အိပ်တန်းပျောက်တဲ့ ငှက်

ကျွန်တော်တို့ နေထိုင်တဲ့ ရပ်ကွက်ရှိ အိမ်ကလေးတွေ အကြောင်း ပြောပြချင် ပါတယ်။ ရပ်ကွက်လေးက လမ်းသွယ် ၆ လမ်းနဲ့ ဖွဲ့စည်းထားတဲ့
ရပ်ကွက်ငယ်လေး ဖြစ်ပေမယ့် အိမ်ကေ လးတွေကတော့ ကျပ်သိပ်ပြွတ် ခဲနေတာပါ။ ၀န်ထမ်း ရပ်ကွက်လေးမို့ အိမ်တွေက ပုံစံတူလေးတွေ ဖြစ်ရပေမယ့် ရသမျှ မြေလေးပေါ်မှာ အဖီချ ချဲ့ထွင်ထားတာမို့ ပုံစံ အမျိုးမျိုး ဖြစ်နေပြီး အိမ်အရေအတွက် ကလည်း စာရင်းပေါက်ထက် များတော့တာပါပဲ။ ရပ်ကွက် ကလေးကို သန်းခေါင်စာရင်း ကောက်ယူရင်တော့ မူးနေအောင်ကို ကောက်ယူ ရမယ် ထင်ပါရဲ့။

ရပ်ကွက်လေးကို လမ်း မကြီးတစ်ခုက ပိုင်းခြားထား ပါတယ်။ သည်တော့ လမ်း မတန်းဘေး အိမ်ကလေးတွေ နဲ့ အတွင်းပိုင်းအိမ်ကလေး တွေရဲ့ကြားမှာ ခံစားခွင့် လာဘ်လာ ဘလေးတွေလည်း ပြောင်းလဲကုန်တာပေါ့။ လမ်း မတန်းဘေး အိမ်ကလေးတွေရဲ့ ချဲ့ထွင်ထားတဲ့ အိမ်အဖီလေး တွေက ဆိုင်ခန်းတွေဖြစ်ကုန် ကြပါရော။ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ သစ်သီး ပွဲရုံ၊ ငါးပိငါးခြောက်ပွဲရုံ၊ ကုန် ခြောက်ဆိုင်၊ အအေးဆိုင်၊ စာအုပ်ဆိုင်၊ တိပ်ခွေဆိုင်၊ ဆံပင်ညှပ်ဆိုင်နဲ့ PCO ဖုန်း ဆိုင်လေးတွေအပြင် ဂိမ်းဆိုင်၊ ဘိလိယက်ခုံတို့တောင် ရှိပါတယ်။ ဒီဆိုင်လေးတွေကို ၀န်ထမ်းတွေ ကိုယ်တိုင် ဖွင့် တာတော့ မဟုတ်ပါဘူး။ လခစားဝန်ထမ်းဆိုတော့ ငွေပို ငွေလျှံလည်း မရှိတာမို့ ဆိုင်တစ်ဆိုင် ဖြစ်တည်နိုင်တဲ့ ဓန အင်အားက သေးသေးမွှား မွှားလေးပါ။ ဒါကြောင့် ငွေ ဖြစ်မြန်တဲ့ ဆိုင်ခန်း အငှားချ တာကိုပဲ လွယ်လင့်တကူ လုပ်လိုက်ကြတာပါပဲ။ စို့စို့ ပို့ပို့လေးရတော့လည်း ကိုယ်အနေ ကျပ်တာကို မေ့ထား လိုက်နိုင်တာပဲပေါ့။

လမ်းမတန်းဘေး အိမ်ကလေးတွေက ဆိုင်ခန်းငှား တာလေးတွေနဲ့ စိုပြည်သလို အတွင်းဘက် အိမ်ခန်းလေး တွေကလည်း အိမ်ငှားတွေနဲ့ အထိုက်အလျောက် အဆင် ပြေကြပါတယ်။ ခြေတံမြင့် အိမ်ကလေးတွေဖြစ်တာမို့ အိမ်အောက်မြေကြီးကို ကပ် ကြမ်းခင်း ပြီးတော့တောင် ငှားကြပါသေးတယ်။ တချို့ကတော့ ပုံသေအိမ်ငှား မထားဘဲ တည်းခိုခန်းငယ်လေးတွေ ဖွင့်ထားပါတယ်။ ကျော တစ်ခင်းစာနေရာ ကျဉ်းကျဉ်းလေးက တည်းခိုခန်း ကြီးတွေပေါ် တက်မနေနိုင်တဲ့သူတို့ အဖို့ သက်သောင့်သက်သာ နတ်ဘုံနတ်နန်း ဖြစ်ချင်လည်း ဖြစ်မှာပေါ့။ သူတို့လည်း အဆင်ပြေကြတာပါပဲ။

မိုး ချုပ်ချုပ် ၀င်လာတဲ့ ရထားဆင်း ခရီးသည်တွေကို ရွှေ ကြို လုပ်တဲ့ ကလေး၊ လူကြီး အများကြီး ရှိပါတယ်။ တည်းခို အိမ်လေးတွေဆီ ပို့ပေးရုံနဲ့ နေ့တွက်စည်တာမို့ ရထား ဆိုက်ချိန်မှာ ခရီးသည်တွေ ကြား “နားမလား၊ တည်းမလား”ဆိုတဲ့ လူခေါ်သံတွေက အလုအယက်။ တက္ကစီ ဒရိုင်ဘာတွေရဲ့ ခရီးကြိုသံ တွေကိုပါ ဖြည့်စွက်လိုက်တဲ့ အခါ ဘူတာကြီးက ရထား ဆိုက်ချိန်မှာ ရှုပ်ထွေးစီညံနေ ပါတော့တယ်။

ညနေဘက် ခြေခင်း လက်ခင်းသာချိန် မိုးလေ ကင်းလွတ်တဲ့ အခါ ကျွန်တော်တို့ ရပ်ကွက်ကလေးရဲ့ လမ်းမတန်းဟာ အလွန် စည်ကား ပါတယ်။ ရပ်ကွက်ထဲကနေ လမ်းမတန်းပေါ် အန်ကျလာ တဲ့လူတွေကို ကြည့်ရင်း ကြည့် ရင်းမှာပဲ ကျွန်တော့်မှာ အံ့သြလို့ နေပါတော့တယ်။ ရပ်ကွက်လေးထဲမှာ လူတွေ သည်လောက်များလား။ ကလေးတွေလည်း များတာပဲ။ ခွေးလေ ခွေးလွင့်တွေလည်း များတာပါပဲ။

လမ်းမပေါ် အန်ကျလာတဲ့ သူတွေရဲ့ ဒီဇိုင်းတွေကလည်း အရောရော အထွေးထွေးနဲ့ အရောင်စုံ အသွေးစုံ လှပါတယ်။ မြစ်ဝ ကျွန်းပေါ်နဲ့ အညာဘက်ကနေ လာရောက်ပြီး ဈေးရောင်းလုပ် ကိုင်စားသောက်နေတဲ့ သူတွေရဲ့ ၀တ်စား ဆင်ယင်မှုနဲ့ ရပ်ကွက် လေးထဲက ရွာနေပြည်နေထိုင် သူတို့ရဲ့ ၀တ်စား ဆင်ယင်မှုက သိသာ ခြားနားလွန်းပါတယ်။

ဂျင်းဘောင်း ဘီကျပ်ကျပ်၊ အင်္ကျီပြောင်လက်လက် ကျပ်ကျပ်၊ နားကွင်းဆွဲ၊ နား ကပ်ပန်ထားပြီး ကော်ရေ လိမ်းထားတဲ့ ဆံပင်ကို အမောက် ထောင်ပြီး လမ်းမပေါ်ရှေ့ နောက်လျှောက်။ လက်ဖက် ရည်ဆိုင်မှာ သီချင်းနားထောင်၊ ညပိုင်းလာမယ့် ဘောလုံးပွဲ အကြောင်း ဟောင်ဖွာဟောင်ဖွာ ပြောနေတဲ့ သူတွေကတော့ ရပ်ကွက်လေးရဲ့ အမာခံလေး တွေပဲ ဖြစ်ပါတယ်။ မိန်းကလေး ငယ်ငယ်လေးတွေက လည်း စကတ်တို၊ ဘောင်း ဘီတို သူ့ထက်ငါ တိုအောင်ဝတ်၊ လည်ပင်း အ၀ိုက်အဟိုက် ပိုပိုသာ သာလေးနဲ့ စက်ဆွဲ ဆံပင် တခါခါလုပ်ပြီး တိပ်ခွေ ဆိုင်လေးတွေမှာ ခွေရွေးရင်း၊ တုတ်ထိုးစားရင်း၊ အကင်စားရင်း ဟန်ရေးပြနေ ကြတာကလည်း မော်ဒယ်လ်ရှိုး တစ်ခုလို့ ထင်မှတ်မှား လောက်ပါတယ်။

မြို့ထဲနဲ့ နီးတဲ့အပြင် ကား၊ ရထားစီးရ လွယ်ပြီး ဈေးရောင်း၊ ဈေးဝယ်နဲ့ တခြား လုပ်ကိုင်စားသောက် ရတာ လွယ်တာရယ်၊ အိမ် ကလေးတွေမှာ ကပ်ရပ် ငှားနေထိုင်ရတဲ့ ကုန်ကျစရိတ် လူးသာလွန့်သာ ရှိတာရယ် စတဲ့ အားသာချက်တွေကြောင့် ရပ်ကွက်လေးမှာ အိမ်ငှား နေထိုင်သူတွေ ကြွယ်ပိုးကြွယ်ဝ ဖြစ်လာတာ ဆန်း တော့မဆန်းပါ။ ဘ၀တွေ အများကြီး ပိုက်ပွေ့ထားတဲ့၊ ဖရိုဖရဲ ၀ါကျတွေနဲ့ တည်ဆောက်ထားတဲ့ ရပ်ကွက် လေးကို ဆရာမြသန်းတင့် ဘာသာပြန် တော်တီလာ ဖလက်နဲ့ ခိုင်းနှိုင်းရင်လည်း ကျွန်တော့်ဘက်ကတော့ ကျေနပ်စွာ ခံယူလိုက်မှာပါပဲ။

ကျွန်တော့်အိမ်လေးက လမ်းမတန်းကို ထောင့်မှန် ပြုထားပြီး လမ်းသွယ် ၃ ဖက် ကို မျက်နှာစာ လှည့်ထားတာမို့ ကုန်ခြောက်ဆိုင်နဲ့ စတိုးဆိုင်လေးကို အငှား ချထားနိုင်ပေမယ့် ကျွန်တော့် ဘေးခန်း ကတော့ လမ်းသွယ် အတွင်းထဲ ရောက်သွားတာကြောင့် ဆိုင်ခန်းငှားလို့ မရပါ။ သည်တော့ ရပ်ကွက်လေးရဲ့ သမားရိုးကျ စီးပွားရေး ဖြစ်တဲ့ အိမ်ခန်းငှားခြင်း အမှုကိုသာ ပြုထားပါတယ်။ ဘေးကွက်လပ် မြေပိုလေးမှာ ၈ ပေ ပတ်လည် အခန်းလေး ၃ ခန်း ဖွဲ့စည်း လိုက်နိုင်တာနဲ့ အဲသည့် အိမ်ကလေးရဲ့ တစ်လ ၀င်ငွေက အိမ်ထောင်ဦးစီး ၀န်ထမ်းရဲ့ လခထက် လျော့လိမ့်မယ် မထင်ပါဘူး။
အိမ်ဘေး အခန်းက လူ ငှားတွေ ဘယ်သူဘယ်ဝါ ဆိုတာ ကျွန်တော်က စပ်စပ်စုစု မလုပ်ပေမယ့် မိန်းမတစ်ယောက် ကုန်စိမ်းတောင်းကြီး ရွက်ပြီး ထွက်သွားလိုက်၊ ယောက်ျားသား တစ်ယောက်က ရာသီပေါ်သီးနှံတွေဖြစ်တဲ့ ကျွဲကောသီး၊ သြဇာသီး၊ ငှက် ပျောသီး၊ နာနတ်သီး စတဲ့ သစ်သီးဆိုင်း ထမ်းပြီး ထွက် သွားလိုက်နဲ့မို့ အညာဘက်က ဒါမှမဟုတ် မြစ်ဝကျွန်း ပေါ်ဘက်နေ လာရောက်နေ ထိုင် ဈေးရောင်းတဲ့သူတွေလို့ တော့ ကောက်ချက်ဆွဲနိုင် ပါတယ်။ ကုန်စိမ်းသည်နဲ့ သစ်သီးသည်ကလည်း လင် မယားလား၊ သတ်သတ် စီလား၊ သားသမီးတွေ ရှိလား၊ မြစ်ဝကျွန်းပေါ် ဘယ်အရပ်ကလဲ၊ အညာဒေသ ဘယ် အရပ်ကလဲ ကျွန်တော် စိတ်မ၀င်စားပေမယ့် ကျွန်တော့် ဇနီးသည်ကတော့ ရပ်ကွက် လေးထဲက အမျိုးသမီး ဆံပင် အလှပြင်ဆိုင်မှာ တစ်လ တစ်ခါ ဆံပင်တိရင်း နာရီဝက်ခန့် အချိန် ပေးလိုက်တာနဲ့ သတင်း အပြည့်စုံကို စုဆောင်း လိုက်နိုင်ပါတယ်။

အခုလည်းပဲ ကျွန်တော့် ဘေးခန်းက အဖီလေးမှာ နေတဲ့ သစ်သီးသည် ယောက်ျားနဲ့ ကုန်စိမ်းသည် အမျိုးသမီးက လင်မယား ဖြစ်ပြီး မြစ်ဝ ကျွန်းပေါ်မြို့လေးတစ်မြို့ (ဇနီးက မြို့နာမည်ကို မေ့သွား ဟန် တူပါတယ်။)က။ အမေ အိုကြီးတစ်ယောက် ရှိတယ်။ အဲ့သည် မိန်းမရဲ့အမေ။ နောက် သူတို့မှာ သားလေး တစ်ယောက် ရှိတယ်။ ကောင်လေး နာမည်က မင်းခန့်တဲ့။ ၁၀ နှစ် ကျော်ကျော်လောက် ရှိမယ်။ ကျောင်းထားပေးထားတယ်။ ယောက်ျားက ဆူးလေဘက်မှာ သစ်သီးရောင်းပြီး မိန်းမက သိမ်ဖြူဈေးထဲမှာ ကုန်စိမ်းရောင်းတာ။ အခု အမေကြီးက တော်တော်လေး နေမကောင်း ဖြစ်နေပြီး ဆေးရုံ တင်ထားရတယ်။ ဘယ်သူမှလဲ သွားမကြည့် ကြဘူး ဆိုတဲ့ သတင်းကို ယူလာတဲ့ အပြင်-
“အစ်ကို၊ အဘွားကြီးက သေမှာလား မသိဘူးနော်။ သေရင် ဘယ်လို လုပ်မလဲ။ သဂြုင်္ိဟ်တာက နာရေး ကူညီမှု ရှိလို့ အဆင် ပြေဦးတော့ ရက်လည်ဆွမ်း ဘယ်မှာ လုပ်မှာတုံး”
ဆိုပြီး ဇနီးသည်က ရှာရှာဖွေဖွေ အတွေး ပေါက်တာကို ကျွန်တော့်မှာ ရယ်ရ အခက် ဖြစ်နေတဲ့ အပြင် သူမေးတဲ့ ပုစ္ဆာကို အဖြေထုတ် ကြည့်တော့ ရှုပ်ထွေး ခက်ခဲ နက်နဲ လွန်းနေပါတယ်။
တစ်ရက်မှာတော့...
“အစ်ကိုရေ၊ ဟိုဘက်ခန်းက အဖီလေးမှာ ငှားနေတဲ့ ကုန်စိမ်းသည် မိန်းမရဲ့ အမေ ကြီးလေ ဆေးရုံက ဆင်းလာပြီ သိလား။ ကောင်းသွားလို့လား၊ ဒီအတိုင်း ဆင်းချ လာတာလား မသိဘူး။ အဲဒါ အိမ်ရှင်က လက်မခံလို့တဲ့။ အဲ့သည်မိန်းမ သူ့မောင်ရှိတဲ့ မြောက်ဒဂုံကို သွားပို့လေရဲ့”
ရုံးကပြန်ရောက်လို့ အိမ်ပေါ်တက်စ ရှိသေးတယ်၊ ဇနီးသည်က စက်ရပ်သတင်း ဦးကို ဖောက်သည်ချလေရဲ့။
“ဘာဖြစ်လို့ အိမ်ရှင်က လက်မခံရတာလဲကွာ”

“အို... အစ်ကိုကလည်း၊ အဘွားကြီးက အခြေအနေ ကောင်းတာမဟုတ်ဘူး။ မတော် သူတို့အိမ်ပေါ် သေ သွားမှာကို ကြောက်လို့ နေမှာပေါ့”
“ဒါဆိုလည်း၊ မနေဘဲ တခြားမှာ သွားရှာနေပေါ့”

ကျွန်တော် မကျေနပ် သံစွက် မာဆတ်ဆတ် အပြောကို ဇနီးက “အ ရန်ကော”ဆို တဲ့ပုံစံနဲ့ ခနိုးခနဲ့ ဖွဖွ ရယ်ပါ တော့တယ်။
“ဘယ်မှာ သွားငှားလို့ ရမှာလဲ။ ဒီလောက် ပိုက်ဆံနဲ့က ဒီနေရာလေးက အဆင် ပြေဆုံးပဲလေ။ ဟိုဘက်ခြမ်းမှာကလည်း ပြည့်ညပ်နေတာကို”
အသက် ၈၀ ကျော် အမေအို တစ်ယောက်ရဲ့ နေ၀င်ချိန် ဘ၀နေနည်း အကျည်းတန် လှတာကို ကျွန်တော့်မှာ စိတ်မကောင်းလွန်းစွာ ရင်ထဲမှာ နင့်နေပါတော့တယ်။
“အမေကြီး သူ့သား ငယ်ဆီမှာ ကိုယ်စိတ်ချမ်းသာ နေပျော်ပါစေ”ဆိုပြီး မဆီမဆိုင် ဆုတောင်းနေမိပါ သေးတယ်။

အိမ်ထဲမှာ ပူအိုက် လွန်းတာမို့ ကျွန်တော်တို့ လင်မယား အိမ်ရှေ့ကွက်လပ် ကလေးမှာ ပလတ်စတစ်ခုံ တစ်လုံးစီနဲ့ ထိုင်ရင်း ကျွန်တော်က ဓာတ်ခဲ ရေဒီယို လေးဆီက လာတဲ့ သတင်းကို စိတ်ဝင်တစား နားထောင်နေ ချိန်မှာ ဇနီးသည်ကတော့ ခြင်ဖမ်းဘက်တံ တစ်ချောင်းနဲ့ ခြင်တွေကို တဖြောင်းဖြောင်း ဖမ်းသတ်နေပါတယ်။
“ဟယ်- အစ်ကို၊ ဟိုမှာ ရပ်လိုက်တဲ့ တက္ကစီပေါ်က ဆင်းလာတာ ဘယ်သူလဲ သိလား၊ အဲဒါ ကျွန်မ ပြောတဲ့ အမေကြီးလေ”

ဇနီးက ကျွန်တော့် လက်မောင်းပုတ် သတိပေးတော့ ကျွန်တော် ကားဆီကို အကြည့်ရွှေ့လိုက်ပါတယ်။  ဟောဗျာ၊ မနေ့ ညနေကမှ မြောက်ဒဂုံမှာရှိတဲ့ သားငယ်ဆီ ရောက်သွားတယ် ဆိုတဲ့ အမေကြီး အခု ပြန်ရောက်လာပြီ။ ကျွန်တော့်ဆုတောင်း လွဲ ချော်သွားသလား မသိတော့ပါ။ ကားဆရာက အမေကြီး လက်မောင်းကိုတွဲပြီး ကားပေါ်မှ ချပေးရင်း သူ့ခြေလှမ်း တွေက ကျွန်တော့်ဆီ ဦးတည် လာနေပါတယ်။

“ဒီမှာဗျာ၊ မြောက်ဒဂုံ ကနေ ကျွန်တော့် ကားငှားပြီး အဲသည် အမေကြီးကို လူ တစ်ယောက် တင်ပေးလိုက်တယ်။ အမေကြီးသားလို့ ပြောတာပဲ။ ကျွန်တော့်ကို မြေပုံပါ သေသေချာချာ ဆွဲပေးလိုက်တာ။ သူ့အစ်မ ရှိတယ်လို့ ပြောပြီး တင်ပေး လိုက်တာ၊ ကားခတော့ ပေးလိုက်ပါတယ်”

ပြောပြောဆိုဆိုနဲ့ သူ့ ကားဆီ ပြန်သွားတဲ့ ကားဆရာလေးကို ကျွန်တော် ဘာပြော ရမှန်း မသိအောင်ကို ကြောင် အသွားပါတော့တယ်။ အမေ ကြီးကို တွဲခေါ်ပြီး နံဘေးအိမ်ကို လိုက်ပို့ လိုက်ရမလား၊ ဒါမှမဟုတ် မသိလိုက်မသိ ဘာသာဘဲ နေလိုက်ရမလား။ ကျွန်တော် တွေးတွေးဆဆ လိုလို၊ တွေဝေတာလိုလို ဖြစ်နေချိန်မှာ ကျွန်တော့်ဇနီး ရုတ်တရက်ထပြီး နံဘေးခန်း အိမ်ရှေ့ပေါက် ကနေသွား အော်ပါတော့တယ်။

“မင်းခန့်၊ မင်းခန့်၊ နင်တို့အဘွား ပြန်လာပြီ။ လမ်းထိပ်မှာ သွားခေါ်”
အို... အံ့သြစရာပါပဲ။ နံဘေး အိမ်ကနေ ဘာသံမှ ထွက်မလာတဲ့ အပြင် မီးတွေ ပါ မှိတ်သွားပါတော့တယ်။

“အဲဒါ တမင်လုပ်တာ။ အမေကြီးတော့ မှုန်တိမှုန်မွှား တုန်ချည့်ချည့်နဲ့ မသွားတတ်၊ မလာတတ် ဒုက္ခ ရောက်တော့မှာပဲ”

“မင်းကလည်းကွာ၊ သိပ်စိတ်မပူပါနဲ့။ အမေကြီး သမီးနဲ့ သမက် ဈေးရောင်းက ပြန်မလာသေးလို့ နေမှာပေါ့။ ဟိုကလေး ပေါက်စက ဘာတတ်နိုင်မှာမို့လဲ”

ဇနီးကတော့ ဗျစ်တောက်ဗျစ်တောက်နဲ့ မကျေမနပ် ဖြစ်နေပါတော့တယ်။ အမေကြီးကတော့ လမ်းထိပ် အုတ်ခုံလေးပေါ် ထိုင်ရင်း ကြွပ်ကြွပ်အိတ် ကလေး ပိုက်ပွေ့ထားပြီး ကျီးကြည့်ကြောင်ကြည့်နဲ့ မျက်စိ လည်နေဟန် ရှိပါတယ်။

“လူလေးတို့ရယ်၊ အမေကြီး သမီး ဒီနားမှာရှိပါတယ်။ နေ့လယ်ဆိုရင်တော့ မှတ်မိ ပါတယ်။ မြေးလေးလည်း ရှိတယ်။ မြေးလေးနာမည်က မင်းခန့်တဲ့။ အဲဒါ ခေါ်ပေး ကြပါ”

လမ်းသွယ်လေးထဲ ၀င်လာတဲ့ သူတွေရဲ့လက်ကိုဆွဲပြီး တစာစာပြောနေတဲ့ အမေကြီး အသံက တုန်ယင်ပြီး ငိုသံ ရောစွက်နေပါပြီ။
“ဟိတ်- မင်းခန့်တို့ အဖေနဲ့ အမေ၊ ခင်ဗျားတို့ လူ မဟုတ်ဘူးလား။ ဘာကိစ္စ ပုန်းနေကြတာလဲ၊ ထွက်ခဲ့”
ဟာ... ကျွန်တော့် ဇနီးက ပွဲကြမ်းနေပါပြီ။ ကျွန်တော် မနေသာတော့။ သူ့လက်ဆွဲပြီး ကျွန်တော့် အိမ်လေးထဲ အတင်းတွန်းပို့ လိုက်ပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်သွားတဲ့ အနေအထားမို့ လမ်းထဲက လူတွေ ထွက် ကြည့်တော့ နံဘေး အိမ်ခန်းလည်း မနေသာတော့ဘူး ထင်ပါရဲ့။ အိမ်ရှေ့မီးလေး လင်းလာပါတယ်။

နောက်တော့ အမေကြီး သမက် ထွက်ချလာပြီး-“တောက်”တစ်ချက်ပြင်းပြင်း ခေါက်ရင်း အမေကြီး လက်ကိုဆွဲကာ ဘူတာကြီးဘက်ဆီ ထွက်သွားပါတော့တယ်။

အချိန်စောသေးတာမို့ မြို့ပတ်ရထားတွေ မသိမ်းသေးပါဘူး။ မြို့ပတ်ရထား တစ်စင်းစင်းနဲ့ အမေကြီးကို သူ့သားငယ်ဆီ ပြန်ပို့မှာလား။ တခြား တစ်နေရာရာကို ပို့လိုက်မှာလား။ အမေကြီး သမီးက သူတို့ အိမ်ခန်းလေး ထဲမှာ မရှိတာလား၊ ရှိလျက်နဲ့ ပုန်းနေတာလား။ အိမ်ရှင်တွေက ဖိအား ပေးလိုက်သလား။ အဘွား ကြီး ခေါ်ထားရင် ခင်ဗျားတို့ ပါမနေနဲ့လို့ ပြင်းပြင်းထန်ထန် ပြောလိုက်သလား။

ကျွန်တော့် ရင်ထဲမှာတော့ လားပေါင်းများစွာနဲ့ ပဟေဠိတွေ ရှုပ်ထွေးနေပါ တော့တယ်။ လမ်းထဲကလူ တွေလည်း ကျွန်တော့်လိုပဲ တွေးနေကြမှာပါ။ နောက်တော့လည်း ကျွန်တော် အပါအ၀င် အားလုံး ကိုယ့်အိမ်ခန်း လေးတွေဆီ သက်ပြင်းကိုယ် စီချရင်း ၀င်သွားကြရတော့ တာပါပဲ။
၂။
ကျွန်တော် ဘယ်လိုမှ အိပ်မပျော်တော့ဘူး။ အိပ်ပျော်ဖို့ ကြိုးစားနေရတာကိုက တော်တော် ပင်ပန်းလှတယ်။ ၁၊ ၂၊ ၃၊ ၄ ရေတာရော၊ ဂုဏ်တော် ရွတ်တာရော၊ ၀င် လေထွက်လေ မှတ်တာရော စုံနေပေမယ့် ကျွန်တော့်အာရုံ မှာက သမက်နဲ့ ပါသွားတဲ့ အမေကြီးရဲ့ ရုပ်ပုံပဲ ထင်ဟပ် နေတယ်။ ကျွန်တော် အိပ်မပျော်သလို ကျွန်တော့် ဇနီးလည်း အိပ်မပျော်ဘူး ထင်ပါရဲ့။ သက်ပြင်းချသံ တိုးတိုးကို ကျွန်တော် ကြားနေရ တယ်။

“ဂီး...”
ဟော- ငှက်တစ်ကောင်ရဲ့ ကြောက်မက်ဖွယ် အော်သံက တိတ်ဆိတ်နေတဲ့ ညဥ့်ယံကို ဖောက်ခွဲ လိုက်ပါတယ်။
“အစ်ကိုရယ်၊ ငှက်ဆိုး ထိုးသံ မဟုတ်လား။ နိမိတ် မကောင်းလိုက်တာ”

ကျွန်တော့်ဇနီးအသံက တုန်ယင်နေရှာတယ်။
“ငှက်ဆိုး၊ ဒါဟာ ငှက်ဆိုး မဟုတ်ဘူး။ အိပ်တန်း ပျောက်နေတဲ့ ငှက်တစ်ကောင်ရဲ့ ထိတ်လန့် တုန်လှုပ်စွာ ငိုကြွေးလိုက်တဲ့ ကြေကွဲဖွယ် အသံပါကွယ်”
ကျွန်တော် ပြောပြီးမှာတော့ ဇနီးဆီက သက်ပြင်းချ သံက သည်တစ်ခါ တိုးတိုး ဖွဖွ မညင်သာတော့ဘူး။
“ဂီး... ဂီး”
ငှက်တစ်ကောင်ကတော့ အိပ်တန်း ပျောက်နေဆဲ ပါလေ။

ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၁)

No comments:

Post a Comment