ရွှေ

 
၁။
မြန်မာ အဘိဓာန်မှာ ရွှေကို အ၀ါရောင် ရှိသော သတ္တု ဒြပ်စင်ဟု အဓိပ္ပာယ် ဖွင့်ဆိုပါသည်။
သတ္တုဒြပ်စင်ဟု ဆိုကတည်းက ပြုလုပ်၍ မရသော ပစ္စည်းဖြစ်ပြီး ဓာတုဗေဒ ဘာသာရပ်မှာတော့ လက်တင် ဘာသာရပ် အခေါ် Aurum ကို အစွဲပြုပြီး Au ဟု သင်္ကေတ သတ်မှတ်သည့် အကြောင်း အထက်တန်း ပညာသင်စ ကတည်းက အလွတ် ကျက်မှတ်ခဲ့၍ ရင်ထဲ စွဲနေသည်။

အလူမီနီယမ်၊ ဇင့်၊ သံတို့လို ရေနွေးပူပူနှင့် ဓာတ်မပြု။ သံဖြူ၊ ခဲတို့လိုလည်း အက်ဆစ်ပျော့နှင့် ဓာတ်မပြု။ အပြင်းစား နိုက်ထရစ်အက်ဆစ်နှင့်မှသာ ရွှေက ဓာတ်ပြုနိုင်သည် ဆိုတော့ သတ္တုဒြပ်စင်ထဲမှာ ရွှေက အဆင့်မြင့် နေရာမှ ရပ်တည်ပါသည်။ ပါးလွှာသည် အထိ အပြားခတ်၍ ရခြင်း၊ အရောင်ဝင်း လက်တောက်ပခြင်း။ နေရာတိုင်းမှာ လွယ်ကူစွာ မတွေ့နိုင်ခြင်း၊ လိုအပ်သော ပုံသွင်းနိုင်ခြင်းစသော ဂုဏ်ဒြပ်များကြောင့် ရွှေက အဖိုးအနဂ္ဃ ထိုက်တန်ပြီး အထွတ် အထိပ်ရောက်သည်ဟု ထင်ပါသည်။ တန်ဖိုးမြင့် ဂုဏ်သတိ္တတို့ဖြင့် ထည်ဝါ လွန်းသည်မို့ မြတ်နိုး တန်ဖိုးထားရသော ပစ္စည်း၊ ဒေသတို့ရှေ့မှ မားမားမတ်မတ် ဂုဏ်ယူဝင့်ကြွားစွာ နေရာယူလျက် အခြားသော ယှဉ်ပြိုင်ဖက်တို့ထက် ခြေ လှမ်းများစွာ “စွာ” နေသလား ဟုလည်း တွေးနေမိသည်။

ရွှေမန္တလေး၊ ရွှေဥဒေါင်း၊ ရွှေမင်းဝံ၊ ရွှေဖိနပ်၊ ရွှေအမြုတေ။ အားလုံး အကောင်းတွေ စုနေသည့် အတွက် မနှိုင်း၊ မယှဉ်အပ်သော အရာများ အဖြစ် မှတ်ယူသော ကျွန်တော့်အား လွန်လွန်ကဲကဲ တန်ဖိုးဖြတ်သည်ဟု စွပ်စွဲနိုင်ပါသည်။ သည့်အတွက် ကျွန်တော် ငြင်းဆန်လိမ့် မည်မဟုတ်ပါ။

အဲ့သည် ရွှေကို ၂၇ မေ ညဦးမှာ ကျွန်တော် ဆုံဖြစ်ခဲ့ပါသည်။ ရေမှာမျော နေသော ဗေဒါပွင့်လေးပုံပါ သည့်ဖိတ်စာ လှလှလေး တစ်စောင်ကို ကျွန်တော် ရရှိ ခဲ့ပါသည်။ ဖိတ်စာအမှတ် ၂၃၁။ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပသည့် ဆဋ္ဌမ အကြိမ်မြောက် ရွှေအမြုတေ စာပေ ဆုပေးပွဲ ဖိတ်စာလေးပဲ ဖြစ်ပါသည်။ ကြီးကျယ် ခမ်းနားသောပွဲ ဖြစ်ကြောင်းကိုတော့ ပထမ အကြိမ်၊ ဒုတိယ အကြိမ်တို့မှာကတည်းက ကြားခဲ့ဖူးပါသည်။ သည်လိုပွဲမျိုး တက်ရောက်နိုင်ဖို့ အတွက် ကျွန်တော် ရင်ခုန်မျှော်လင့် အိပ်မက်ခဲ့ဖူးကြောင်း ၀န်ခံချင်ပါသည်။

ကုန်သည်ကြီးများ ဟိုတယ်ကို ကျွန်တော် ရောက်ရှိချိန်မှာ ရွှေတွေ စုနေ ကြပါပြီ။ နောက်ထပ် တဖွဲဖွဲ ရောက်လာ သူမှန်သမျှကလည်း ရွှေတွေပါပဲ။ ကျွန်တော့် အမြင်မှာတော့ အားလုံးရွှေ တွေပဲ ဖြစ်နေပါသည်။ စာပေတွင် အမြင့်ဆုံးဟုဆိုသော ခေတ်ပေါ်၊ ခေတ် ပြိုင်ကဗျာများကို ရေးဖွဲ့ နိုင်စွမ်းကြသော ရွှေကဗျာ ဆရာများ။ သရုပ်ဖော် ဒီဇိုင်းနှင့် အနုပညာဖြင့် ထုံမွမ်းသော ပန်းချီကားများ ဖန်တီးရှင် ရွှေလက်ရာ ပန်းချီဆရာများ။ ရသစာတမ်း၊ ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးစသော စကားပြေများဖြင့် စာဖတ်သူတို့၏ နှလုံးသည်းခြေကို လှုပ် ခါနိုင်သော ရွှေကလောင်ရှင် စာရေး ဆရာများ။ ခေတ်ကို မျက်ခြည်မပြတ် စာပေ ရွှေခေတ်ကို ထူထောင်နေကြသည့် ရွှေ အယ်ဒီတာများ။ ရွှေထုတ်ဝေသူများ။ ရွှေများဆုံတွေ့သည့်ပွဲကို ကျွန်တော်ယူဆ ပါသည်။ အကြောင်း အမျိုးမျိုးကြောင့် မရောက်လာနိုင်သော ရွှေများ အများကြီး ရှိနေပါဦးမည်။ မည်သို့ဆိုစေ ၂၇ မေ ညဦးမှာ ကျွန်တော် ရွှေအများကြီးကို တစ်ဝကြီး တွေ့ခွင့် ရခဲ့ပါသည်လေ။

ထူးခြား ဆန်းသစ်သော၊ သမားရိုး ကျမှ ခွဲထွက် ခေတ်မီသော၊ ဖြန့်ကြက် အတွေးဆန့် ထုတ်စေသော၊ ပန်းပုရုပ်များ၏ ဖန်တီးရှင် ဆရာ ဆန်နီညိမ်း၏ ပုံဖော် ဒီဇိုင်း ရွှေကလောင် ရုပ်တုကို ကိုင်တွယ် မကြည့်ရှုဖူးသော်ငြား မဂ္ဂဇင်းများတွင် မြင်တွေ့ခွင့်ရရုံမျှနှင့်ပင် ခမ်းနားထည် ၀ါပြီး မြတ်သောအငွေ့အသက်တို့ ယစ် ထုံနေကြောင်း ခံစားမိခဲ့ဖူးသည်။

သည်ရွှေကလောင်ကို လက်ဝယ် ပိုင်ပိုင်ရခဲ့သော ကဗျာ ဆရာကြည်မောင် သန်း၊ ဆရာ မိုးဃ်းဇော်၊ ဆရာ ခရမ်းပြာ ထက်လူ၊ ဆရာယမုံ၊ ဆရာ မောင်လင်း ရိပ်။ အတွေးလှလှ အရေးနွဲ့နွဲ့ဖြင့် ငြိနေ အောင်ရေးခဲ့ပြီး ရသစာတမ်း ရွှေကလောင် ဆုရှင်များ ဖြစ်သည့် ဆရာ ၀င်းထွဋ်ဇော်၊ ဆရာ မောင်ရင့်မာ၊ ဆရာ ကြည်နိုင်၊ ဆရာ မြေလတ်မောင်မြင့်သူ၊ ဆရာ နောင်ကျော်။ ၀တ္ထုတို၊ ရှည်ပေါင်း များ စွာထဲမှာ အကောင်းတကာ့ အကောင်း ဆုံး စံအဆင့်တွင် ရပ်တည်ပြီး ရွှေ ကလောင်ကို ပွေ့ပိုက်ယူသွားကြသော ဆရာ နတ်မှူး၊ ဆရာ ဦးဆွေ၊ ဆရာမ ချောအိမာန်၊ ဆရာမ မီမိုး၊ ဆရာမ လဲ့ဝင်းကြည်။ ရွှေအသစ် အမည်ဖြင့် ကလောင်သစ်သော်လည်း အတွေးရင့် အနုပညာ မြင့်ခဲ့သည့် ဆရာမ ငွေဇင် ယော်ဦး၊ ဆရာ ကျော်မောင်မောင်ဟန်၊ ဆရာ မောင်နှင်းပန်း၊ ဆရာ သာကြည် ဆွေ၊ ဆရာမ ငွေကြယ်စင်။ အခင်း အခက် အချိတ်အဆက်များဖြင့် စွဲမက် ဖွယ်စကားပြေစမ်းကျရေကြောင့် ရင်ထဲ ငြိမ်းစေခဲ့သော ဆရာ ဆူးငှက်၊ ဆရာ လင်းသော်ဝေ၊ ဆရာ နေ၀င်းမြင့်၊ ဆရာ မာန်၊ ဆရာ ခေါင်ခါးခါး၊ ဆရာ သင်းရီ တို့၏ ဧည့်ခန်းဆောင်သို့ တစ်ခေါက် တစ်ခါမျှ ရောက်ရှိသွားလျှင်ဖြင့် ရွှေ ကလောင် ရုပ်တုကို တယုတယကိုင်တွယ် ပွတ်သပ်မိမှာပဲ ဖြစ်ပါသည်။ မျက်မမြင် တစ်ဦးကဲ့သို့ လက်ဖ၀ါးပေါ်တွင် သက်ရောက်သော အထိအတွေ့မှသည် အသွေး အသားထဲ၊ နှလုံးသားထဲထိ စီးဝင်ပြီး ကြည်နူးပွင့်တို့ လန်းစွင့်မွှေးကြူသွား လိမ့်မည်ထင်သည်။

သို့သော် ကျွန်တော်ကား ဆရာ၊ ဆရာမများ၏ ဧည့်ခန်းဆောင်သို့ တစ် ကြိမ်တစ်ခါမျှပင် မရောက်ဖူးခဲ့။ ရွှေ ကလောင်ကို အရောင်၊ အရိပ်ဖြင့်သာ မဂ္ဂဇင်း၊ ဂျာနယ်များမှာ မြင်တွေ့ခွင့်ရခဲ့ ပါသည်။ ၂၇ မေ အခမ်းအနားမှာ ရွှေ ကလောင်ဆုရသည့် ဆရာ၊ ဆရာမတို့ အား ၀မ်းသာပီတိတို့ဖွဲ့တည်သောအပြုံး ဖြင့် မုဒိတာစကားဆို နှုတ်ဆက်ရင်း ရွှေ ကလောင် ရုပ်တုကို ခေတ္တခွင့် တောင်းပြီး ပွတ်သပ် ကိုင်တွယ်ကြည့်ဖို့  စိတ်ကူးမိ သည်။ ဆရာ၊ ဆရာမတို့ဘက်က ငြင်း ဆန်လိမ့်မည် မထင်ပါ။ အပျော်များဖြင့် ခွင့်ပြုပေးလိမ့်မည်ဟု ကျွန်တော်ယုံသည်။

ကျွန်တော် ဘယ်သူတွေကို ၀မ်း သာပီတိနှင့် နှုတ်ဆက်ရမှာလဲ။ သတင်း မုဆိုးတစ်ဦးကဲ့သို့ မဟုတ်သော်လည်း အထင်အမြင် မှန်းဆထားသောဆရာ၊ ဆရာမတို့ရှိနေသည့် စားပွဲတွေကို မျက်စိ ကစားကြည့်သည်။ ခန်းမအတွင်းရှိ ဆရာ၊ ဆရာမအားလုံးက ဆုရထိုက် သောစာတွေရေးဖွဲ့သည့် “ရွှေ”တွေချည်း ပဲဖြစ်နေတော့ ကျွန်တော့်မှာ အားလုံး ကို ဆုရှင်အဖြစ် ရွေးချယ်မိပြီး ကိုယ့် အတွေးနှင့်ကိုယ် ပြုံးမိသွားတော့သည်။

သည်နှစ်ထဲမှာ ကဗျာတွေလည်းကောင်း လှပါသည်။ ရသစာတမ်း၊ ၀တ္ထုတို၊ ဆောင်းပါး၊ ၀တ္ထုရှည်များလည်း ရင် ဘတ်မှန်သည်။ ရွှေအသစ်များကလည်း တကယ့်ကို “ရွှေ”ပါပင်။ ဆုရွေးချယ် ရေးအဖွဲ့ကိုယ်စား ခေါင်းပင် ကိုက်ချင် လာသည်။ စိတ်ဓာတ်ခိုင်မာ ပြတ်သား ရဲရင့်ပြီး နှလုံးသား ရှင်းသန့်မှသာသည် တာဝန် ယူနိုင်လိမ့်မည် ထင်သည်။ အတ္တ နောမတိတွေ ခ၀ါချ ထားရမည့် နေရာဟု ကျွန်တော်အကြွင်းမဲ့ ယုံကြည်နေပါသည်။

စိတ်လှုပ်ရှားဖွယ် ဂီတသံစဉ်က ရွှေ တို့၏ ရင်ခုန်သံ စည်းချက်နှင့် ပြိုင်နေ သည်ဟု ထင်သည်။ လျှို့ဝှက်မှုက အခမ်းအနား၏ ၀ိညာဉ်ကို လူးလွန့်စေ သလား။ ကဗျာဆု ကြေညာတော့မည်မို့ အခမ်းအနားမှူး ကဗျာဆရာ၏ ဆွဲဆောင်သော စကားလုံးများ အောက်မှာ ရွှေများငြိမ်ဆိတ်စွာ ခန့်မှန်း တွေးထင်ပေး နေပါသလား။ ပိတောက်ပွင့်သစ် မဂ္ဂဇင်း ပဲ့ကိုင်ရှင် ဆရာ မောင်စိမ်းနီက ကဗျာဆုရှင် အဖြစ် “သစ်ခက်အိမ်” ကို ကြေညာ လိုက်တော့ အသံပုံးများဆီမှ ထွက်ပေါ် လာသော ဂီတ၏ ပြင်းအားက ရွှေများ၏ လက်ခုပ်သံအောက်မှာ စုံးစုံးမြုပ်သွား တော့သည်။ ဆုရသောဆရာ သစ်ခက်အိမ်၏ အပျော်က အားလုံးသို့ကူးစက် သွားသည်။ ရွှေအားလုံး အပြုံးတို့ ဝေစည်နေသည်။ စိုးစဉ်းမျှ အဖုအထစ် မရှိ။ ဆရာ သစ်ခက်အိမ်နှင့် ဆရာမ ဝေ(စီး ပွားရေးတက္ကသိုလ်)တို့ ဇနီးခင်ပွန်း၏ လဲ့ကြည်သော အပြုံးသည် ရွှေကလောင် ရုပ်တု၏ လင်းလက်မှု၊ ၀င်းပြက်မှုနှင့် ပြိုင်နေပြီကော။

ဆောင်းပါးဆုကို အခမ်းအနားမှူး ကဗျာဆရာက ခန့်မှန်းတို့ဖြင့် ရွှေများကိုအာရုံထွေပြားစေခိုင်း ပြန်ပါသည်။ ခန့်မှန်းသည် ခန့်မှန်းသာပဲဖြစ်ရာ အမှန် ရာခိုင်နှုန်းပြည့်မရောက်ပါ။ နှလုံးသားရှင်းသန့်သော သူတို့၏ အဆုံးအဖြတ်မှာ ခန့်မှန်းသည် သွေဖည်လွဲချော်သွားနိုင် ပါသည်။ ဒါသည်ပင် ဆုနှင်းပွဲတို့၏ နိယာမပေပဲလား။

အနှစ်တို့ဖြင့် သိပ်သည်းသော၊ ခေတ်ပြိုင် ခံစားမှုတို့ ပြည့်ဝသော၊ လူငယ် တို့၏ နှလုံးသားကို ဖောက်မြင်တတ်သော၊ ထက်မြက် စူးရှသည့် Message များကို ပေးဝေတတ်သော ဆောင်းပါးတို့ကို အားထည့် ရေးနေသည့် ဆရာမ မသီတာ(စမ်း ချောင်း)အား ဆောင်းပါးဆုရှင်အဖြစ် ရွေးချယ်တော့ ရွှေတို့၏ လက်ခုပ်သံများ စည်ဝေပြန်လေပြီ။ ဆရာမ၏ မျက်ဝန်း မှာရှိ မူပိုင်အပြုံးက မျက်မှန်ကို ဖောက် ထွက်လာသည်ဟု ထင်ရသည်။ ဖြူစင် သောစိတ်ထားနှင့် ပညာဂုဏ်မြင့် အရိပ်တို့ ယှက်နွယ်နေသော ဆရာမ၏ အပြုံး မြမြကား ရွှေအားလုံးသို့ ကူးစက်ပြန်ချေ ပြီကော။ ထိုက်တန်ပါသည် ဆိုသော စကားလုံးထက် ပို၍မြင့်သော စကားဖြင့် ဆရာမ မသီတာအား မုဒိတာ စကားဆို ဂုဏ်ပြုချင်သော်လည်း ဆွံ့အလျက်၊ စကား လုံးရှားပါးနေသော ကျွန်တော်သည် ကိုယ့်ကိုယ်ကိုသာ အပြစ် ဖို့ချင်နေမိသည်။

ရသစာတမ်း ဆုမကြေညာမီ အခမ်းအနားမှူး ကဗျာဆရာက သူ့ဆံပင် ရှည်များကဲ့သို့ ရှည်လျားသော ခန့်မှန်း တို့ကို စီကာစဉ်ကာ ပြောတော့ ကျွန်တော် မဟေသီ မဂ္ဂဇင်းတွင် ရေးခဲ့သည့်“ကျွန်တော် အချိန်သူခိုး”ကပါလာတော့သည်။ ဆရာ လေးကိုတင် ခန့်မှန်း ပေးခဲ့တာပဲ ဖြစ်ပါသည်။ ကျွန်တော် မျှော်လင့် ရင်ခုန်ခွင့် ရှိရမည်ဖြစ်သော်လည်း ကျွန်တော့်ရင် ကား အေးဆေးစွာ တည်ငြိမ်နေခဲ့ပါ သည်။ ဆုနှင်းပွဲ မတိုင်မီ ရက်တစ်ရက် မှာဝတ္ထုတိုတစ်ပုဒ် ရွှေအမြုတေမဂ္ဂဇင်း သို့သွားပို့ခဲ့ရာ ရွှေအမြုတေ ပဲ့ကိုင်ရှင် ဆရာ ဦးဝင်းငြိမ်းနှင့် တွေ့ပြီး နှုတ်ဆက် စကားဆိုတော့ အမြဲတမ်းပြုံးနေသော ဆရာ့နှုတ်မှ ရွှေဆုနှင့် ပတ်သက်၍ စကားတစ်လုံးပင်မဟ။ သည်တော့ ကျွန်တော် ရင်ခုန်ခွင့်မရှိသူဟု ကိုယ့် ကိုယ်ကို ကြိုတင် သတ်မှတ် ထားခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်ကားဆု ကြေညာသည့် အခါ လက်ခုပ် တီးဖို့သာ ဟန်ရေး တပြင်ပြင် ဖြစ်နေခဲ့သည်လေ။

၂။
သန်းခေါင်ချဉ်းစမှာ ကုန်သည် ကြီးများဟိုတယ်မှ ကျွန်တော့်အိမ် ကလေးရှိရာ ၀န်ထမ်း ရပ်ကွက်လေးဆီ ပြန်လာတော့ ကျွန်တော် တယုတယ ပွတ်သပ် ကိုင်တွယ်ကြည့်ချင်ခဲ့သည့် “ရွှေကလောင်”က လက်ထဲမှာ။ ရင်သွေး ငယ်ကို ပွေ့ပိုက်ထားသော မိခင်ပမာ သိမ်မွေ့မြဲမြံသော ချစ်ခြင်းဖွဲ့အင်အား အစုအဝေးတို့ကလက်မှာ၊ ရင်ခွင်မှာ ၀ဲလည်လျက်။

၃။
ကျွန်တော့် ဧည့်ခန်းဆောင် ကျဉ်းကျဉ်းလေးမှာ မှန်ဗီရိုတစ်လုံး ရှိသည်။ မှန်ဗီရိုပေါ်မှာ ဗုဒ္ဓမြတ်စွာ၏ ရုပ်ပွားတော် စံပယ်သည့် ကျောင်းဆောင်လေး ရှိပါသည်။ စိမ်းညို့လန်းဆန်းသော အောင်သပြေတို့က ကျွန်တော့် ဘုရားစင်လေးကို ကြည်ညိုသပ်္ပာယ်ဖွယ်ရာ ဖြစ် စေပါသည်။ မှန်ဗီရိုလေးထဲမှာတော့ ကျွန်တော် မြတ်နိုးခုံမင်သောစာအုပ် တချို့ အစီအရီရှိနေပါသည်။ စာအုပ် များရှေ့မှာတော့...။

ရွှေရောင်ဖဲကြိုး အလယ်မှာ ဖဲကြိုးနီ လေးဖြင့် ထင်းနေသော၊ လင်းလက်နေသော၊ ၀င်းပြက်နေသော“ရွှေကလောင်”။ Shwe Amyutay Literary Awrad ဆိုသည့် အပြာရောင် စာလုံးများ၊ အနီရောင် ရွှေအမြုတေ လိုဂို၊ စာပေဆုက အပြာ၊ ရသစာတမ်းက အနက်။

အို အခုတော့ဖြင့် ကျွန်တော့် ဧည့်ခန်းဆောင်လေးက မီးရောင်မှိန်မှိန် အောက်မှာပေမင့် လင်းလက်ထည်ဝါ၊ ရွှေ၏ ဂုဏ်ဒြပ်တို့ဖြင့် ပြည့်လို့နေပြီလေ။
(ဆဋ္ဌမ အကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲနှင့် ရွှေဆုရ ဆရာ သစ်ခက်အိမ်၊ ဆရာမ မသီတာ(စမ်းချောင်း)၊ ဆရာ မင်းဝေဟင်၊ ဆရာမ ဇူးဇူးမွန်၊ ဆရာမ မနှင်းဖွေးတို့သို့ ဂုဏ် ပြုအမှတ်တရ)               
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

3 comments:

  1. ရွှေမှာဖတ်ပြီးပေမယ့် ထပ်မံ ဖတ်ခဲ့ပါတယ်ဆရာ....
    ဆရာ့သရုပ်ဖော်ပုံအတော်လေး သက်ဝင်လှပါတယ်ရှင်...
    အဆုံးသတ်စာပိုဒ်လေးကို နှစ်သက်သဘောကျမိပါတယ်။

    ReplyDelete
  2. hi impressive blog.
    We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

    ReplyDelete
  3. Hi your blogs looks so impormative and interesting.would you come and visit us back too
    http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete