ဂိမ်း


ကျွန်တော့်အိမ်မှာ တီဗွီဂိမ်းဆိုင်လေး ဖွင့်ထားပါသည်။ ဂိမ်းစက် ၇ လုံး၊ ၂၁ လက်မတီဗီံ ၇ လုံးမို့ ကျွန်တော်အိမ် ကျဉ်းကျဉ်းလေး၏ အဖီလေးမှာ ပြည့်ကျပ်လို့ နေပါသည်။
ဂိမ်းကစားသူ လောက်နှင့်တော့ အနေတော်လေး ဖြစ်သော်လည်း ဂိမ်းကစားသူ တစ်ယောက် နံဘေးက ၀င်အားပေးသူ လေး၊ ငါးယောက်ဆိုတော့ ကျွန်တော့် ဂိမ်းဆိုင်လေးက ပြည့်ကျပ် ဆူညံ နေတတ်ပါသည်။ ပလတ်စတစ် ထိုင်ခုံလေးတွေ အများကြီး ချထားသော်လည်း တစ်ခါတစ်ရံ ဂိမ်းကစားမည့်သူ အတွက် ထိုင်ခုံက မရှိ။ အားပေးသူ တွေက ထိုင်ခုံ အပိုင်စီး ထားကြသည်။ ကျွန်တော့်မှာ အော်ရ၊ ပြောရနှင့် အဆဲ မပါမိအောင်ပင် ဂရုစိုက် ထိန်းနေ ရသည်။ ဂိမ်းကစားသည့် ကလေးနားမှာ အဖော်လိုက်လာပြီး အားပေး တတ်သည့် အုပ်စုကတော့ တကယ့် ဆရာကြီးတွေပါပဲ။ “X နှိပ်လေ၊ လေးထောင့် နှစ်ချက် ဆက်နှိပ်ပြီးရင် Oနှိပ်၊ L1 R1 နဲ့ L2 R2 နှိပ် ပြီးရင် ဘုခလုတ်ကို လှည့်ပစ်လိုက် ” သူတို့မို့ ဖော်မြူလာတွေ အလွတ်ရနေ တတ်သည်။

ကိုယ်တိုင် ကစားသည့် ကလေးက မလုပ်တတ် မကိုင်တတ် ဖြစ်နေလျှင်တော့ ဟင်းန်ဒ်ဆက် လက်ကိုင် ခလုတ်ကို လုယူပြီး နှိပ်တတ်သည်။ ဒီလိုနှင့် ပိုက်ဆံ အကုန်အကျခံ ဂိမ်းကစားသည့် ကလေးက သူယူထားသည့် တစ်နာရီမှာ မိနစ်၄၀လာက်သာ ကစားရပြီး မိနစ် ၂၀ လောက်ကို “ဆရာကြီး”တွေက ကစား သွားတတ်ကြ ပါသည်။ ဂိမ်းဆိုင်လေး အကြောင်းကတော့ ပြောမည်ဆို အများကြီးပါ။ ဂိမ်းခွေတွေ အကြောင်း ပြောရမလား၊ ဂိမ်းကစားသည့် ကလေး၊ လူကြီးတွေ အကြောင်း ပြောရမလား။ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေက အများကြီး ရှိလို့ နေပါသည်။


ဂိမ်းခွေတွေက အမျိုးမျိုး ရှိသည်။ ကလေးတွေ အကြိုက်ကတော့ စက်ဘီးပြိုင်တာ၊ ရမ်ဘိုဂျပု သေနတ်ပစ်တာ၊ ဘက်တ်မင်း၊ စပိုက်ဒါ မင်း၊ ကာတွန်းရုပ်လေးတွေနှင့် စပိုင်စတာတွေပါပဲ။ ၁၆၊ ၁၇ နှစ်နှင့် ၂၀ စွန်းစွန်းလေးတွေက ဇာတ်လမ်းတွဲတွေနှင့် ဘောလုံး ကစားတာများ ပါသည်။ ဇာတ်လမ်းတွဲတွေက ကစားမိလျှင် တော်တော်နှင့် မထနိုင်အောင် စွဲလမ်း ကြသည်။


ကျွန်တော်က ကစားချိန် တိုင်မာကို တီဗွီရီမုဒ်နှင့် ထည့်တာမို့ ကစားချိန် စေ့လျှင်တော့ တီဗွီက အော်တို ပိတ်သွား ပါသည်။ ဇာတ်လမ်းတွဲခွေ ကစားသူက ဆက်ကစား လိုလျှင် ငွေထပ်ဖြည့်၊ တီဗွီထပ်ဖွင့်၊ တိုင်မာချိန် ပေးလိုက်ရုံပါပဲ။ ရှင်းရှင်းလေးပဲ ဖြစ်သည်။ မရှင်းတာက ဘောလုံး။


ဇော်သိန်းဝေနှင့် လှမိုးဦးတို့က ကျွန်တော့် ဂိမ်းဆိုင်လေးကို ၀င်ခလုတ်၊ ထွက်ခလုတ် လုပ်နေကြသူများ ဖြစ်သည်။ သူတို့နှစ်ယောက် ပိုက်ဆံ ထုတ်ကစားတာ ကတော့ အင်မတန် ရှားပါသည်။ အဖော် လိုက်လာပြီး ကပ်ဆော့ နေသူများ ဖြစ်သည်။ နှစ်ယောက်လုံးက အသက် ၂၀ မပြည့်တတ်သေး။ ၁၀ တန်းကျ၊ ကျောင်း ဆက်မတက်၊ အလုပ်မရှိ ဝေလေလေ။ မိဘတွေ ကလည်း ပြည့်စုံသူတွေ မဟုတ်။ ၀န်ထမ်းရပ်ကွက် အိမ်ကျဉ်းကျဉ်းလေးမှာ နေစရာလည်း မရှိတာမို့ သူငယ်ချင်းတွေနောက် တကောက်ကောက်လိုက်၊ လက်ဖက်ရည်ဆိုင်ထိုင် (တိုက်မယ့်သူ မရှိလည်း ခပ်တည်တည်နှင့် မျက်နှာပြောင် ၀င်ထိုင်တတ်ပါသည်။) ဂိမ်းဆိုင်ဝင်လိုက်၊ ထွက်လိုက် လုပ်နှင့် အချိန်ဖြုန်း နေကြသူများ ဖြစ်သည်။


သည်နေ့ညနေ မှာတော့ ဇော်သိန်းဝေ၊ လှမိုးဦး နှစ်ယောက်တွဲ ကျွန်တော့် ဂိမ်းဆိုင်လေးသို့ ရောက်လာပြီး ဘောလုံးခွေ ကစားကြသည်။ ဇော်သိန်းဝေကပဲ ပိုက်ဆံ ထုတ်မှာလား၊ လှမိုးကပဲ ထုတ်မှာလား၊ ဒါမှမဟုတ် နှစ်ယောက်စပ်တူ ကစားမှာလား ကျွန်တော့်မှာ ပဟေဠိ တစ်ပုဒ်ပင် ရလို့နေပါသည်။ ၂၀၀ ကျပ်ဖိုး မိနစ် ၅၀ ကျွန်တော် တီဗွီ တိုင်မာချိန် ပေးလိုက်သည်။


ညနေ ၄ နာရီ ၁၅ မိနစ် ကတည်းက ဇော်သိန်းဝေတို့ ဂိမ်းကစားတာမို့ မိနစ် ၅၀ က ၅ နာရီ ၅ မိနစ်မှာ ပြည့်ပါမည်။ ကျွန်တော် တီဗွီစကရင်ကို လှမ်းကြည့်တော့ ဘောလုံး ပွဲက ဒုတိယပိုင်း ၃၀ မိနစ် ရှိနေပါပြီ။ သည်မှာတင်ပဲ သူ တို့နှစ်ယောက်၏ ၂၀၀ ဖိုး မိနစ် ၅၀ က ပြည့်သွားတာမို့ တီဗွီက ပိတ်သွားပါသည်။ နံရံထက်က နာရီလှမ်းကြည့်တော့ ၅ နာရီ ၅ မိနစ်ကွက်တိ။ ဘောလုံးပွဲက မပြီးသေးပါ။ ဇော်သိန်းဝေရဲ့အပြာရောင် ချဲလ်ဆီးက ၃ ဂိုး၊ လှမိုး ဦးရဲ့ အနီရောင်မန်ချက်စတာ ယူနိုက်တက်က ၁ ဂိုး။


“တစ်ပွဲလောက်”

နှစ်ယောက်လုံး၏ အသံက တစ်ပြိုင်တည်း ထွက်လာသည်။ ကျွန်တော် ရီမုဒ်နှိပ်ပြီး တီဗွီပြန်ဖွင့်ပေး လိုက်ပါသည်။ ဂိမ်းမှာ ၄၅ မိနစ်က အပြင် ၁၀ မိနစ်ပဲကြာ တာမို့ ဂိမ်းထဲက ၁၅ မိနစ်က ၃ မိနစ်သာသာပဲကြာသည်။ ကျွန်တော် မတွန့်တိုပါ။ ဒါမျိုး သူတို့ မတောင်းဆိုလည်း ကျွန်တော့်ဘက်က တီဗွီ ပြန်ဖွင့်ပေးတတ်ပါ သည်။ ပြီးအောင် ကစားစေ ချင်တာပဲ ဖြစ်ပါသည်။

ဇော်သိန်းဝေတို့ ကစားနေသည့် တီဗွီစကရင်ကို ကျွန်တော် ပြန်လှမ်းကြည့် တော့ ပွဲက ၃ ဂိုး ၂ ဂိုး ဖြစ် နေပါပြီ။ ပွဲပြီးတော့မည့်Loss Time နောက်ဆုံး အချိန် ရောက်နေပါပြီ။ သည်မှာပဲ ချဲလ်ဆီး ဂိုးသမား ပီတာချက်က နောက်တန်း ကပ္ပတိန် ဂျွန်တယ်ရီကို လက်နဲ့ပစ်ပေး၊ ဂျွန်တယ်ရီက ဂိုးထဲဆွဲပြေးပြီး ကိုယ့်ဂိုးကိုယ်သွင်းလိုက် သည်။ သည်တော့ ပွဲက သရေ ဖြစ်သွားသည်။ ၃ ဂိုး ၃ ဂိုး။


ကျွန်တော် လွှတ်ခနဲ ပြောမည်ပြုပြီး စိတ်ကို ထိန်း လိုက်ပါသည်။ ဇော်သိန်းဝေက ကျွန်တော့်ဘက်လှည့် ကြည့်တော့ ကျွန်တော် မမြင် လိုက်သည့်ပုံစံဖြင့် အားကစား ဂျာနယ်တစ်စောင်ကို စိတ်ဝင် တစားဖတ်ချင်ယောင် ဆောင်နေလိုက်ပါသည်။ အချိန်ပို ပထမပိုင်း ဂိုးမသွင်းကြပါ။ ဒုတိယပိုင်း ၁၀မိနစ်မှာတော့ ဇော်သိန်းဝေ၏ ချဲလ်ဆီးတိုက် စစ်မှူး ဒရော့ဘာက ထောင့်ကန်ဘောမှ တစ်ဆင့် ခေါင်း တိုက် သွင်းသွားပါသည်။ ဇော်သိန်းဝေက သူ့ကစား သမား ဂိုးသွင်းလိုက်တာကို အနှေးပြကွက်နှင့် အကြိမ် ကြိမ်ပြန်ကြည့်သည်။


“တွေ့တယ် မဟုတ် လား၊ ငါ့ကောင် ခေါင်းတိုက်သွားတာ မင်းဂိုးသမား ဗန်ဒါဆား ငုတ်တုတ်မေ့သွားပြီ”


ဇော်သိန်းဝေ ကြွားတာကို လှမိုးဦးက

“အေးပါ အေးပါ ငါ ပြန်ချေပြမယ်” ဟုပြောရင်း ပွဲပြန်စသည်။

အချိန်ပို ဒုတိယပိုင်း ၁၄ မိနစ်မှာတော့ လှမိုးဦးရဲ့ မန်ယူရှေ့တန်း ရွန်းနီဘောလုံး ရသွားပြီး ချဲလ်ဆီးဘက် ဆွဲပြေးသည်။ ချဲလ်ဆီးဘော လုံးကစားသမားတွေက ရပ်နေ သည်။ ကျွန်တော် ဇော်သိန်း ဝေ၏လက်ကို လှမ်းကြည့် တော့ ဂိမ်းခလုတ်မနှိပ် သည် အတိုင်း လွှတ်ထားသည်။ ရွန်းနီ ဂိုးသွင်းသွားပါသည်။ ပွဲက ၄ ဂိုး ၃ ဂိုး။

“တောက်... ကွာ... သရေဖြစ်သွားပြီ။ မင်း ကံကောင်းသွားတယ်နော်”

ဇော်သိန်းဝေ အပြောကို လှမိုးဦးက တဟဲဟဲရယ်နေ သည်။ ရွန်းနီ ဂိုးသွင်းတာကို အနှေးပြကွက်နှင့် အကြိမ် ကြိမ် ပြန်ကြည့်ပြန်သည်။ “လုပ်လိုက်ကွ” ဟု ကျွန်တော့် စိတ်ကတော့ အောင့်သက်သက်နှင့် အသံမထွက် အော်ဟစ်နေပါသည်။ သူတို့ ပင်နယ်တီ ၅ လုံး စီကန်ကြသည်။ ၃ ဂိုးစီ သရေဖြစ်သွားပြန်သည်။    ၁ ဂိုးစီကန်ကြပြန် သည်။ ၃ ခါလောက် သရေ ဖြစ်ပြီးမှာတော့ ချဲလ်ဆီးရဲ့ ဘယ်လက်တီ ဘေးကန်သွား တာမို့ ပွဲက ပြီးသွားပါသည်။


ဇော်သိန်းဝေတို့ နှစ်ယောက် တီဗွီရှေ့က မထချင် ထချင်နှင့် ထသည်။ ဂိမ်းဖိုး ငွေ ၂၀၀ ကျပ်တန် နွမ်းနွမ်းကို လှမိုးဦးက ဂျင်းဘောင်းဘီ နောက်အိတ်ကပ်ထဲက ခက် ခက်ခဲခဲ ဆွဲထုတ်ပေးသည်။

“တစ်ပွဲလောက်” က တော့ အချိန်ပို ၆ မိနစ်ရယ်၊ ဂိုးသွင်းတာတွေ ပြန်ကြည့်တာရယ်၊ ပင်နယ်တီအကြိမ်ကြိမ် သွင်းတာရယ် ပေါင်းလိုက်ရင်တော့ နာရီဝက်ခန့် စွန်းထွက် သွားသည်။ နာရီဝက်ခန့် ပိုပြီး အချောင်နှိုက် ကစား သွားတာ...။
ဇော်သိန်းဝေတို့ ပြန်သွားတော့ ကျွန်တော့်မှာ တနုံ့ နုံ့ခံစားရဆဲ...။
သူတို့ နှစ်ယောက်ကတော့ သူတို့ကိုယ်သူတို့ တော်တော်လည်သည်ဟု ထင်မှတ် နိုင်ပါသည်။ သူတို့ လည်ကြပါသည်။ သို့သော် ကျွန်တော်ကလည်း မအပါ။ ဒါကို ကျွန်တော် ထုတ်ပြချင်သည်။ ထုတ်ပြရပါလိမ့်မည်။

ခုတော့ ကျွန်တော့်ဂိမ်း ရုံလေး၏နံရံမှာ

“ဖိနပ်ပျောက်တတ်သည် သတိထား”
“ခလုတ်များကို ကြမ်းတမ်းစွာ မကိုင်ရ”
“ထိုင်ခုံများကို မရွှေ့ပါ နှင့်” ဆိုသည့် စာတန်းတွေ ဘေးမှာ
“အချိန်အတိအကျ သတ်မှတ်ပါသည်။ တစ်ပွဲ မပေးပါ” ဆိုသည့် စာတန်း လေးတစ်ခု ထပ်တိုးလို့ နေသည်လေ...။

ရဲသျှမ်း
Shweamutay magazine,April,2010

No comments:

Post a Comment