ဆု


“၁”

ပြီးပြည့်စုံသော ပြက္ခဒိန်တစ်ခုမှာ နိုဝင်ဘာလဆိုတာရှိမည်။ အဲ့သည်လမှာ ၆ ဆိုသော ရက်ကလေး ရှိမည်။  ရက် ခုနစ်ရက်မှာ  နိုဝင်ဘာ ၆ သည် တစ်နှစ်နှင့် တစ်နှစ်ကွဲလွဲမည်ဖြစ်သော်လည်း ၄နှစ်တစ်ကြိမ်မှာ မွေးနေ့၊ မွေးလ၊ မွေးရက်တစ်ထပ် တည်းကျစေသော ပြက္ခဒိန်တီထွင်သူ နက္ခတ္တဗေဒပညာရှင်တို့၏ ဖော်မြူလာကို ကျွန်တော်က အံ့သြနေတတ်ပါသည်။

သည်နှစ်မှာ ၆ နိုဝင်ဘာနှင့် သောကြာနေ့တစ်နေ့ထဲ မကျသော်လည်း စနေနေ့ဖြစ်နေသည်ကိုက တစ်မျိုးကောင်းပါသည်။ ကျောင်းပိတ်သော သား ရဲဝဏ္ဏနှင့် သမီး နရီလှိုင်း တို့ကိုပါ ခေါ်လျက် မိသားစုဘုရား တက်ဖြစ်သည်။ ယခင်နှစ်တွေတုန်းက မိသားစုဘုရားသွားခဲ့သော်လည်း ကျောင်းပြန်တက်ရမည့်သားနှင့်သမီး ကြောင့် ဘုရားမှာကြာမြင့်စွာမနေခဲ့ရ။ ပုဆိန်ပေါက်ဦးချ ဂြိုဟ်ပြေနာမ်ပြေမှာ သက်စေ့ရေပူဇော်တော့လည်း ဖြေးဖြေးညင်ညင်သာသာမဟုတ်တော့ သင်္ကြန်ရေပက်သလိုကိုဖြစ်ခဲ့သည်ဟု ထင်ရသည်။ ဟော သည်နှစ် မှာတော့ အေးအေးဆေးဆေးပဲ ဘုရားဖူး၊ ဆွမ်းတော်၊ ပန်းကပ်၊ ရေသပ္ပာယ်၊ ရွှေသင်္ကန်းကပ်၊ ပါလာသည့် လက်ကိုင်ဖုန်းလေးဖြင့် မိသားစုတစ်လှည့်စီ ဓာတ်ပုံရိုက်ကြနှင့် အချိန်တွေ အများကြီး ပေးနိုင်ခဲ့သည့်အပြင် သူငယ်ချင်းမိတ်ဆွေများဆီ ဖုန်းမက်ဆေ့ခ်ျပို့၊ မန္တလေးရှိ မောင်နှမတွေဆီ ဖုန်းဆက်ဖြစ်သည်။ မန္တလေးရှိ အဖေ့ဆီ ဖုန်းဆက်တော့ ညီမအငယ်က ဖုန်းကိုင်သည်။ အသံက အိပ်ချင်မူးတူး။

“ဟေ့ … အိပ်တုန်းလား ငါ့မွေးနေ့ဘုရားလာကြတာလေ နင်တို့မေ့နေတာမဟုတ်လား ”

ကျွန်တော့်အသံက လန်းဆန်းတက်ကြွနေသော်လည်း တစ်ဖက်ဖုန်းအသံက လေးပင်လွန်းလှသည်ဟု ထင်သည်။

“အင် ..ဖုန်းဘဲမြည်လို့သာ ကိုင်လိုက်ရတာ အိပ်ချင်နေတုန်းပဲ။ ညက အိပ်ရေးပျက်တယ်ဟ။ အဖေ့ကို ထထကြည့်ရတာ၊ အိုက်တယ်ဆိုပြီး စွပ်ကျယ် ချိုင်းပြတ်နဲ့နေ၊ ပန်ကာတွေ ထဖွင့်နဲ့ လုပ်ချင်လုပ်တာ။ငါတို့ သတိတစ်ချက် လစ်တာနဲ့ နောက်နေ့ အဖေ အအေးမိရော။ မနည်းချော့မော့ပြီး တီရှပ်ဝတ်ပေး၊ ပန်ကာ Speed လျှော့ပေးနဲ့ အိပ်ပျော်တဲ့အထိ စောင့်လုပ်ရတာ။””

ဟုတ်ပါလိမ့်မည်။ အဖေက ၈၆ နှစ်ထဲ ရောက်လာပြီ။ ကလေးငယ်လေး တစ်ယောက်လို ပန်းပွင့်လေး တစ်ပွင့်လို ဖြစ်သွားပြီ။ အထိအခိုက် မခံနိုင်တော့။ သို့သော်လည်း စိတ်ကတော့ဖြင့် တစ်ပြားသားမှ မလျော့၊ သူဖြစ်ချင်တာ ခံစားရတာကို အထိန်းအကွပ်မရှိ ထုတ်ဖော် ပြသချင်စိတ်က လွန်လွန်ကဲကဲ ရှိသည်ဟု ထင်သည်။ တကယ်တမ်းကျတော့ အဖေ့မှာ ဘာရောဂါမှ ကြီးကြီးမားမားမရှိ၊ အမေ့တုန်းကသာ အသည်းကင်ဆာနှင့် ၈၅ နှစ် မှာ ကွယ်လွန်ခဲ့သည်။ လူ့သက်တမ်းစေ့ နေနိုင်ခဲ့သော်လည်း ၁ နှစ်ခန့်အတွင်းမှာ အမေဝေဒနာကို အလူးအလဲ ခံခဲ့ရသည်။

“သူ့ဖာသာသူလည်း ရောဂါနာမည် တပ်တယ်ဟ။ အသက်ကြီးတော့လည်း နည်းနည်းပါးပါး ဖြစ်တာပေါ့ အဖေရယ်လို့ မမသန်းကပြောမိတာ နင်တို့ငါ့ကိုသေတော့မယ့် အဖိုးကြီးဆိုပြီး ပြောတာမဟုတ်လား ဘာညာ ပြောပြီး ပေါက်ကွဲတော့တာ …။ အဖေနဲ့ပြောဖို့စကားလုံးတွေကို တော်တော် စဉ်းစားယူရတယ်။ စာရေးဆရာ နင့်ထက်တောင် ပိုကျွမ်းနေပြီ ဟဲဟဲ ”

ညီမလေးအရယ်က သိပ်တော့ အသက်မ၀င်ဟု ထင်သည်။

“နေအုံး …မိဆွေကလည်း ပြောအုံးမယ်တဲ့”

ညီမလေးကဖုန်းကို တူမလေးတစ်ယောက်ထံ လက်လွှဲလိုက်ပြန်သည်။

“လေးလေး …ဘဘက အထီးကျန်သလို ခံစားနေရတာ အားလုံးက သူ့အလုပ်နဲ့သူဆိုတော့ ဘဘနဲ့က သိပ်စကားမပြောဖြစ်ဘူး။ အဲဒါသူ့ကို ပယ်ထားတယ် ငါကအိုပယ် ဖြစ်နေပါပြီဆိုပြီး သမီးတို့ကို ပြောတာ အခုတော့ သမီးတို့လည်း ဘဘကို စကားမရှိ စကားရှာပြော ဟာသတွေလုပ်နဲ့ဆိုတော့ ရယ်ရယ်ပြုံးပြုံး ဖြစ်သွားပြန်ရော”
“ကျေးဇူးတင်ပါတယ်သမီးရယ်…လေးလေးတို့က အဝေးကနေ ကိုယ်တတ်နိုင်သလောက်လေး ကန်တော့တာနဲ့ပဲ ပြီးသွားတာ၊ သမီးတို့ကသာ ခြေဆုပ်လက်နယ် ပြုစု စောင့်ရှောက်တာလေ၊ လေးလေးတို့ လစဉ်ကန်တော့တာထက် သမီးတို့က ကုသိုလ်ရပါတယ်။  ကျေးဇူးတင်ပါတယ်ကွယ်။ အဖိုးအဖွား၊ အမိအဖ၊ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ရတဲ့ မြတ်သောစိတ်ကြောင့် ဘ၀အခြေလှကြမှာပါ။””

ကျွန်တော့်စကားက တူမလေးရင်သို့  စူးဖောက်ဝင်ရောက်ဟန် တူသည်။ တစ်ဖက် ဖုန်းသံက တော်တော်နဲ့ ထွက်မလာ၊ ဖုန်းကျသွားသည် အထင်ဖြင့် ဟဲလို ဆိုတော့

“ကြားတယ် လေးလေး။ လေးလေးလည်း ၀န်ထမ်းဘ၀ လစာ မလောက်မငတဲ့ ကြားထဲက ဘဘကို လစဉ်ကန်တော့တာ သမီးတို့ ရတဲ့ ကုသိုလ်ေ လေးလေးလည်း ရမှာပါ၊ အပြန်အလှန် မျှဝေလိုက်တာပေါ့။ အိုကေ လေးလေး ဘဘအတွက် မပူနဲ့”

တူမလေးမိဆွေ ဖုန်းချသွားတော့ သက်ပြင်းမောလေး ချမိသွားသည်။ အဖေ့မွေးနံထောင့် ကြာသပတေး ဂြိုဟ်မင်းရောက်လျှင်ဖြင့် ရေ ၈၆ ခွက် သပ္ပာယ်ရဦးမည်။နောက်နှစ် ၈၇ …နောက် ၉၀ ၊နောက် ၁၀၀ ကြုံချင်ပါသည်လေ။

အရှေ့ဘက် ဓာတ်လှေကားမှ ပြန်ဆင်းလာတော့ မိသားစု စုံညီနံနက်စာ စားဖို့စိတ်ကူးသည်။

“ကဲ မွေးနေ့အမှတ်တရ မုန့်ကျွေးမယ် ကြိုက်တဲ့ဆိုင်ပြော”

သားနဲ့သမီးက “ဖေဖေ့သဘော” ဟု ပြောချိန်မှာ ဇနီးသည်က ဂဏန်းပေါင်းစက်ကို စိတ်နှင့် နှိပ်နေပြီ ထင်သည်။

“မောနင်းစတားလောက်ပဲ ကောင်းပါတယ် သိပ်လည်း မဝေးဘူး အိမ်ကို လမ်းလျှောက်ပြန်လို့ ရတယ်”

နံနက်ခင်း ကန်တော်ကြီးပတ် လမ်းလျှောက်ပြန်သူတို့ နှင့် စည်ကားတတ်သော တိရစ္ဆာန်ရုံထောင့်က ဆိုင်၏  ကျယ်ဝန်း သပ်ရပ်မှုကို ကျွန်တော်ကလည်း သဘောကျနှစ်မြို့တာမို့ မောနင်းစတားကိုပဲ ရွေးချယ်ပြီး တက္ကစီတစ်စီး ငှားလျက် ရောက်သွားတော့သည်။

မြီးရှည်၊ ရှမ်းခေါက်ဆွဲ၊ နန်းကြီးသုပ်၊ ပလာတာ၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် တစ်ယောက်တစ်မျိုး မှာလျက် ကျွန်တော်တို့ စားပွဲဝိုင်းလေး စည်စည်ဝေေ၀ ဖြစ်သွားပါသည်။ စားသောက်စရာအစုံ ရောက်လာပြီး မြီးရှည် မုန့်ဖတ်များကို ၀ါးတူလေးဖြင့် ကျွန်တော်သမအောင် မွှေနေချိန်မှာ ဇနီးသည်က
“အကို..ဟိုမှာကြည့်စမ်း” ဆိုပြီး မေးကလေး ဆတ်ပြသည်။

အို…လှပသော၊ လင်းလက်သော၊ အရောင်အသွေးစုံသော ပန်းချီကားတစ်ချပ်ပါပဲ။ အသက် ၉၀ နီးပါးရှိ အမေအိုကြီးကို သားလုပ်သူက ပလာတာနှင့် ပဲလေးတို့ပြီး အမေကြီးပါးစပ်ဆီ အညင်အသာ ခွံကျွေး၊ အမေကြီးကလည်း ပြုံးပြုံးလေးနှင့် တမြုံ့မြုံ့၊ သားဖြစ်သူ ကမ်းပေးသည့် တစ်သျူးလေးကို နမ်းပြီးမှ ပါးစပ်ရှိ ပဲပြုပ်အစအနလေးတွေကို တို့သုတ်နေသည်။ ကျွန်တော် လက်ကိုင်ဖုန်း၏ မီနူးလေးကို နှိပ်ပြီး ကင်မရာဆက်တင်ကို ဖွင့်လိုက်သည်။

“အို… အကိုကလည်း ဓာတ်ပုံရိုက်မလို့ မဟုတ်လား။ ခွင့်မတောင်းဘဲ ရိုက်လို့ ကောင်းပါ့မလား။ ဒီအတိုင်းလေး ကြည့်ကောင်းပါတယ်။ ဓာတ်ပုံရိုက်လိုက်မှ အမေကြီးတို့ သားသမီး ရှက်သွားပါဦးမယ်။”

ဇနီးသည် အပြောကြောင့် လက်ကိုင်ဖုန်းလေးကို မသိမသာ အိတ်ထဲ ပြန်ထည့်မိသည်။ သားနှင့်သမီးက ကျောပေးထားရာကနေ ခေါင်းလှည့်ကြည့်သည်။

“ကဲ .. အဲသလို ဖေဖေတို့မေမေတို့ အိုမင်းမစွမ်း ဖြစ်တဲ့အခါ မင်းတို့ ပြုစုမှာလား”

“ဟင် ဖေဖေကလည်း အဲ့သည့်အရွယ်ထိ နေချင်သေးလို့လား”

သားစကားကြောင့် ကျွန်တော် အထိတ်တလန့် ဖြစ်သွားသည်။ သားပြောသလို အဲသည့်အရွယ်ထိ ကျွန်တော်တို့ နေခွင့်သာသည့်အခါ နေချင်သေးတာပဲလား။ သတ္တ၀ါအားလုံးက မိမိ၏အသက်ကို ရနိုင်သလောက် ဆွဲဆန့်ချင်တာပဲ မဟုတ်လား။ အကြောင်းအမျိုးမျိုးကြောင့် Suicide လုပ်တာက လွဲရင်ပေါ့၊ ကျွန်တော့်မှာ မြီးရှည် ဆက်စားဖို့ အာရုံမရှိတော့ စဉ်းစားစရာတွေ ဖြစ်ကုန်ပြီ။

“ဟုတ်ပါပြီ ..ဖေဖေတို့အဲသည့် အသက်အရွယ်ထိ မနေချင်သော်လည်း နေရပါပြီတဲ့ မင်းတို့ကရော မနေစေချင်ဘူးလား။ ဘာမှ မစွမ်းဆောင်နိုင်တဲ့ လူပိုကြီးလို့ မြင်ယောင်တာလားကွာ” ကျွန်တော့်အသံတွေက နည်းနည်း တိမ်ဝင်သွားသည်ဟု ထင်ပါသည်။

“နင်ကလည်းဟာ… ဘာတွေ ပြောမှန်းမသိဘူး။ ဖေဖေတို့ စိတ်မကောင်းအောင်” သမီးက သူ့မောင်ကို ခပ်အုပ်အုပ် ဆူသည်ကို ကျွန်တော် ကြားဖြစ်အောင် ကြားသည်။ သည်အချိန်မှာပဲ အမေကြီးတို့ သားအမိ စားသောက်ပြီး၍ ဆိုင်က ထွက်ဖို့ပြင်သည်။ အသက် ၆၀ ခန့် သားက အသက် ၉၀ ခန့် အမေကြီးကို တယုတယ ဖက်ပြီး ဖေးဖေးမမဖြင့် သူတို့၏ စူပါစလွန်းကားဖြူလေးထဲ ရောက်သွားတော့သည်။

“ဒါကလဲ ပိုက်ဆံရှိတာ၊ မရှိတာနဲ့ ဆိုင်လိမ့်မယ် ဖေဖေ။ တစ်နေ့လုပ် တစ်နေ့စား မွေးထားတဲ့ သားသမီးတွေ အများကြီးနဲ့ ဖရိုဖရဲ ဖြစ်နေရင်တော့ အဲသလို လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တဲ့ အမေကြီးကို သားလုပ်သူကလည်း အပြည့်အ၀ လုပ်ပေးနိုင်မယ် မထင်ဘူး။ စိတ်ချ ဖေဖေ သားချမ်းသာရင်တော့ ဒီမြင်ကွင်းမျိုးက စာဖွဲ့စရာ မဟုတ်ပါဘူး”

“ဒါပဲ… သားယောက်ျားလေးတွေက မွေးရကျိုး မနပ်တာ”

ဇနီးသည်က သားဖြစ်သူ အဖြေကို ကျေနပ်ဟန်မတူ။ အထိုက်အလိုက် ဖြေတာကိုပဲ သဘောကျချင်ပုံ ရသည်။

“သားပြောတာလည်း ဟုတ်နေတာပဲကွ။ ဒါတွေ အားလုံးဟာ ဓနဥစ္စာချည်းပဲတော့ မဟုတ်ဘူးပေါ့။ မေတ္တာ အဲဒါကတော့ မရှိမဖြစ်ပါကို ပါမှရမယ်”

“ဟုတ်တာပေါ့ ဖေဖေရယ်။ ချစ်ခြင်းမေတ္တာက အဓိကပါ၊ သူ့ကို  Support  လုပ်ပေးနိုင်ဖို့က ဓနဥစ္စာတော့ အထိုက်အလျောက် ကြွယ်ဝရမယ်။ မပူပါနဲ့ ဖေဖေ၊ မေမေတို့သာ အသက် ၉၀၊ ၁၀၀ ရောက်အောင်နေပေး”

သမီးက ရယ်ရယ်မောမော ပြောရင်းက လက်ကျန် ကော်ဖီခွက်ကို မော့နေသည်။

“အားလုံးက ကံတရားအတိုင်း ဖြစ်လာတာပါ။ ဓနဥစ္စာ ကြွယ်ဝတိုင်းလည်း မရဘူး၊ မေတ္တာတရားချည်းပဲလည်း မရဘူး၊ မျှော်လင့်တိုင်းလည်း မဖြစ်ဘူး၊ ကျွန်မကတော့ ဘာမှ ကြိုမတွေးဘူး။ ဘုရားမှာ ဆုတောင်းတာတောင်မှ အသက်ရှင်ခွင့် ရသခိုက် သောက အပူအပင်မရှိ ငြိမ်းအေးစွာ နေရပါလို၏လို့ ဆုတောင်းတာ”


မျက်ခုံးလေး ပင့်ပင့်ပြောသော ဇနီးသည် မျက်နှာကို ကျွန်တော် ငေးမောကြည့်နေမိသည်။ အိုမင်းမစွမ်း ဘ၀ကို ကျွန်တော် တွေးကြောက်သွားတာမလားဟုလည်း ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေမိပြန်ပါသည်။ သေချာတာကတော့ မနက်ဖြန်ဆို ကျွန်တော့်အသက် တစ်နှစ်တိုးသွားပြီလေ။
…………………………………………………………………….

“၂”

လခထုတ်ရက်တိုင်းမှာ အဖေ့ကို ကန်တော့သော ငွေကြေးအနည်းငယ်သည် လည်းကောင်း၊ ခြေဆုပ်လက်နယ်ဖြင့် ပြုစုယုယသည့် ညီမလေးများနှင့် တူမလေးများ၏ မေတ္တာသည် လည်းကောင်း၊ အိုမင်းမစွမ်းတော့ပြီ ဖြစ်သော ဖခင်ကြီးထံ သက်ရောက်ပါစေသတည်း။ ထို့အပြင် လစဉ်ကန်တော့နိုင်သော ဥစ္စာငွေကြေးနှင့် ညီမလေး၊ တူမလေးများ၏ မေတ္တာသည်လည်း မခန်းမခြောက် ရှိပါစေသတည်း။ ရွှေတိဂုံမှာ မတောင်းခဲ့သောဆုကို အိမ်ဦးခန်းဘုရားမှာ အခုတော့ ကျွန်တော် မမေ့မလျော့ နေ့စဉ် တောင်းရတော့မှာပါလေ။


ရဲသျှမ်း

No comments:

Post a Comment