မြစ်ပွားနာ


ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ သင်ခဲ့ရသော ပုံပြင်လေး တစ်ပုဒ်ကို သတိရသည်။
ဆင်၊ မျောက်၊ ခါ ဆိုသော တိရစ္ဆာန်လေး ၃ ကောင်နှင့် ညောင်ပင် အကြောင်းပင် ဖြစ်သည်။ သူတို့ ၃ ကောင်၏ အသက်ကို ညောင်ပင်နှင့် ဆက်စပ်ပြီး တွက်ချက်တော့ ခါက အသက် အကြီးဆုံး ဖြစ်၍ မျောက်နှင့် ဆင်က ရိုသေ လေးစားစွာ ဆက်ဆံကြရသည်။ ကြီးသူကို ရိုသေရမည့် ပုံပြင်လေးဟု ရေးရေး မှတ်မိသည်။

ခါငှက်ကလေးက တစ်နေရာမှ ညောင်သီးစားပြီး ညောင်ပင် ပေါက်လာသဖြင့် ညောင်ပင် ဖြစ်တည် လာပြီးမှ မွေးသောဆင်၊ မျောက်တို့က ခါထက်ငယ်သည့် အကြောင်း၊ ပုံပြင် သင်ခန်းစာကတော့ ကြီးသူကို ရိုသေရန် အကြောင်း အဓိက ဖြစ်သော်လည်း ယခုအချိန် သူ့အတွေးက ညောင်သီးစားပြီး မစင်စွန့်သည့် ခါ အပါအ၀င် ငှက်တချို့ကြောင့် ညောင်ပင်များ ပွားများလာသည့် အကြောင်းကို တွေးနေမိသည်။

ညောင်ပင်ဆိုသည်ကလည်း မည်သည့် အခါမှ မခြောက်မသွေ့၊ ညောင်ရိပ်က အမြဲတမ်း အေးမြပြီး ငှက်ကျေးတို့၏ တွန်ကျူးသံဖြင့် နာပျော်ဖွယ် ကောင်းသလို အကာလည မိုက်မိုက်မှာတော့ ညောင်ရွက်တို့ လေတိုးသံက အားငယ်တတ်သူ၊ အစွဲအလမ်း ရှိသူ တချို့အတွက်တော့ ထိတ်လန့် ချောက်ချားဖွယ် နေရာဖြစ်ချင်လည်း ဖြစ်နေပါမည်။ သူကတော့ ဗောဓိညောင်၊ ညောင်ချဉ်၊ ညောင်မုတ်ဆိတ်၊ ညောင်သပြေ၊ ညောင်ပိန္နဲ၊ ညောင်လမ်း၊ ညောင်သပြေတို့လောက်သာ ကြားဖူးနားဝရှိသည်။ ညောင်ကိုင်းကြီးကနေ ကိုင်းထောက်မြစ်များ တဖွားဖွား ကျနေသည့် အပင်ကို ညောင်မုတ် ဆိတ်ဆိုသည် လောက်သာသိပြီး ကျန်ညောင်ပင်များကိုတော့ မှန်အောင် မခွဲခြားတတ်။ သူအလည်အပတ် ရောက်ခဲ့ဖူးသော ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယလိုဏ်ဂူ အနီးနှင့် မွေတော် ကက္ကူဘုရားက  ညောင်ပင်ကြီးများ၏ အံ့မခန်း ကြီးမား ခံ့ထည်ပုံကတော့ ပန်းချီဆရာတွေ လက်စွမ်းပြချင်ဖွယ် ကောင်းလှသည်ဟု ထင်သည်။

ဓာတ်ပုံ ဆရာများ၊ ရုပ်ရှင် ရိုက်ကူးသူများ အတွက်လည်း အလင်းအမှောင်၊ ဖွဲ့စည်းပုံ၊ အနီး အဝေး စသည့် သီအိုရီ အခြေခံများ ပြည့်နေသော အပင်ကြီးများပင် ဖြစ်ပါသည်။ ရှေးမဆွ ပဝေသဏီက အမြော်အမြင် ကြီးမားသော ပုဂ္ဂိုလ်ကြီးများက စိုက်ပျိုးစောင့်ရှောက်ခဲ့လေသလော။

သို့တည်းမဟုတ် ပုံပြင်ထဲက ခါငှက်ကဲ့သို့သော ငှက်များ မစင်စွန့်ရာမှ ပေါက်ရောက်ခဲ့လေသလား။ ဒေသန္တရ ရာဇ၀င် တူးဆွသူတို့မှသာ သိနိုင်မည်ထင်သည်။ မည်သို့ပင် ဖြစ်နေစေလေ ညောင်ပင်ကြီးများ သူ့ချည်းသီးသန့် တည်ရှိနေလျှင်တော့ လွန်စွာ ကျက်သရေရှိ ခံ့ညားပြီး ဘုရားရိပ်၊ ကျောင်းရိပ်များမှာတော့ ဂြိုဟ်ပြေနံပြေ ဘုရားရုပ်တုတို့ ၀န်းရံလျက် ဆီမီး၊ ရေသပ္ပာယ် ရသည့် အထွတ်အထိပ် ရောက်သည်ဟု သူက မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပီပီ ညောင်ပင်များ ပျိုးထောင်ပြီး ဗုဒ္ဓ၏ အရိပ်အငွေ့တို့ကို လွှမ်းခြုံစေသည်။ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့တွင်မူ ညောင်ရေ သွန်းကြသည်မှာ မြို့ရွာအနှံ့ တစ်နံတစ်လျား စည်ကားလွန်းလှသည်။ ညောင်ပင်ကို အရေးတယူ ထားရမှန်း၊ မဖွယ်မရာ မပြုရမှန်း ငယ်စဉ်ကတည်းက အစွဲအလမ်း ကြီးခဲ့သူ သူ့အတွက် အဆောက်အဦတွေအပေါ် ပေါက်ရောက်နေသော ညောင်ပင်နှင့် အခြားအပင်ကို ၀ါးမျို ကြီးထွားနေသော ညောင်ပင်များကိုတော့ စိတ်အချဉ် ပေါက်နေမိသည်။ အဆောက်အဦတွေ အပေါ် မည်သူကမှ ညောင်ပင် တက်စိုက်မှာလည်း မဟုတ်၊ ပုံပြင်ထဲက ခါငှက်ကဲ့သို့ မျိုးဆက်ပွား ကြားခံကိုယ် စားလှယ်ကြောင့်သာ ဖြစ်လိမ့်မည်။

သူတို့ မြို့ပြ အင်ဂျင်နီယာ ဌာနမှာ သံလမ်း၊ လုပ်ငန်း၊ တံတားဆိုသည့် ဌာနခွဲ ၃ ခုအနက်က သူက လုပ်ငန်း ဌာန၏ ကြီးကြပ်ရေးမှူးအဆင့် ဖြစ်သည်။ ပြောရလျှင်တော့ သူ့ဌာနခွဲ လေးတွင် သူက အကြီးဆုံး ရာထူးပင် ဖြစ်ပါသည်။ မီးရထား နယ်မြေအတွင်း အဆောက်အဦ ဆောက်ခြင်း၊ ဆေးသုတ် ခြင်း၊ အဆောက်အဦ၊ သံလမ်း၊ တံတားတို့နှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင် ရှင်းလင်းရန် တာဝန်တို့ သည် သူတို့ဌာနခွဲ၏ တာဝန်ပင် ဖြစ်သည်။ သူကတော့ သစ်တစ်ပင် ဖြစ်တည်လာရန် ခက်ခဲသည်ကို နားလည် ထားသူပီပီ မဖြစ်သာလွန်းမှသာ သစ်ပင် ခုတ်လှဲစေသူ ဖြစ်ပါသည်။ အဆောက်အဦတွေပေါ်မှာ ပေါက်ရောက် ရှင်သန်နေသည့် ညောင်ပင်များကိုတော့ ထိန်းသိမ်း ထားရမည့် သစ်ပင်များ မဟုတ်သည်ကို သူတွေးသလို သူ့တိုင်း အင်ဂျင်နီယာကလည်း တွေးဆပြီးသား ဖြစ်နေပုံ ရသည်။

“ကိုစောရေ၊ ခင်ဗျား လုပ်ငန်းအဖွဲ့ လမ်းနဲ့ မလွတ်တဲ့ သစ်ပင် သစ်ကိုင်းတွေ ခုတ်ထွင် ရှင်းလင်းလိုက်တာ တော်တော်လေး အဆင်ပြေသွား တယ်။ ဌာနပိုင် အဆောက်အဦ တချို့မှာတော့ ညောင်ပင်လေး တွေ တွေ့နေရသေးတယ်ဗျ၊ တချို့ တော်တော် ကြီးနေပြီ။ မိုးမကျခင် အမြန် ဆုံး ရှင်းလင်းလိုက်ပါဗျာ”

တိုင်းအင်ဂျင်နီယာ ညွှန်ကြားသော အခါ သူ့လုပ်ငန်း ဧရိယာထဲတွင် ရှိသည့် အဆောက်အဦကြီးတွေကို အတွေးဖြင့် မြင်ယောင်ကြည့်သည်။ သူ့လက်ထောက် လုပ်ငန်းကြပ်တို့ကို ကွင်းဆင်း ခိုင်းပြီး စာရင်း ကောက်ယူရန် ဆက်လက် ညွှန်ကြားရမည်။

ကျော်လွင်နှင့် တင့်လွင်ထွန်း နှစ်ယောက်ကို တာဝန် ပေးရုံမျှနှင့်ပင် သည်ကိစ္စက အလွယ်တကူ ပြီးစီးသွားပါလိမ့်မည်။ ယခင် နှစ်များတုန်းက အပင်ပေါက်လေးများ ဆွဲနုတ် ရှင်းလင်းပြီး အတန်အသင့် အရွယ်ရနေသည့် အပင်များကိုတော့ အရင်းက ခုတ်ဖြတ် ပေးခဲ့ဖူးသည်။ ရှင်သန့် ဖွံ့ဖြိုးမြန်သော အပင်မျိုးနွယ်ကြောင့်လား မသိ၊ အပင်တို့က ပြန်လည်ထမြောက် အရွက်တဝေေ၀ လေနှင့်အတူ ယိမ်းက၊ တစ်စ တစ်စ ကြီးမြောက်ပြန်ချေပြီ။

၂။
ကျော်လွင်နှင့် တင့်လွင်ထွန်း လုပ်ငန်းကြပ် နှစ်ယောက် ကွင်းဆင်းစာရင်း ကောက်ပြီး တင်ပြလာတော့ အဆောက်အဦတွေပေါ်တွင် ကပ်ရပ် ပေါက်နေသော သစ်ပင် အရေအတွက်က အတော်များသည်။ အချို့ တော်တော်ပင် ကြီးနေပြီ။ ကျော်လွင်၏ ဒီဂျစ်တယ် ကင်မရာ စခရင်ပေါ်တွင် တွေ့ရသည်ကိုက အူယားချင်စရာ။

“ဆရာရယ်၊ တချို့အိမ် တွေက အလွယ်တကူ ဆွဲနုတ်၊ ခုတ်ဖြတ် လိုက်ရင်ရတယ်။ အဲဒါ အိမ်ရှင်တွေက ညောင်ပင်မို့ မခုတ်ရဲဘူးတဲ့လေ”

တင့်လွင်ထွန်းက မချင့်မရဲ ဖြစ်နေပုံ ရသည်။
“တို့ လူမျိုးက ညောင်ပင်ကို အထွတ်အမြတ်ထားရာ အပင်အဖြစ် သတ်မှတ်တာ ဆိုတော့ မလုပ်ရဲ၊ မကိုင်ရဲ ကြဘူးပေါ့ကွာ၊ ၀န်ထမ်းကတော့ ရှောင်လွှဲလို့မှ မရတာ”

“ဒါကြောင့် ဟိုတုန်းက သစ်ပင်ခုတ်ရင် ဘယ်သူ့ အမိန့်လို့ ပြောပြီး ခုတ်တာ နေမှာနော်။ ဆရာကော အယူရှိလား”

ကျော်လွင်၏ အမေးကို ဖြေရန် သူ တွေခနဲ ဖြစ်သွားသည်။ သစ်ပင်ကြီးများတွင် အစောင့်အရှောက် ရှိသည် မရှိသည်တော့ မသိ။ သစ်ပင်ကြီးကြီးမှာ နတ်ရုပ်ပုံတော်၊ နတ်စင်ကလေးများ ရောက် လာသည်ကိုတော့ သူက သဘောကျချင်ချင်။ အမှိုက် အညစ်အကြေး မရှိ၊ သစ်ပင်ခုတ်လှဲရန် စိတ်မကူးရဲ။ ထို့ ကြောင့် သက်ရင့်သစ်ပင်ကြီးများ လွတ်ကင်း ချမ်းသာရာ ရသွားသည်ကို ကျေနပ်သည်။ သို့မဟုတ်လျှင် ချိန်းဆောဆိုသည့် လက်ကိုင်လွှသွားအောက်မှာ သစ်ပင်ကြီးတို့ တုံးခနဲ လဲကျကုန်မည်။ ဤ သည်ကလည်း မြို့ထဲရွာထဲရှိ သစ်ပင်ကြီးမျှသာ ကျန်ကောင်းကျန်မည်။ တောထဲက သစ်ပင်ကြီးများကတော့ မည်သည့် အစောင့်အရှောက်မှ မရှိတော့။ လောင်စာထင်း အဖြစ် ခုတ်လှဲခံရသော သစ်ပင်များနှင့် မှောင်ခို ခိုးထုတ် ခံရသော သစ်ပင်များခမျာ ဥပဒေမဲ့သူများထံ အညှာအတာကင်းမဲ့စွာ လည်စင်း ပေးခံလိုက်ရတော့သည်။ သစ်ပင်များ ပါးလျားလာတော့ ဂေဟစနစ်က ပရမ်းပတာဖြစ်၊ ရာသီဥတု ဖောက်လှဲ ဖောက်ပြန်ဖြစ်၊ မိုးခေါင်ရေ ရှား၊ မြေဆီသြဇာဆုံးရှုံး၊ သူ့ အတွေးများကား မဆုံးနိုင်တော့။

“ထားပါကွာ။ ငါတို့က အဆောက်အဦတွေကို ထိခိုက် စေမယ့် အပင်ပေါက်တွေကို ရှင်းလင်းတာပဲ၊ ကောင်းတာ လုပ်တာမို့လို့ မစိုးရိမ်ပါနဲ့ကွာ”

“မစိုးရိမ်ပါဘူး ဆရာရယ်၊ ကျွန်တော် စဉ်းစား နေတာက အသီး၊ အစေ့ သေး သလောက် အပင်ကျတော့ ဟဲဗီးကြီး ဖြစ်လာတာကို အဲဒါ ကျွန်တော် ငယ်ငယ် ကတည်းက တွေးပြီးအံ့သြနေ တာ၊ အသီးအစေ့ ကြီးကြီး သာဆို ဘယ်လိုများနေမလဲ မသိဘူးနော်”

ကျော်လွင် ပေါက် ပေါက်ရှာရှာ တွေးတော့ သူ ပြုံးမိသွားသည်။ အပင်ကြီးတိုင်း အသီး၊ အစေ့ ကြီး သလော။ အသီး၊ အစေ့ကြီးပြီး အပင်သေးတာကော ရှိသလော။ သူ့အတွေးက စုန်ချည်ဆန်ချည် ဖြစ်သွားပြန် ပြီ။ အပင်တို့၏ ဖြစ်တည်မှုများက လေ့လာမည်ဆိုလျှင်  ကုန်နိုင်မည်လည်း မဟုတ်။ ရုက္ခဗေဒကို သူက အထက်တန်းကျောင်းသား ဘ၀တုန်း ကသာ နည်းနည်း တီးမိ ခေါက်မိ သင်ခဲ့ရရုံသာ။

“ဒါကြောင့်လည်း ညောင်စေ့လောက် လှူပြီး ညောင်ပင်ကြီးလောက် ကုသိုလ် ရနိုင်တယ် ဆိုပြီး အလှူခံ မဏ္ဍပ်တွေမှာ အော်နေတာပေါ့ကွ၊ ညောင်ပင်ကြီးလောက် လှူပြီး ညောင်စေ့ လောက်တောင် ကုသိုလ် မရတာလည်း ရှိချင် ရှိမှာပေါ့ကွာ”

“ညောင်သီးလည်းစား လေးညှို့သံလည်း နားထောင် ဆိုတာကတော့ ကျွန်တော်တို့ တစ်တွေကို ပြောတာနေမှာနော် ဆရာ”

“တော်... တော်၊ ဆက်သွားရင် ညောင်မြစ်တူး ပုပ်သင်ဥပေါ်တွေ ဘာတွေ ရောက်ကုန်ဦးမယ်”

တင့်လွင်ထွန်းနှင့် ကျော်လွင်တို့ နှစ်ယောက်၏ စကားပုံတွေသာ ဆက်တွေး အဓိပ္ပာယ်ဖော် ဥပမာတွေ ဆောင်ပြလျှင် သူတို့ ဆရာ တပည့်များ ရုံးဆင်းလိုက်ရမည် မထင်။

၃။
သည်ကုန်ရုံကြီးက ရထားလမ်း စဖောက်ကတည်းက ရှိခဲ့သည့် အဆောက်အဦပင် ဖြစ်သည်။ နှစ်ကာလများ တွက်ကြည့်လျှင်တော့ နှစ်တစ်ရာကျော်ဘက်သို့ ချဉ်းကပ်လာပြီဖြစ်၍ ရှေးဟောင်း အဆောက်အဦ အဖြစ် သတ်မှတ်၍ ရနိုင်သည်။ ဘူတာက နောက်မှ ပြန်ဆောက် ထားသည့်အတွက် သစ်လွင်ဆဲဖြစ်သော်လည်း ကုန်ရုံကြီး၏ ထည်ဝါမှုကိုတော့ မမီ။ စစ်ပြန် ဂျပန်ကြီး တစ်ယောက်သည် ကုန်ရုံကြီးရှေ့မှာ ဓာတ်ပုံတွေ တဖျပ်ဖျပ် အရိုက်ခံပြီး စစ်ကာလတုန်းက သူတို့တပ်ဖွဲ့ နားခိုဖူးကြောင်း၊ သူတို့အတွက် ကွန်းခိုရာ ဖြစ်ခဲ့ဖူး၍ မှတ်မှတ်ရရ လာကြည့်ခြင်း ဖြစ်ကြောင်း၊ သည်လို ရှေးဟောင်း အဆောက်အဦများကို မဖြိုမဖျက် ထိန်းသိမ်းထားသည့် အတွက် တာဝန်ရှိ သူအားလုံးကို ကျေးဇူး တင်ပါကြောင်း ပြောပြခဲ့သည်ဟု ကုန်ရုံကြီးဘေးရှိ ၀န်ထမ်း လိုင်းခန်းနေသူ တချို့ ပါးစပ် ရာဇ၀င် ခင်းပြတော့ သူမအံ့သြ။ အုတ်ချပ်နီနီရဲ နံရံတွေမှာ ကပ်ငြိနေသော၊ ရေညှိတွေနှင့် ရှုပ်ထွေး ပတ်နွယ်နေသော နွယ်ပင်တွေကိုသာ သူက ငေး ကြည့်နေမိသည်။ အုတ်ကြွပ် မိုးက မူလအရောင် မရှိတော့။ ရေညှိများဖြင့် အစိမ်းတောက်တောက် အရောင်ပေါက်နေသည်။ ဘေးနံရံတွေမှာ ပေါက်နေသော ညောင်ပင်လေး များကို အလွယ်တကူ ရှင်းနိုင်မှာ ဖြစ်သော်လည်း နောက်ကျောဘက် နံရံရှိ အပင်ကတော့ အတော့်ကို ကြီးရင့် နေပြီ။ မည်သည့် မြေဆီ သြဇာအာဟာရ ရယူပြီး ရှင်သန် ဖြစ်ထွန်းလာသနည်း။ သူ့ တပည့်တွေ လက်ချက်နှင့် မကြာခင် ရှင်းလင်းသွားမှာကိုတော့ သူ့ဘက်က အပြည့်အ၀ ယုံကြည်နေမိသည်။

ထင်သည့်အတိုင်းပင် မွန်းတည့်စမှာ အနောက်ဘက် အပင်က လွဲပြီး ဘေးနံရံ၊ ခေါင်မိုးဆီက ရေညှိနှင့် နွယ်ပင် အရှုပ်အထွေး ညောင်ပင်ပေါက်တို့ ရှင်းလင်းသွားခဲ့ပြီ။ အဆောက်အဦ၏ မူလ အရောင်အသွေးက ထင်းလို့လာသည်။

အလုပ်သမား ခေါင်းဆောင်ဝကြီးက အုတ်နံရံပေါ် ထောင်ထားသော လှေကားထက်ကနေ သူ့အလုပ်ကြပ် ကျော်လွင်ကို လက်ဟန်ပါပြ ပြောတော့ ကျော်လွင်က လက်မထောင်ပြ စိတ်ချ အဓိပ္ပာယ်ရ သင်္ကေတ ပြန်ပြလိုက်သည်။ သူ့အလုပ်သမား အဖွဲ့က အထက်အမြင့်များမှာ တက်ရောက် လုပ်ကိုင်ရ သည်ကြောင့် လုပ်ငန်းခွင် အတွင်း အရက်သောက်ခြင်းကို သူ ပြင်းပြင်းထန်ထန် ကန့်ကွက်တားမြစ်ထား သော်လည်း အလုပ်သိမ်းပြီဆိုလျှင်တော့ ခွင့်လွှတ်လိုက် ရသည်။ ပင်ပန်းနွမ်းနယ်မှုအတွက် ဖြေဆည်ရာအဖြစ် အသုံးချသည့်အပေါ် နားလည်ပေးနိုင်ရန် သူ့ဘက်က ၀န်မလေးပေ။
ကုန်ရုံကြီး အနောက် ဘက်နံရံရှိ ညောင်ပင်ကို ကိုင်းများ ခုတ်ဖြတ်ပြီး ပင်စည်အရင်းပိုင်းကို ရဲတင်းထက် ထက်ဖြင့် ဆယ်ချက်မျှ ခုတ် ပိုင်းလိုက်သည်နှင့် အပင်က မြေခသွားတော့သည်။ အုတ် နံရံမှာတော့ အပင်ငုတ်တို။ သူ ဤကဲ့သို့မူ မကြိုက်သေး၊ သိပ်မကြာခင်မှာ အခက် အလက်ပြန်ဝေ၊ အရွက်တွေ ဖားဖား ပြန်ဖြစ်လာဦးမည်။ အမြစ်ပါဖြတ်မှ ဖြစ်ပါမည်။

“ကျော်လွင်၊ ၀ကြီးကို ပြော၊ အမြစ်ပါ ဖြတ်တောက် လိုက်လို့”

သူ့အပြောကြောင့် ကျော်လွင်က ၀ကြီး တက်ရောက် နေသော လှေကားခြေရင်းသို့ အပြေးတစ်ပိုင်း ထွက်သွားသည်။ ၀ကြီးက အပင်ငုတ် တိုကို အားနှင့်ဆွဲ၊ အမြစ်နုတ်ဖို့ ကြိုးစားသည်မှာ မအောင် မမြင် ဖြစ်နေပုံရသည်။

“ဆရာကျော်၊ လက်နဲ့ ဆွဲလို့ မရဘူး။ ကြိုးနဲ့ အပင် ရင်းချည်ပြီး အောက်ကနေ လူအားနဲ့ ဆွဲချမှ အဆင်ပြေမယ်”

ဝကြီး စကားဆုံးတော့ ကျော်လွင်က လက်မ၀က်ခန့် ပလတ်စတစ်ကြိုးခွေ အစိမ်း ကြီး၏ အဖျားကို ၀ကြီးထံ ပစ်တင်လိုက်သည်။ ၀ကြီးက ညောင်ပင်ငုတ်တို အရင်းမှာ ကြိုးချည်ပြီး လှေကား အတိုင်း ပြန်ဆင်းလာသည်။

“တစ်... နှစ်... သုံး”
“တစ်... နှစ်... သုံး”
တိုင်မင်အော် အားထည့်ပြီး ၀ကြီး အပါအ၀င် အလုပ် သမား ၃ ယောက် ဆွဲအားမှာ အပင်ငုတ်က ညွတ်ရုံသာ ညွတ်ပြီး ပြုတ်မထွက်။

“တစ်... နှစ်... သုံး”
“တစ်... နှစ်... သုံး”
နောက်တစ်ကြိမ် တိုင်မင်အော် ဆွဲအချမှာတော့ အုတ်ခဲတစ်လုံးက ညောင် ငုတ် အထက်ပိုင်းဆီကနေ ၀ုန်းခနဲ ပြုတ်ကျလာပြီး နောက်ထပ် အုတ်ခဲ ၃၊ ၄ တုံး ဆက်ကျလာတော့ သူ “ဟိုး” ဟုအော်ပြီး ရပ်တန့်ခိုင်း လိုက်ရတော့သည်။

“ကဲ- ကျော်လွင်၊ အလုပ်သိမ်း လိုက်တော့ကွာ၊ မရတော့ဘူး။ အပင်ငုတ်ကို ဒီအတိုင်းပဲ ထားလိုက်၊ နည်းနည်း ကြီးလာတိုင်း လာခုတ်ရုံ ပဲ တို့တတ်နိုင်မယ်၊ သူ့ အမြစ်က အုတ်ရိုးအနှံ့ ပျံ့သွားပြီး ခိုင်ခံ့ အမြစ်တွယ်နေပြီလေ။ ဒါကို ရေဆုံး၊ မြေဆုံး အပြတ် ရှင်းရင်တော့ အုတ်တွေ အကုန်ပြိုပြီး အဆောက်အဦ ပါ ဗုန်းဗုန်း လဲသွားလိမ့်မယ်”


သူတို့အဖွဲ့ ပြန်လာ သောအခါ သူ့ရင်ထဲမှာ ခိုးလိုးခုလု ဖြစ်ပြီး တစ်စုံတစ်ခုကို မကျေမနပ် ဖြစ်နေမိ သည်။ ညောင်သီးစားပြီး မဆင်မခြင် မစင်စွန့်ခဲ့သော ပုံပြင်ထဲက ခါငှက်ကလေးကဲ့သို့သော ငှက်ကလေးများ ကိုလော၊ အပင်လေးငယ်ငယ်က မရှင်းလင်းခဲ့သည့် သူတို့၏ ပေါ့လျော့မှုကိုလော။
နှစ်ခုလုံးလည်း ဖြစ်နိုင် ပါသည်လေ။
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

No comments:

Post a Comment