ဘူတာရုံကလေး (၂)


သူတို့ ပါဆယ်ရထားကြီး ဘူတာကလေးရဲ့ အမှတ် ၁ စင်္ကြံလမ်းထဲဝင်တော့ ၃ လက်မှာပတ်ထား တဲ့ နာရီကလေး ကို ဓာတ်မီးနဲ့ထိုးကြည့်လိုက်တယ်။ ည ၁၂နာရီခွဲလုလု၊ အတွေ့အကြုံအရ သူတို့ရထားနဲ့ မန္တလေးက ထွက်လာတဲ့ အမှတ် ၈ အစုန်အမြန်ရထား ဆုံးတော့မယ်ဆိုတာကို တွေးမိလိုက်တယ်။ ရန်ကုန်က လာတဲ့ အမှတ် ၅ အဆန် အမြန်ရထားလည်း ပုံမှတ်လာမယ်ဆိုရင် သူတို့ရထားကို ကျော်လိမ့်ဦးမယ်။ သူတွေးတာမှန်ရင် အနည်းဆုံး နာရီဝက်လောက် ရထားရပ် ထားတော့မယ်လေ။
ရထား သိပ်ကြာကြာရပ်ထားရင် အခုလို သန်းခေါင်ယံအချိန်၊ လင်းရောင်မဲ့အမှောင်က တွဲတွေရဲ့ လုံခြုံမှုကို လျော့ပါး သွားစေနိုင်တယ်။

"ဂါတ်ဗိုလ်ကြီး ဖိုက်အပ်ကျော်၊ အိတ်ဒေါင်းဆုံဆိုရင်တော့ အနည်းဆုံး နာရီဝက်ပဲဗျ"

ရထားကြန့်ကြာမှု ဝင်၊ ထွက် စာရင်းကို ဓာတ်မီးလေးရဲ့အလင်းရောင်နဲ့ ရေးနေတဲ့ ဂါတ်ဗိုလ်ကြီး  ကို စကားစ လိုက်တယ်။
"ဟုတ်မယ်စာရေးကြီး၊ တိုင်မင်အရ ဒီအတိုင်းပဲ။ ရဲတစ်ယောက်လောင်နှိုးပြီး တွဲတွေကို တစ်ပတ်လောက် ကြည့်ရင် ကောင်းမယ်ထင်တယ်။ ဆီးလ်ဗင်တွေက ကိစ္စမရှိဘူး။ ကြံတွဲတွေက လုံခြုံတာမဟုတ်ဘူးနော်"
ဂါတ်ဗိုလ်ကြီးပြောတော့မှ သူတို့ရဲ့နားနေတွဲနဲ့ ကပ်လျက်ကြံတွဲတွေအတွက် စိတ်ပူသွားမိတယ်။ SMBV လို့ ခေါ်တဲ့ ကြံတွဲတွေက ကြံချောင်းတွေ၊ ထင်းတွေ၊ ခွဲသားတွေ၊ ဝါးတွေ တင်ဖို့သာ အဆင်ပြောတာ။ အမိုးအကာမရှိတော့ တခြားပစ္စည်တွေ တင်ဖို့က မလုံခြုံဘူးလေ။ ဒါပေမယ့်လည်း အလုံပိတ်တွဲတွေ ရှားတော့ ရှိတဲ့တွဲတွေတင်ကြရတာပဲ။  မိုးတွင်းဆိုရင်တော့ မိုးကာဖျင်ကြီးတွေ ဆက်စပ်ချုပ်ပြီး တွဲကို အလုံအုပ်ထားလိုက်ပေမယ့် နွေအခါမှာတော့ ဘာမှ အုပ်ထားတာ မဟုတ်ဘူး။ ဒီတော့လုံခြုံမှု နည်းတယ်။

သူ ဓာတ်မီးလေးနဲ့ တွဲအတွင်းကို တစ်ချက်ဝေ့ကြည့်လိုက်တော့ ဆန်အိတ် တွေ ရှေ့နေရာယူ ထားတဲ့ ရဲလေး တွေက တုံးလုံးပက်လက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လိုက်နေတယ်။

"ရဲလေးတွေကို နှိုးမနေတော့ဘူးဗျာ။ ကျွန်တော်ပဲ ကြံတွဲတွေ ပတ်ကြည့်လိုက်တော့မယ် ဂါတ်ဗိုလ်ကြီ။"

သူတွဲပေါ်ကနေ အောက်မဆင်းခင် မြေပြင်ကို ဓာတ်မီးနဲ့တစ်ချက်ထိုကြည့်ဖို့ဆိုတာ သတိမမေ့ဘူး။ အညာနွေပူပူ၊ လူသူကင်းမဲ့တဲ့ ဘူတာလေးတွေမှာ မြွေပါးကင်းပါးရှိတာကို သူက ကြားဖူးနေတာလေ။ အောက်မှာ ခွေနေတဲ့ မြွေကို မတော်နင်းမိလို့ ခြေသလုံးပြန်ခဲလိုက်ရင် ဆေးမီမှာ မဟုတ်ဘူး။ ဟို တစ်ခေါက်တုန်း ကလည်း နွးထိုးဘူးတာရုံပိုင် ကိုကျော်ဝင်းလှ သူဘူတာရထားရပ်တော့ သာစည်ဘူးတာ မျှော်စင် ရုံပိုင်ကြီးကိုသိန်းဝင်းကို ပေးလိုက်ပါဆိုပြီး ကြွပ်ကြွပ်အိတ်တစ်ထုပ် သူနဲ့လူကြုံပါးတယ်လေ။ သူ အမှတ်တမဲ့ ယူထားမိလိုက်တာ။ ရထားထွက်တော့မှ အိတ်ထဲက ပစ္စည်းကြည့်မိပြီး သူ အလန့်တကြား အော်တာနဲက အပြေးအလွှားရောက်လာပြီး အိတ်ကိုယူကြည့်တော့ သူတို့ပါ ဝရုန်းသုန်းကား ဖြစ်ကုန်ရော။ မဖြစ်ခံနိုင်ရိုးလား၊ အိတ်ထဲမှာက တုတ်တုတ်မည်းမည်း မြွေပွေးကြီးလေ။ တော်ပါသေးရဲ့ ဦးခေါင်းကြေမွ အသေ မို့သာ။ ကိုကျော်ဝင်းလှ တို့ကတော့ သူတို့အဖြစ်ကို တွေးပြီး ဟားတိုက် ရယ်မောကျန်နေမလားဘဲ။


အခု သူ့ဓာတ်မီးအလင်းရောင်အောက်မှာ မြွေတော့မရှိဘူး။ ဒါပေမယ့်  ခြေထောက်တစ်စုံက ရောက် နေတယ်။ ဘာလဲ သူခိုးလား။ တွဲနားကပ်ပြီး လူလစ်မလစ် လာချောင်းတာလား။ သူဓာတ်မီး ကို အောက်ခြေ ကနေ အပေါ်ကို အလျင်အမြန်ရွှေ့ပစ်လိုက်တယ်။

လူငယ်လေး တစ်ယောက် သူ့ ဓာတ်မီးအလင်းရောင်ကို မျက်နှာရှေ့ကနေ လက်ဝါးနဲ့ ကာနေတယ်။
"ကျွန်တော် ရုံပိုင်လေး ပါ။ ရထားလိုက်စာရေးကြီးလား ခင်ဗျား"
"အို..... "

သူ အံ့သြအားနာသွားတယ်။ တွဲပေါ်ကနေ ကမန်းကတန်း ခုန်ဆင်ပြီး ရုံပိုင်လေးလက်ကိုကိုင်ရင်း..

"ဆောရီးဗျား၊ ကျွန်တော်က တခြားလူစိမ်းမှတ်လို့"
သူ့ အပြောကြောင့် ရုံပိုင်လေး  နွမ်းယဲ့ယဲ့နဲ့ မချိပြုံး ပြုံးနေလေမလား။ အမှောင်ထဲမှာမို့ သူတို့ တစ်ယောက် ကို တစ်ယောက် သဲသဲကွဲကွဲ မမြင်ရဘူး။
"ဖိုက်အပ်ကျော်မယ်ဗျ၊ ပြီးတော့ အိတ်ဒေါင်းဆက်ဆုံမယ်။ မိနစ်လေးဆယ်လောက်တော့ ကြာလိမ့် ဦးမယ် ထင်တယ်။ ရှေ့ဘူတာမှာ ကျောက်ရထားရှိနေလို့ဒီမှာ စောင့်ဆုံရတာ"
"ဟုတ်ကဲ့ ရုံပိုင်လေး၊ ကျွန်တော်တို့လည်း အထင်သား "

"တွဲတွေအတွက် စိတ်ချစာရေးကြီး။ ကျွန်တော်ဘူတာ လူစိမ်းမရှိဘူး။ ကျွန်တော်နဲ့ လမ်းခွဲကိုင်က လွဲရင် ဘယ်သူမှ မရှိတာဗျ။ ရွာနဲ့လည်း အရမ်းဝေးတာဆိုတော့လေ"

သူ ကျေနပ်သွားတယ်။ ကြံတွဲတွေ၊ အလုံပိတ်တွဲတွေ လိုက်စစ်စရာမလိုပေါ့။ ဒါဆို သူ တွဲပေါ်ပြန် အိပ်ရုံပဲပေါ့။ သူ ဓာတ်မီးကို အပေါက်ဝထိုပြီး တွဲပေါ်တက်ဖို့စဉ်းစားလိုက်တယ်။
"ဟို... ဟိုဗျာ.. "
ဟင် ရုံပိုင်လေးက ဘူတာလေးဆီ ပြန်မသွားသေးပါလား။ အထစ်ထစ်အငေါ့ငေါ့နဲက သူ့ကို စကားပြောဖို့ ကြိုးစား နေတာပါလား။ တစ်ခုခုလိုချင်လို့လား။
"ရုံပိုင်လေး ဘာလိုလို့လဲ၊ မဂ္ဂဇင်းဟောင်း ၃ ၄ အုပ်တော့ ရန်ကုန်ကနေ ပါလာတယ်။ ဖတ်ဖို့ယူ ထားချင် ယူထား လိုက်လေ" ဆိုတော့ ဓာတ်မီးအလင်းရောင်နဲ့ ရုံပိုင်လေးရဲ့ အပြုံနွမ်းနွမ်းလေးကို တွေ့လိုက် ရတယ်။

"စာရေးကြီးရာ စာအုပ်လည်း ဖတ်ချင်ပါတယ်။ ခုလောလောဆယ်တော့ စာအုပ်ထက် ဆန်လေး နည်းနည်း ရချင် နေတယ်ဗျ။ ကျွန်တော်တို့ ညစာ မချက်ရသေးဘူးလေ"

အို..... သူ့နှလုံးသားကို ဆောင်တွန်းလိုက်တဲ့ စကားပါလား။ သူ တုန်လှုပ် ကြေကွဲသွားမိတယ်။ ရှက်ရွံ့ အားငယ် နေတဲ့ မျက်ဝန်းအရောင်းကို တွေ့လိုက်ရမှာကိုလည်း သူ ဝန်လေးနေမိတယ်။ အတွေးစဉ် ကလည်း "ဘာလုပ်ပေးလို့ရမလဲ" ဆိုပြီး အပြေးအလွှား လွန်းပျံနေတယ်လေ။ သူ့တို့ အဖွဲ့က တွဲချိတ် တွဲဖြုတ် လုပ်တဲ့ တောင်ငူမှာ အချိန်ရတာမို့ ညစားစားခဲ့ပြီးပြီ။ ဒါကြောင့် ထမင်းထုပ်တွေလည် ပါမလာ တော့ဘူး။

"ကျွန်တော်တို့လည်း ချက်ပြုတ်စားတာမဟုတ်တော့ ဘာမှ မပါဘူးဗျာ။ တွဲပေါ်တင်ထားတဲ့ ဆန်အိတ်တွေ ထဲက နည်းနည်းစီနှိုက်ပေးလိုက်မယ်လေ"

သူ့ အပြော ကို ရုံပိုင်လေးက ခေါင်းယမ်းငြင်းဆန်တယ်။

"တန်ဆာလုပ်ထားတဲ့ ပစ္စည်းတွေထဲက မယူပါရစေနဲ့ဗျာ။ ပိုင်ရှင်ရော၊ စားရေးကြီးတို့အတွက်ပါ မကောင်း ပါဘူး။ ဘာမဟုတ်တာလေးနဲ့ ပြဿနာကြီးနေပါဦးမယ်။"

"ရပါတယ်ဗျာ။ တစ်အိတ်နည်းနည်းနဲ့ အိတ် ၅၀ လောက်စီ နှိုတ်လိုက်ရင် တစ်ပြည်လောက်တော့ ရနိုင် မှာပါ။ မသိသာပါဘူး။ ကဲ...ကဲ.. ရုံပိုင်လေး အောက်ကစောင့်နေ"]
သူ တွဲပေါ်ပြန်တက်သွားပြီး ဆန်တစ်အိတ်ချင်းကို ဘောပင်နဲ့ထိုးပြီး ကြွပ်ကြွပ်အိတ်လေးထဲထည့် တယ်။ ကလောင် နဲ့ မဟုတ်ဘဲ ဘောပင်နဲ့ထိုးတာမို့ ဆန်က သိပ်မကျချင်ဘူး။ ၁၅ မိနစ်လောက် ကြာမှ ဆန် နို့ဆီဗူး ၃ ၄ လုံးလောက် ရတယ်။

သူ ရထားတွဲပေါ်က ဆင်လာပြီး ဆန်အိတ်လေးကို ရုံပိုင်လေးလက်ထဲထည့်တော့ ရုံပိုင်လေးဘေးမှာ သူနဲ့ မတိမ်းမယိမ်း လူငယ်လေးတစ်ယောက် ထပ်ရောက်နေတယ်။ လမ်းခွဲ ကိုင်လေးပဲ ဖြစ်မယ်ထင်ပါရဲ့။

"ရုံပိုင်လေး ဟိုဟာလေးပါ နည်းနည်းပြောကြည့်ပါလား "
"နေပါတော့ကွာ။ အခုတောင် ငါ တော်တော်ရှက်လှပြီ။ မတတ်သာလွန်းလို့သာ "
ဆရာတပည့်နှစ်ယောက်စကားသံက တိုးလျလျ ပေမယ့် သူ အကြားအာရုံက ဖမ်းမိလိုက်သည်။
"ဘာလိုသေးလို့လဲ"
"ဟို... ဟို.. ငါးပိလေးနည်းနည်း"
လမ်းခွဲကိုင်လေးခမျာလည်း သူ့ ဆရာလိုပဲ ကတုန်ကယင်။

"ဟာ ရတယ်၊ ရတယ်။ ဟို ကြံတွဲပေါ်မှာ ညောင်လေးပင်က တင်လိုက်တဲ့ ငါးပိအိတ်တွေ ပါတယ်။ လိုသလောက် နှိုတ်ယူ"

သူ့ အပြောလည်း ဆုံးရော လမ်းခွဲကိုင်လေးက ကြံတွဲပေါ်တက်သွားတယ်။ ငါးပိအိတ်အရှာခက်နေ မှာ စိုးလို့ သူက ဓာတ်မီးနဲ့ လှမ်းထိုးပြလိုက်သေးတယ်။ မကြာပါဘူး လမ်းခွဲကိုင်လေး တွဲပေါ်က ပြန်ဆင် လာပြီး သူ့လက်ထဲမှာ ပါလာတဲ့ ငါးပိလုံးလေးကို ပြတယ်။ ဂေါ်လီလုံးနှစ်လုံးစာလောက် နည်းနည်းလေးပါ။
"လောက်ရဲ့လား ထပ်ယူပါဦးလား"
သူ လောကွတ် ကို နှစ်ယောက်လုံး ပြိုင်တူ ခေါင်းခါကြတယ်။

"ရပါပြီဗျာ။ အခုကိုပဲ အားနာလှပါပြီ။  ကျေးဇူးပါ စာရေးကြီးရယ်။"

ဆရာတပည့်နှစ်ယောက် ဘူတာလေးဆီပြန်သွားတော့ သူ သက်ပြင်းဖွဖွချမိတယ်။ နောက်တစ် ခေါက်မှာ ဆီလေး ပဲလေး ဝယ်ခြမ်းယူလာပေးခဲ့ရရင် ကောင်းမှာလို့လည်း တွေးနေမိတယ်။
ဘူတာလေး ကနေ သူတို့ရထားကြီး ပြန်ထွက်သွားတော့ သူတို့ရဲ့ နောက်ဆုံးတွဲလေး ဘူတာ အရှေ့ အရောက် မှာ ဓာတ်မီးလေးဝှေ့ယမ်းပြနှုတ်ဆက်လိုက်တယ်။ ထင်မီးဖိုလေးဘေးမှာ ရပ်နေတဲ့ ရုံပိုင်လေး ကလည်း လှိုက်လှိုက်လှဲလှဲ လက်ပြန်ပြလိုက်တယ်။  လမ်းခွဲကိုင်လေးက ထင်မီးတောက်အောင် ကုန်းမှုတ် နေရာ ကနေ ကမန်းကတန်း ထပြီး လက်ပြပြန်တယ်။
"မွှေးလိုက်တာဗျာ။ ထမင်းတောင် ဆာသွားတယ်"

ဂါတ်ဗိုလ်ကြီးပြောလိုက်မှ သူ သတိထားလိုက်မိတယ်။ ဘူတာလေးဆီက ထွက်လာတဲ့ ငါးပိဖုတ်နံ့ သင်းသင်းလေး က သူတို့တွဲပေါ်ထိ ရောက်လာတာကိုး။ သိပ်မကြာခင်မှာ ထင်းမီးဖိုလေးပေါ်တည် ထားတဲ့ ထမင်း လည်း ကျက်တော့မယ်။ ရုံပိုင်လေးတို့ ဆရာတပည်တွေ ငါးပိဖုတ်မွှေးမွှေးလေးနဲ့ အားရပါးရ ထမင်းလွေး ကြမှာကို မြင်ယောင်မိပါရဲ့။

သူ တံတွေးမျိုမိသွားတယ်လေ။
ရဲသျှမ်း
မဟေသီ စက်တင်ဘာလ - 2011

No comments:

Post a comment