတင် ရပါတယ်။ တောင်ပေါ်တွဲ အဆင်သင့် မဖြစ်သေးတဲ့ အခါ မြေပေါ်ပုံ ရပါတယ်။ ဘူတာရှေ့မှာ“သစ်ကွင်း” လည်း လုပ်ထားတာမို့ ကုမ္ပဏီ အသီးသီးက သစ်လုံးမျိုးစုံ လည်း စုပုံထားပါတယ်။ မြေပြန့်တွဲပေါ်က သံလမ်းတွေ ချပြီးတဲ့ အခါ သစ်လုံးတွေ ပြန် တင်ပြီး တစ်ခေါင်းချိတ်(စက်ခေါင်း အပိုင်ထား သစ်တင် တွဲ အားလုံး ချိတ်ဆွဲ)နဲ့ ထွက်ခွာရတာ ဖြစ်ပါတယ်။
ဒီတော့ ဘူတာလေးက အရမ်း အလုပ်များပါတယ်။ အလုပ် များသလို အဘက် ဘက်ကလည်း အဆင်ပြေ လှပါတယ်။ သံလမ်းတွေ တင်ထားတဲ့ မြေပြန့်တွဲတွေ ဘူတာကို ရောက်လာတာနဲ့ သစ်လုံးတင်တဲ့ ကလပ်လို့ ခေါ်တဲ့ ကဏန်း လက်မစက် ယန္တရားကြီးတွေနဲ့သံလမ်းတွေ တွဲပြောင်း(သို့မဟုတ်) မြေပုံရ ပါတယ်။ ဒီအခါမှာ သံလမ်း တင်တွဲပေါ်က ဇင်တုံးအဖြစ် အသုံးပြုတဲ့ ဇလီဖားတုံး အဟောင်းတွေ တစ်တွဲကို ၁၂ တုံးခန့် ပါလာတတ်ပါတယ်။ ရုံပိုင်ကြီးနဲ့ စောစောက ရာထူး ရပ်စဲခံ ထားရတဲ့ ရုံပိုင်လေးတို့ ကိုယ်တိုင်အပြင် မိသားစု တစ်စုလုံး ဖားတုံးတွေကို အလုအယက် ထမ်းပိုးပြီး အိမ်ကို သယ်ကြပါတယ်။ သံလမ်း အလုပ်သမားတွေ၊ ၀န်ထမ်းငယ် ဖြစ်တဲ့ လမ်းခွဲ ကိုင်တွေက ငေးကြည့်နေရ လောက်အောင်ကို အလု အယက် အော်ဟစ်သယ်ယူ ကြတာပါ။ ကျွန်တော်ကတော့ ဘူတာလေးထဲမှာ တစ်ဖက် တစ်ချက်က ရောက်လာမယ့် ရထားတွေ အတွက် လမ်းရှင်း အပေးအယူ လုပ်ရင်း အလုပ်တွေနဲ့ ရှုပ်ထွေး နေတတ်ပါတယ်။ သူတို့ ဖားတုံး လုပွဲကြီး ပြီးပြီ ဆိုရင်တော့ ကျွန်တော်က ရောက်ရှိလာတဲ့ သံလမ်း အရေအတွက် တွဲနံပါတ် တစ်တွဲချင်း တိုက် ဆိုင်စစ်ဆေး လယ်ဂျာသွင်း၊ တောင်ပေါ် ပြန်တင်တဲ့ တွဲနံပါတ်နဲ့ သံလမ်း အရေ အတွက်စာရင်း လုပ်တော့လည်း အားလုံးကို ကျွန်တော် လုပ်ရတာပါပဲ။

အဲဒီ အချိန်မှာ ရုံပိုင်ကြီးက ဖားတုံး ထမ်းရလို့ အမောဖြေနေတာပါ။ အညာ ဒေသမို့ ဇွန်လရဲ့အပူချိန်က ပြင်းထန်လွန်းတော့ သူ့ခမျာ မောရှာမှာပါပဲ။ မြေပြန့် တွဲတွေကနေ သံလမ်းတွေ ချပြီးတဲ့အခါ သစ်လုံးတွေကို ကလပ်ကြီး တွေနဲ့ ပြန်တင်ပြီး ရန်ကုန်ကို (အဲဒီကနေ သင်္ဘောကြီးတွေ ဆီ တင်မှာပါ) တစ်ခေါင်း ချိတ် သစ်လုံး ရထားကြီး ထွက်ခွာဖို့ စီစဉ်ရပါတယ်။ တွဲတွေကို လမ်းခွဲကိုင် နှစ်ယောက်နဲ့ ဖွဲ့ဆင်၊ ပုံမှန်ရထားတွေ အန္တရာယ်ကင်း၊ ကြန့် ကြာမှု မရှိအောင် ဆောင်ရွက်နဲ့ ကျွန်တော် မနားတမ်း လှုပ်ရှား နေချိန်မှာ ရုံပိုင်ကြီးက သစ်ကုမ္ပဏီ ၀န်ထမ်းတွေကို အိမ်ပေါ် ခေါ်ထားပြီး တန်ဆာ ဆွဲပါတယ်။ သစ်လုံးတန်ဆာ ဆွဲတာကို သူက အိမ်ပေါ်မှာ လုပ်ပါတယ်။ ဘူတာထဲမှာ မလုပ်ပါ။


“ရုံပိုင်လေးရာ တစ်တွဲကို တန်ဆာ တစ်စောင် ဆွဲရတာ ၁၆ တွဲ ဆိုတော့ လက်ကို အံသေရော။ အလကားပါဗျာ။ ဘောလ်ပင်မင်ကုန်၊ ကာဗွန်ကုန်တာပဲ အဖတ်တင်တယ်”


ကျွန်တော် ရယ်နေ လိုက်ပါတယ်။ ကုမ္ပဏီက လူတွေနဲ့ ကျွန်တော် သစ်လုံး တင်နေတဲ့အချိန်မှာစကားပြော ဖူးပါတယ်။ သူတို့က ဘူတာ ၀န်ထမ်းတွေကှိုService အနေနဲ့ တစ်တွဲ တစ်ထောင် ပေးထားတယ်လို့ ဆိုပါတယ်။ ရာထူးရပ်စဲ ခံရတဲ့ ရုံပိုင် လေးကလည်း ညနေ ငွေစာရင်း ပိတ်ချိန်မှာ ဘူတာကို တက်လာပြီး နေ့စဉ် ၀င်ငွေစာရင်းကို လှန်လှော ကြည့်ရှုပါတယ်။ အဲဒီ အခါမှာ ရုံပိုင် ကြီးက ပျာပျာသလဲ ဖြစ်နေ တတ်ပြီး နောက်တော့လည်း သူတို့ချင်း ရယ်လို့မောလို့ ချစ်ကြည်ရေးရ ပြေလည် သွားပါတော့တယ်။


ကျွန်တော်က ဘူတာ ကြီးကနေ ဘူတာလေးကို ခေတ္တ လာဆင်းရတာမို့ စားအိုးစားခွက်မပါ၊ ပါဦးတော့ လည်းချက်ပြုတ်စားဖို့ အဆင် မပြေပါဘူး။ ဒါကြောင့် ရန်ကုန်-ရွှေညောင် ရထားနဲ့ ကျွန်တော့် ဇနီးသည်က ထမင်း ချိုင့်ထည့် ပေးတတ်ပါတယ်။ အဲဒီရထားက ဘူတာလေးမှာ မရပ်ပါဘူး။ ဂါတ်ဗိုလ်ကြီး က ထမင်းချိုင့်ကို တွဲလောင်းချ ရမ်းပြတာကို ကျွန်တော်က ဆီးဖမ်းရတာပါ။ တစ်ရက် ကျတော့ ရန်ကုန်ရထားက တော်တော်နောက်ကျပါ တယ်။ နေ့လယ် ၂ နာရီ လောက်အထိ ဘူတာကြီးကိုတောင် မရောက်သေးပါဘူး။ ကျွန်တော် နေ့လယ်စာ တော် တော်လွန်နေပါပြီ။ တော ဘူတာလေး ဖြစ်တာမို့ ၀ယ်စားစရာဆိုင်လည်း မရှိ ပါ။ ကားလမ်းဘက်မှာ လက်ဖက်ရည် ဆိုင်လေး ရှိပြီး မနက်ခင်းတစ်ချိန်လေး သာဖွင့်တာမို့ ကျွန်တော့်မှာ ဗိုက်ဆာဆာနဲ့ ငြိမ်ကုပ်နေ ရပါတယ်။ ဒီအချိန်မှာ ရုံပိုင်ကြီး ခေါင်းအုံးတစ်လုံး ပိုက် ပြီး ဘူတာထဲ ၀င်လာပါ တယ်။


“ရုံပိုင်လေး ထမင်းချိုင့် ရောက်ပြီလား”


“ရထား မလာသေးဘူး။ ကျွန်တော်တော့ အူလိမ် နေပြီဗျာ”


“အင်း... အင်း...၊ အိမ်ထဲက အရမ်း ပူတယ်ဗျာ။ ဒါကြောင့် ဘူတာထဲ အိပ်မလို့ ၀င်လာတာ”


ကျွန်တော် တန်းလျားလေးပေါ် လှဲနေရာကနေ အလိုက်တသိ ထပေးလိုက် ရပါတယ်။ ကျွန်တော် တစ်ညလုံး တာဝန် ထမ်းဆောင်ထား တာမို့ သက်သောင့်သက်သာ အနားယူဖို့ လိုအပ် နေပေမယ့် တစ်ခုတည်းသော တန်းလျားလေး ပေါ်ကနေ စိတ်လက် ပေါ့ပါးစွာပဲ ဖယ်ရှားပေးနိုင် လိုက်ပါတယ်။ အဲဒီနေ့က ရထား ညနေ ၆ နာရီလောက်မှ ရောက်လာတာမို့ နေ့လယ် စာနဲ့ညစာ ပေါင်းစားလိုက် ရပါတယ်။ ကျွန်တော် အံ့သြ တာက သူ ကျွန်တော့်ကို ထမင်းတစ်နပ် ကျွေးဖို့ စိတ်မကူး နိုင်တာကိုပါပဲ။ ဟန်ဆောင်ပြီးတော့တောင် ပဋိသန္တာရစကား မဆိုပါ။ သူ ထမင်းကျွေးလည်း ကျွန်တော်က စားမှာလည်း မဟုတ်ပါ။ သူတို့က အမဲသားကို စုံစုံမက်မက် စားတာကို ကျွန်တော်က သိနေ ပါတယ်။ ဘူတာကို လာရောင်းတဲ့ အမဲသားသည်ဆီ က သူတို့ နေ့စဉ်ဝယ်တာ မြင်နေရတာ ကြောင့်လည်း ဖြစ်ပါတယ်။


ဒီလိုနဲ့ပဲ ဘူတာလေးမှာ နေ့နေ့ညည နှစ်လကျော် အလုပ်ဆင်းပြီး လမ်းဖောက် လုပ်ရေးစီမံကိန်းပြီးတဲ့အခါ ဘူတာကြီးဆီကို ကျွန်တော် ပြန်ရပါတယ်။ ဘူတာလေး ဆီကို နောက်ထပ် ဒုရုံပိုင် အသစ် ထပ်ရောက်လာလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော် မှတ်မိနေတာက သံလမ်းတွဲ ပေါင်း ၁၅၀ ကျော်မို့ သစ်လုံး တွဲလည်း ၁၅၀ ကျော် တင်ပို့ ပေးနိုင်လိုက်တာပါပဲ။


နောက်တစ်လလောက် ကြာပြီးတဲ့အခါ ဘူတာလေးရဲ့ အမင်္ဂလာ သတင်းတွေကို မကြားလိုဘဲ ကြားနေရပါတယ်။ ရုံပိုင်ကြီးရဲ့ခယ် မလေးက ဘူတာရှေ့သစ် ကွင်းမှာ ရုံပိုင်ကြီးရဲ့သမီးငယ်လေးကို ထိန်းရင်း သစ်လုံးပြိုကျ ပိပြီး ပွဲချင်းပြီး သေသွားတာပါ။ ရုံပိုင်ကြီးရဲ့သမီးလေး ကတော့ ကံကောင်းထောက် မစွာ လွတ်သွားပါတယ်။


နောက်ရောက်လာတဲ့ ဒုရုံပိုင်က ရာထူး ရပ်စဲခံရတဲ့ ရုံပိုင်လေးကို ဘူတာလုပ်ငန်း တွေ ၀င်ရောက် မစွက်ဖက် ဖို့ တားဆီးတာမို့ ရုံပိုင်ကြီးမှာ လက်ရှိ ရုံပိုင်လေးနဲ့ သူ မလွန်ဆန်နိုင်တဲ့ ရာထူးရပ်စဲ ခံထားရတဲ့ ရုံပိုင်လေးကြား မှာ ဗျာများနေတော့တာပါပဲ။ ရာထူးရပ်စဲ ခံရတဲ့ ရုံပိုင်လေး ကလည်း ဘယ်လို အညှာကိုင် ထားလဲ မသိပါ။ သူ့ခမျာ မရုန်းသာ မဖယ်သာနဲ့ သောက ခြေရာတွေ ထပ်နေတယ်လို့ ကဗျာဆန်ဆန် ဆို ရမှာပါပဲ။


နောက်ထပ် ကြားရတာ က သူ့တတိယ ဇနီး(ပထမ၊ ဒုတိယတွေက ဘယ်ဆီ ရောက်နေလဲတော့ မသိပါ။) ဆေးရုံ တက်ရတာပဲ ဖြစ်ပါတယ်။ ပုသိမ်မှာ ဆေးရုံ တင်တာမို့ သူ အမြန်သွားရောက် ဖို့ တိုင်းအရာရှိတွေဆီ မရမက ခွင့်တောင်းပါတယ်။ ဒီအချိန်မှာ လက်ရှိရုံပိုင်လေး ကလည်း ရာထူးတိုးမြှင့်ဖြေ ဖို့ မန္တလေးကို ရောက်နေပါတယ်။ မဖြစ်မနေ ခွင့်ပေးရ မယ့်ကိစ္စဖြစ်နေတာကြောင့် တိုင်းရုံးက သူ့ကို ခွင့်ပေးပြီး ကျွန်တော့်ကို ခေတ္တသွား ရောက်ဆင်းဖို့ လွှတ်ပါတယ်။ ကျွန်တော့်မှာ ဘူတာကြီးကနေ ညဂျူတီ အပြီး မနားရဘဲ ဘူတာလေးဆီ ထွက်လာရ တော့တာပေါ့။ ကျွန်တော် ဘူတာရောက်တော့ သူ အထုပ်အပိုး ပြင်ဆင်ပြီး ရထားကြုံတောင် မစောင့်ဘဲ ကားကြုံနဲ့ ဘူတာကြီးဆီ လိုက်သွားပါတယ်။ မနက် ရထားနဲ့ ရန်ကုန်ဆင်း၊ ရန်ကုန် ကမှ ပုသိမ်ကို ခရီးဆက်ရ မှာလို့ ဆိုပါတယ်။


ကျွန်တော် ဘူတာလေး ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘူတာကြီးဆီကနေ သစ် လုံးတင်ဖို့ တွဲလွတ်ရထား လာဖို့ လမ်းရှင်းတောင်းပါ တယ်။ တွဲလွတ်ရထားက အနည်းဆုံး ၁၅ တွဲလောက်ပါမယ်။ သစ်လုံးတွေ တင်ပြီး ရင်တော့...။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ထိတ် ခနဲ ၀မ်းသာသွားတာပါ။ ကျွန်တော့် အလှည့်မှာတော့ ဘူတာဝန်ထမ်း အားလုံး မျှတ စေရမယ်လို့ စိတ်ကူး ဖဲရိုက် နေမိပါတယ်။ သစ်လုံးတင် ဖို့ တွဲလွတ်ရထားကြီး ဘူတာလေးဆီ ၀င်လာချိန်မှာ ကျွန်တော် တက်ကြွစွာပဲ တွဲစာရင်းတွေ မှတ်နေလိုက်ပါတယ်။


ဟောဗျာ၊ နောက်ဆုံးတွဲမှာ သူ၊ ရထားရပ်တော့ အိတ်ကြီးဆွဲလျက် ဘူတာထဲ ၀င်လာပါတယ်။ ဘာများ ကျန်ရစ်ခဲ့လို့ ပြန်ယူတာလဲ။ ဒါမှမဟုတ် ခွင့်မသွားဖြစ် တာလား။ ကျွန်တော့်မှာ ပဟေဠိတွေနဲ့ ပြည့်သိပ်ကျပ် ခဲနေပါပြီ။

“ရုံပိုင်ကြီး ဘာဖြစ်လို့ လဲ”

“မနက်ဖြန်မှ ခွင့်သွား တော့မယ်။ ရုံပိုင်လေး ပြန်ပါ။ မနက်ဖြန် စောစောလေး ပြန်လာပေးပါ”


ကျွန်တော် ဘာမှ ပြန်မပြောနိုင်အောင်ကိုပဲ ဆွံ့အ သွားပါတယ်။ တိုင်းရုံးက ခွင့်ပေးဖို့ ခက်ခဲနေချိန်မှာ ဇနီး သည် အသည်းအသန် ဖြစ်နေလို့ ဆိုပြီး သည်းသည်းလှုပ်လှုပ် ခွင့်တင်သူ တစ်ယောက်က ခုတော့ဖြင့် သစ်လုံးတင် ရထားကြီးလည်း ရောက်လာရော ခွင့်တစ်ရက် နောက်ဆုတ်လို့ သွားပါတယ်။ ကျွန်တော် သူ့စိတ်ကို ဖတ်မိလိုက်ချိန်မှာ လောဘဆိုတာကြီးက ထုထည် အပြည့် စီးစီးပိုးပိုး နေရာယူ နေတော့တာပါ။


ကျွန်တော် လက်မှတ်ရုံ ကိုဖုန်းဆက်ပြီး သူ့အတွက် လက်မှတ် စီစဉ်ပေးပါတယ်။ အထက်တန်း လက်မှတ် စီစဉ် ပေးတာကို လက်မခံပါ။ရထားခ မတတ်နိုင်ဘူး၊ ရိုးရိုး တန်းပဲ စီစဉ်ပေးပါ၊ သူ့အတွက် တော့ ပြောစီးမယ်လို့ ဆိုပါ တယ်။

“ ရုံပိုင်ကြီးအတွက် ကျွန်တော် လက်မှတ်ဝယ်ပေး လိုက်ပါ့မယ်။ ဒီအတိုင်း မစီးပါနဲ့။ ပြောစီးလို့လည်း မရပါ ဘူးဗျာ”

သူ့မျက်နှာ ကွက်ခနဲ ပျက်သွားပါတယ်။

“ရပါတယ် ၀ယ်စီးရုံ ပေါ့ဗျာ”

သူ သိပ်တော့ ကျေနပ်ပုံ မရပါ။

ကျွန်တော် သူ့ကို စေ့စေ့ စပ်စပ်ကြည့်ပြီး
“ရုံပိုင်ကြီးနဲ့ ကျွန်တော် အောင်ပန်း-ပင်လောင်းလမ်းသစ် သံလမ်း စီမံကိန်းမှာ တစ် ဘူတာတည်း နှစ်လလောက် အတူ ဆင်းဖူးတယ်လေ။ မမှတ်မိတော့ဘူးလား”

သူ ကျွန်တော့်ကို မကြည့်ဘဲ ခေါင်းယမ်းပါတယ်။

“ကျွန်တော့်ကို မမှတ်မိဘူး ဆိုရင် ကိုချစ်သောင်းကိုတော့ မှတ်မိသေးလား”

“ဟာ...သိပ်မှတ်မိ တာပေါ့၊ အတူတူ လက်တွဲခဲ့ တာပဲလေ”


အို...ကျွန်တော့် အံ့အားသင့်မှုက ဟိုးထိပ်ဖျားဆီ ရောက်သွားတော့တာပါ ပဲ။

တာဝန်ပေါ့လျော့ ရာထူးရပ်စဲ ခံထားရပြီး သူ့ ကဲ့သို့ပဲ ကျင့်ကြံ နေထိုင်တဲ့၊ သူ မရှောင်လွှဲနိုင်တဲ့ ရုံပိုင်လေး ကိုချစ်သောင်းကိုတော့ သူ့ရင်ထဲ၊ နှလုံးသားထဲ စွဲ နေတဲ့ပုံပါပဲ။ သူ့ကို လုံးဝ ပြဿနာ မရှာ၊ အခွင့်အရေး ဆိုတာကို မသိကျိုးကျွန် နေခဲ့ပြီး လုပ်ငန်းတာဝန် တစ်ခုတည်း ပဲ အာရုံထားခဲ့တဲ့ ကျွန်တော့် ကို သူ အမျက် ရှိခဲ့ပုံ မရပါ။ ဒါကြောင့်လည်း ကျွန်တော်ဟာ သူ့ရင်ထဲမှာ မရှိတာကြောင့် မမှတ်မိတာလို့ ထင်းခနဲ နားလည်လိုက်ချိန်မှာ...။

ကျွန်တော်ကတော့ သူနဲ့ ပတ်သက်လို့ အသေးစိတ် မှတ်မိနေပြန်ပါရော။ သေချာပါပြီ။ ကျွန်တော့် ရင်ထဲမှာ အမျက်ဆူးကလေး စူးစူးနစ်နစ် အခုထက် ထိတိုင် ရှိနေခဲ့ တာ နေမှာပါလေ။

ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

ဂိမ်း


ကျွန်တော့်အိမ်မှာ တီဗွီဂိမ်းဆိုင်လေး ဖွင့်ထားပါသည်။ ဂိမ်းစက် ၇ လုံး၊ ၂၁ လက်မတီဗီံ ၇ လုံးမို့ ကျွန်တော်အိမ် ကျဉ်းကျဉ်းလေး၏ အဖီလေးမှာ ပြည့်ကျပ်လို့ နေပါသည်။
ဂိမ်းကစားသူ လောက်နှင့်တော့ အနေတော်လေး ဖြစ်သော်လည်း ဂိမ်းကစားသူ တစ်ယောက် နံဘေးက ၀င်အားပေးသူ လေး၊ ငါးယောက်ဆိုတော့ ကျွန်တော့် ဂိမ်းဆိုင်လေးက ပြည့်ကျပ် ဆူညံ နေတတ်ပါသည်။ ပလတ်စတစ် ထိုင်ခုံလေးတွေ အများကြီး ချထားသော်လည်း တစ်ခါတစ်ရံ ဂိမ်းကစားမည့်သူ အတွက် ထိုင်ခုံက မရှိ။ အားပေးသူ တွေက ထိုင်ခုံ အပိုင်စီး ထားကြသည်။ ကျွန်တော့်မှာ အော်ရ၊ ပြောရနှင့် အဆဲ မပါမိအောင်ပင် ဂရုစိုက် ထိန်းနေ ရသည်။ ဂိမ်းကစားသည့် ကလေးနားမှာ အဖော်လိုက်လာပြီး အားပေး တတ်သည့် အုပ်စုကတော့ တကယ့် ဆရာကြီးတွေပါပဲ။ “X နှိပ်လေ၊ လေးထောင့် နှစ်ချက် ဆက်နှိပ်ပြီးရင် Oနှိပ်၊ L1 R1 နဲ့ L2 R2 နှိပ် ပြီးရင် ဘုခလုတ်ကို လှည့်ပစ်လိုက် ” သူတို့မို့ ဖော်မြူလာတွေ အလွတ်ရနေ တတ်သည်။

ကိုယ်တိုင် ကစားသည့် ကလေးက မလုပ်တတ် မကိုင်တတ် ဖြစ်နေလျှင်တော့ ဟင်းန်ဒ်ဆက် လက်ကိုင် ခလုတ်ကို လုယူပြီး နှိပ်တတ်သည်။ ဒီလိုနှင့် ပိုက်ဆံ အကုန်အကျခံ ဂိမ်းကစားသည့် ကလေးက သူယူထားသည့် တစ်နာရီမှာ မိနစ်၄၀လာက်သာ ကစားရပြီး မိနစ် ၂၀ လောက်ကို “ဆရာကြီး”တွေက ကစား သွားတတ်ကြ ပါသည်။ ဂိမ်းဆိုင်လေး အကြောင်းကတော့ ပြောမည်ဆို အများကြီးပါ။ ဂိမ်းခွေတွေ အကြောင်း ပြောရမလား၊ ဂိမ်းကစားသည့် ကလေး၊ လူကြီးတွေ အကြောင်း ပြောရမလား။ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေက အများကြီး ရှိလို့ နေပါသည်။


ဂိမ်းခွေတွေက အမျိုးမျိုး ရှိသည်။ ကလေးတွေ အကြိုက်ကတော့ စက်ဘီးပြိုင်တာ၊ ရမ်ဘိုဂျပု သေနတ်ပစ်တာ၊ ဘက်တ်မင်း၊ စပိုက်ဒါ မင်း၊ ကာတွန်းရုပ်လေးတွေနှင့် စပိုင်စတာတွေပါပဲ။ ၁၆၊ ၁၇ နှစ်နှင့် ၂၀ စွန်းစွန်းလေးတွေက ဇာတ်လမ်းတွဲတွေနှင့် ဘောလုံး ကစားတာများ ပါသည်။ ဇာတ်လမ်းတွဲတွေက ကစားမိလျှင် တော်တော်နှင့် မထနိုင်အောင် စွဲလမ်း ကြသည်။


ကျွန်တော်က ကစားချိန် တိုင်မာကို တီဗွီရီမုဒ်နှင့် ထည့်တာမို့ ကစားချိန် စေ့လျှင်တော့ တီဗွီက အော်တို ပိတ်သွား ပါသည်။ ဇာတ်လမ်းတွဲခွေ ကစားသူက ဆက်ကစား လိုလျှင် ငွေထပ်ဖြည့်၊ တီဗွီထပ်ဖွင့်၊ တိုင်မာချိန် ပေးလိုက်ရုံပါပဲ။ ရှင်းရှင်းလေးပဲ ဖြစ်သည်။ မရှင်းတာက ဘောလုံး။


ဇော်သိန်းဝေနှင့် လှမိုးဦးတို့က ကျွန်တော့် ဂိမ်းဆိုင်လေးကို ၀င်ခလုတ်၊ ထွက်ခလုတ် လုပ်နေကြသူများ ဖြစ်သည်။ သူတို့နှစ်ယောက် ပိုက်ဆံ ထုတ်ကစားတာ ကတော့ အင်မတန် ရှားပါသည်။ အဖော် လိုက်လာပြီး ကပ်ဆော့ နေသူများ ဖြစ်သည်။ နှစ်ယောက်လုံးက အသက် ၂၀ မပြည့်တတ်သေး။ ၁၀ တန်းကျ၊ ကျောင်း ဆက်မတက်၊ အလုပ်မရှိ ဝေလေလေ။ မိဘတွေ ကလည်း ပြည့်စုံသူတွေ မဟုတ်။ ၀န်ထမ်းရပ်ကွက် အိမ်ကျဉ်းကျဉ်းလေးမှာ နေစရာလည်း မရှိတာမို့ သူငယ်ချင်းတွေနောက် တကောက်ကောက်လိုက်၊ လက်ဖက်ရည်ဆိုင်ထိုင် (တိုက်မယ့်သူ မရှိလည်း ခပ်တည်တည်နှင့် မျက်နှာပြောင် ၀င်ထိုင်တတ်ပါသည်။) ဂိမ်းဆိုင်ဝင်လိုက်၊ ထွက်လိုက် လုပ်နှင့် အချိန်ဖြုန်း နေကြသူများ ဖြစ်သည်။


သည်နေ့ညနေ မှာတော့ ဇော်သိန်းဝေ၊ လှမိုးဦး နှစ်ယောက်တွဲ ကျွန်တော့် ဂိမ်းဆိုင်လေးသို့ ရောက်လာပြီး ဘောလုံးခွေ ကစားကြသည်။ ဇော်သိန်းဝေကပဲ ပိုက်ဆံ ထုတ်မှာလား၊ လှမိုးကပဲ ထုတ်မှာလား၊ ဒါမှမဟုတ် နှစ်ယောက်စပ်တူ ကစားမှာလား ကျွန်တော့်မှာ ပဟေဠိ တစ်ပုဒ်ပင် ရလို့နေပါသည်။ ၂၀၀ ကျပ်ဖိုး မိနစ် ၅၀ ကျွန်တော် တီဗွီ တိုင်မာချိန် ပေးလိုက်သည်။


ညနေ ၄ နာရီ ၁၅ မိနစ် ကတည်းက ဇော်သိန်းဝေတို့ ဂိမ်းကစားတာမို့ မိနစ် ၅၀ က ၅ နာရီ ၅ မိနစ်မှာ ပြည့်ပါမည်။ ကျွန်တော် တီဗွီစကရင်ကို လှမ်းကြည့်တော့ ဘောလုံး ပွဲက ဒုတိယပိုင်း ၃၀ မိနစ် ရှိနေပါပြီ။ သည်မှာတင်ပဲ သူ တို့နှစ်ယောက်၏ ၂၀၀ ဖိုး မိနစ် ၅၀ က ပြည့်သွားတာမို့ တီဗွီက ပိတ်သွားပါသည်။ နံရံထက်က နာရီလှမ်းကြည့်တော့ ၅ နာရီ ၅ မိနစ်ကွက်တိ။ ဘောလုံးပွဲက မပြီးသေးပါ။ ဇော်သိန်းဝေရဲ့အပြာရောင် ချဲလ်ဆီးက ၃ ဂိုး၊ လှမိုး ဦးရဲ့ အနီရောင်မန်ချက်စတာ ယူနိုက်တက်က ၁ ဂိုး။


“တစ်ပွဲလောက်”

နှစ်ယောက်လုံး၏ အသံက တစ်ပြိုင်တည်း ထွက်လာသည်။ ကျွန်တော် ရီမုဒ်နှိပ်ပြီး တီဗွီပြန်ဖွင့်ပေး လိုက်ပါသည်။ ဂိမ်းမှာ ၄၅ မိနစ်က အပြင် ၁၀ မိနစ်ပဲကြာ တာမို့ ဂိမ်းထဲက ၁၅ မိနစ်က ၃ မိနစ်သာသာပဲကြာသည်။ ကျွန်တော် မတွန့်တိုပါ။ ဒါမျိုး သူတို့ မတောင်းဆိုလည်း ကျွန်တော့်ဘက်က တီဗွီ ပြန်ဖွင့်ပေးတတ်ပါ သည်။ ပြီးအောင် ကစားစေ ချင်တာပဲ ဖြစ်ပါသည်။

ဇော်သိန်းဝေတို့ ကစားနေသည့် တီဗွီစကရင်ကို ကျွန်တော် ပြန်လှမ်းကြည့် တော့ ပွဲက ၃ ဂိုး ၂ ဂိုး ဖြစ် နေပါပြီ။ ပွဲပြီးတော့မည့်Loss Time နောက်ဆုံး အချိန် ရောက်နေပါပြီ။ သည်မှာပဲ ချဲလ်ဆီး ဂိုးသမား ပီတာချက်က နောက်တန်း ကပ္ပတိန် ဂျွန်တယ်ရီကို လက်နဲ့ပစ်ပေး၊ ဂျွန်တယ်ရီက ဂိုးထဲဆွဲပြေးပြီး ကိုယ့်ဂိုးကိုယ်သွင်းလိုက် သည်။ သည်တော့ ပွဲက သရေ ဖြစ်သွားသည်။ ၃ ဂိုး ၃ ဂိုး။


ကျွန်တော် လွှတ်ခနဲ ပြောမည်ပြုပြီး စိတ်ကို ထိန်း လိုက်ပါသည်။ ဇော်သိန်းဝေက ကျွန်တော့်ဘက်လှည့် ကြည့်တော့ ကျွန်တော် မမြင် လိုက်သည့်ပုံစံဖြင့် အားကစား ဂျာနယ်တစ်စောင်ကို စိတ်ဝင် တစားဖတ်ချင်ယောင် ဆောင်နေလိုက်ပါသည်။ အချိန်ပို ပထမပိုင်း ဂိုးမသွင်းကြပါ။ ဒုတိယပိုင်း ၁၀မိနစ်မှာတော့ ဇော်သိန်းဝေ၏ ချဲလ်ဆီးတိုက် စစ်မှူး ဒရော့ဘာက ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်း တိုက် သွင်းသွားပါသည်။ ဇော်သိန်းဝေက သူ့ကစား သမား ဂိုးသွင်းလိုက်တာကို အနှေးပြကွက်နှင့် အကြိမ် ကြိမ်ပြန်ကြည့်သည်။


“တွေ့တယ် မဟုတ် လား၊ ငါ့ကောင် ခေါင်းတိုက်သွားတာ မင်းဂိုးသမား ဗန်ဒါဆား ငုတ်တုတ်မေ့သွားပြီ”


ဇော်သိန်းဝေ ကြွားတာကို လှမိုးဦးက

“အေးပါ အေးပါ ငါ ပြန်ချေပြမယ်” ဟုပြောရင်း ပွဲပြန်စသည်။

အချိန်ပို ဒုတိယပိုင်း ၁၄ မိနစ်မှာတော့ လှမိုးဦးရဲ့ မန်ယူရှေ့တန်း ရွန်းနီဘောလုံး ရသွားပြီး ချဲလ်ဆီးဘက် ဆွဲပြေးသည်။ ချဲလ်ဆီးဘော လုံးကစားသမားတွေက ရပ်နေ သည်။ ကျွန်တော် ဇော်သိန်း ဝေ၏လက်ကို လှမ်းကြည့် တော့ ဂိမ်းခလုတ်မနှိပ် သည် အတိုင်း လွှတ်ထားသည်။ ရွန်းနီ ဂိုးသွင်းသွားပါသည်။ ပွဲက ၄ ဂိုး ၃ ဂိုး။

“တောက်... ကွာ... သရေဖြစ်သွားပြီ။ မင်း ကံကောင်းသွားတယ်နော်”

ဇော်သိန်းဝေ အပြောကို လှမိုးဦးက တဟဲဟဲရယ်နေ သည်။ ရွန်းနီ ဂိုးသွင်းတာကို အနှေးပြကွက်နှင့် အကြိမ် ကြိမ် ပြန်ကြည့်ပြန်သည်။ “လုပ်လိုက်ကွ” ဟု ကျွန်တော့် စိတ်ကတော့ အောင့်သက်သက်နှင့် အသံမထွက် အော်ဟစ်နေပါသည်။ သူတို့ ပင်နယ်တီ ၅ လုံး စီကန်ကြသည်။ ၃ ဂိုးစီ သရေဖြစ်သွားပြန်သည်။    ၁ ဂိုးစီကန်ကြပြန် သည်။ ၃ ခါလောက် သရေ ဖြစ်ပြီးမှာတော့ ချဲလ်ဆီးရဲ့ ဘယ်လက်တီ ဘေးကန်သွား တာမို့ ပွဲက ပြီးသွားပါသည်။


ဇော်သိန်းဝေတို့ နှစ်ယောက် တီဗွီရှေ့က မထချင် ထချင်နှင့် ထသည်။ ဂိမ်းဖိုး ငွေ ၂၀၀ ကျပ်တန် နွမ်းနွမ်းကို လှမိုးဦးက ဂျင်းဘောင်းဘီ နောက်အိတ်ကပ်ထဲက ခက် ခက်ခဲခဲ ဆွဲထုတ်ပေးသည်။

“တစ်ပွဲလောက်” က တော့ အချိန်ပို ၆ မိနစ်ရယ်၊ ဂိုးသွင်းတာတွေ ပြန်ကြည့်တာရယ်၊ ပင်နယ်တီအကြိမ်ကြိမ် သွင်းတာရယ် ပေါင်းလိုက်ရင်တော့ နာရီဝက်ခန့် စွန်းထွက် သွားသည်။ နာရီဝက်ခန့် ပိုပြီး အချောင်နှိုက် ကစား သွားတာ...။
ဇော်သိန်းဝေတို့ ပြန်သွားတော့ ကျွန်တော့်မှာ တနုံ့ နုံ့ခံစားရဆဲ...။
သူတို့ နှစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ တော်တော်လည်သည်ဟု ထင်မှတ် နိုင်ပါသည်။ သူတို့ လည်ကြပါသည်။ သို့သော် ကျွန်တော်ကလည်း မအပါ။ ဒါကို ကျွန်တော် ထုတ်ပြချင်သည်။ ထုတ်ပြရပါလိမ့်မည်။

ခုတော့ ကျွန်တော့်ဂိမ်း ရုံလေး၏နံရံမှာ

“ဖိနပ်ပျောက်တတ်သည် သတိထား”
“ခလုတ်များကို ကြမ်းတမ်းစွာ မကိုင်ရ”
“ထိုင်ခုံများကို မရွှေ့ပါ နှင့်” ဆိုသည့် စာတန်းတွေ ဘေးမှာ
“အချိန်အတိအကျ သတ်မှတ်ပါသည်။ တစ်ပွဲ မပေးပါ” ဆိုသည့် စာတန်း လေးတစ်ခု ထပ်တိုးလို့ နေသည်လေ...။

ရဲသျှမ်း
Shweamutay magazine,April,2010