Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

ဝတ္ထုကောင်း တစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်နှင့် အကာလမရဏ

(က)
ဝတ္ထုကောင်း တစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်ကတော့ အဲဒီ ၀တ္ထုမှာ ပါဝင်တဲ့ အဓိကဇာတ် ကောင်များ အပေါ် စာဖတ် ပရိသတ်က အာရုံ အပြည့်အ၀ ခံစားမှု ရရှိခြင်း ဖြစ်ပါတယ်။
ကိုယ့်ဝတ္ထုမှာ ပါဝင်မယ့် ဇာတ်ကောင်များ သက်ဝင် လှုပ်ရှားလာအောင် ဘယ်လို ဖန်တီး ရမလဲ ဆိုတာကို Sam Mc Carver က နည်းလမ်း ၈ သွယ်နဲ့ ဖော်ပြ ထားပါတယ်။

ဆရာ ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ဆောင်းပါး ပေါင်းချုပ်မှာ ပါတဲ့ အသက်ရှိသော ဇာတ်ကောင်ဖြစ်ပါစေ ဆောင်းပါးထဲက စာပိုဒ်ပါ။ သည်ဆောင်းပါး ဖတ်ပြီးချိန်မှာတော့ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စွဲလမ်းခဲ့တဲ့ ၀တ္ထုတိုများကို သတိရ သွားပါတယ်။ Sam Mc Carver ရဲ့ဆောင်းပါးမှာ အချက် ၈ ချက် ပါဝင်ပါတယ်။ သည် ၈ ချက်နဲ့ ကိုက်ညီတယ်လို့ ကျွန်တော် မှတ်ယူပြီး အလွန်နှစ်သက်ခဲ့တဲ့ ၀တ္ထုတို တွေထဲက ၀တ္ထုတိုတစ်ပုဒ်ကို ထုတ်ပြ ချင်တယ်။ အဲသည် ၀တ္ထုက ဆရာဝင်း စည်သူရဲ့ အကာလမရဏ ပါ။ ရွှေအမြု တေမဂ္ဂဇင်း ၁၉၉၄ ဖေဖော်ဝါရီမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဆရာ ဦးဝင်း ငြိမ်းရဲ့ ၆၆ နှစ်ပြည့်မွေးနေ့ အမှတ်တရ စုစည်း ထုတ်ဝေတဲ့ ရွှေ ၆၆ ထဲမှာလည်း သည်ဝတ္ထုကို ပြန်လည်ဖော်ပြထားပါ တယ်။

(ခ)
၁။    ဇာတ်ကောင် တစ်ဦးချင်းဟာ သီးခြားဘ၀တွေ ရှိပါစေ။
ဆရာ ၀င်းစည်သူရဲ့ အကာလ မရဏ မှာ မန္တလေးထောင် ကြိုးတိုက်ကျ အကျဉ်းသားကို နောက်နေ့ ကြိုးပေး တော့မှာမို့ သရဏဂုံ တင်ပေးတဲ့ ဆရာ တော်ကြွလာတာနဲ့ ၀တ္ထုကို ဖွင့်ပါတယ်။ ဆရာတော်ရဲ့ သိက္ခာ၊ သမာဓိကို ဖွဲ့ပြ တာဖြင့် အလွန် ကျစ်လျစ်ပြီး မြင်သာ ထင်သာရှိပါတယ်။

“ဆရာတော်ကား အိုမင်း ရွတ်တွသော်လည်း မျက်နှာတော်မှာမူ ပကတိ တည်ငြိမ် အေးချမ်း လှပေသည်။ လမ်းဘေးဝဲယာသို့ လုံးဝကြည့်ရှုခြင်းမရှိ။ မြတ်စွာဘုရား သခင်လက်ထက်တော်က ချမှတ်ခဲ့သော ၀ိနည်းကို ယခုထက်တိုင် ဦးထိပ်ပန်ဆင်တော် မူဟန်ရှိသည်။ ရှေ့ ၄ တောင်ထက်ပို၍ အာရုံစိုက်ခြင်းမရှိ။ နှုတ်က တလှုပ်လှုပ် တရွရွ။ သို့သော် အသံမထွက်။ တရားဓမ္မတစ်ခုခုကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသာ ဖြစ်ပေမည်။
အဓိကဇာတ်ကောင် ကိုထွန်းဖေရဲ့ ရုပ်လက္ခဏာကို-
“အာလူးသီးလို မညီညာသော ကိုထွန်းဖေ၏ ခေါင်းမှာ ခေါင်းတုံးနှင့် လုံးဝ လိုက်ဖက်ခြင်းမရှိ”
ကိုထွန်းဖေ အသက်ကို-
“သည်နှစ်တွင်တော့ ဒုလ္လဘ ၈ ပါးထဲတွင် ကိုထွန်းဖေသည် တစ်ပါးအပါအ၀င် ဖြစ်ခဲ့၏။ အရင်နှစ်များတုန်းက ၀တ်လိုသော်လည်း အသက် ၂၀ တင်းတင်း မပြည့် သေး၍ မ၀တ်ခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်” ဆိုပြီး ဆရာ ၀င်းစည်သူက ပြသွားပါတယ်။

ကိုထွန်းဖေက တံတားဦးနယ်မှာ ရှိတဲ့ ရွာကလေးကနေ မန္တလေးမုန့်တိုက်မှာ ငယ်ငယ်ကတည်းက ရောက်လာတဲ့ မုန့်တိုက် အလုပ်သမား။ ဆရာတော်က မန္တလေးတောင်ခြေရှိ တောရကျောင်းကလေးမှာ သီတင်းသုံးတဲ့ ဆရာတော်။

၂။    ဇာတ်ကောင်များရဲ့ခံစားမှု၊ လှုပ်ရှားမှု၊ တွေးတောဆင်ခြင်မှုများကို စာဖတ် ပရိသတ်သိအောင် ဖော်ပြပေး။
ဆရာတော်ဆီ ကိုထွန်းဖေ သကာရည်အိုး ကပ်လှူတာနဲ့ ဇာတ်ဆောင်တွေရဲ့စရိုက်ကို ဖော်ကျူးပုံက-
“ဘာများ လျှောက်စရာရှိလို့လဲ ဒကာလေးရဲ့”

ဆရာတော်က နှုတ်ခမ်းစေ့၍ပြုံးရင်း အေးဆေးတည်ငြိမ်သောအသံနှင့်မေးသည်။
“ထောင်ထဲမှာကြိုးပေးတဲ့အကြောင်းပါ ဘုရား”

“ဆရာတော် စိတ်မဆင်းရဲဘူးလား ဘုရား”

“ပုထုဇဉ်ပဲကွယ်၊ ဆင်းရဲတာပေါ့”

“တခြားဆရာတော်တွေကို မပင့်ခိုင်းဘူးလား ဘုရား”

“ငြင်းတော်မူသတဲ့ကွယ်”

“ဘယ်အခါမှာ လူသတ်ဖြတ်ကြပါသလဲ ဘုရား”

“အ၀ိဇ္ဇာတရား ၃ ပါးအနက် လောဘလွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ ဒေါသ လွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ မောဟလွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ လောဘ၊ ဒေါသ၊ မောဟဆိုတာ ပုထုဇဉ်တွေနဲ့ မကင်းတာမှန်သော်လည်း အစွန်းတော့ မရောက် သင့်ကြဘူးပေါ့ကွယ်”

၃။    ဇာတ်ကောင်ကို အဓိပ္ပာယ်ရှိသော ရည်မှန်းချက်များနှင့် စိန်ခေါ်သော တိုက်ပွဲများ ဖန်တီးပေးရမည်။
ကိုထွန်းဖေ ရဟန်းခံပြီး အိမ်ထောင်ပြုတော့မည်။
“မင်္ဂလာ ဆောင်ပြီးရင် ရွာမှာထားခဲ့မှာလား၊ ဒီကို ခေါ်လာခဲ့မှာလား”

“ခေါ်ခဲ့မှာပေါ့ကွ၊ ဆရာက အခန်းလေး တစ်ခန်း ငှားပေးမယ်လို့တောင် ပြောထား ပြီးပြီ”

သူဘာကိုတွေးကာ ပြုံးလေသည်မသိ၊ ကျွန်တော်နှင့်လည်း စကားမပြောဖြစ်။
သို့သော် ကံကြမ္မာမုန်တိုင်းသည် ကိုထွန်းဖေ၏ရင်ဝကိုမှ တည့်တည့်ဝင်ကာ မွှေနှောက်လေရော့သလား၊ ခလောက်ဆန်လေရော့သလား မသိ။ မဏ္ဍပ်နှင့် ကနားနှင့် ထမင်းရုံနှင့် အသံချဲ့စက်နှင့်ကိန်းကြီးခန်းကြီး ပြုလုပ်ထားသော မင်္ဂလာဆောင်မည့် နံနက်ခင်းတွင် သတို့သမီးသည် တစ်ရွာတည်းအတူနေ ရည်းစားနောက်သို့ ကောက် ကောက်ပါအောင် လိုက်ပြေးသွားခဲ့သည်ဆိုပဲ။ သည်တော့ သူငှက်ကြီးတောင်ဓားကို ဆွဲတော့သည်။ အဓိပ္ပာယ်ရှိသောရည်မှန်းချက်၊ စိန်ခေါ်သောတိုက်ပွဲဆိုတဲ့ အကျိုးပြုပုံစံ ခွက်မှာမဟုတ်ဘဲ ၀တ္ထုရဲ့ Tempo ကတော့ အဲသည် Climex ဘောင်ကနေ ထွက်မသွား ဘူးလို့ပဲ ထင်ပါတယ်။

၎။    ဇာတ်ကောင် တစ်ဦးချင်းစီရဲ့အမူအကျင့်၊ အပြောအဆိုများ သီးခြားစီ ဖြစ်ပါစေ။
ဆရာတော်နဲ့ ကိုထွန်းဖေတွေ့ဆုံခဲ့တာမှာ-
“ဆရာတော် တရား ဟောနေတဲ့အခါ တရားခံဟာ တည်ငြိမ်ပါသလား ဘုရား”

“တချို့လည်း မျက်ရည်ပေါက် ပေါက်ကျလို့၊ တချို့လည်း သွေးရူးသွေး တန်းလျှောက်ပြောလို့၊ တချို့လည်း နှုတ်ခမ်းကို သွေးများထွက်အောင် ဖိကိုက်လို့။ အင်း တည်ငြိမ်တဲ့သူဆိုတာ ရှားတယ်။ ရှိလှမှ ဆယ်ဦးတစ်ဦးပေါ့ ကွာ။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့ မယ်ဆိုတဲ့အခါ မတုန်လှုပ်ဘူးဆိုတာ ဘုရားရဟန္တာအဆင့်မှာသာ ဖြစ်နိုင်ပေတာကိုး။ ပြီးတော့ ကိုယ်သေရမှာလည်း သေရိုးသေစဉ်မဟုတ်။ အကာလမရဏ ဆိုတော့ ပိုပြီးတုန်လှုပ်ချောက်ချားရှာကြ ပေတာပေါ့ကွယ်”

ကိုထွန်းဖေ ကြိုးပေးခံရတဲ့ အကျဉ်းသားကို စိတ်ဝင်စားတယ်၊ တုန် လှုပ်ချောက်ချား ရွံ့ကြောက်မှုလည်း ရှိ ပါလိမ့်မယ်။ ဒါကို ကိုထွန်းဖေ၊ ဆရာ တော်စကားများနဲ့ ဆရာ ၀င်းစည်သူက သိမ်သိမ်မွေ့မွေ့ ပြသွားတာပါ။ ဆရာ တော်နဲ့ ကိုထွန်းဖေ အမူအကျင့်က သီးခြားစီ ဖြစ်နေပါပြီ။ ဆရာတော်က တည်ငြိမ် အေးချမ်းသူ၊ ကိုထွန်းဖေက စိတ်လှုပ်ရှား ပူလောင်သူ။

၅။    လက်တွေ့ဘ၀မှာလို ဇာတ် ကောင်များကို မကောင်းတာနဲ့ ကောင်း တာတွေ ရှိပါစေ။
ကိုထွန်းဖေက ဘာသာတရား ကိုင်းရှိုင်းသူ ရိုးသားဖြောင့်မတ်သူ ဖြစ်ပါတယ်။ ဒါကို ဆရာ့ဝတ္ထုမှာ ပုံဖော် ပြပြီးသားပါ။ ပြီးတော့ အရှက်အကြောက် ကြီးပြီး ဒေါသမထိန်းချုပ် နိုင်တော့တာကိုလည်း-
ကိုထွန်းဖေ ထန်းတဲထဲသို့ ပြန်ဝင်သည်။ သတို့သမီးမှာ သားရဲတစ်ကောင်၏ ရှေ့၌ ရောက်နေသော ယုန် သူငယ်လေးလို ကြက်သေသေ နေသည်။
“နင့်ကြောင့် ငါတို့အားလုံး အရှက် ကွဲရတယ်”

ကိုထွန်းဖေ သတ္တိကောင်း၏။ သူ့ ဓားကိုသူထမ်းကာ တံတားဦး ရဲဌာနသို့ သွားရောက်အဖမ်းခံသည်။

၆။    မိမိဖန်တီးမယ့် ဇာတ်ကောင် ရဲ့ စရိုက်နဲ့ကိုက်ညီတဲ့ အမည်နာမ ပေးတတ်ဖို့လည်း လိုအပ်ပါတယ်။
ကိုထွန်းဖေဆိုတဲ့ နာမည်က ကြားကျတဲ့ နာမည်ပါပဲ။ တောကနေ မြို့ ရောက်သွားသူ တစ်ယောက်၊ ပြီးတော့ ခေတ်ကာလက ၁၉၅၇ ၀န်းကျင်၊ သည်နာမည်က အဲသည်ခေတ်မှာ ပေးလေ့ပေးထ ရှိတာမျိုးမို့ လိုက်ဖက်တယ်လို့ ကျွန်တော် ထင်တာပါပဲ။

၇။    ၀တ္ထုထဲမှာ ပြင်ပက ထင်ရှားတဲ့ သူတစ်ဦးကို ဇာတ်ကောင်အဖြစ် ထည့်သုံးတော့မယ်ဆိုရင် သူ့ကိုလည်း ဇာတ်ကောင် အဖြစ်သာ သဘောထားပါ။
အကာလမရဏ ၀တ္ထုထဲက ဆရာတော်က ပြင်ပမှာ တကယ် ရှိခဲ့ပါတယ်။ “ဦးကေသရ”ဘွဲ့ အမည်ရှိပေမဲ့ ရွှေမန်းတင်မောင် ကျောင်းသားဘ၀က စာပေ ပရိယတ္တိသင်ကြားပေးခဲ့ခြင်းကို အစွဲပြု ပြီး ရွှေမန်း ဆရာတော်လို့တောင် အခေါ် ခံရသူဖြစ်ပါတယ်။ ဒါကို ဆရာဝင်းစည်သူ ၀တ္ထုထဲမှာ အကွက်ကျကျ ထည့် သုံးသွားပါတယ်။

၈။    ဇာတ်ကောင်တစ်ဦးနဲ့ တစ်ဦး ဆက်ဆံမှုမှာ လူဆန်ပါစေ။
အကာလ မရဏထဲက စာရေးသူ (ငယ်စဉ်ဘ၀)နဲ့ ကိုထွန်းဖေတို့ ပြောဆို ဆက်ဆံပုံလေးတွေ ကြည့်ပါဦး။

“ဟေ့ကောင် နက်ကလေး၊ ငါနဲ့ လိုက်ခဲ့၊ မင်းအမေကို ငါပြောခဲ့ပြီးပြီ”

“ဟာဗျာ ကစားလို့ကောင်းနေ တုန်းရှိသေး”

“လာပါကွာ၊ မင်းရှုံးထားရင် လည်း အပြန်ကျတော့ငါပြန်ဝယ်ပေးပါ့ မယ်။ ဟော့ဒီသကာရည်အိုးကို ဆရာတော်ဆီ သွားကပ်ချင်လို့။ မင်းလည်း ကုသိုလ်ရတာပေါ့ နက်ကလေးရ”
ကဲ ဘယ်လောက်လူဆန်ပြီး စရိုက် မှန်သလဲ။

(ဂ)
ကမ္ဘာ့စာပေမှာ အောင်မြင်နေသူ ဆရာ၊ ဆရာမတွေရဲ့ ၀တ္ထုတို၊ ရှည်နဲ့ ပတ်သက်တဲ့ အယူအဆတွေကို ဆရာ ဦးဝင်းငြိမ်းက Writer မဂ္ဂဇင်းထဲကနေ ဘာသာပြန်ပြတဲ့ အပြင် ဆရာတွေ့ကြုံ ဖြတ်သန်းနေရတဲ့ အယ်ဒီတာ ဘ၀မှာ အားမလို အားမရဖြစ်ရတဲ့ ၀တ္ထုတွေ၊ ကျေနပ်ပီတိ ဖြစ်ရတဲ့ ၀တ္ထုတွေနဲ့ပါ ချိန်ထိုး ပြသွားတာမို့ ၀တ္ထုရေးဖွဲ့သူတွေ၊ ရေးဖို့ကြိုးစား နေသူတွေ ဖတ်ထားသင့်တဲ့ စာအုပ်အဖြစ် နှစ်ကြောင်း ရေးတစ်ကြောင်းခြစ်ကို ညွှန်းဆိုချင်ပါတယ်။

နောက် ဆရာ ဦးဝင်းငြိမ်း အသက် ၆၆ နှစ်ပြည့် အမှတ်တရထုတ်ဝေတဲ့ ရွှေ ၆၆ ၀တ္ထုတို ပေါင်းချုပ်ကိုလည်း ဖတ်ကြည့်ပါဦး။ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဆရာ ရွေးချယ်ဖော်ပြခဲ့တဲ့ ၀တ္ထုတိုတွေ စုစည်းထားတာပါ။

နှစ်ကြောင်းရေးတစ်ကြောင်းခြစ် ထဲက ၀တ္ထုတိုသီအိုရီတွေ ဖြစ်တဲ့-
အနုပညာသမား ဆိုတာ အချက်အလက်ကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ဘူး၊ အမှန်တရားကိုသာ စိတ်ဝင်စားတာ။ အချက်အလက် ဆိုတာပြင်ပက ရနိုင်တယ်။

ဝတ္ထုရေးဆရာ ဆိုတာ စာကိုရင်နဲ့ ရေးပါတယ်။
ပရိသတ် ယုံကြည်မှု မရှိလောက်တဲ့ ဇာတ်ကောင်များကို ဖန်တီးရေးဖွဲ့ခြင်းဟာ ၀တ္ထုကို အများကြီး အားပျော့သွားစေပါတယ်။ ဒါကြောင့် စာရေးဆရာ တစ်ယောက် အနေနဲ့ စာမျက်နှာများပေါ်မှာ သက်ဝင် လှုပ်ရှားနေတဲ့ ဇာတ်ကောင်များကိုသာ ဖန်တီး ပါ။ ဒီလို ဖန်တီးနိုင်ဖို့ဆိုတာ စာရေးဆရာရဲ့စွမ်းရည်ပေါ် မူတည်သလို ရိုးသား ဖြူစင်မှု ပေါ်မှာလည်း အများကြီးတည်မှီနေပါတယ်။

ဝတ္ထုတစ်ပုဒ်ရေးတယ်ဆိုတာ အသင့်လုပ်ထားတဲ့ ဘလောက်တုံးတွေကိုဆင့်ပြီး တည်ဆောက်သွားသလိုပါပဲ။
ဆိုတာတွေနဲ့ကိုက်၏ မကိုက်၏၊ ညီ၏ မညီ၏ သုံးသပ်ကြည့်ပါဦး။ စာရေး သူဆိုတာကလည်း ရင်ထဲရှိတဲ့၊ နှလုံးသားထဲမှာရှိတဲ့၊ ပြီးတော့ ၀မ်းစာရှိတဲ့အတိုင်း ချရေးလိုက်တာများတယ်ဆိုပေမဲ့ ရေးပြီးသားကို အကြိမ်ကြိမ်ဖတ်ရင်း အောင်မြင်တဲ့ စာရေးဆရာများရဲ့ နည်းနာလေးတွေအတိုင်း လိုဖြည့်၊ ပိုဖြုတ် လုပ်ကြည့်ရင် ပို မကောင်းပေဘူးလား။

“နှစ်ကြောင်းရေးတစ်ကြောင်းခြစ်” ကို စာနဒီစာပေတိုက်ကထုတ်ပြီး၊ “ရွှေ ၆၆” ကို ကံ့ကော်ဝတ်ရည်စာပေတိုက်တို့က ထုတ်ပါတယ်။ ၀တ္ထုတိုချစ်သူများကိုယ်စား စာနဒီနဲ့ ကံ့ကော်ဝတ်ရည်ကိုပါ ကျေးဇူးတင်ပါတယ်။

ပြီးတော့ ၁၉၉၄ ဇန်န၀ါရီမှာ ကွယ်လွန်ခဲ့တာကြောင့် အကာလမရဏ ပုံနှိပ် စာမူကို ဖတ်မသွားရရှာတဲ့ ဆရာ ၀င်းစည်သူကိုလည်း လွမ်းတနေပါတယ်။  
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
စာတည်းမှတ်ချက် ။ ။
စာရေးဆရာ ၀င်းစည်သူ ရေးသားပြီး ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့် အကာလမရဏ ၀တ္ထုတိုကို ရွှေအမြုတေ စာဖတ်သူများ ယခုဆောင်းပါးနှင့် အတူ ယှဉ်တွဲ ဖတ်ရှုလေ့လာနိုင်ရန် ယခုလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ရွှေဝတ္ထုများ ပြန်လည် တူးဖော်ခြင်း ကဏ္ဍတွင် ပြန်လည် ဖော်ပြထားပါသည်။
၊စာတည်း၊

ကြီးတောင်နဲ့ တည်းပါ

၁။
အလုပ်သဘော အရ ကျွန်တော်က လူအများနှင့် ဆက်ဆံ နေရပါသည်။
လူအများ မှာမှ လူတကာ စုံသည့် ဘူတာရုံ ဆိုတော့ ဘူတာ ရုံဝန်ထမ်း ကျွန်တော်နှင့် ဆက်ဆံရသူ လူအများက အရောင် အသွေး စုံလှပါသည်။ တောက်ပသူ၊ မြောက်ကြွသူ၊ မွဲရော်သူ၊ လွဲချော်သူ တွေအပြင် ရစ်သူ၊ ယစ်သူ တွေကိုပါ တွေ့နေရ တာမို့ ကျွန်တော့် လူမှု ဆက်ဆံရေးက တိမ်လိုက်၊ နက်လိုက် ဖြစ်နေတတ် ပါသည်။ တစ်ခါတစ်ရံ မှာတော့ ဘူတာကြီး ဂိတ်ထိုး တက္ကစီ ကားသမားများက ကားခေါင်းထဲ ကနေ လက်ကိုင်ဖုန်းဖြင့် ကျွန်တော့် ရုံးကို လှမ်းခေါ်ပြီး ရထား ဆိုက်ရောက်မည့် အချိန်တွေကို မေးတတ်သည်။ တချို့က ယဉ်ယဉ်ကျေးကျေး၊ တချို့က မောက်မောက် မာမာ၊ ငါဘယ်သူ ဘယ်ဝါဆိုပြီး ခပ်တည်တည် ဖိန့်တတ် သည်။ ဟုတ်ကဲ့ အဘချင်း ထပ်အောင် ပျာနေသော ၀န်ထမ်း အချို့ အပေါ် ၀မ်းထဲ က ကျိတ်ရယ် နေသော သူတွေက ၀န်ထမ်း အားလုံးကို တစ်တန်းစားတည်း ထား သတ်မှတ် လေသလား မသိ၊ ဒါကို ပဲ သာယာပြီး ဖုန်းနှင့် ကလိတိတိ ရိ တိတိ လုပ်တတ်သည်။ ကျွန်တော်က တော့ အတွေ့ အကြုံအရ အထာနပ်နေ တာကြောင့် ခပ်ဆတ်ဆတ်၊ ခပ်မာမာပဲ တုံ့ပြန် ဖြစ်ခဲ့သည်။ ဖုန်းယဉ် ကျေးမှုနှင့် ယဉ်ပါးဖို့ ကျွန်တော်တို့ နိုင်ငံသားတွေ ကို သင်တန်းပေး ရမလို တောင်ဖြစ်နေပြီ။

အခုတလော ကြုံတွေ့ နေရတာ ကတော့ ရထား လက်မှတ်ခ မရှိသည့် အတွက် ရထား အခမဲ့ စီးနင်း ခွင့်ပြုပေး ပါရန် လာရောက် အကူအညီ တောင်းသူ များ ပို၍ပို၍ များပြား လာခြင်းပင်။ မိသားစုလိုက် ရောက်လာသူ၊ တချို့ နှစ် ယောက်တွဲ၊ တချို့ တစ်ယောက်တည်း။ အားလုံးသော သူတွေ၏ မျက်ဝန်း အရောင်များက တစ်ပုံစံတည်း ဖြစ်နေ သည်ကိုတော့ သတိထား မိနေသည်။
ဖြစ်စဉ် တော်တော် များများက ဇာတိ အရပ်မှာ နွမ်းပါးချို့တဲ့၊ မ၀ရေစာ ဖြစ်နေ သဖြင့် ရွှေမြို့တော် ကြီးသို့ အရဲစွန့် ရောက်လာ ကြပြီး ဆွေမရှိ၊ မျိုး မရှိ၊ ကူညီမည့်သူမဲ့။ နောက်ဆုံးတော့ ဇာတိ မွေးရပ်သို့သာ တပ်ဆုတ် ပြန်ကြ ရလေပြီ။ သည်မှာ တင်ပဲ ကျွန်တော့် ရုံးခန်းလေး က အရှုံးတွေ တစ်ပွေ့ တစ်ပိုက်နှင့် ငတ် မွတ်ဆာ လောင်မှု အရောင် အရိပ်တို့ ထင်ဟပ်စွန်းထင်း နေသူတို့၏ ရိပ်မြုံကလေး ဖြစ်မှန်း မသိ ဖြစ်နေပါ တော့သည်။

“ဆရာကြီး ကူညီ ပါဦးဗျ။ ကျောက်မဲ အထိ ပြန်ရမှာ။ မနေ့ညနေ စာကတည်းက အခုချိန်ထိ ထမင်း မစား ရသေး ဘူးဗျ။ မစားရလည်း ရတယ် ဗျ။ ရထား စီးဖို့ ထောက်ခံ ပေးပါဗျ”
ရှမ်းသံ ၀ဲဝဲဖြင့် ပြောလာသူ အသက် ၆၀ ခန့် ဦးကြီးမှာ ဟန်ဆောင်မှု မိတ်ကပ် မရှိ။

“ဘယ်လို ဖြစ်လာတာ လဲဗျာ”
“အရင်က စာတိုက်မှာ ပြာတာ လုပ်တယ်ဗျ။ ပိုလျှံ ၀န်ထမ်း တွေဖြုတ် တော့ အလုပ် ပြုတ်တယ်။ လားရှိုးတက် ကုန်လိုက် ထမ်းတယ်။ နောက်ပိုင်း အလုပ် မကောင်းတော့ ကျောက်မဲပြန် ခြံ ခုတ်လိုက် တယ်ဗျ။ လားရှိုးကုန်ထမ်း တုန်းကခင်တဲ့ ကိုကျော်အေး ရန်ကုန် လှိုင်သာယာမှာ အလုပ်ခေါင်း ဖြစ်ပြီး အဆင်ပြေ တယ်လို့ ကားဆရာ ကိုစော ပြောတယ်ဗျ။ ဒါနဲ့ လာခဲ့တာ ပိုက်ဆံ ၅၀၀၀ ပါတယ်။ ကားခနဲ့ ကုန်တာပဲ ဗျ။ ကိုကျော် အေးလည်း မတွေ့ဘူး။ ပိုက်ဆံလည်း ကုန်ပြီ။ ကျောက်မဲ ပြန် ချင်တယ် ခင်ဗျ”

ကျွန်တော့် ရင်ဘတ်မှာ စူးနင့်နင့် ဖြစ် ထိခိုက် ခံစား နေရပေမဲ့ ဦးကြီးပုံက တော့ လောကဓံရဲ့ အထု အထောင်းကို အသား ကျနေ ပုံရသည်။ ကျွန်တော် ကူညီ ရပါမည်။ ဘယ်လို ကူညီ မည်လဲ။ မန္တလေး အထိ ရိုးရိုးတန်း လက်မှတ်ခ ၄၆၅၀ ကျပ်ကိုတော့ ကျွန်တော့်ဘက်က အိတ်စိုက် မစွန့်စား ရဲပြန်။ ကိုယ်ပိုင်ရာ၊ ဆိုင်ရာ တွဲထိန်း၊ လက်မှတ်သိမ်း တို့ကို ခေါ်အပ်ပြီး ရထားပေါ် တင်ပေးလိုက် ကာ ငွေတစ်ထောင် ကျပ်သာ လမ်းသုံးဖို့ ပေးလိုက် နိုင်သည်။

“ကျေးဇူးတင် ပါတယ်ဗျ။ ကျောက်မဲ ရောက်ရင် ဈေးမှာ မေးပါဗျ။ စိုင်းလိတ်ဆို လူတိုင်း သိတယ်ဗျ။ ဆရာ့ ကို အမြဲ ကျေးဇူးတင် နေမယ်နော”
ကျွန်တော့် ကူညီ စွမ်းဆောင်မှု လေးက ပါးပါး လျှပ်လျှပ် လောက်လေး ပေမဲ့ ဦးစိုင်းလိတ်၏ ကျေးဇူး စကားတွေက ထုနှင့် ထည်နှင့်ကို ရှိလောက် သည်ဟု ထင်ပါသည်။
ရထား ဥပဒေ အရ လက်မှတ်မဲ့ မပါ ရှိရေးအတွက် လက်အောက် ၀န်ထမ်း တွေကို ညွှန်ကြား နေသူ ကျွန်တော်က ရထား လက်မှတ်မဲ့ တင်ပေး လိုက်ခြင်း အပေါ် လိပ်ပြာသန့် ခဲ့သော်လည်း မီးရထား ၀င်ငွေ ၄၆၅၀ကျပ် လျော့နည်းခြင်း အတွက် အပြစ် တစ်ခုလို ရှိနေပါ လိမ့်မည်။

နေ့စဉ် သိန်းပေါင်း များစွာ၊ သန်းပေါင်း များစွာ ယိုဖိတ် လေလွင့် စေခဲ့သော၊ ကိုယ်ကျိုး ရှာခဲ့သော၊ အတ္တ ဗဟိုပြု ခဲ့သော သူတို့၏ ကိန်းဂဏန်း မှတ်တမ်း မှတ်ရာ များကို ဥပေက္ခာ ပြုနိုင် သူတို့သည် ၀င်ငွေ ၄၆၅၀ ကျပ် ဆုံးရှုံး မှုအပေါ် စာအုပ်ကြီး အတိုင်း မူဘောင် ဖြင့် ဆောင်ရွက်ကြ လေသောအခါ လက် မှတ်မဲ့ တင်ပေး လိုက်သူ ကျွန်တော်နှင့် ငြိစွန်း ရပြန်သည်။

၂။
ရုံးခန်းဝမှာ ပြူတစ် ပြူတစ် လုပ် နေသော လူငယ်လေးကို မြင်လိုက်ရ တော့ ကျွန်တော့်မှာ ဆရာ ကြူးနှစ်၏ ၀တ္ထုတို အရေး အဖွဲ့များတွင် တွေ့ရ တတ်သော အဖွဲ့ အနွဲ့မျိုးကို သတိရ သွား သည်။ ပိုးဟပ်ဖြူ ဆိုသော အကောင် ငယ်လေးသည် သည်လူငယ်နှင့် တွေ့ လျှင်တော့ ဖြူနိုင်လိမ့် မည်မထင်။ ဟောက်ပက် နေသော မျက်တွင်းက ရေ တစ်ဖန် ခွက်လောက် လောင်းထည့်လျှင် တောင် ရလိမ့်မည် ထင်သည်။ ချည့်နဲ့နေ သည့် ခါးက လက်ညှိုးနှင့် တောက်လိုက် ရုံဖြင့် မတ်တတ် ကနေ လဲပြိုသွား လောက် ပေမည်။ အဲသည်လို အဖွဲ့ မျိုးပါပဲ။
“၀င်ခဲ့ပါကွာ ကဲ ပြော”

ကျွန်တော့် စကားသံကို သူ ဖတ် တတ်ဟန် တူသည်။ ရွံ့ကြောက်သော အမူအရာက အနည်းငယ် ပြေလျော့သွား ပုံရသည်။
“ဦးရယ် ကျွန်တော်တို့ မိသားစု အလုပ် ရမယ်ဆိုလို့ အမေ အိုကြီးပါ ခေါ်ပြီး ရွာက အိမ်ဝိုင်းလေး ၂ သိန်းနဲ့ ရောင်း လိုက်လာ ခဲ့တာ။ ခေါ်လာတဲ့ သူက သန်လျင်ဘက်က တဲလေးတစ် လုံးမှာ ထားခဲ့ပြီး ပျောက်သွား တော့ တာပဲ။ အိမ်ရောင်းလို့ ပါလာတဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင် တွေပါ သူ့နောက် ပါသွား တယ်။ အလိမ်ခံ ရတာ ပါခင်ဗျာ။ ဟိုလူကျွေး သည်လူကျွေးနဲ့ အသက် ဆက်ခဲ့ ရတာပါ။ အခု ရွာပြန် တော့မယ်”

ကျွန်တော်ကား နဂိုဓာတ်ခံ နှလုံး သား မာကျောသူ မဟုတ် လေတော့ ရုံးခန်း အပြင် ထွက်ကြည့် မိသည်။ ၂ကို ဇောက်ထိုး လုပ်ထားသည့် ပုံသဏ္ဌာန် ဖြစ်နေသည့် ခါးကိုင်းကိုင်း အသက် ၈၀ ခန့် အမေ အိုကြီး၊ ရင်ခွင်ထဲ ရှိ ကလေးကို နို့ပိန်လေး တိုက်ကျွေးနေ သည့် သားသည် မိခင်ငယ်။ အားလုံး၏ မျက်ဝန်း များမှာတော့ အားကိုး တကြီး ဆိုသည့် ဝေါဟာရတို့ ခိုဝင်လျက်။

သူတို့ သွားရမည့် ခရီးစဉ်ကို မေး ကြည့်တော့ ပြည်ဟို ဘက်ကမ်း ပန်း တောင်းနယ် ထဲက ရွာကလေးဖြစ် နေသည်။ နေ့ ၁ နာရီ ရထားနှင့် လိုက်သွားလျှင် ပြည်ကို တိုက်ရိုက် ရောက်မှာ ပေမဲ့ သူတို့ ရောက်လာချိန်က ညနေ ၃ နာရီခန့်မို့ ရွှေတံခါး ဘူတာ ဆင်းပြီး ခရီးဆက်ရ မည့် ပုဂံ ရထားသာ ရှိတော့သည်။ ၁ နာရီလောက် အချိန်ရ သေးသည့် အတွက်-
“ကဲ လောလောဆယ် ထမင်း သွားစားကွာ။ ဘူတာ အပြင်ထွက်ရင် ဂုံးတံတားကြီး အောက်မှာ လက်ဖက် ရည်၊ ထမင်းကြော်တို့ ရောင်းတဲ့ ဆိုင် ရှိတယ်။ တစ်ခုခု သွားစားကြ။ ရထား ပေါ်စားဖို့ ထမင်းကြော် ၃ ထုပ်နဲ့ ရေသန့် တစ်ဘူး ပါယူသွား။ စားပြီးရင် ရုံးခန်း ပြန်လာ ခဲ့နော်။ ကဲ သွား သွား ငါ အဲဒီဆိုင်ကို ဖုန်းဆက် လိုက်မယ်”

အိတ်ကပ် ထဲက ပမာဏသည် လက်ဖက်ရည် တစ်ခွက် ဖိုးစာမျှသာ ရှိသည်မို့ စာရင်းမှတ်၍ ရသောဆိုင် ကို ညွှန်းဆို လိုက်ခြင်း ဖြစ်သည်။
နာရီဝက်ပင် မကြာ သူတို့ မိသားစု ကျွန်တော့် ရုံးခန်း ပြန်ရောက် လာကြ သည်။ ဆိုင်ကို ဖုန်းဆက် မေးထားပြီး သားမို့ စုစုပေါင်း ကျသင့်ငွေ ၄၀၀၀ ကျပ်၊ လက်မှတ် ၃ စောင်က ၆၀၀၀ ဆိုတော့ ငွေတစ်သောင်း တောင် ဆို သည့် အတွေး ၀င်လာသည်။ စီးဆင်း နေသော စေတနာ စမ်းချောင်းလေး ရုတ်တရက် ရပ်တန့်သွား လေပြီလား။

ရုံးလုလင်လေးကို စာတိုလေးတွေ ရေးပေးပြီး ကျပ်တိ ကျပ်တည်း ကြားမှာ ကိုပဲ ဟိုက သည်က တိုးဝင် လာတတ် သော ပါဆယ်ရုံ၊ လပ်ဂိတ်၊ လက်မှတ်ရုံ တို့ဆီ အကူအညီ တောင်းမိ သွားသည်။
ရုံးလုလင်လေး ပြန်ရောက်လာ တော့ ဒုက္ခသည် မိသားစု လေးအပေါ် ၀ိုင်းဝန်း ထောက်ပံ့လိုက်သော ခြင်္သေ့ရုပ် လေးများ ဖြန့်ခင်း လိုက်သည့် အခါ တစ် သောင်းနှစ်ထောင်ရှိသည်။ လက်မှတ် ၃ စောင်ဖိုး နုတ်လိုက် လျှင် ၆၀၀၀ ပို မည်။ ဂုံးတံတားအောက် ကဆိုင်ကို ရှင်း ပေး ရမည်က ၄၀၀၀ ကျပ်။ လေး ထောင် ကျပ်ကြီး တောင်။

ကျွန်တော်သည် ၄၀၀၀ ကို နုတ် ယူလိုက် ရမလား။ နုတ်ယူလိုက်ရင် ၂၀၀၀ တော့ ကျန်ဦးမှာပဲလေ။ ဒါ လောက် ကူညီတာ ကိုပဲ အားရ၀မ်းသာ ကျေနပ် သွားကြမှာ မဟုတ်လား။ ဟာ မဟုတ်သေး ပါဘူး၊ ပိုက်ဆံ လိုက်မစုခင် အထိ တစ်ခုခု စားဖို့၊ လမ်းစား ဖို့တောင် ယူသွားဖို့ စိတ်စေတနာ ပြတ်ပြတ် ဆုံး ဖြတ်ခဲ့တာ မဟုတ်လား၊ ပိုက်ဆံမြင် တော့ စိတ်ပြောင်း သွားတာလား။ လေး ထောင်တည်း ပါလို့ ခံယူခဲ့ ပြီးသား မဟုတ်လား။

လေးထောင် ကြီးတောင်၊ လေး ထောင် တည်းပါ။ ကြီးတောင်နှင့် တည်း ပါ ကြား ကျွန်တော် အခိုက် အတန့် ဗျာ များသွား သည်ကို ၀န်ခံ ရမှာပဲ ဖြစ်ပါ သည်။

“ရော့ ၆၀၀၀ ယူသွား၊ ရွှေတံခါး ဘူတာထိ လက်မှတ် ၀ယ်ပေးလိုက်။ မှတ်ပုံတင် ပါမရှိတော့ ဘူးဆိုတော့ နာမည်နဲ့ အသက်ကိုပဲ မှတ်ပြီး ရောင်းဖို့ စာရေးတွေကို ပြော”
ရုံးလုလင်လေးကို ၅၀၀ ကျပ်တန် ၁၂ ရွက် ထုတ်ပေးပြီး ပိုငွေ စက္ကူများကို တူရာတူရာ သေသေ သပ်သပ် စီနေ လိုက်သည်။

အိုး ကျွန်တော့်ရှေ့ မှောက်ရှိ မိသားစုလေး၏ မျက်ဝန်း ၃ စုံအကြည့် တွေက ကျွန်တော့် လက်ထဲရှိ ၂၀၀ ကျပ် တန်၊ ၅၀၀ ကျပ်တန် ရောရာ ဆီမှာ။ ကျွန်တော် မျက်တွင်း ဟောက်ပက် လူငယ်လေးဆီ အကြည့်ရွှေ့တော့ အကြည့်ချင်း ဆုံမိတော့သည်။ ကျွန်တော် သူ့အကြည့်ကို ဖတ်လိုက် နိုင်ပါသည်။
“ပိုငွေတွေကို ပေးလိုက်မှာလား ဟင်”ဆိုသည့် အဓိပ္ပာယ်ပဲ ဖြစ်ပါလိမ့်မည်။

၃။
ရထားလက်မှတ် ၃ စောင်နှင့် ငွေ စက္ကူများကို လူငယ်လေး လက်ထဲထည့် တော့ လက်ကလေးများ တုန်ခါနေ သည်ကို သတိထား မိသည်။ လက်အုပ် ချီဖို့ ကြိုးစားတာကို သတိပြု မိသော ကြောင့် လူရွယ်လေး ပခုံး ကို အသာညှစ် အားပေး လိုက်သည်။ အသားမရှိ၊ ရိုးကြီး ဂေါင်ဂင် ပါပဲ။
ထိုအခိုက် မှာတော့ ၄၀၀၀ ကြီး တောင် ဟူသော အတွေးဝင် ခဲ့သည့် ကိုယ့်ကိုယ်ကို အရှက်ကြီး ရှက်မိ နေပါ တော့သည်။

ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)

မိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်း ရောက်ပြီလေ



၁၉၄၂
စစ်ဖြစ်တော့မယ်။ ဂျပန် ၀င်တော့မယ်လေ။ ဒီတော့ အဖေ အမျိုးတွေ ရှိတဲ့ ဝေါကို မွေးရပ်မြေ နောင်ပတ္တရာ ကနေ ပြောင်းခဲ့ ကြရတယ်။ နောင်ပတ္တရာက ဝေါမြို့နယ်ထဲမှာပဲ။ ပဲခူးနဲ့ သိပ်မဝေးဘူး။ ပဲခူး-မော်လမြိုင် ရထားလမ်းမှာ ရှိတယ်။ ပဲခူးက အထွက် ကလိဘူတာ ပြီးရင် နောင်ပတ္တရာပဲ။
အဖေ၊ အမေ၊ အစ်ကိုကြီး ကိုအောင်ရွှေ၊ အစ်ကိုလေး ကိုအောင်ဖေ၊ အဘွားနဲ့ ညီမလေး မကျင်ပု အားလုံး ၆ ယောက်။ အင်း...အစ်ကိုကြီး ကိုအောင်ရွှေက ၈ တန်း၊ ကိုအောင်ဖေက ၆ တန်း၊ အဘွားက ၄ တန်း၊ ညီမလေး က ၂ တန်း။ အဘွားက ၁၂ နှစ် သမီးလောက်တော့ ရှိပြီ။ ၁၂ နှစ်သမီး ၄ တန်းပဲ ရှိသေးတယ်ဆိုပြီး မင်း မရယ် နဲ့လေ။ အဲသည် ခေတ်တွေတုန်းက မိန်းကလေး ကျောင်းနေရတာပဲ ဟုတ်လှပြီ။ ဒါတောင် မြစ်ကျိုးက ဆရာကြီး ဦးဘသောင်းတို့မှာ သားသမီး မရှိလို့ အဘွားကို ချစ်လို့ ခေါ်ထားရာက ကျောင်းနေ ဖြစ်တာ။ အဖေတို့၊ အမေတို့နဲ့ နေလို့ကတော့ အဖေ့ရဲ့ချောက် ချီးချောက်ချက် ခေါက်ဆွဲ လက်ဖက်ရည်ဆိုင် ၀င်ကူနေရမှာလေ။

ဆရာကြီး ဦးဘသောင်းဆီမှာ နေတော့ ဆရာ ကြီးက စာဖတ်ဖို့ အမြဲတိုက်တွန်းတယ်။ ဆရာကြီးဆီမှာ နဂါးနီ စာအုပ်သင်းက ထုတ်တဲ့ စာအုပ်တွေ အများကြီး ရှိတယ်။ ဆရာကြီးက သူ ဖတ် ထားတာတွေ ပြောပြတဲ့ အပြင် ကိုယ်တိုင် ဖတ်ခိုင်းတာဆိုတော့ စာအုပ်တွေနဲ့ ရင်းနှီးသွားပြီ။ ကျွန်ဘ၀က လွတ် မြောက်ဖို့ရာမှာ နဂါးနီစာအုပ် အသင်းကြီးရဲ့ကျေးဇူးသိပ်များတယ်။ သခင်လေးမောင် ရေးတဲ့ အလုပ်သမားနဲ့ လယ် သမားများသာ တိုင်းပြည်၏ သခင်တို့၊ မောင်စိုးရဲ့ ရေနံမြေအရေးတော်ပုံ၊ ဦးသန့်(ပန်းတနော်)ရေးတဲ့ လက်ဝဲ ဂိုဏ်းများ၏ ၀ါဒ၊ မောင်နုရဲ့ ကျွန်တော်ဘုံသမား တို့ကို ဖတ်ခဲ့ဖူးတာပေါ့။ ဟုတ် တယ် ဟုတ်တယ်။ ဦးသန့် (ပန်းတနော်)ဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လုပ်သွားတဲ့၊ ကမ္ဘာတစ်ဝှမ်းလုံး လေးစားတဲ့ မြန်မာ့ဂုဏ် ဆောင်ပေါ့။ မောင်နုက ၀န်ကြီးချုပ်ဟောင်း ဦးနုလေ။ စာရေးတာ သိပ်ကောင်း တယ်ကွဲ့။

စနေ နဂါးနီဂျာနယ်မှတ်တယ်...၀ါဒဋီကာခေါင်းစဉ် အောက်မှာ ရေးတာလေ။ ကြိုက်လွန်းလို့ စွဲနေတာ အခုချိန်ထိပဲ။ သားသမီးတွေကိုလည်း သတိရတိုင်း ပြော ပြဖူးတယ်။ မင်းလည်း မှတ်သွားဦး။ လူတန်းစေ့ ဆိုရှယ်လစ်ဝါဒ ခေါင်းစဉ်မှာ ဘာရေးလဲဆိုတော့ “သင့်မှာ နွားနှစ်ကောင်ရှိလျှင် တစ်ကောင် အား သင့်အိမ်နီးချင်း မိတ်ဆွေ သို့ပေးပါ” တဲ့။ လောကနိဗ္ဗာန် ကွန်မြူနစ်ဝါဒကျတော့ “သင့်မှာ နွားနှစ်ကောင်ရှိလျှင် နှစ် ကောင်စလုံး အစိုးရသို့ ပေး အပ်လိုက်ပါ။ အစိုးရက သင့် ကို နို့အနည်းငယ်ပေးလိမ့်မည်”တဲ့။ နာဇီဟစ်တလာ ၀ါဒကတော့ အတော်ဆိုးသကွဲ့။ “သင့်မှာ နွားနှစ်ကောင်ရှိလျှင် အစိုးရက သင့်ကို ပစ် သတ်ပြီး သင့်နွားများကို သိမ်းသွားမည်”တဲ့လေ။

နဂါးနီကြောင့် ဇာတိသွေး၊ ဇာတိမာန်၊ ရဲစိတ်၊ ရဲမာန်၊ နိုင်ငံရေး အသိတွေ တစ်မျိုးသားလုံး ရခဲ့တယ်။  တော်လှန်ရေးတိုင်းမှာ စာပေ ကျေးဇူးကြီးတယ်နော်။ အဲဒါ မြဲမြဲမှတ်။ ဝေါရောက်ပြီး မကြာပါ ဘူးကွယ်။ စစ်က ဖြစ်ပြီ။ ညနေစောင်းတာနဲ့ ကျွဲနှစ်ကောင်လို့ ခေါ်တဲ့ တိုက်လေ ယာဉ်မည်းမည်းကြီးတွေက  စက်သေနတ်နဲ့ တရစပ်ပစ်၊ ဗုံးတွေကြဲနဲ့ ဗုံးခိုကျင်းတွေထဲ ၀င်ခို ရတော့တာပေါ့။ အမေက အဘွားတို့မောင်နှမတွေကို အိတ်ရှုံ့လေးတွေ ချုပ်ပေး ပြီး ထမင်းခြောက်တွေထည့်၊ လည်ပင်းဆွဲ ပေးထားတယ်။  ရှုံ့အိတ်လေးကို ကိုယ်နဲ့ မကွာ ထားရတာလေ။ ဘယ်မှာ ထမင်းချက်စားနိုင်မှာတုံး။ ဗုံးခိုကျင်းထဲ နေရတာဆိုတော့ ထမင်းခြောက်ဝါး၊ ရေနဲ့ မျှောချ၊ သည်လိုပဲ အသက် ဆက်ခဲ့ရတာလေ။ တစ်ရက် ဗုံးခို ကျင်းထဲခိုတုန်း မီးကျည် တွေ ဗုံးတွေကြဲတော့ အဖေ့ အစ်မ အဘွားတို့ အဒေါ်အိမ်ကြီးလည်း မီးလောင်ပါရော။ ဗုံးကြဲလေယာဉ်တွေ မရှိတော့ တဲ့အချိန်၊ ဗုံးခိုကျင်းထဲက ထွက်ပြီး ကိုယ့်အိမ်ပေါ် ပြန်တက်ခွင့် မရှိတော့ဘူးပေါ့။ မြို့ပြင်မှာ တဲထိုးပြီးနေခဲ့ရ တယ်။

ဆေးဝါး မရှိတဲ့ ကာလကြီး ဆိုတော့ အဖေလည်း ဒူလာရောဂါ မကုလိုက်ရဘဲ ဆုံးရော။ ဆေးမြီးတိုတွေပေါ့ကွယ်။ ဟိုအရွက် ပြုတ်သောက်၊ ဒီအရွက် ကျိုသောက်၊ ငါးရှဥ့်ဟင်းချက် စားလောက်နဲ့ ပြီးရတာကိုး။ အဖေ ဆုံးတော့ အစ်ကို နှစ်ယောက်လည်း စက်ဘီးကယ် ရီသမားတွေ ဖြစ်ကုန်တယ်။ အခုခေတ် ဆိုင်ကယ်ကယ်ရီ သမားတွေလိုပေါ့။ အစ်ကို ကြီးနဲ့ အစ်ကိုလေး တော် တော်ပင်ပန်းရှာပါတယ်။ အဘွားနဲ့ ညီမလေး မကျင်ပုလည်း ဆေးလိပ်လိပ်တတ် နေပြီဆိုတော့ အနည်းအကျဉ်း ၀င်ငွေရနေပြီ။ အစ်ကိုကြီးကို အောင်ရွှေ အာရှလူငယ် အဖွဲ့ထဲဝင်တော့ သူ့သူငယ်ချင်း သုံးယောက်ပါ ပါလာပြီး အဘွားတို့အိမ်မှာ နေကြတယ်။ အစ်ကိုကြီးတို့ သူငယ်ချင်းတွေ ပြောတဲ့ နိုင်ငံရေး သဘော တရားတွေ နားရည်ဝ ကြားရ ဖန်များတော့ အဘွားလည်း စိတ်ဓာတ်တက်ကြွပြီး  ရဲမေ ဖြစ်သွားတော့တာပဲ။ ကွန်မြူ နစ်ပါတီဝင် ရဲမေပေါ့။

ကြားဖူးတယ် မဟုတ်လား။ ဆန်လုပွဲတို့၊ အာဏာပိုင်ရုံးတွေ ၀ိုင်းတဲ့တိုက်ပွဲတို့၊ အခွန်မပေးရေး တိုက်ပွဲတို့၊ မြေပိုင်ရှင်တွေရဲ့ မြေတွေပေါ်  တဲအိမ်တွေ ၀င်ဆောက်တဲ့ တိုက်ပွဲတို့လေ။ မှတ်မိသေး တယ်။ ဝေါက မြဂိုဏ်းဆန်စက်မှာ ဆန်ဝင်လုတော့ ရဲ တွေက တုတ်တွေနဲ့ ရိုက်တာ။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျ၊ တချို့လည်း ပဲခူးအချုပ်ခန်းထဲ ရောက်။ တကယ့်ပွဲကြီးပွဲ ကောင်းပဲ။ ဘယ်ပြောကောင်း မလဲ ထိပ်ဆုံးကကို ပါတာ။ ပဲခူးဖဆပလ ဥက္ကဋ္ဌ ဘူးသီး အဲ အဲ သူ့နာမည်ရင်း ရှိတယ်။ ဘာတဲ့ သြော် မှတ်မိပြီ ဦးသာဒင်တဲ့။ အတွင်းရေးမှူး က ကိုစိန်မောင်။ အဘွားတို့နဲ့ ညှိနှိုင်းကြတာ အဆင်မပြေ ဘူး။  နောက်တော့ ဖဆပလ ဥက္ကဋ္ဌကြီးက ခေါ်တွေ့တော့ တာပဲ။ ဟုတ်တယ်လေ ဖဆပလ ဥက္ကဋ္ဌက ဗိုလ်ချုပ်ပေါ့ ကွဲ့။ မင်းကလည်း ဗိုလ်ချုပ် ပါဆိုမှ ဘယ်သူဖြစ်မလဲ။ တို့ တစ်မျိုးသားလုံးရဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းက လွဲရင် ဘယ်သူဖြစ်လိမ့်မတုံး။ ဒါနဲ့ ဦးကြီးမြင့် ဦးဆောင်ပြီး ဗိုလ် ချုပ်ဆီ သွားကြတယ်။ ဟုတ် တယ် အခုပြတိုက်လုပ်ထားတဲ့ နတ်မောက် လမ်းသွယ်ထဲက အိမ်ပေါ့။

အဘွားတို့ အမျိုးသမီး အယောက် ၂၀ က ဘဲဥပုံစား ပွဲကြီးရဲ့တစ်ဖက်တစ်ချက်မှာ   ၁၀ ယောက်စီခွဲ ထိုင်ကြတယ်။ ဗိုလ်ချုပ်က စားပွဲထိပ်မှာ ထိုင်တယ်။ အချိန်က ညနေ ၄ နာရီခွဲလောက်ရှိမယ်။ ဗိုလ်ချုပ်က မီးခိုးရောင် ဖလန်နယ် အင်္ကျီ၊ လုံချည် တစ်ပတ်နွမ်းလေးနဲ့ လည် ပင်းမှာ မာဖလာပတ်ထားတယ်။ အင်္ကျီကိုတော့ လက် ခေါက်ထားတယ်။ စားပွဲကို လက်သီးနဲ့ ထုထုပြီးတော့ ဒေါပွနေတော့တာ။ ဝေါမှာ ဖြစ်ခဲ့တဲ့ အကြမ်းမှုကိစ္စကို ဗိုလ်ချုပ် သိပ်စိတ်ဆိုးကြတယ်။ အကြမ်းဖက်တာ၊ လုတာ၊ ခိုးဝှက်တာ၊ ဗိုလ်ကျစိုးမိုးတာကို တို့ဗိုလ်ချုပ် အရမ်း မုန်းတယ်။ အဘွားတို့က ငယ် ရွယ်သူဆိုတော့ ဝေဖန်ပိုင်းခြားမှုမရှိဘူး။ တက်ကြွပြီး ရှေ့ကလုပ်သမျှ လိုက်လုပ်တော့တာ။ တကယ့်ကို မကြောက်မရွံ့။ မှန်၏ မှား ၏၊ ဖြစ်သင့်မဖြစ်သင့် မစဉ်း  စား မဆင်ခြင်ခဲ့ပါဘူးကွယ်။

“အချောင်သမားတွေနဲ့  ကွဲအက်ရေး၊ ခွဲထွက်ရေးဟာ လီနင်ရဲ့လမ်းစဉ်ဖြစ်တယ်”လို့ သခင်စိုးက ကြွေးကြော်ခဲ့တယ် လေ။ သခင်စိုးက အလံနီ၊ အဘွားတို့က ဗမာပြည်ကွန် မြူနစ်။ သခင်သန်းထွန်းပါတီ ပေါ့။ ၁၉၄၆ ခုနှစ်၊ ဖေဖော် ၀ါရီမှာ ကွန်မြူနစ်နှစ်ခြမ်းကွဲ တယ်။

၁၉၄၈
၁၉၄၇၊ ဇူလိုင် ၁၉ မိုး ဖွဲဖွဲတွေကြားမှာ တစ်ပြည်လုံး သည်းအူပြတ်မတတ် ကြေ ကွဲသွားကြပြီ။ ဗိုလ်ချုပ်အပါ အ၀င် ခေါင်းဆောင်ကြီးတွေ နယ်ချဲ့လက်ပါးစေတွေရဲ့စက် သေနတ်အောက်မှာ အသက်  စတေးခဲ့ရပြီ။ ၁၉၄၈ ဇန်န၀ါ ရီမှာ အင်္ဂလိပ်က လွတ်လပ် ရေးပေးတယ်။ ခေါင်းဆောင် ပိုင်းကတော့ အကွဲကွဲ အပြဲပြဲ  ဖြစ်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ရှုပ်ထွေးနေတာ။ လွတ် လပ်ရေးရပြီး သိပ်မကြာဘူး။  နှစ်လ၊ သုံးလလောက်ပဲ ကြာမယ်။ ဗမာပြည် ကွန်မြူနစ် ပါတီက ပျဉ်းမနား ကွန်ဂရက် လုပ်တယ်။ သူ့အရင်က ဖြူး ကွန်ဂရက်။ ပျဉ်းမနား ညီလာခံက သိပ်ကြီးကျယ်တယ်။ ဝေါက ၂၀၀ ကျော် တက် ကြတာ။ ခြေလျင်သွားခဲ့တာ လေ။ လမ်းမှာ သုံး၊ လေးည အိပ်ရတယ်။

ဘုန်းကြီး ကျောင်းတွေမှာ တည်းကြ၊ ခိုကြတာပေါ့။ လမ်းခရီးရွာ တွေက ထမင်းထုပ်တွေ ဝေ တယ်။ တချို့ရွာတွေကျတော့ ကြံရည်၊ မန်ကျည်းဖျော်ရည် တိုက်၊ မုန့်၊ ကြံသကာတွေ ကျွေးနဲ့ အားပေးခဲ့ကြတယ်။ အဘွားတို့ မောင်နှမတွေကတော့ အတက်ကြွဆုံးလို့ ဆိုရလောက်တယ်။ အမေနဲ့ ညီမလေးပဲ ကျန်တာ။ အစ်ကိုနှစ်ယောက် က ပါတီအလံကိုင်၊ အဘွား တို့က လက်သီးလက်မောင်း တန်း ကြွေးကြော်ချီတက် တာပဲ။ နေမကောင်းတဲ့သူ တွေကိုကုန်ကားကြီးတွေနဲ့တင် ခေါ်သွားကြတာ။ အဘွား ကတော့ မာသလား မမေးနဲ့။ ပျဉ်းမနား ဘောလုံးကွင်းထဲ အရောက် ခြေနာတာလည်း မရှိ။ ခေါင်းကိုက်တာလည်း မရှိ။ ဒေါင်ဒေါင်မြည်ပဲ။

ပျဉ်းမနား ကွန်ဂရက်မှာ  သခင်သန်းထွန်း တရားဟောတယ်။ ညပိုင်းမှာ ဗီယက်နမ် စစ် ရုပ်ရှင်ပြတယ်။ တကယ့် အဖြစ်အပျက်တွေကို ရိုက်ထားတာ။ ဇာတ်လမ်းရုပ်ရှင် မဟုတ်ဘူး။ စစ်အနိဋ္ဌာရုံပေါ့ ကွယ်။

ကွန်ဂရက်ပြီးတော့ ရထားစီးပြီး ပြန်လာကြတာ။ မီးသွေးခေါင်း စက်ခေါင်းနဲ့ ဆွဲတဲ့ကျောက်ရထားလေ။ ကျောက်တင်တဲ့ တွဲပက်လက် ပေါ်မှာ တပျော်တပါးကြီး။ ပါတီဝါဒ သီချင်းတွေ သံ ပြိုင်သီဆိုကြတာ။ မှတ်မိတာ ပေါ့။ ဆိုပြရဦးမယ်။ ၈၀ ကျော် အဘွားကြီးဆိုတော့ အသံတွေက တုန်နေမှာကွဲ့။ စာသားတွေက မမေ့ဘူး။ နှ လုံးသားထဲ စွဲနစ်နေတာဆို တော့ မှတ်မိနေတယ်။

ဖိနှိပ် ချုပ်ချယ်မှုတွေ များပြားလို့ရယ် သူပုန်ထတယ်။ ပျဉ်းမနား နတ်မောက် အရေးကိုကွယ် တစ်တိုင်းပြည်လုံးက ထောက်ခံစေဖွယ်။ သူပုန် ဘာကြောင့် ထရတယ်။ ဖိနှိပ်ခဲ့တယ်။ လယ်မဲ့ယာမဲ့၊ ပစ္စည်းမဲ့ကို ချုပ်ချယ်လို့သာ သူပုန်ထတယ်။ ရာဇ၀င်မျှော်တွေး သွေးနဲ့ ရေးရမယ်။ လယ်သမား သူပုန် အောင်မြင်ဖို့မနှေး အာဏာတွေ သိမ်းရမယ် ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့အရေး တကယ်ပင် သူပုန်ထလို့ သွေးမြေကျအောင် တိုက်ရပြန်တယ်။ ချီးကျူးတယ်၊ ဦးညွတ်တယ်။ လယ်ဝေးသူပုန်ကြီး ကြီးမားလာစေဖွယ်။ နယ်ချဲ့သမားတွေ ညှဉ်းပန်းမှုကြောင့် လူမွေးလူတောင် မပြောင်တယ် ဆင်းရဲတွင်း နက်ပါလို့ သူပုန်မီးကို မွှေးရတယ် တိုက်မယ် တိုက်မယ် ခိုက်မယ် ခိုက်မယ် နယ်ချဲ့သမားကို ပြုတ်အောင် ဒို့တိုက်မယ်။ လယ်သမားသူပုန် အောင်မြင်ဖို့ မနှေး......................... ကြီးမားလာစေဖွယ်။

မတ်လ ၁၈ ရက်နေ့ ညီလာခံပြီးတယ်။ နောက် ၁၀ ရက်ကြာ မတ် ၂၈ ဗမာ ပြည်ကွန်မြူနစ်ပါတီ တောခို တော့တာပဲ။

အစ်ကိုကြီး ကိုအောင် ရွှေ၊ အစ်ကိုလေး ကိုအောင်ဖေနဲ့ အဘွားတို့မောင်နှမ သုံး ယောက် တောခိုခဲ့ကြတယ်။ အမေနဲ့ ညီမလေး မကျင်ပုတို့က ဆွေမျိုးတွေကြား ကျန်ရစ်ရှာတယ်။ တောထဲ သုံး၊ လေးလလောက် ကြာတော့ အမေနဲ့ ညီမလေးတို့ အတွက် စိတ်ပူရပြီ။ မငြိမ်မသက်ဖြစ်၊ မငြိမ်းချမ်းတဲ့ ကာလကြီးကိုတော့ ရဲဘော်ဖြူ၊ ပျူစောထီးတွေ သောင်းကျန်း၊ ဓားပြတိုက်၊ လူသတ်၊ ပြန်ပေးဆွဲ တာတွေ ကြားရပြီလေ။ ဒါနဲ့ အမေနဲ့ ညီမလေးကို စိတ်မချ ဖြစ်ပြီး တောထဲ ခေါ်လာ လိုက်တယ်။ မိသားစုတွေ ခွဲ ခွာရတာဟာ ဘယ်လောက် ကြေကွဲစရာ ကောင်းမလဲ။ အခုတော့ တစ်မိသားစုလုံး တောခို ကွန်မြူနစ် ဖြစ်သွားပြီ။

အစ်ကိုကြီး ကိုအောင် ရွှေက ပဲခူးရိုးမဘက်၊ အစ်ကိုလေး ကိုအောင်ဖေက ပြောက် ကျားတပ်ထဲ ပါသွားတယ်။ အဘွားတို့ မိန်းမသားတွေက ညောင်ခါးရှည်မှာ ရှိတဲ့ ပါတီ ရုံးမှာ ထိုင်တယ်။ ညောင်ခါး ရှည်ဆိုတာ ပဲခူးရိုးမထဲမှာပဲလေ။ ပါတီက ပဲခူးရိုးမကို ခြေကုပ်ယူထားတာ။ အဲ သည်မှာ ဇာတ်လမ်းစတာပဲ။ ဟင်း...ဟင်း...မင်း ဒါ မေးချင်နေတာ မဟုတ်လား။ ငါ သိပါတယ်။ သူ့နာမည်က ကိုတင်မောင်တဲ့။ ဌာနချုပ်က နေ ဝေါမြို့နယ်အတွက် ပညာ ကျန်းမာရေးမှူး တာဝန်နဲ့ လွှတ်လိုက်တာ။ ညောင်ခါး ရှည်ရုံးမှာ အခြေပြုတာပေါ့။ အသက် ၃၀ မပြည့်လောက် သေးဘူး။ အဘွားထက် ၁၀ နှစ် ကျော်ကျော်ကြီးမယ်။ ကို တင်မောင်က တောခိုနိုင်ငံရေး သမားပေမဲ့ နုနုဖတ်ဖတ်၊ အနု ပညာသမားကွဲ့။ တောခိုသူ ဌေးသားဆိုတော့ အင်္ကျီရွှေ ကြယ်သီးနဲ့ ပတ်ကားဖောင် တိန်နဲ့။ မြင်ခါစ တော်တော် မျက်စိနောက်စရာ ကောင်း တယ်။ လက်သီး၊ လက် မောင်းတန်း ဒေါင်းတင်၊ မောင်းတင် အဘွားတို့နဲ့ တ ခြားစီပဲ။ သူက အားရင် သူ့ လက်စွဲတော် မယ်ဒလင်လေး တီးနေတော့တာ။ တစ်ခါတစ် ရံ ဘာဂျာလေး မှုတ်တယ်။ သူ့ဂီတအနုပညာကြောင့် ထင်ပါရဲ့။ အားလုံးနဲ့ တည့် တယ်။ ရဲဘော်တော်တော် များများ သူ့ကို ချစ်ကြတယ်။

သူ ခဏခဏ ဆိုတဲ့သီချင်းက-
မြတ်နိုးသူရယ်
ချစ်မိုးစွေခဲ့တယ်
ဘုံကြိုးပြတ်တဲ့
ဒေ၀ီနတ်မျိုးနွယ်
မသိဘူး။ ကိုယ့်ကိုရည် ရွယ်ပြီး ဆိုနေတယ်လို့ မထင် ဘူး။ အဲသည်လောက် အ တာ။ ရှိသေးတယ်။ ဂီတာ စိမ်းမောင် သီချင်း မောင့် သက်လှယ်လေ ဆရာရွှေတိုင်ညွန့် ရေးတဲ့သီချင်း ခုထိ ခေတ်စားပါတယ်ကွယ်။

စိတ်ထဲဝယ်
ကြိတ်ခဲဖြေမရတယ်
လောကီလူ့ဘုံ
ကာမကိလေသာက
နှောင်ကြိုးသွယ်
ချစ်သက်လှယ်
အကြောင်းဆုံပြန်လို့
ပေါင်းဖော်ရန်ဖို့ကွယ်
အချစ်ဦးပေမို့
မေ့ဘူးခင်ရယ်
မေ့ဘူးခင်ရယ်
ဒါလည်း မရိပ်မိသေး ဘူး။ နောက်မှ ရဲမေအချင်း ချင်း သတိပေး၊ လက်တို့ တော့မှ သတိထားမိပြီး ရင် ခုန်တော့တာ။

ခင်စရာ၊ မင်စရာ
ရူပါရုံချောသူသက်လျာ
ကြင်နာစွာ
မောင့်စိတ်ထဲမှာ
ချစ်မိတာ၊ ကြိုက်မိတာ
စေတနာဝေဖြာ၊
ခင်သူဇာ ပျိုမျက်နှာ
အသည်းထဲစွဲတာ
ထာဝစဉ်သာ ခင်တာ၊
ဂေါ်သဇင်ပန်း ရွှင်လန်း
နန်းဥယျာဉ်မှာ
ချူချင်သော်လည်း
စိတ်ထဲ ရဲသွေးမ၀င်ပါ
ခင်နှမသက်လျာ
သနားကြင်နာ
ခွင့်ပေးဖို့ရာ
တောင်းပန်ရတာ
အဲသည်သီချင်းလေး ဆိုတော့
ချစ်မေတ္တာဖြိုးကြွကာ
မိုးကျမယ်လှသူဇာ
ကြည်နူးစွာ
ဖူးစာဖက်နဲ့
အကြောင်းဆက်
နိုင်အောင်သာ
အို ဒေ၀ါသိကြား
မစပါ
ဆိုတဲ့အ ပိုဒ်ကို လိုက်ဆို မိတယ်။ ဆရာ ရွှေပြည်အေး  ရေးပြီး မောင်တင်မောင်ဆို တာ။ ဘရဏီ တဲ့။ သိပ် ကောင်းတဲ့ သီချင်း။ အဆို တော် မောင်တင်မောင်နဲ့ ကို တင်မောင် ရောမသွားနဲ့ဦး။ သတ်သတ်စီ။ ရှုပ်သွားဦး မကွဲ့။

လူပဲလေ။ နှလုံးသား ရှိ တာပေါ့။ တောထဲမှာ နေရတဲ့ ဘ၀တွေ၊ ယုံကြည်ရာ လုပ် နေကြတာဆိုပေမဲ့ ရင်ခုန်စရာ ရှိ ခုန်တာပဲကွဲ့။ နှလုံးသား ကိုတော့ ညာလို့မှ မရတာ။ ၆ လလောက်ကြာတော့ လူ ကြီးတွေ အသိပေးပြီး လက် ထပ်လိုက်ကြတယ်။ လူကြီး တွေက ခေါ်မေးတာပေါ့။ တကယ်ချစ်မြတ်နိုးလို့လား။  စိတ်သဘောချင်း တိုက်ဆိုင် လို့လား။ အနိုင်ကျင့်လို့၊ ကြောက်လို့ လက်ခံရတာ လား။ အကုန်စုံအောင်ကို မေး တော့တာ။ အံမယ် အဲဒီတုန်း က ၃ စုံတွဲကွဲ့။

တောထဲဆိုတော့ မဏ္ဍပ် တွေ ဘာတွေနဲ့ ဘယ်ဟုတ် မလဲ။ ညောင်ခါးရှည် စာ သင်ကျောင်းမှာ ဧည့်ခံပွဲလုပ် တယ်။ ရှပ်အင်္ကျီ၊ ထဘီဖျင် ကြမ်းနဲ့ သနပ်ခါးမှုန်အောင် လိမ်းပြီး တောပန်းလေးပန် ရှိုးထုတ်ရတာပေါ့။ လှလိုက် တာလို့ ပြောတဲ့ ကိုတင်မောင် မျက်ဝန်းမှာ အရည်လဲ့နေ တယ်ကွဲ့။ ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းပြာပြာ ဆိုတဲ့ သီ ချင်းကိုသာ သတိရလိုက် တော့။ ကိုတင်မောင်က လည်း ဘောင်းဘီနဲ့ကုတ်နဲ့ဆို တော့ အတော်ခံ့တာ။ ခံ့ချော ဟုတ်တယ်။ ခံ့ချော။ အံမယ် မင်းက ရယ်တယ်။ ဟောဒီ ဓာတ်ပုံကြည့် တွေ့လား၊ ဘယ်လောက်ချောတယ်ဆို တာ။ ကျွေးတာကတော့ ကော်ဖီ၊ ပေါင်မုန့်၊ မုန့်ကျွတ် ဒီလောက်ပါပဲ။ လက်ဖွဲ့ရယ် လို့ ဘယ်ရမလဲ။ အမှတ်တရ ပစ္စည်းလေးတွေဖြစ်တဲ့ စာ အုပ်တို့၊ ပ၀ါပိုင်းတို့၊  ဖောင် တိန်တို့ ဒီလောက်ပါပဲ။

မင်္ဂလာဦးညမှာ ကိုတင် မောင်က မေ့ပါနိုင် သီချင်း လေးကို မယ်ဒလင်လေး တီး ပြီးဆိုပြတာ ရင်ထဲကို စွဲနေ တော့တာ။
ပါရမီကံ ရင့်သန်တယ် နွဲ့မူဟန်
လှဂုဏ်ကြွယ်တဲ့သူရယ် ဘယ်လိုရှေးကြောင်းကံ
ဆုပန်လာတယ်
မြင်သူတိုင်းလို
နှစ်လိုချစ်ကြည်ညိုဖွယ်
မျက်စိထဲက
ထွက်ပါဘူး
လှမှူးကေသွယ်
စွဲမိပါတယ်
တဲ့။ သတိရတယ် ကွယ်။
၁၉၄၉
ချစ်စ၊ ကြင်နာစ၊ အနာဂတ်တူ၊ ရည်မှန်းချက်တူ၊ ဘ၀တူတဲ့ ပျော်စရာဘ၀ လေးဟာ ၆ လလောက်မှာပဲ ကျေပျက်သွားခဲ့တယ်။ ကိုတင်မောင် အဖမ်းခံရတာ လေ။ အစိုးရတပ်တွေ ရွာတွေဝိုင်း၊ စစ်ဆင်ရေးတွေ လုပ်တာမှာ ကိုတင်မောင် သတင်းပေး၊ လက်ထောက်ချတာပါ ဆိုပြီး မတရားစွပ်စွဲ အဖမ်းခံရတာ။ ကိုတင်မောင်က ဝေါသူဌေးဦးစိန်ဝင်းရဲ့ တူတော်တယ်။ ဦးစိန်ဝင်းက နှယ်နှယ်ရရ မဟုတ်ဘူး။ ဆာဘွဲ့ရတာနော်။ ရွာကိုဝိုင်းတဲ့ ဗိုလ်မြင့်ဆွေကလည်း သူ ဆာဂျင်ဘ၀ကတည်းက ကို တင်မောင်နဲ့ ဂျပန် တော်လှန်ရေး အတူလုပ်ရင်း တစ်အိပ်ရာတည်း အတူအိပ်၊ တစ်ယောက် အ၀တ်အစား တစ် ယောက် ယူဝတ်လောက်အောင် ရင်းနှီးခဲ့တာဆိုတော့ သံသယဖြစ်စရာတွေပေါ့။

ပါတီက စပိုင်၊ မုဒိမ်း၊ ကျွဲခိုး၊ နွားခိုးဆိုလို့ကတော့ သေဒဏ်ပဲ။ သေဒဏ်က လည်း အချိန်ဆိုင်းနေတာ မဟုတ်ဘူး။ သစ်ပင်မှာ ကြိုး တုပ်ပြီး ရဲမေတွေက ၀ါးချွန် နဲ့ ထိုး၊ အပြတ်ရှင်းတာ။ ဒါ ကြောင့်လည်း ဝေါတစ်နယ် လုံး ရာဇ၀တ်မှု မရှိသ လောက်ရှားတယ်။ အိမ်တွေ တံခါး၊ ပြတင်းပေါက် ဖွင့် ထားလို့ရတယ်။ အမှုစစ်လို့ သေချာရင် ကိုတင်မောင် လည်း အသတ်ခံရမှာပဲ။ အဘွားက ယုံတယ်။ ကိုတင် မောင်မှာ ဒါမျိုးစိတ်ဓာတ် မရှိဘူး။ စပိုင် မဟုတ်ဘူး။ ပါတီရန်ပုံငွေအတွက် သူ့ဦးလေး ဦးစိန်ဝင်း တိုက်မှာ မြှုပ်ထားတဲ့ စိန်၊ ရွှေတွေ ထားရာ နေရာတောင် ပြပေး ခဲ့တဲ့သူပါကွယ်။ နောင်သည် သတင်းပြန်ပေါက်ကြားသွား မှာ စိုးရိမ်ပြီး နှုတ်ပိတ်ချင်တာများလား လို့တောင် ထင် မိတယ်။ သည်တော့ အဘွား ဆုံးဖြတ်တယ်။ ကိုတင်မောင် ကို ဖမ်းချုပ်ထားတဲ့ ကုလား ချောင်းကို လိုက်မယ်ပေါ့။ ဆုံးဖြတ်တဲ့အတိုင်း စီစဉ် လိုက်တယ်။

ညောင်ခါးရှည်မှာရှိတဲ့ ဦးလေး ဘိုးခွန်ထောကို လှည်းဆင်ခိုင်းပြီး သွားကြ တာ။ အဲ ရှက်စရာ...ကွယ်၊ ရှက်စရာမဟုတ်ပါဘူးလေ။ ဒါ သဘာဝတရားကြီးပဲဟာ။ အဘွား ကိုယ်ဝန်ရှိနေပြီကွဲ့။ မြန်လှချည့်လားလို့ မင်းက မေးချင်ပုံ ဟုတ်တယ်မဟုတ် လား။ သည်ကာလတွေ ခု ခေတ်တွေလို အကာအကွယ် တွေ၊ ဆေးတွေ ရှိတာမှ မဟုတ်တာ။ ရှိလည်း သုံး လေ့သုံးထ မရှိပေါင်။ မြို့ပေါ် တောင် ဒါမျိုး မရှိသလောက် သေးဘူး ထင်တယ်။ အဲ သည် ကိုယ်ဝန်က ပြဿနာ တက်တော့တာပဲ။ နတ်ရေ ကန်ဆိုတဲ့ ရွာရောက်တော့ မိုး ချုပ်နေပြီ။ လယ်ကွင်းစပ် အိမ်တစ်အိမ်ထဲမှာ တစ်ည၀င် တည်းတော့ ကိုယ်ဝန်ဆောင် မို့ အိမ်ထဲ အ၀င်မခံဘူး။ ဘိုး ခွန်ထောကိုပဲ အ၀င်ခံတယ်။ ဘာအယူတွေလည်း မသိပါ ဘူးကွယ်။ မိုးက စုံးစုံး ချုပ်ပြီဆိုတော့ ကောက်ရိုးပုံ ဘေး နွားစားခွက်နားမှာ တစ် ညလုံး နေခဲ့ရတယ်။ ဖြုတ် ကိုက်၊ ခြင်ကိုက်၊ ကိုတင် မောင်အတွက် စိတ်ပူ၊ ဘယ် လိုမှ အိပ်မပျော်တော့ စိတ် စောပြီး အရုဏ်မမြင်ရသေး ဘူး။ ဘိုးခွန်ထောကို အတင်း အော်နှိုးပြီး လှည်းက ထွက် ခဲ့တာ။ မှောင်နဲ့မည်းမည်း လမ်းပျောက်ပါလေရော။ နွားတွေကလည်း လန့်ပြီး ဟိုဆွဲ၊ ဒီဆွဲနဲ့ မနိုင်တော့ဘူး။ မင်း ယုံချင်မှယုံ မှင်စာလို့ ထင်တာပဲ။ နွားပေါက်စလေး လောက် ရှိတယ်။ ဒီကောင် လိုက်နှောင့်နေတာ။ စုန်းမီး တွေလည်း တစ်လုံးပြီးတစ်လုံး တက်လာလိုက်တာ လေး၊ ငါးလုံးတော့ ရှိမယ်။ နောက် တော့ ဘိုးခွန်ထောလည်း လှည်းပေါ်က ဆင်းပြီး ပတ် ပတ်လည်ကို သေးလှည့်ပန်း တော့မှ နွားတွေလည်း ငြိမ် ကုန်တော့တာ။

အရုဏ်လေး နည်းနည်း တက်လာတော့မှ မီးရောင် ပျပျနဲ့ တဲကလေးမြင်ပြီး “ကု လားချောင်းကို သွားချင်လို့ ပါ။ ဘယ်လိုသွားရပါသလဲ” အော်မေးတော့ ဟိုကဖြေတာ နဲ့ ကိုယ်လာတဲ့ လမ်းက တလွဲ။ ဒါနဲ့ အရှေ့ဘက် လှည်းပြန်လှည့်၊ ယာကွက် ၆ ကွက်လောက် ကျော်တော့ မှ လှည်းလမ်းကလေး တွေ့တာ။ လှည်းလမ်းအတိုင်း မောင်းသွားပြီး မိုးလည်း စင် စင်လင်းရော ခလပ်စုဆိုတဲ့ ရွာရောက်တော့တယ်။

ပြောရဦးမယ်။ ဟိုဘက် ဘိုယားကြီးဘက် ကရင်တွေ တိုက်ပွဲဖြစ်တော့ တောထဲက ကျားသားအမိ လန့်ဖျပ်ပြီး ခလပ်စုဘက် စပါးခင်းထဲ လာပုန်းနေတယ် ထင်ပါရဲ့။ စပါးရိတ်လာတဲ့ သားအဖ သုံးယောက်နဲ့တွေ့ပြီး ကျားမ ကြီးနဲ့ သားအဖတွေ လုံးကြ ရော။ ဖအေနဲ့ သားအကြီး ကျားမကြီးနဲ့ လုံးထွေးနေ တုန်း သားအငယ်က ရွာကို ပြန်ပြေးပြီး ကွန်မြူနစ်ရဲဘော် တွေ ခေါ်လာတော့ ရဲဘော် ၁၀ ယောက်လောက် ပါလာ တယ်။ အံမယ် ကျားမကြီး က သားအဖနှစ်ယောက်လုံး ကို ကိုက်သတ်ပြီးပေမဲ့ မပြေး ဘူးတဲ့။ ရဲဘော်တွေလည်း သေနတ်တွေနဲ့ ၀ိုင်းပစ်ကြတာ ၇ တောင်ကျော် ကျားမကြီး လည်း သေတာပါပဲ။ ကျား ကလေးကိုတော့ မတွေ့ဘူး ဆိုတယ်။ ပြေးရောပေါ့။ အဲ ကိုတင်မောင်ကို ဖမ်းထားရာ ကုလားချောင်း သွားတဲ့ အကြောင်းကနေ စကားတွေ လည်း ဟိုရောက် ဒီရောက် ဖြစ်ကုန်ပြီ။ အသက် ၈၀ ကျော် အဘွားကြီးပဲ အိုပြီ။ သတိတွေ မေ့ကုန်ပြီ။ ကိုယ့် စကားကိုယ် ဘယ်ရောက်လို့ ရောက်မှန်း မသိတော့ပါဘူး။ အမြီးအမောက် မတည့်ချင် ဘူး။ နေဦး ဘယ်ရောက် သွားပြီလဲ၊ အေး နေ့လယ် ၁၁ နာရီလောက်မှာ ကိုတင် မောင်ကို ဖမ်းထားတဲ့ ကုလားချောင်းကို ရောက် ရော။ အမှုစစ်နေဆဲကြီးကို ရောက်တာ။ သတ်ပစ်လိုက် ကြပြီလားလို့ သောကဆင်းရဲ မှုတွေနဲ့လာခဲ့ကြတာ အသက် ရှင်လျက် တွေ့ရတော့ ၀မ်းလည်း သာတယ်။ ၀မ်း လည်း နည်းတယ်။ အသက် မသေသေးလို့ ၀မ်းသာတာ။ စပိုင်ဆိုပြီး စွပ်စွဲတာကို ၀မ်း နည်းတာ။

စပိုင်လို့ စွပ်စွဲသတ်မှတ် လိုက်ရင် ဘယ်သူမှ တတ်နိုင် တာ မဟုတ်ဘူး။ ဘယ်သူ့ ခြေသလုံးမှ ဖက်မနေနဲ့တော့။ ကိုတင်မောင်ကို ယုံတယ်။ သူ့မှာ အဲသည်စိတ်ဓာတ် လုံး လုံးမရှိနိုင်ဘူး။ လူတစ်ဖက် သားကို ကူညီချင်စိတ် အမြဲ ရှိတယ်။ ရန်၊ ငါ စည်းပြတ် တာ မပြတ်တာတော့ အဘွား မသုံးသပ်တတ်ဘူး။ သေချာ တာကတော့ ကိုယ့်တပ် ထိ ခိုက်မဲ့ အလုပ်မျိုး သူ မလုပ် ဘူး။ ယုံကြည်မှုနဲ့ ရောက် လာတဲ့သူပါ။ တရားကို နတ် စောင့်တယ်ကွဲ့။ အမှုက မရေ ရာဘူး။ အထင်နဲ့ ရမ်းသန်း စွပ်စွဲကြတာ။ မှန်မှန်ကန်ကန် စစ်ဆေးတော့လည်း လွတ် မြောက်သွားတာပေါ့။

ညောင်ခါးရှည်က ပြန် လာတော့ လှည်းပေါ်မှာ ကိုတင်မောင်က ဘာဂျာလေး ထုတ်ပြီး သုံးပန်လှ သီချင်း လေးမှုတ်တာ...
မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်၊ သူငါ ကျစရာမူရာပြကာ ပြုံးလိုက် ရင်ကွယ်၊ ဖိုးလနှယ် တူပါ တယ်၊ ဖြူကာဝကာရယ်
တဲ့။

သက်သက် အဘွား ကိုယ်ဝန်ဆောင်ထားရတာကို စနေတာ။ ခုထိမမေ့နိုင်သေး ဘူး။
“မကြင်ရေ ဒီဘာဂျာ လေးနဲ့ မယ်ဒလင်လေးက အသက်ကယ်တာဗျ။ ကျုပ် ကို ဖမ်းထားတဲ့ ရဲဘော်တွေ က ကျုပ် မယ်ဒလင်သံကို စွဲနေတာ။ ကျုပ်ကိုလည်း ချစ်ရှာပါတယ်။ သတ်ပစ် လိုက်ရင်လည်း ဘာတတ်နိုင် မှာတုံး။ ဒီအတိုင်း စင်းခံနေ ရမှာ။ နွားခိုးနှစ်ယောက် ၀ါး ချွန်စာမိတော့ ကျုပ် တော် တော်တုန်လှုပ်သွားတယ်။ အပြစ်မလုပ်ဘဲနဲ့ မသေချင် ဘူး။ မကြင်အတွက်လည်း စိတ်ပူမိတယ်။ တော်သေး တယ်။ ချင့်ချင့်ချိန်ချိန်နဲ့ အထက်အမိန့် နာခံကြလို့ အဟဲ...မယ်ဒလင်လေးကျေး ဇူးလည်း ပါသပေါ့ကွယ်”

၁၉၅၀
၁၉၅၀ ဟုတ်တယ်။ လဆန်းပိုင်းလောက်မှာ အစိုး ရတပ် စစ်ကြောင်း ၃ ခုနဲ့ ဝေါမြို့နယ်ကို အပြတ်ရှင်း မယ်ဆိုပြီး သတင်းတွေ ရ တယ်။ ဝေါမြို့နယ်က အင် အားသိပ်နည်းတယ်။ အများစု က ပဲခူးရိုးမဗဟိုရုံးနဲ့ တောင် ငူ၊ ပျဉ်းမနားဘက်တွေ ခြေ ကုပ်ယူထားတာ။ သည်တော့ ဝေါပါတီရုံးနဲ့ မိသားစု တွေအတွက် လုံခြုံမှုအားနည်း တယ်။ သူတင်၊ ကိုယ်တင် မယှဉ်နိုင်ဘူး။ သည်တော့ ပြေးရတော့တာပဲ။ ဘယ်ကို ပြေးသလဲဆိုတော့ စစ်တောင်း မြစ်ရိုးတစ်လျှောက် လျှိုတွေ ထဲမှာပေါ့။

နေက အရမ်းပူတော့ မခံနိုင်ဘူး။ လှည်းတွေပေါ် စောင်တွေတင်ပြီး လှည်း အောက် ၀င်နေရတယ်။ ည ၈ နာရီလောက် စစ်တောင်း မြစ်ရေတက်လာတော့မှ သမ္ဗန်ငှားပြီး ဟိုဘက်ကမ်း က ဘိုယားကြီးကို ကူးကြ တာ။ ဘိုယားကြီးဘက်မှာရှိ တဲ့ ကရင်တပ်က သတင်းရ လို့ ထင်တယ်။ သေနတ် ဖောက်ပြီး သူတို့ ရုံးခေါ်သွား ကြတယ်။ မနက်လင်းတော့ လွှတ်ပေးတာနဲ့ ကိုတင်မောင် ရဲ့အဒေါ်ရှိရာ မုပ္ပလင်မှာသွား ခိုတယ်။ မုပ္ပလင်မှာ ခိုနေ တုန်း သုံး၊ လေးရက်လောက် အကြာမှာ မုပ္ပလင်ဂါတ်တဲက ကိုတင်မောင်ကို လာဖမ်း သွားပါလေရော။ မိန်းမသား တွေကို မဖမ်းဘူး။ မုပ္ပလင် ဂါတ်မှာ ၂ ပတ်လောက်ကြာ တော့ အမှတ် ၁၆ တပ်ရင်း က ဗိုလ်ကြီး ခင်မောင်မြင့် ရောက်လာပြီး ကိုတင်မောင် ကို သထုံခေါ်သွားတယ်။ သထုံတပ်မှာ တစ်လလောက် ကြာပြီး ခံဝန်ချုပ်တွေမှာ လက်မှတ်တွေ အကြိမ်ကြိမ် ထိုးပြီး ပြန်ရောက်လာတယ်။ အဲဒီ အချိန်မှာပဲ အဘွားက ပဲ ခူးရောက်နေပြီ။ ဝေါမြို့သား တွေက ပဲခူးမှာ အများကြီး လေ။ သူတို့ အကူအညီပေး ကြပါတယ်။

အစ်ကိုကြီး ကိုအောင် ရွှေက ပဲခူးရိုးမကနေ အမေနဲ့ တွေ့ချင်လို့ ခွင့်ယူပြီးလာတဲ့ အချိန် အဘွားတို့ပြေးတာနဲ့ လာတိုက်ဆိုင်ပြီး ကိုတင် မောင်နဲ့အတူ သမီးယောက်ဖ နှစ်ယောက် သထုံတပ်ခေါ် စစ်တဲ့အထဲပါသွားတယ်။ အစ်ကိုလေး ကိုအောင်ဖေကတော့ ကျိုက်ထီးရိုးဘက်မှာ  ဆက်ကျန်ရစ်တယ်။ အင်း စစ်စစ်ပေါက်ပေါက် တွက် ရင် တောထဲမှာ ၃ နှစ် လောက်တော့ ရှိမယ်။

၁၉၅၁
တောထဲမှာ မွေးတဲ့ သားအကြီးက အဆုတ် အအေးပတ်ပြီး ဆုံးရှာတယ်။ ဆေးမြီးတိုတွေနဲ့ မပြည့်မစုံ ကုခဲ့ရတာလေ။ ဘယ်လိုလုပ် သက်ဆိုးရှည်မလဲကွယ်။ ဆရာဝန် မပင့်နိုင်လောက် အောင် ချိုတဲ့၊ ဆင်းရဲခဲ့တယ်။ အလင်းထဲရောက်ပြီဆိုပေမဲ့ ဘ၀ကတော့ မလင်းဘူး။ သိမ်ဇရပ်တံတားဆောက် လုပ်ရေးမှာ ကိုတင်မောင်က ကျောက်ကန်ထရိုက် ၀င်လုပ် တယ်။ ကျောက်သွင်းရတာ အတော်ပင်ပန်းဆင်းရဲခဲ့တာ ပါ။

၁၉၆၂
ကောင်းရောင်း ကောင်း  ၀ယ် အလုပ်မျိုးစုံလုပ်၊ နည်း နည်းလေးစုမိတော့ ရာတန် တွေ တရားမ၀င်တော့ဘူး ကြေညာသွားတော့ လင် မယားနှစ်ယောက်ပေါင်း ၄၀၀၀ ပဲ ရလိုက်တယ်။ တစ်ယောက် ၂၀၀၀ ပဲ လဲ ခွင့်ရတာကိုး။ ဘယ်ကွယ်၊ ဘယ်သူက သစ္စာ ရှိမှာတဲ့လဲ။ လဲပေးမယ်ဆိုပြီး ယူသွားတဲ့ ပိုက်ဆံတွေ အကုန်ဆုံးတာ။ သွားရော...ဘ၀ကို တစ်က နေ ပြန်စရတော့တာ။

၁၉၈ရ
ရဲဘော် ရဲဘက်၊ ဘ၀ အဖော်မွန်၊ သားသမီး ၈ ယောက်တို့ရဲ့ ဖခင်၊ သီချင်း လေးတွေကို ချစ်တတ်သူ လက်တွဲဖြုတ်...တမလွန်ခရီး ကို ထွက်သွားခဲ့တယ်လေ။

၁၉၈၈
တစ်ပါတီစနစ်ကို တော် လှန်တဲ့ ပြည်သူ့အရေးတော် ပုံကြီး ဖြစ်တယ်။ နောက် သားသမီးတွေထဲက နံပါတ် ၄၊ ၅၊ ၆၊ ၇၊ ၈ တကွဲတပြား စီ ထွက်ခွာသွားကြပြန်ပြီ။ ဘယ်လိုလုပ် တားလို့ ရမှာလဲ။
အဘွားသွေးပဲကွယ်။
၂၀၀၈
ညီမလေး မကျင်ပု ဆုံး တယ်။

၂၀၀၉
အစ်ကိုကြီး ကိုအောင် ရွှေ ဆုံးရှာတယ်။

၂၀၁၁
နံပါတ် ၃ သား အသည်းစီပိုးရောဂါနဲ့ ဆုံး တယ်။ စီပိုးကုဖို့ သိန်းရာ ဂဏန်းကြီးကြီးရှိမှ ရမှာဆို တော့ လုံးပါးပါးသွားရှာ တာ။


ကောင်စီရုံး၊ ရ၀တရုံး၊ ရယကရုံးမှာ ထောက်လှမ်း ရေးက ခေါ်ခေါ်စစ်တာမျိုး မရှိတော့ဘူး။ အခုတော့ သား တွေ သမီးတွေနဲ့ ခွဲခွာရတာ နှစ် ၂၀ ကျော်ခဲ့ပြီ။

ဒီမိုကရေစီ လမ်း ကြောင်းပေါ် သွားနေကြပြီ။
အဝေးကသူတွေ ပြန် လာနိုင်ပြီဆိုတော့...
သားသမီးမြေးမြစ် တစ်ပြုံတစ်မနဲ့ မသေခင် လေး နေချင်တာပေါ့။
နေခွင့်ရမှာပါနော်။

သားသမီးတွေနဲ့ တပျော်တပါး သီဆိုခဲ့တဲ့ ဆရာ ရွှေတိုင်ညွန့်ရဲ့ ဇာတိ မာန် သီချင်းကို အခုချိန်မှာ မြေးမြစ်တွေနဲ့ပါ မြိုင်မြိုင်ဆိုင် ဆိုင် ဆိုချင်လိုက်တာ။
မျိုးကျက်သရေ
တိုးတက်စေ
အောင်ကြောင်း
မင်္ဂလာအခြေ
မိုးအောက်မြေ
တန်ခိုးတောက်ပေ
ခေတ်ကောင်း
ရောက်ပြီလေ
အောက်ကျမခံဘူးဟေ့
အမျိုးသားတို့ရေ
အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေ
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂

လမ်းဆုံဘူတာ

၁။
ကျွန်တော် ငယ်စဉ် ၈ နှစ်သားခန့်က ကျွန်တော့်ဖခင် တာဝန်ကျရာ မြို့ကလေးမှ ဦးလေး ဖြစ်သူထံ နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်တော်နှင့် ကျွန်တော့် အစ်ကို ကိုရဲတင့်တို့ အလည် လာစဉ်က တွေ့ခဲ့ရသော မြင်ကွင်းကို ပြောပြ ချင်ပါသည်။

တောင်ရှမ်း ရထားဟု ခေါ်သည့် ရွှေညောင် ရထားကညနေ ၆ နာရီတိတိမှာ ဦးလေးတို့၏ လမ်းဆုံ ဘူတာကြီးသို့ အချိန်မှန် ၀င်ရောက် လာစဉ် ရန်ကုန်ဘက်က လာသော ကျွန်တော်တို့ စီးလာသည့် အမြန် ရထားကြီးကလည်း ဘူတာ၏ အခြားလမ်း တစ်လမ်းသို့ ၀င်လာသည်။ တိုက်ဆိုင်စွာပင် မြင်းခြံက လာသော ရထားကလည်း ဘူတာ၏ လစ်လပ်နေသော လမ်းသို့ ၀င်လာပါသည်။ မြင်ကွင်းက တကယ့်ကို အံ့သြစရာကြီးဖြစ်လို့နေသည်ပင်။ ကျွန်တော်တို့ ရထားက အလယ်မှာ ဆိုတော့ ၀ဲဘက်က မြင်းခြံရထား ခရီးသည်တွေ လက်ပြလိုက်၊ တစ်ဖက် ပြတင်းပေါက်ကို ကူးပြီး တောင်ရှမ်းရထားကို လက်ပြ လိုက်နှင့် အပျော်ကြီး ပျော်နေ ခဲ့ပါသည်။ လက်ခုပ်လက်ဝါး တီးလျက် ရထားတွဲပေါ် မှာ ခုန်ပေါက်မြူးထူးနေ သော ကျွန်တော်တို့ ညီအစ် ကိုကိုကြည့်ပြီး တွဲပေါ်ပါ လာသည့် လက်မှတ်စစ်ကြီး က သဘောကျ အံ့သြနေဟန် ရှိသည်။

“သားတို့က ရထားသုံး စီး တစ်ပြိုင်နက်ဝင်လာတာ ကို သဘောကျ နေတာလား။ သုံးစီးလုံး အချိန်မှန်တာနဲ့ ဒါမျိုးဖြစ်တာပဲ။ ဦးတို့တော့ ရိုးနေပြီ”

“ဘူတာကြီးက ထွက် ရင်ရော ဒါမျိုးရှိလား”

အစ်ကို့ အမေးကို လက် မှတ်စစ်ကြီးက ခေါင်းယမ်းသည်။
“မရဘူးကွ။ အထွက် ရထားတွေက တစ်ချိန်စီဖြစ် နေတာ။ ရထား နောက်ကျရင် တော့ ဖြစ်တောင့်ဖြစ်ခဲ့ ရှိမှာ ပေါ့။ ဒါပေမဲ့ ရထားတွေက နောက်မကျဘူးကွ။ ဦးတော့ မကြုံသေးဘူး။

အချိန်မှန်ရထားများကို အကြိမ်ကြိမ်စီးခဲ့ဖူးသော ကျွန်တော်သည် လမ်းဆုံဘူ တာကြီးသို့လာတိုင်း တောင် ရှမ်းရထား၊ မြင်းခြံရထားတို့ရှိ ခရီးသည်များနှင့် အပြန်အလှန် နှုတ်ဆက်ခဲ့ချင်သော်လည်း လက်မှတ်စစ်ကြီး ပြောသလို တော့ မဟုတ်ဟု ထင်သည်။ တစ်ခါမျှ သုံးစီး တစ်ပြိုင်နက် မဆုံစည်းတော့ပါ။

နောက်အနှစ် နှစ်ဆယ် ကျော်လောက်မှာ ကျွန်တော် က လမ်းဆုံဘူတာကြီးမှာ အထူးတန်းရုံပိုင်တစ်ယောက် အဖြစ် တိုက်တိုက်ဆိုင်ဆိုင် တာဝန်ကျနေပါပြီ။ ရထား အစင်းပေါင်းများစွာ လက်ခံ၊ စေလွှတ်ခဲ့ပြီးပြီ။ ထိန်းချုပ်ရုံရှိ လမ်းလွှဲခလုတ်တွေကို အမှား အယွင်းကင်းစွာလှည့်ပြီး လမ်းလွှဲတွေဆင်၊ အ၀င် အထွက် မီးအချက်ပြတွေ မှန်ကန်စွာပေးနှင့် အလုပ်၏ ယန္တရားထဲမှာ အလိုက်သင့် စီးမျောနိုင်ခဲ့ပြီ။ သို့ပေမဲ့ ကျွန်တော် ငယ်စဉ်ကလေး ဘ၀က ရခဲ့သော တောင်ရှမ်း ရထား၊ ရန်ကုန်- မန္တလေး ရထား၊ မြင်းခြံရထားတို့ ဘူတာထဲ တစ်ပြိုင်နက် ၀င်လာသည့် အနေအထား ကား အမြဲတမ်း လွတ်ထွက် နေလေသည်။

တစ်ခါတစ်ရံမှာ တောင်ရှမ်း ရထားက အချိန်မှန်၊ မြင်းခြံရထားက အချိန် မှန်၊ သို့သော် ရန်ကုန်ရထား က အချိန်မမှန်။ တစ်ခါတစ်ရံမှာ တောင်ရှမ်း ရထားနှင့် ရန်ကုန် ရထားက အချိန်မှန် ပြီး မြင်းခြံရထားက မမှန် ပြန်။ တစ်စင်းစင်း အချိန်မမှန် သည်နှင့်ပဲ သုံးစင်း တစ်ပြိုင် နက်ဝင်ရောက်လာမည့် အနေ အထားက လွဲချော်နေတော့ သည်ပင် ဖြစ်သည်။

“ရထား သုံးစင်းလုံး တစ်ပြိုင်နက် ၀င်လာဖို့က သုံး စင်းလုံး အချိန်မှန်နေရမှာ ဖြစ်တဲ့အပြင် မင်းလက်ခံရ မယ့် လမ်းတွေရှင်းနေရဦး မယ်။ နောက် ပွိုင့်တွေ၊ အချက်ပြတွေကလည်း လုံးဝ ကောင်းနေရမယ်။ ပြောရရင် အားလုံးဟာမိုနီဖြစ်နေရမှာ လေ။ မင်းပင်စင်သွားတောင် ရမယ် မထင်ဘူး”

ကျွန်တော့် ရုံပိုင်ချုပ် ကြီးက ကျွန်တော့် ခံစားမှု မျှော်လင့်အိပ်မက်တို့ကို မဖြစ် နိုင်ခြေဘက်ကနေ အလေး ကဲ ပြောခဲ့သော်လည်း ကျွန်တော်ကား တာဝန်ကျ စဉ်တိုင်း ညနေ ၆ နာရီခန့် အချိန်လေးကို ရင်ခုန်နေဆဲပဲ ဖြစ်ပါသည်။

ကျွန်တော့် ရင်ခုန်အိပ် မက်နှင့် ငယ်စဉ်ကလေးဘ၀ ကြုံခဲ့ရသော မြင်ကွင်းကို လေးစားချစ်ခင်ရသော ကဗျာ ဆရာတစ်ယောက်အား ပြော ပြခဲ့ဖူးသည်။ ဆရာက ...
“ဟာ ညီလေး ဒါ Unity တစ်ခုကို ဖော်ဆောင် တာပဲ။ တောင်ပေါ်က ရထား၊ မြို့တော်ကြီးက ရထား၊ အညာကျေးလက်တွေကို ဖြတ်သန်းလာတဲ့ ရထား။ တိုင်းရင်းသားပေါင်းစုံ အလွှာ ပေါင်းစုံ သယ်ဆောင်လာတဲ့ ရထား။ တစ်ချိန်တည်း တစ်ပြိုင်တည်း သွားဆုံကြပြီး လွတ်လပ်ပေါ့ပါးစွာ လက်ပြ နှုတ်ဆက်ရတဲ့ ခံစားမှု။ သိပ်လှတယ် ညီလေးရာ။ ညီလေး အိပ်မက်ဆက်မက်ပါ နော်။ တစ်ချိန်ချိန်မှာ ရရမှာ ပေါ့”
ဆရာ့ ရုပ်သွင်က ဆရာ့ စကားတွေလိုပါပဲ။ ငြိမ်း အေးလွန်းလှသည်။ ဆရာ ပြောသလိုဆို ကျွန်တော့် အိပ်မက်တို့ မလွင့်ပြယ်သေး ဘူးပေါ့...။

စက်ပစ္စည်းတို့၏ ဖောက်လွဲဖောက်ပြန်မဖြစ်မှု၊ စက်တို့ကို စီမံရာ၊ စေခိုင်းရာ လူတို့၏ လွဲသွေမှု တစိုးတစိ မျှ မရှိမှု၊ အခြေအနေ အချိန်အခါ ကတိမ်းကပါး မဖြစ်၊ အံဝင်ခွင်ကျ ချိန်သား ကိုက်ညီညွတ်သော အနေအထား တစ်ခုကို ကျွန်တော်တို့ ဘာကြောင့် မရရမှာလဲ။ ကျွန်တော်တို့ မျှော်လင့်ချက်တွေ ဘာကြောင့် မဲ့သွားရမှာလဲ။ ကျွန်တော်တို့ အိပ်မက်တွေ ဘာလို့ မရှင်သန်ရမှာလဲ။ ကျွန်တော်ကား တက်ကြွနေ ဆဲပါလေ။


နံနက်ပိုင်း တာဝန်ကျ အထူးတန်းရုံပိုင် ကိုကြည် ဆန်းနှင့် တာဝန်လွှဲပြီး ရောက် ရှိလာမည့် ရထားတွေ၏ အချိန်ကိုစုံစမ်းတော့ တောင် ရှမ်းရထား ၁၄၂ အစုန်၊ မြင်း ခြံရထား ၁၁၂ အစုန်နှင့် ရန်ကုန်-မန္တလေးအမြန်ရထား ၁၁ အဆန်တို့ ခရီးစဘူတာ တွေကနေ အချိန်မှန်ထွက်ခွာ လာသည်ဆိုရော ကျွန်တော့် မှာ ထိတ်ခနဲ ရင်ခုန်သွား သည်။ မျှော်လင့်သော အိပ် မက်တို့အတွက် အစဦးရင်ခုန် မှုပဲဖြစ်သည်။ သည်ရင်ခုန်မှု လေးရပ်မသွားချင်။ ကျွန်တော်ကား တည်ငြိမ်မှု နှင့်  နည်းနည်းကင်းလွတ်၊ ဆောက်တည်ရာမဲ့ ဖြစ်ချင်နေ ပြီ။ “ထိန်းစမ်း၊ ငြိမ်စမ်း” ကိုယ့်ကိုယ်ကို ပြန်သတိပေး နေသည့် ကြားက ရထားကြီး ကြပ်ခန်းသို့ တာဝန်ကျရာ မျှော်စင်မှ ဆင်းပြေးလိုက် သေးသည်။

“ကွန်ထရိုလာကြီး။ လမ်းရုံပိုင်တွေ နည်းနည်း ကျပ်ပေးဦး။ ရထားတွေက အချိန်မှန်လာနေတာ၊ ရထား ဆုံရင်လည်း အချိန်မှန် ရထား တော့ မထိစေနဲ့ဗျ”

ရထား ကြီးကြပ်ရေး အုပ်က မျက်မှောင် ကုတ်ကြည့်သည်။ ဘာလာ ကြောင်နေတာလဲ။ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုသည့် အမူအရာ ပေါ်နေသော်လည်း ကျွန်တော်ကတော့ ကိုယ်ဖြစ်ချင်တာကိုပဲ ဇွတ်ပြောပြီး ပြန်ထွက်လာသည်။

အို အနေအထားက ကျွန်တော့်ဘက်မှာ ရှိနေပြီ။ ဘယ်ရထားမှ ဖောက်လွှဲဖောက်ပြန် မဖြစ်သေး။ တစ် ဆံချည်မျှ မသွေသေး။ စည်းချက် မှန်နေပြီ။ ကျွန်တော့် ဘက်က အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်ပြီ။

ကျွန်တော်လမ်းလွှဲ ခလုတ်တွေကိုလှည့်စမ်းသည်။ အတိမ်းအစောင်းမရှိ၊ လမ်း လွှဲလျှာတွေကြားထဲမှာခဲတွေ၊ အမှိုက်သရိုက်တွေ ညပ်မနေဖို့ ယာဒ်ဝင်း ၀န်ထမ်းတွေကို ကြိုသတိ ပေးရဦးမည်။
“ဘူတာမှာ ရထား နှစ်စင်းဆုံပြီး ဟိုဘက်သည် ဘက် တစ်ချိန်တည်း ဆက် လွှတ်တော့၊ နှစ်စင်းလုံး တစ် ပြိုင်နက် ထွက်သွားတဲ့အခါ တစ်ဖက်စီက ကြေးနန်းခ လုတ်တွေပေါ် ဘယ်ညာ လက် နှစ်ဖက်တင် ထွက် ၁၀း၃၀ ဆိုတာကို တစ်ပြိုင် နက် ရိုက်လိုက်တာမှာ ဟိုဘက်၊ သည်ဘက်ဘူတာ နှစ်ခုလုံးစီက “ရ” ဆိုတဲ့ ကြေးနန်း ပြန်ကြားချက်ရ တော့ ငါကွာ ဘယ်လိုဖြစ် မှန်း မသိအောင်ကို ပျော် သွားတာ။ မင်းတို့ရုံပိုင်ဖြစ် ရင် ဒါမျိုးကြုံတောင့်ကြုံခဲ တွေ့ချင်တွေ့ရမယ်။ ငါပြော တာဟုတ်မဟုတ် လက်တွေ့ ခံစားရတဲ့အခါ သိလိမ့်မယ်”

လက်ထောက်ရုံပိုင် သင်တန်းတက်စဉ်က ကြေး နန်းသင်ကြားပို့ချခဲ့သော ဆရာဦးစိုးလှိုင်၏ စကားကို ပြန်ကြားယောင်သည်။
ဆရာရေ။ ဆရာရခဲ့တဲ့ ပီတိထက်ပိုတာကို ကျွန်တော် မြင်နေရပြီ။
ဂျူးလီယက်ဆီဇာ၏ ကမ္ဘာကျော်စကား၊ သမိုင်း တွင်စကား၊ မပြယ်သည့် စကားဖြစ်သော
ငါလာသည်
ငါတွေ့သည်
ငါအောင်ပွဲခံမည် ဆိုသည်ကို ကျွန်တော် နှုတ်က ဖွဖွရွတ်နေမိသည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မရေမတွက်နိုင်စွာပါပဲ။

၁၄၂ အစုန် တောင်ရှမ်း ရထားကို လှိုင်းတက်ဘူတာ က ချဉ်းကပ်ခွင့် တောင်းချိန် နှင့် ၁၂၂ အစုန် မြင်းခြံရထား ကို မိတ္ထီလာဘူတာက ချဉ်း ကပ်ခွင့်တောင်းချိန်တို့က မရှေးမနှောင်းပင်။ သေချာ ပြီ သည်နှစ်စင်း အချိန်မှန် တော့မည်။ ရန်ကုန် အဆန်ရ ထား ၁၁ အဆန် အချိန်မှန် လျှင်တော့ ပွဲသိမ်းပြီ။ အနှစ် နှစ်အလလ စောင့်စားနေခဲ့ သော အိပ်မက်တို့ ရှင်သန် နိုင်တော့မည်။ ကျွန်တော် ကား တစိမ့်စိမ့်နှင့် ကြည်နူး နေပြန်ပြီ။

အမှတ် ၁၁ အဆန် ရန်ကုန်-မန္တလေး အမြန် ရထား ချဉ်းကပ်ခွင့်ကို ကပ်လျက် ဘူတာက တောင်း တော့ တစ်ဖက်ဘူတာထွက် ချိန်ကို မေးမိသည်။ အချိန်မှန် ဆိုသည့် ကပ်လျက်ဘူတာ ရုံပိုင်၏ အဖြေကား ချိုမြိန် လွန်းလှသည်။
ခါတိုင်း ရထားဆိုက် ရောက်ချိန် ၁၀ မိနစ်ခန့်အလို မှ လမ်းလွှဲဆင်၊ အချက်ပြ ပေးလေ့ရှိသော်လည်း အခု တော့ ကျွန်တော့် ဆန္ဒတွေက ရှေ့သို့ အတင်းပြေးနေလေပြီ။ တွဲရွှေ့ လုပ်ငန်းနှင့် အခြား လုပ်ငန်းများလည်း မရှိသည် မို့ ရထားသုံးစင်းတစ်ပြိုင် နက်ဝင်နိုင်အောင် လမ်းတွေ ကို ကြိုဆင်သည်။

ပွိုင့်အမှတ် 83 Reverse  ဘက်ခလုတ်လှည့်သည်။ မီးဝါလေးလင်းသွားသည်။ ပွိုင့် အမှတ် ၇၉ ကလှည့်ရန် မလို။ Normal မီးစိမ်းနေဆဲ။ ပွိုင့် အမှတ် 76 က Revese လှည့်ရမည်။ တောင်ရှမ်း ရထား ၆ လမ်းသွင်းရန် အတွက် ပွိုင့်အားလုံး အထစ် အငေါ့မရှိပြီဆိုမှတော့ အချက် ပြလည်း လိမ့်လိမ့်လဲလဲဖြစ် တော့မည် မဟုတ်။

အမှတ် ၁၁၂ အစုန်၊ မြင်းခြံရထားကို ၂ လမ်း၊ ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန်အမြန်ရထားကို ၄ လမ်း၊ ၁၄၂ အစုန် တောင် ရှမ်းရထားကို ၆ လမ်း သွင်းဖို့ အ၀င်အချက်ပြခလုတ်နီလေး ကို လှည့်လိုက်ချိန်မှာတော့ ထိန်းချုပ်ခလုတ်ခုံဆီမှာ မှန်ကန်မှုအမှတ်အသား မီးဖြူ လေးများ လင်းလို့လာသည်။ ပီတိအဟုန်ကြောင့် တုန်နေ သောလက်ဖြင့် အသံလွှင့် မိုက်လေးကို လှမ်းဆွဲလိုက် သည်။ မိုက်ကလေးက လက် ထဲမှာ လှုပ်ခါနေလေသည်။

မြင်းခြံ-သာစည် အမှတ် ၁၁၂ အစုန် အမှတ် ၂ လမ်း၊ ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန် ၄လမ်း၊ ရွှေညောင်-သာစည် ၁၄၂ အစုန် တောင်ရှမ်းရထား ၆ လမ်းသို့ ဆိုက်ရောက်မည့် အချိန်ကို ကြေညာပြီးပြီးချင်း အချက်ပြ မျှော်စင်ဝရန်တာက နေ ဘူတာစင်္ကြံသို့ ငုံ့ကြည့် တော့ ခရီးကြို၊ ခရီးသည် များ သက်ဆိုင်ရာ စင်္ကြံဆီ သွားနေကြသည်ကိုက မျှော် လင့် စောင့်စားခြင်းတစ်ခုကို အောင်မြင်စွာ ပွေ့ပိုက် လိုက် ကြသည့်အလား။ ကျွန်တော့် အတွက်တော့ အောင်နိုင်မှု တစ်ခုအတွက် ရာနှုန်းပြည့် မျှော်လင့်ရင်ခုန်သံသည် ဒရမ် ရိုက်ချက်လို တအုန်းအုန်းတ ဒိုင်းဒိုင်းမြည်နေပါတော့သည်။

ညနေ ၆ နာရီမှာ တစ် ပြိုင်နက်ဝင်လာမည့် ရထား သုံးစီးကို ၅ နာရီ ၅၅ မိနစ်မှာ ပဲ ကျွန်တော်အချက်ပြထိန်း ချုပ်မျှော်စင်ဝရန်တာလေးကနေ ကြည်နူးလန်းဆန်းစွာ ကြိုနေ မိသည်။ ဟော တောင်ရှမ်း ရထား စက်ခေါင်းနီကြီး မြင်ရပြီ။ ဟာ ၁၁ အဆန် အမြန်ရထား၏ စက်ခေါင်း ကလည်း ဘွားခနဲ။ ကွေ့ဖြစ် နေ၍ မမြင်ရသေးသော မြင်းခြံရထားစက်ခေါင်းပါ ကွေ့ကို လွန်မြောက်လာတော့ ကျွန်တော် ၀မ်းမြောက်ဝမ်း သာခုန်ပေါက် လက်ခုပ်လက် ၀ါးတီးနေမိတော့သည်။ ငယ်စဉ်ကလေးဘ၀က အပျော်ထက်ပင်လွန်ကဲစွာ။ ကျွန်တော့်အပျော်ကား ခေါင် ဖျားရောက်နေပေပြီ။ ကျွန်တော် ထင်ပါသည်။ ရထား သုံးစင်းလုံးမှာ ပါလာ သည့် ခရီးသည်အားလုံး အတိုင်းထက်အလွန် ပျော်ရွှင် နေကြပါလိမ့်မည်။ ကျွန်တော် ငယ်စဉ်တုန်းကလို လက်ခုပ် လက်ဝါးတီးသည်အထိ ပျော် ချင်လည်း ပျော်နေကြပါလိမ့်မည်။

“ဆရာ ဘာဖြစ်သွား တာလဲ”

ကျွန်တော့် တပည့်လေး များ၏ အမေးကို ပြန်မဖြေ တော့ဘဲ သူတို့ကိုလက်က လေးတွေ ချိတ်ဆက်စေ လျက် ၀ိုင်းကြီးပတ်ပတ် ကနေမိတော့သည်။ ကျွန်တော့် တပည့်လေးများ က ကြောင်စီစီဖြင့်၊ သို့သော် အလိုက်သင့် စီးမျောကခုန်နေ သည်။

“ငါ အနှစ်နှစ်အလလ မျှော်လင့်ထားတဲ့ အိပ်မက်။ အဲသည် အိပ်မက် ဒီနေ့တွေ့ လိုက်တာပဲ။ ကြည့်စမ်း ရထား သုံးစီး တစ်ပြိုင်နက် ၀င်လာတာ”

“ဟာ ဟုတ်တယ် ဆရာ။ ခုမှ သတိထားမိ တယ်။ ဟေး ဟေး”

ကျွန်တော့် တပည့်လေး များပါ အပျော်တို့ ကူးစက် သွားကြလေပြီ။

ကျွန်တော်တို့ လုပ်ငန်း တာဝန်ချိန်နှင့် လုပ်သက် အတွင်း တစ်ကြိမ်တစ်ခါမျှ မရနိုင်တော့ဟု ထင်ရသော် လည်း အမြဲတမ်းမျှော်လင့်ခဲ့ သော ရက်ကလေးတစ်ရက် ကို ခက်ခက်ခဲခဲရလိုက်ပါပြီ။ ကျွန်တော် သက်ဆုံးတိုင် မေ့နိုင်မည် မထင်ပါ။ ကျွန်တော့် ဒိုင်ယာရီလေးမှာ စာလုံးကြီးကြီးနှင့် ရေးမှတ် ထားသလို လမ်းဆုံဘူတာ ကြီး၏ အချက်ပြမျှော်စင်ရှိ ပြက္ခဒိန်လေးမှာလည်း ဆော့်ဖ်ပင် အနီဖြင့် ထင်ထင် လင်းလင်း ၀ိုင်းထားလိုက်ပါ ပြီ။

၂။
ကြာခဲ့ပါပြီ။ သို့သော် လမ်းဆုံဘူတာကြီး အချက်ပြ မျှော်စင်ရောက်ခဲ့လျှင်ဖြင့် ကျွန်တော် အမှတ်တရချိတ် ဆွဲထားခဲ့သော ပြက္ခဒိန် အဟောင်းလေး ရှိနေပါဦး မည်။ ဖေဖော်ဝါရီလကိုသာ လှန်ထားလိမ့်မည်။ အသေ အချာ စူးစိုက်ကြည့်လျှင် တော့ ၁၂ ဂဏန်းလေးကို ၀ိုင်းထားသော မင်နီရောင် ဖျော့ဖျော့ကိုတွေ့ရမှာ သေချာ ပါသည်လေ။
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)

“အတွေးမှသည် ဂုဏ်သိက္ခာ” (သားသို့ ပေးစာ – ၅)

ချစ်သောသားလေး… ရဲဝဏ္ဏ

၁ဝ တန်း စာမေးပွဲတွေလည်းပြီး၊ တက္ကသိုလ်၊ ကောလိပ်တွေလည်း ပိတ်တဲ့အပြင် သင်္ကြန်နားနီးပြီဆိုတော့ မကြာမီမှာ ရုံးတွေ၊ အလုပ်ရုံတွေ၊ ကုမ္ပဏီတွေလည်း ရက်ရှည်ပိတ်ကြတော့မယ်လေ။  ဒီတော့ ရုံးအားရက် ခရီးထွက်တဲ့သူတွေ များလာကြပြီပေါ့ သားရယ်။ တစ်ချို့က မိဘရပ်ထံ၊ တစ်ချို့ကျတော့ မိတ်ဆွေတွေဆီ၊ တစ်ချို့က အပန်းဖြေဘုရားဖူး စသဖြင့် ခရီးသွားကြတာ မဟုတ်လား။ ကားဂိတ်တွေလည်း ကားဂိတ်တွေလည်း ဘွတ်ခ်ကင်တွေပြည့်၊ ရထားတွေမှာလည်း တင်းကြမ်းဖြစ်နေတာပေါ့သားရယ်။  တစ်ယောက်စ နှစ်ယောက်စ မဟုတ်ဘဲ အသင်းအဖွဲ့လိုက် ခရီးထွက်ကြတဲ့သူတွေကလည်း များများ၊ ဖေဖေ့မှာလည်း ရထားလက်မှတ် စီစဉ်ပေးရတဲံ မှတ်တမ်းတင် white board မှာ ပြည့်လို့ နောက်ထပ် တစ်ခုထပ်ပြီး စီစဉ်ရတယ်။

ဖေဖေရဲ့ စာပေမိတ်ဆွေတွေ၊ တခြားမိတ်ဆွေတွေ၊ မိတ်ဆွေမဟုတ်ပေမယ့် အကူအညီတောင်းလို့ လက်မှတ်စီစဉ်ပေးရတာမို့ ဖေဖေ့ဖုန်း ၃ လလုံး မနားရပါဘူး သားရယ်။ ဖေဖေတို့မှာ ဖြည့်ဆည်းနိုင်တာက နည်းနည်း တောင်းဆိုတာက များများ ကြုံတွေနေရတာလေ။ ကြာတော့ ဖေဖေက စိတ်မရှည်ချင်ဘူး။ စကားအရာ ပျားသကာလို ချိုသာရမယ်လို့ သားကို ဖေဖေ အကြိမ်ကြိမ် ဆုံးမထားခဲ့ပေမယ့် ဖေဖေကိုယ်တိုင်ကတော့ ပျားသကာလိုမဟုတ် ကြားရတဲ့သူအတွက် ခါးတမာလို ဖြစ်သွားမှာပေါ့။

ဒါဟာ မကောင်းတဲ့ ကိစ္စပါသားရယ်။ ငြင်းပယ်တဲ့ အကြောင်းဖြစ်တာတောင်မှ ချိုသာမှု၊ ယဉ်ကျေးမှုရှိရင် အငြင်းပယ်ခံရတဲ့သူမှာ ခံသာသေးတာပေါ့။ အခုတော့ ငြင်းပယ်လည်း ခံရသေး၊ စကားအရာမှာလည်း မောက်မာသေးဆိုရင် တစ်ဖက်သားခမျာ ဘယ်ကျေနပ်နိုင်မှာတဲ့လဲ။ ဒါကို ဖေဖေတို့ အလွန်ချစ်ခင်လေးစားရတဲ့ အမေလူထုဒ်ါအမာက ဆောင်းပါးတစ်ပုဒ်မှာ ရေးခဲ့ဖူးတယ်။ သားလေး နားလည်အောင် ရှင်းပြမယ်နော်။

သားလေးရေ … ဖေဖေတို့ မြန်မာစကားမှာ “ဟန်ပန်လေသံ” ဆိုတဲ့ စကားလုံးတွဲရှိတယ်။ လူတစ်ယောက်ရဲ့ ဟန်ပန်၊ လေသံကို ကြည့်ပြီး အကဲခတ်လို့ ရတယ်။ ငါပြောတာ အမှန်၊ ငါလောက် ဘယ်သူမှ မတတ်ဘူးဆိုတဲ့ မျက်နှာထားနဲ့ သူပြောတဲ့စကားရဲ့ လေသံက တစ်ထပ်တည်းကျပြီး တော်တော့်ကို အကျည်းတန်တော့တာပဲပေါ့။

သားလေး ရဲဝဏ္ဏရေ… ဖေဖေတို့ လူမျိုးက သံဃာတော်၊ လူကြီးသူမ၊ ဆရာသမား၊ သက်တူရွယ်တူ၊ ငယ်ရွယ်သူ စသဖြင့် စကားပြောရာမှာ၊ ဆက်ဆံရာမှာ ဟန်ပန်လေသံ ကွဲသွားတော့တယ်။ ဖိုးဖိုး၊ ဖွားဖွား၊ ဦးလေး၊ အဒေါ်၊ အကို၊ အမ၊ ညီမလေး၊ မိတ်ဆွေ၊ နောင်ကြီး အဲသလို ယဉ်ကျေးချိုသာတဲ့ အခေါ်အဝေါ်တွေနဲ့ တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှု ရှိကြတယ်လေ။ I, you နဲ့ ပြီးတဲ့ စကားမဟုတ်ဘူး။ သည်လို ကြွယ်ဝတဲ့ စကားကို မြတ်နိုးခုံမင်စွာ သုံးတတ်ရလိမ့်မယ်။

သားရေ… အမေ လူထုဒေါ်အမာက “လူက ကြွစောင်းစောင်း၊ ကြွပ်ဆတ်ဆတ်နဲ့ ထောင့်မကျိုးတဲ့ပုံစံ၊ စကားပြောတော့လည်း ရိုင်းစိုင်းမောက်မာသေးတယ် ဆိုတာ အမေတို့ လူ့အဆောက်အုံက အလွန်မလို မုန်းထားတဲ့ ပုံစံမျိုးပေါ့” လို့ မှတ်သားလိုက်နာရမယ့် စကားကို ပြောသွားခဲ့တယ်။  လိမ္မာရေခြား ရှိပြီး ဖွယ်ဖွယ်ရာရာ ယဉ်ယဉ်ကျေးကျေး ပြောတတ်၊ နေတတ်တဲ့သူကို “အသံကြား သနားပါစေ၊ မျက်နှာမြင် ချစ်ခင်ပါစေ” ဆိုတဲ့ ဆုနဲ့ ပြည့်စုံသူလို့ အမေက ထပ်ဆင့် ပြောပြသွားတယ်။ ရင်ထဲ စွဲနေရမယ့် ဆုံးမစကားပေါ့ သားရယ်။ ကိုယ့်အပြေုအမူ၊ အလေ့အထ၊ စကားအသုံးအနှုန်း၊ လေသံတွေကို ဂရုစိုက်ရလိမ့်မယ်။ မကောင်းတဲ့ စရိုက်လက္ခဏကာတွေဟာ ကြာရင် အကျင့်စွဲဖြစ်သွားတတ်တယ်။ ပြင်ရခက်တဲ့ အနေအထားကို ရောက်သွားနိုင်တယ်။ “၀သီကိုက ပါနေတာ” ဆိုတာ ကောင်းတာကို ပြောတာမဟုတ်ဘူး။ အမှားကို သိလျက်နဲ့ အမှန်ကို မကူးပြောင်းနိုင်တဲ့သူတွေကို မှတ်ချက်ပြုတာနော်။ ဒါတွေဟာ အသေးအဖွဲလို့ မထင်မှတ်ရဘူး။ ကြီးကျယ်ခမ်းနားမှုတွေဟာ အသေးအဖွဲဆိုတာနဲ့ စတင်လာတာဆိုတာ သားလေး သိရလိမ့်မယ်။

ဆရာမြင့်ဆွေဦး ဘာသာပြန်ထားတဲ့ “ဂရုစိုက်ပါ” ဆိုတာလေးကိုလည်း ဖေဖေ မှတ်သားထားသေးတယ်။ သားလေးဖတ်ကြည့်ပါဦး။

အတွေးအမြင်များကို ဂရုစိုက်ပါ
စကားလုံးများ ဖြစ်လာတတ်သည်။
စကားလုံးများကို ဂရုစိုက်ပါ
အပြုအမူများ ဖြစ်လာတတ်သည်။
အပြုအမူများကို ဂရုစိုက်ပါ
အလေ့အထများ ဖြစ်လာတတ်သည်။
အလေ့အထများကို ဂရုစိုက်ပါ
အကျင့်စရိုက်များ ဖြစ်လာတတ်သည်။
အကျင့်စရိုက်များကို ဂရုစိုက်ပါ
ယင်းတို့မှ ဂုဏ်သိက္ခာဖြစ်လာလိမ့်မည်။

သားလေး ရဲဝဏ္ဏရေ… ကိုယ့်ဂုဏ်သိက္ခာ၊ အမျိုးဂုဏ် သိက္ခာ၊ နိုင်ငံဂုဏ်သက္ခာ အားလုံးဟာ အတွေးအမြင်က စရတယ်ဆိုတာ သားလေး သဘောပေါက်ပြီနော်။ သည်တော့ အတွေးအမြင်ကောင်းဖို့၊ ထက်သန်ဖို့ ထိုင်နေရုံနဲ့ ဖြစ်မလာဘူး။ ပညာကို သိရမယ်။ တတ်ကျွမ်းနားလည်ရမယ်။ သည်တော့ စာအုပ်တွေကို ဖတ်ရမှာပေါ့။ ပြီးရင် အပြုအမူ အလေ့အထ၊ အကျင့်စရိုက်ကနေ ဂုဏ်သိက္ခာရှိအောင် နေထိုင်ရလိမ့်မယ်။

ကဲ… သားလေးရေ ဖေဖေကိုယ့်ကိုယ်ကို ဝေဖန်ရင်းနဲ့ သားလေးလိုက်နာ ပြုမူရမယ့် အကျင့်စရိုက် အလေ့အထတွေကို ဖေဖေ ပြောပြလိုက်တာပါ။ ကျင့်သုံးပါသားရယ်။ ပြီးတော့ သား သူငယ်ချင်းကို လက်ဆင့်ကမ်းပါနော်။


ချစ်သော ဖေဖေ
ရဲသျှမ်း

'' မြင်းမိုရ်တောင်ထိပ်မှ စီးဆင်းလာသော စမ်းချောင်းကလေး ''


'' မေမေ မေမေ ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုတာကို သားတို့ဆရာမကရှင်းပြတယ်...။ ကမ္ဘာကြီးသာ မီးလောင်ခဲ့ရင် မေမေလည်းသားကို ချနင်းလိုက်မှာလား...ဟင်''
ကျွန်တော့်အခန်းနဲ့ကပ်လျက်အခန်းက (၂)တန်းကျောင်းသားလေး မောင်ဇွဲထက်သန်ရဲ့ သူ့အမေကို မေးတဲ့ မေးခွန်းကို ကျွန်တော်ကြားလိုက်တော့ ကြက်သီးမွေးညှင်းထလောက်အောင်ကို ခံစားလိုက်ရပါတယ်။မောင်ဇွဲထက်သန်နှယ် တွေးမှတွေးတက်ပလေလို့ အံ့သြစိတ်လည်းဖြစ်သွားတာပေါ့...။ ကလေးက စကား တတ်တာ ဥာဏ်ရည်ထက်မြက်တာဟာ သူ့အဖေ ကျော်သူထက်နဲ့တူလို့သာပဲ ဖြစ်ရမယ်။ ကျော်သူထက်ကဘူတာကြီးကုန်တင်/ကုန်ချမှာချိန်မှတ်စာရေး။
(၁ဝ)တန်းအောင်ပြီးသား၊ကျောင်းဆက်မတက်ဘဲအလုပ်ထဲရောက်လာပြီးအလုပ်ခွင်ကနေစာရေးရာထူးရောက်လာတာလေ။
 လူ(၁ဝဝ)ဖြေလို့ (၅)ယောက် မအောင်တဲ့ အလုပ်ခွင်စာမေးပွဲကိုတစ်ကြိမ်ထဲနဲ့ အောင်ပြီးသင်တန်းပါသွားတာလို့ ကြားဖူးတယ်။ဒီတော့ကျော်သူထက် ဥာဏ်ရည်ကအနိမ့်စားတော့မဟုတ်ဘူးလို့ တွေးမိတာပေါ့..။ကျော်သူထက်ရဲ့မဟေသီ၊ မောင်ဇွဲထက်သန်ရဲ့မိခင် ခင်ခင်ဦးကျတော့ ခကွေးနဲ့သဝေထိုးက ရန်ဖြစ်ထား လို့ ဟိုဖက်သည်ဖက် လှည့်နေကြတာလား၊ ကကြီးနဲ့ယပက်လက်ကလည်း အဲသည်လိုပဲဆိုတဲ့ ကြံကြံဖန်ဖန် မေးခွးန်းမျိုးကျတော့သူကရှာရှာဖွေဖွေတတ်နေပြန်ရော။
'' ကိုထက် ချက်ဆို နှစ်ခွက်နဲ့မူးတယ် ဆိုတဲ့ စကားပုံကြားဖူးလား''
တစ်ခါက ခင်ခင်ဦး သူ့ယောက်ျားကိုမေးတဲ့ စကားပုံကိုကျွန်တော်အပြေးအလွှားစဉ်းစားနေမိတယ်။ ကိုယ့်ကိုယ်ကို စာရေးဆရာလို့သတ်မှတ်ထားတဲ့ကျွန်တော့်ရဲ့ မှတ်ဥာဏ်ထဲမှာမရှိတဲ့ စကားပုံပါပဲ။အမျိုးမျိုး စဉ်းစားပေမယ့် သည်စကားပုံကို မကြားဖူးဘူးဖြစ်နေပါတယ်။ဒါနဲ့ပဲ ကျော်သူထက်ဆီက ကြားရမယ့် အဖြေကိုပဲ နားစွင့်နေမိတာပေါ့။
'' ဟာ..ခင်ဦးတို့ကတော့ သောက်တလွဲလုပ်ပြီ ချက်ဆို နားခွက်ကမီးတောက်ပြီးသား လို့ပဲကြားဖူး ပါတယ်။ ဘယ်နှယ့် ချက်အရက်ကပါလာရတာတုန်း။နင်လုပ်တာနဲ့ မြန်မာစကားပုံတွေ ပျက်တော့မယ်။''
ကျော်သူထက် အဖြေကြားတော့မှ ကျွန်တော်လည်း သည်ဖက်အခန်းကနေခွက်ထိုးခွက်လန် ရယ်နေမိတယ်။
'' သိဘူးလေ...ချက်လည်းပါတယ်..နှစ်ခွက်လည်းပါတယ်ဆိုတော့ ခင်ဦးပြောတာမှားလို့လား။''
ခင်ခင်ဦးတွေးတာလည်း ဟုတ်သားဟ လို့ ကျွန်တော်ကကောက်ချက်ချမိသေးတယ်။
'' ကိုထက်နော် သားကအတန်းကြီးလာပြီ စာလေးဘာလေးသင်ပေးပါအုံး။ဂျူတီနားတဲ့ရက်လည်း အိမ်မကပ်။ ဘိလိယက်ခုံမှာပဲ တစ်နေကုန်နေတာ...ကျူရှင်ထားဖို့ကျတော့ ခင်ဦးတို့မှာသမီးငယ်လေးပါဒီနှစ်ကျောင်းထားရပြီဆိုတော့ မတတ်နိုင်ဘူး။''
'' ဟာကွာ... တစ်ခါလာလည်း ဘိလိယက်ထိုးတာပဲခလုပ်တိုက်နေ...မသင်နိုင်ဘူးကွာ။ ဒီကောင် စာလိုက်နိုင်နေတယ်မဟုတ်လား။မလိုက်နိုင်ရင်လဲ ကျူရှင်ပို့လိုက်။ ကျူရှင်ခမရှိလည်း မင်းကိုယ်တိုင်သာသင်ပေတော့..အရင်ကလည်း မင်းပဲသင်နေတာ ခုမှရေးကြီးခွင်ကျယ်လုပ်ပြီး..ကဲတော်ပြီ..တော်ပြီ နားညည်းတယ် ဘိလိယက်ခုံပဲသွားတော့မယ်။''
ထင်တဲ့အတိုင်းပါပဲ ကျော်သူထက်တော့ သူ့ရဲ့မူပိုင်အတိုင်းပေါ့ပေါ့ပါးပါးပဲတွေး၊ နေ၊ ကျင့်ကြံသွားတော့ တာပဲလေ။ (၁ဝ)တန်းအောင်အဆင့်ပညာအရည်အချင်းလေးက လူရိုသေရှင်ရိုသေရှိပေမယ့် သားကိုစာသင် ပေးဖို့ကျတော့ထွန့်ထွန့်လူး ဖြစ်နေတတ်တယ်။ကွာတယ်...ခင်ခင်ဦးနဲ့ကျော်သူထက်တို့ သားလေးဇွဲထက်သန်ရဲ့ပညာရေး၊အနာဂတ်ခရီးဆုံးဆီ သွားဖို့အတွက် ထားတဲ့ရည်ရွယ်ချက်တွေက ကွာဟလွန်း တယ်လို့သုံးသပ်ရလိမ့်မယ်ထင်တယ်။
သားလေး...မေမေကစာမတတ်လို့...သားအဖေလိုတတ်ရင်အတန်းထဲမှာ သား ပထမအမြဲရနေ အောင် မေမေကသင်ပေးမှာ... ကျူရှင်လဲမေမေမထားနိုင်တာ သားသိတယ်နော်။ သားလေးစာကျက်နေရင် အတန်းထဲမှာအတော်ဆုံးဆိုတဲ့အထဲ သားပါကိုပါရလိမ့်မယ်လို့ မေမေယုံတယ်။အခုသားကအတန်းကြီးလာ ပြီ။ သားကိုမေမေ မသင်တတ်တော့ဘူး။ အငယ်လေးကိုပဲမေမေသင်နိုင်တယ်။ ''
'' သားသိပါတယ်မေမေ ပညာမရှိ သူ၏ဝန်ထမ်းတဲ့။ သားကိုမေမေဝယ်ပေးထားတဲ့အလိမ္မာ မဂ္ဂဇင်းထဲမှာ သားဖတ်ဖူးပါတယ်။''
သားအမိနှစ်ယောက်ရဲ့ စကားသံတွေက တကယ့်ကိုချိုမြိန်ကြည်နူးဖွယ်တွေပါပဲ..။သတိထားမိတာက ဇွဲထက်သန်ရဲ့နာမည်နဲ့လိုက်အောင် ဇွဲရှိတာ။ သိချင်စိတ်တတ်ချင်တဲ့စိတ် ထက်သန်တာကိုပါ။
x x x x x

ခင်ခင်ဦးက အတန်းပညာမရှိရုံတင်မဟုတ်၊ တကယ့်ကို ဖတ်တတ်ရုံလေးပဲတတ်တယ်၊မရေးတတ်ဘူး။ သမီးမိန်းခလေးပဲ ဘာစာတတ်စရာလိုလဲ ဆိုတဲ့အတွေးအခေါ်အောက်မှာကြီးပြင်းလာတာလား၊ ဒါမှမဟုတိဘတွေရဲ့ ဆင်းရဲမွဲတေ ကျပ်တည်းမှုအောက်မှာကြီးပြင်းလာတာလား။ ငယ်စဉ်ကလေးဘဝကိုဘယ်လို ဖြတ်သန်းခဲ့ရသလဲစတဲ့အတိတ်အကြောင်းတွေကို ကျွန်တော်စပ်စပ်စုစုမလုပ်ခဲ့ဘူးပေမယ့်
ပတ်ဝန်းကျင်အပြော၊ တစ်ခါတစ်ရံ ခင်ခင်ဦးကိုယ်တိုင် အပြောတွေကြောင့်သူ့ဘဝတွေကို သိခွင့်ရခဲ့ပါတယ်။
'' လေးလေး...သမီးသိတတ်ချိန်မှာ အဖေ့ကိုမတွေ့တော့ဘူး...။အဖော်တွေနဲ့ဖားကန့်ကို ကျောက်တူးဖို့သွားတာ ပြန်မလာတော့တာလို့အမေပြောပြတာပဲ။ သမီးက နံပါတ်(၃) အစ်ကို(၂)ယောက် မောင်လေးတစ်ယောက်ရှိသေးတာလေ...။ ဒီတော့အမေ့မှာ ဒုက္ခတွေဝေလို့...။ဒါနဲ့သမီးပဲအမေ့ကို ကူရတာ။ သမီးကျောင်းမတက်လိုက်ရဘူး။ အစ်ကိုတွေလဲကျောင်းတက်ရတယ်မရှိပါဘူး။ ဘူတာသွားပြီးကုန် ထမ်းနေရတာ။အမေ့ကိုဈေးရောင်းကူ၊ အမေအဝတ်လျှော်တဲ့နေရာလိုက်ပြီး အဝတ်တွေကူလှန်းပေးသမီး အလုပ်လုပ်ခဲ့ရတာ။''
ခင်ခင်ဦးက ရုပ်ကလေးနဲ့ မလိုက်ဖက်အောင် အလုပ်အစုံလုပ်ခဲ့ရတယ်ဆိုတာယုံမှားစရာ မရှိပါဘူး။ ပညာလေးသင်ခဲ့ရ၊ သင့်တင့်လျောက်ပတ်တဲ့ရုပ်ဝတ္ထုလေးတွေဆင်မြန်းခဲ့ရရင် ခင်ခင်ဦးနားမှာ ကောင်လေးတွေဝိုင်းနေခဲ့လိမ့်မယ်ထင်တယ်။တော်ပါသေးရဲ့ ခေတ်ရေစီးထဲ မျောပါသွားတဲ့ RVကလေးမလေးတွေ၊ အနှိပ်ခန်းရောက် ကလေးမလေးတွေ၊ နယ်စပ်ရောက်၊
နိုင်ငံခြားရောက်သွားတဲ့ ကလေးမလေးတွေရဲ့ဘဝမျိုး ရောက်မသွားတာကိုပဲကံကောင်းတယ်လို့ မှတ်ထင်ရမှာပဲ။
'' သမီးလေ... အဝတ်အစားလဲမမက်ဘူး၊ အလှအပလဲမမက်ဘူး၊ စာမသင်ခဲ့ရတာဘဲစိတ်မကောင်း ဖြစ်တာ။ ဒါကြောင့် သမီးရဲ့သားသမီးတွေကိုပညာတတ်ဖြစ်စေချင်တယ်။ ကိုထက်အားကိုးလို့လဲမရ...။
သမီးကလေးတွေကျူရှင်ထားနိုင်ဖို့ အလုပ်လုပ်ချင်တာ.. ကိုထက်ကပေးမလုပ်၊ခုအနေအထားလဲ လစာတစ်မျိုးပဲ ရှိတော့တာလေးလေးရ။ တန်ဆာခနဲ့အလုပ်သမားခတွေဈေးတက်တော့ အရင်လိုအစွန်းအထွက်လေးတွေက မရတော့ဘူး။''
ပြောသင့်လား မပြောသင့်လားမဝေခွဲတတ်တဲ့ ခင်ခင်ဦးကိုကျွန်တော်ကနားလည်ပေးနိုင်ပါတယ်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ ကိုယ်ကျင့်တရားမှတ်ကျောက်တင်ခံနိုင်မှုတို့ကြောင့် ဆရာဦးကိုလေး ကဗျာထဲကလို လှံသွားထောင် ထာင် ဒါးရောင်ဖွေးဖွေး မြွေပွေးခွေခွေ ဆူးလေကြဲကြဲ...ဆိုတဲ့ ဘူတာကြီးကျက်စားရာအကို(၂)ယောက်နဲ့ အပေါင်းအပါတွေကြားကနေ ကျာ်သူထက်က ရအောင်ခိုးထုတ်သွားတာနေမှာလို့ ကျွန်တော်တွေးမိသွားတယ်။
''
ခင်ဦး...ကျော်သူထက်က နင်နဲ့မရခင်ကတည်းက ဘိလိယက်ခုံ တစ်နေကုန်ထိုင်တာပဲလား''
'' ဟုတ်တယ်လေးလေး... သမီးက သူသမီးနဲ့ရရင် ဒါကြီးပြတ်သွားမယ်ထင်တာ..မပြတ်ဘူး။ သားလေးရတော့ တစ်ခါမျှော်လင့်မိသေးတယ်။ သမီးလေးမွေးတဲ့အထိဒီအတိုင်းပဲ။ သားလေးကျောင်းကိစ္စလည်း ဘာမှစိတ်မဝင်စားဘူး။သမီးသူ့လိုစာတတ်ရင် သမီးသားလေး အတန်းထဲမှာ နံပါတ်(၁)ဗိုလ်ဖြစ်နေမှာနော်။''
'' အခုလဲ ဇွဲထက်သန်လေးက တော်တာပဲဟာ...နင်ကိုကလောဘကြီးနေတာ နေမှာပါ။ကလေးဗီဇ ပါလာပြီးသားပါ။ မပူနဲ့ ညည်းသားလေး ဖြစ်မြောက်သွားမှာသိလား။မိဘကလမ်းကြောင်းလေးတည့်အောင်သာ ဂရုစိုက်ပေး ''
ကျွန်တော့်စကားကို မျက်လုံးကလေး ပေကလပ် ပေကလပ်နဲ့ နားထောင်နေတဲ့ခင်ခင်ဦးရဲ့ စိတ်ထက်သန် မှုကို ကျွန်တော်တွေ့နေရတယ်။ ကျော်သူထက်ကတော့ကျွန်တော့်ကို စာရေးဆရာတစ်ယောက်အဖြစ် တလေးတစားဆက်ဆံတာကလွဲလို့ခင်ခင်ဦးလောက် တရင်းတနှီးမရှိလှဘူး။
x x x x x
ခင်ခင်ဦးက စာမတတ်ပေမယ့် သူ့သားလေးဇွဲထက်သန်ကို ညစဉ်စာသင်ပေးတာကိုကျွန်တော့်အခန်း ဘက်က ကြားနေရတယ်။ စာမတတ်သူက စာပြန်သင်တာကို
ကျွန်တော့်မှာ အံ့အားသင့် ပဟေဋ္ဌိတွေဖြစ်လို့ နေပါတယ်။သူဘယ်လိုနည်းပညာတွေနဲ့ သင်တာတုန်း..။ ကိုယ်မတတ်ပဲနဲ့ သင်လို့ရသလား...။ကျွန်တော် စိတ်ဝင်စားမှုကို မအောင့်နိုင်တော့ ခင်ခင်ဦးကိုမေးရတော့တာပေါ့။
''
ညည်းသားလေးကို စာသင်ပေးနေတာ အဟုတ်ပဲ။ ဘာတဲ့ ခြင်္သေ့သည်ကြွက်ငယ်ကို အဘယ်ကြောင့် မသတ်ဘဲလွှတ်သနည်းဆိုတော့ နင့်သားဖြေတာကို မဟုတ်ဘူး ကြွက်ကအကြိမ်ကြိမ်တောင်းပန်လို့ဆိုပြီး အမှားပြင်ပေးတာ ငါ့မှာအံ့သြရော...ပြောစမ်းပါအုံး။ နင်ကစာမတတ်ဘူးလဲပြောသေးတယ်။ စာလည်းသင် တယ်။ ငါ့ကို မျက်စိလည်အောင်၊ ဦးနှောက်စားအောင် လုပ်နေတာလားဟ။''
ကျွန်တော့် သိချင်စိတ်ကို တော်တော်နဲ့မဖြေဘဲ ခင်ခင်ဦးကရယ်ပဲနေတယ်။ သူမဖြေလေ ကျွန်တော့်မှာ သိချင်စိတ်များလေ ဖြစ်နေတော့တာပေါ့။
 '' လေးလေးရာ သမီးတကယ်စာမတတ်တာပါ။ မတတ်ဆို သင်မှမသင်ခဲ့ရတာကိုး...။ သားလေး ကျောင်းထားတော့ သမီး သားကိုကျောင်းပို့တဲ့အခါ နှစ်ယောက်စာထမင်းချိုင့်ထည့်ပြီး ကျောင်းမှာတစ်နေကုန် စောင့်နေတာ။ သားတို့သင်တဲ့စာ ဆရာမကဖတ်ပြတော့ သမီးစိတ်ကလိုက်ဆိုတာလေ...။ အိမ်ရောက်တော့ သားကိုစာကျက်ခိုင်း သားမှားနေရင် ထောက်ပြဆိုတော့ သမီးကို စာတတ်တယ်ထင်နေကြတာ... အခုဒီနှစ်သားက ဒုတိယတန်း ကျေးညီနောင်သင်ရတယ်။ သားတို့ဆရာမကဖတ်ပြ သမီးကလိုက်မှတ်တာပေါ့..။ ညကျသားကို ခိုးသူတို့ မွေးထားတဲ့ကျေးသည် ဘုရင်ကြီးကိုမြင်လျှင် မည်သို့ပြောသနည်းဆိုတဲ့မေးခွန်းကို မေးတာပေါ့...။ သားမှားရင် အဖြေမှန်ပြော... ဒီလိုပဲ သားကိုစာသင်တာလေ။''
 ခင်ခင်ဦးရှည်ရှည်ဝေးဝေး ရှင်းပြတော့ ကျွန်တော့်မှာ အံ့သြလို့မဆုံးဘူး။ တကယ်ထိထိရောက်ရောက် စာသင်ခဲ့ရရင် တတ်လွယ်သိလွယ် ဖြစ်မယ့်မိန်းခလေးလို့ ကျွန်တော်တစ်ထစ်ချ ယုံကြည်နေမိတယ်။
'' နင်က မြန်မာစာတင်လားဟဲ့..အင်္ဂလိပ်စာ၊ သင်္ချာကောသင်တာပဲလား...။''
'' သင်္ချာတော့်သမီးမသင်ပါဘူး...။ အဖြေစာအုပ်နဲ့တိုက်ပြီးစစ်လိုက်တာပေါ့။ အင်္ဂလိပ်စာကိုတော့ သမီးသင်ဖို့ ကြိုးစားကြည့်တယ်။ ဘယ်လိုမှကို မကြံတတ်တာနဲ့ လက်လျှော့လိုက်တာ။ ဒါတောင် သမီးက ခပ်တည်တည်ပဲ စာကျက်ခိုင်းတော့တာ။ မမှားစေနဲ့ သေသေချာချာဆို... မဟုတ်သေးဘူး..အသံထွက်ကမှား နေတယ်...ဘာညာလုပ်ရတာပေါ့ လေးလေးရာ။ နောက်နှစ်ဆို သမီးဘာမှ လုပ်တတ်မှာမဟုတ်တော့ဘူး။ ကျူရှင်ထားဖြစ်အောင်ထားပေးရတော့မှာ။ ကိုထက် ကျူရှင်ခ မပေးရင် သမီးအပျိုတုန်းကအလုပ်တွေပြန်လုပ်ပြီးကလေးတွေပညာရေး ကောင်းအောင်လုပ်ရမှာ..ဟုတ်တယ်နော် လေးလေး။''
ကျွန်တော်ခင်ခင်ဦးရဲ့ အပြောစကားတွေကို ခေါင်းညိတ်အဖြေမပေးမိပေမယ့် သူ့စိတ်ဓာတ်နဲ့ သူ့ရဲ့ စိတ်ထက်သန်မှုကို လျော့ပါးမသွားစေချင်ဘူး။ သားလေးဇွဲထက်သန်အပေါ်ထားတဲ့ ရည်မှန်းချက်တွေ ဖြစ်မြောက် အောင်မြင်စေချင်ပါတယ်။ ခင်ခင်ဦးရဲ့ စိတ်ထက်သန်မှုက ဇွဲထက်သန်အပေါ် လွှမ်းမိုးအုပ်စည်းထားမှတော့ မလွှဲမသွေဖြစ်လာမှာပဲလို့ ကျွန်တော်ဖက်က အပြည့်အဝယုံကြည်နေမိတော့တာပါလေ။
(၂)
ခင်ခင်ဦးနဲ့သားလေးဇွဲထက်သန်တို့အကြောင်း အတွေးတွေလူးလာစုန်/ဆန်ဖြစ်နေတာမို့ သားလေး ဇွဲထက်သန်မေးလိုက်တဲ့ '' မေမေ...ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတာကို သားတို့ဆရာမကရှင်းပြတယ်..။ ကမ္ဘာကြီး သာ မီးလောင်ခဲ့ရင် သားကိုမေမေချနင်းလိုက်မှာလားဟင် '' ဆိုတဲ့ စကားသံလေးက ကျွန်တော့်နှလုံးသားမှာ ဝေ့ဝဲနေရာယူနေပါတယ်။ ကျောင်းစာမသင်ခဲ့ရတဲ့၊ ပညာမတတ်တဲ့ ဆင်းရဲနွမ်းပါးမှု အဝန်းအဝိုင်းထဲက မထွက်နိုင်သေးပေမယ့် အတွေးအခေါ်၊ အယူအဆ မခေါင်းပါးဘူးလို့ ကျွန်တော်ထင်ခဲ့တဲ့ ခင်ခင်ဦးဆိုတဲ့မိန်းခလေးခမျာ သူ့သားလေးရဲ့ ကြီးကြီးကျယ်ကျယ်မေးခွန်းကို မဖြေနိုင်တော့ဘူးထင်ပါရဲ့
x x x x x
အို...မမျှော်လင့်တော့တဲ့အချိန် ကျွန်တော့်အတွေးတွေ မဆုံးသေးခင်မှာပဲ ခင်ခင်ဦးဖြေသံ ကြားလိုက် ရပါတယ်။ ကျွန်တော် တုန်လှုပ်သွားပါတယ်။ ဒါဟာ ခင်ခင်ဦးပဲလေ။ အင်မတန်လှပတဲ့ အဖြေတစ်ခုလို့ ကျွန်တော် နားလည်လိုက်ပါတယ်။ သေချာပါတယ်..အပြင်မှာ လမင်းကြီးကလည်းထိန်ထိန်သာလို့ ကြယ်ကလေးတွေကလည်း လင်းလက်တောက်ပလို့...။ ခင်ခင်ဦးအဖြေလေးက သူ့သားလေး နှလုံးသား သာမက ကမ္ဘာကြီးမှာရှိတဲ့ သား၊ သမီးအားလုံးနဲ့ အမေတွေအားလုံးရဲ့ နှလုံးသားဆီကူးစက် သွားလိမ့်မယ်လို့ ကျွန်တော်တစ်ထစ်ကျ ယုံကြည်နေမိတယ်။ ကြည့်ပါဦး ခင်ခင်ဦးဖြေသွားတာက......
'' သားရယ်...ကမ္ဘာကြီးကလည်း မီးလောင်မှာမဟုတ်ပါဘူး။ မီးလောင်ခဲ့ရင်လည်း သားလေးကို မီး မခပါဘူး။ ဘာလို့လဲသိလား...သားလေးကို မေမေ့ရဲ့အေးမြတဲ့ ရေစင်တွေ ပက်ဖျန်းထားလို့ပေါ့သားရယ် ''
ရဲသျှမ်း

အရွေ့


photo: JayMgMg(amarapura)
(၁)

   အလင်းရောင်တောင်အပြည့်အဝမရသေးတဲ့အရုဏ်ဦးအချိန်လေးမှာပဲရပ်ကွက်လေးကအဝေးရောက်တောင်ပေါ်သားကြီးရဲ့အောင်မြင်တဲ့အသံဝါကြီးနဲ့
ဆိုထားတဲ့သီချင်းကြောင့်နိုးထသွားပြီ။သည်သီချင်းကိုအရင်ရက်တွေကတည်းကလက်ဖက်ရည်ဆိုင်တွေမှာအကြိမ်ကြိမ်အထပ်ထပ်ကျော့ဖွင့်နေတာဆိုတော့
ရပ်ကွက်ထဲရှိလူငယ်လေးတွေကအလွတ်ရနေပြီလေ။သံပြိုင်သီဆိုလက်ခုပ်လက်ဝါးတီးနဲ့အတော့်ကိုစည်စည်ဝေဝေ ဖြစ်နေပါတော့တယ်။ ကလေးတွေရော၊
 လူကြီးတွေရော၊ ကလေးကြီးတွေရော၊ လူလတ်တွေရောအားလုံးတက်ကြွလန်းဆန်း နေကြတာ မြင်ရတော့ သူ့ရင်ခုန်သံက ပိုမြန်သွားသလိုပါလား။ 
သူလည်းပဲဝတ်ထားတဲ့တီရှပ်ချွတ်ပြီးတစ်လောကအင်းလေးရောက်တုန်းဖောင်တော်ဦးဘုရားဈေးမှာအမှတ်တရဝယ်ခဲ့တဲ့အင်္ကျီလေးကိုဝတ်လိုက်မိတယ်။
ဖွတ်မြီးထိုးကြယ်သီးကလေးတွေတတ်ရင်း ရွှေဘိုဆိပ်ခွံ စာပေဟောပြောပွဲကော်မတီက လက်ဆောင်ပေးလိုက်တဲ့ ရိုးရာဆင်လုံချည်ကို ဝတ်လိုက်ပြီးမှန်ထဲ
တစ်ချက်လှမ်းကြည့်တော့ သူ့ပုံကလည်း ရပ်ကွက်ထဲကလူတွေလိုပဲ ဖြစ်သွားပါရော။
  '' ဟား...သားနားလှချည်လား။ ကျွန်မလည်းအဝတ်လဲရအုံးမှာပေါ့''
  ဇနီးကသူ့ကိုကြည့်ပြီးလက်ထဲကိုင်လာတဲ့ နှင်းဆီနီတစ်စည်းကိုစားပွဲပေါ်အသာချတယ်။အဝတ်ဘီဒိုထဲကအဝတ်တွေဆွဲထုတ်နေတဲ့ဇနီးလက်ထဲမှာ ရင်စေ့
အဖြူလေးပါလာမှာလား၊ရုပ်ပုံပါတဲ့တီရှပ်ဖြစ်နေမလား၊ဒါမှမဟုတ်သူ့အင်းလေးပြန်လက်ဆောင်သူနဲ့တဆင်တည်းအင်္ကျီလေးပဲဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ်
အဆင်ပြေမှာပါလို့ တွေးနေမိတယ်။
  '' ဒါဆိုအဆင်ပြေတယ်မဟုတ်လား''
 သူအမှတ်တရဝယ်လာပေးတဲ့အင်္ကျီလေးနဲ့ခရမ်းနောက်ခံမှာအပွင့်လေးတွေပါတဲ့လုံချည်လေး ဖြစ်နေတော့တယ်။သည်ဝတ်စုံလေးတွေက သူတို့ဇနီးမောင်နှံ
အတွက်အဆင်ပြေလိုက်လျောညီထွေ ဖြစ်သွားတာကို သူကကျေနပ်သဘောကျကျေနပ်သွားတာပေါ့။
       '' အံမယ်...အံမယ်..ဒါတွေက ဘယ်ကရ''
       ဇနီးသည်က သူဝတ်မယ့်အင်္ကျီခေါက်ကို ဖြန့်လိုက်တဲ့အခါမှာ တွေ့လိုက်ရလို့အံ့သြသွားတာပါ။ စတစ်ကာလေးတွေမှ အများကြီးပါပဲ။ အကြီးအသေးစုံ
လို့နေပါတယ်။
       '' လိုက်ဝေတာလေ...ပါးမှကပ်မယ်၊ ရင်ဘတ်မှကပ်မယ်''
  ကလေးတစ်ယောက်လို မြူးတူးနေတဲ့ ဇနီးသည်ကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်။သူတို့အိမ်ရှင်မ တွေခမျာ တစ်နေ့တစ်နေ့ ရုန်းကန်နေရတဲ့လှုပ်ရှားမှု
တွေအတွက်မွန်းကျပ်ထိုင်းမှိုင်းလေးလံနေရှာမှာပါပဲ။ မမျှတတဲ့ဘဝတွေအတွက်၊မညီမျှတဲ့လူနေမှုစနစ်တွေအတွက်မီးဖိုချောင်ဗေဒကို အောင်မှတ်ရဖို့၊အမှတ်
တစ်မှတ်ရဖို့လှည့်ပတ်ပြီးအမှတ်ရှာနေရတဲ့ သူတွေလို့သူကကဗျာဆန်ဆန်မှတ်ချက်ပေးနေမိတယ်။သား၊ငါး၊အသီး၊အရွက်၊ဆန်၊ဆီ၊ဆား၊နနွင်း၊ဂျင်းဘယ်သင်း၊
ဘယ်အချိုးထည့်ဆိုပြီးသက်သာတဲ့ဟင်းကောင်းတစ်ခွက်ရဖို့ ဖော်မြူလာအသစ်တွေအမြဲတမ်းကြံဆနေရရှာတာပါ။

(၂)
       လွန်ခဲ့တဲ့တစ်နှစ်ကျော်ကို သူကပြန်သတိရနေမိတယ်။ သူတို့ရပ်ကွက်လေးရဲ့အထင်ကရလမ်းမကြီးနဲ့ လမ်းသွယ်လေးတွေမှာ ကွန်ကရစ်လမ်းခင်းကြ
တာကိုပါ။နေ့နေ့ညညတစ်လမ်းပြီးတစ်လမ်းခင်းသွားကြတာပဲဖြစ်ပါတယ်။ရပ်ကွက်လေးထဲကအိမ်ထောင်စုအားလုံး ငွေအား၊လုပ်အားတတ်စွမ်းသမျှပူးပေါင်း
ပါဝင်ပြီးညီညီညွတ်ညွတ်နဲ့လုပ်ဆောင်ကြတာဆိုတော့မိုးရွာတိုင်းရေဝပ်၊ရေဆိုးမြောင်းကလျှံတဲ့ရေတွေ လမ်းပေါ်ရောက် တဲ့ ရပ်ကွက်လေးကအရည်ခွံခွာ
လိုက်သလိုကို ပြောင်းလဲသွားတာပါပဲ။ ညမှာလာပုံသွားတဲ့ကျောက်တွေ၊ သဲတွေကို ပေါက်ပြား၊ ဂေါ်ပြား၊ ဒယ်အိုးကိုယ်စီနဲ့လမ်းခင်းကြတဲ့ရပ်ကွက်သူ၊
ရပ်ကွက်သားအားလုံးရဲ့ လုပ်အားအလှူဟာ ပီတိဖြစ်စရာကောင်းလှပါတယ်။ စီမံသူတွေရဲ့ စေတနာ၊ လုပ်အား၊ ဒါနပြုသူတွေရဲ့စေတနာအရိပ်အရောင်
ကြောင့် ရပ်ကွက်လေးရဲ့ လမ်းသွယ်(၆)ခုဟာ နေ့ချင်း၊ညချင်းထည်ထည်ဝါဝါဖြစ်သွားတယ်လို့သူကထင်နေမိတယ်။ ရပ်ကွက်ကလေးရဲ့ရွာနေပြည်တွေ
ကလည်း ပြန့်ပြူးညီညာတဲ့ လမ်းလေးတွေရဲ့ အလှတရားကို အကျည်းမတန်စေဘူး။ အမှိုက်တစ်စမရှိအောင်ကိုကိုယ့်အိမ်ရှေ့ကိုယ်လှဲကျင်းကြတာဆို
တော့ အမြဲသန့်ပြန်နေတယ်။ ခွေးချေးတွေတပုံတပင်၊ ဗာဒံရွက်ခြောက်တွေ၊ ကျွတ်ကျွတ်အိတ်ဟောင်းတွေနဲ့ မြင်မကောင်းခဲ့တဲ့ လမ်းလေးတွေရဲ့ အတိတ်
ဆိုးက ဟိုဘက်မှာ ကျန်ရစ်ခဲ့ပြီ။
 ''ဒါဖြစ်သင့်တာကြာပြီဗျ...ဘတ်ဂျက်မကျလို့တို့၊ဒီထက်အရေးကြီးတဲ့စီမံကိန်းတွေရှိလို့ဆိုတာတွေနဲ့ကျွန်တော်တို့ရပ်ကွက်လေးရွှံ့ဗွက်ထဲကမထွက်နိုင်တော့
တာ ခုတော့ဟန်ကျတယ်ဗျို့''

       သူတို့အိမ်ဘေးက စာရေးကြီးပြောတာကို သူကလည်းထောက်ခံနေမိတယ်။ လမ်းထဲကကလေးငယ် လေးတွေ စက်ဘီးစီးမလား၊ ဆောင်းတွင်းကာလ
တွေမှာကြက်တောင်ရိုက်မလား၊ဂိုးကျဉ်းဘောလုံးကစားမလား၊အားလုံးအဆင်ပြေလောက်အောင်ကိုလမ်းလေးတွေဖြစ်တည်လာတာလေ။
       '' အေးဗျာ... အားလုံးကို ကျေးဇူးတင်တယ်။ ဆိုက်ကားသမား၊ တက္ကစီသမားမဝင်ချင်တဲ့ ကျွန်တော် တို့ရပ်ကွက်ရဲ့ လမ်းကလေးတွေ အခုလိုထည်ထည်
ဝါဝါဖြစ်သွားတာ ကျေနပ်စရာပဲ။''
    သူ့တုန့်ပြန်စကားကို စာရေးကြီးက အကျေနပ်ကြီးကျေနပ်ပြီးခေါင်းတညိတ်ညိတ်လုပ်နေလေရဲ့။ အခုမှ ပေးသူ၊ ယူသူ၊ ဝယ်သူ၊ ရောင်းသူ အသံတူဖြစ်နေ
တော့တယ်။

x          x          x          x          x

       လမ်းသွယ်လေး(၆)ခုလုံးရဲ့ ကွန်ကရစ်ခင်းခြင်း အောင်မြင်ပြီးဆုံးသွားပြီးတစ်ပတ်လောက်မှာပဲ လမ်းသွယ် လေးတွေရဲ့လမ်းထိပ်မှာ အထိမ်းအမှတ်
ကပ္ဗည်းအုတ်ခုံလေးတွေလာလုပ်တာတွေ့တော့ရပ်ကွက်သူ၊ရပ်ကွက်သားတွေ အံ့သြကုန်ကြပါလေရော။သည့်ထက်ပိုပြီးအံ့သြစရာကောင်းတာကအုတ်ခုံလေး
တွေရဲ့ဗိသုကာပန်းရံဆရာကဦးစန်းဖြစ်နေတာကိုပါပဲ။ အချိန်ပြည့်ရေဒီယိုလေးနားကပ်ထားတဲ့ ဦးစန်းဆီက ကမ္ဘာ့ သတင်း၊ မြန်မာ့သတင်းအစုံကြားရတတ်
ပြီး လူထူထူရှေ့မှာ သူ့ထင်မြင်ချက်တွေ၊ သုံးသပ်ချက်တွေ အာပေါင် အာရင်းသန်သန်ပြောတတ်တော့ မျက်စိကြီး၊ နားကြီးသူလို့ ရပ်ကွက်လေးက ထင်မှတ်ထား
ခဲ့ကြတာလေ။
       ဦးစန်းရဲ့လက်ရာက အဖြူရောင်မှာ အစိမ်းအနားကွပ်၊ ကနုတ်ပန်းတွေတောင် ပါလိုက်သေးဆိုတော့ သူတို့အားလုံးမရှင်းမလင်းဖြစ်၊တီးတိုးတီးတိုး
သဖန်းပိုးလုပ်နေကြပေမယ့်လမ်းသွယ်လေးတွေရဲ့ထိပ်မှာအုတ်ခုံတွေကအခိုင်အခန့်တည်ရှိသွားကြပါပြီ။ ဦးစန်းကလည်း ခေသူမဟုတ်ပါ၊ ဝါရင့်ပန်းရံဆရာ
လောက်ကို လက်ရာကောင်းပါတယ်။ ဒါကြောင့် သူ့လက်ရာအုတ်ခုံလေးကို သမင်လည်ပြန်တော့ကြည့်မိကြတာပါပဲ။ ဦးစန်းကတော့ ကြည့်လို့မဝနိုင်
ဖြစ်နေလိမ့်မယ်လေ။
       '' ဆရာ..စဉ်းစားကြည့်ပါဗျာ''ဆိုပြီး လက်ဘက်ရည်ဆိုင်ရှင်ကပြောလိုက်၊ သူကြီးတို့၊ အကျိုးတို့ ပါတဲ့စကားပုံတွေကို ကျောင်းဆရာကရွတ်ပြလိုက်နဲ့
သူတို့စကားဝိုင်းလေးက သက်မဲ့ရုပ်ဝတ္ထုတွေအပေါ် မှတ်ချက်ပေးနေကြတယ်။
''သည်ကြားထဲဦးစန်းကတစ်မှောင့်''ဆိုတာကပါသေး။သူကတော့ဘယ်သူဘာပြောပြောမှတ်ချက်လည်းမပေး၊သုံးသပ်ချက်လည်းမပြောဘဲ အုတ်ခုံလေးကိုသာ
ငေးမောကြည့်နေမိတယ်။
 '' ကိုယ့်လူကော ဘယ်လိုထင်လဲ''
  ကျောင်းဆရာကပခုံးပုတ်ပြောတော့ ရုတ်တရက်ဘာပြောရမှန်းမသိ ဖြစ်သွားသေးတယ်။
''အင်း...သည်အတိုင်းပစ်ထားတာနဲ့စာရင်ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်လမ်းကောင်းလေးတွေဖြစ်တည်လာတာကိုကျေနပ်လိုက်ပါ။ ကိုယ်ပေးခဲ့တဲ့ ချွေးစက်တွေ အလဟသဖြစ်သွားတာမှမဟုတ်တာ။''

       သူ့စကားက ဖျောင်းဖျတာလား၊ တိုက်တွန်းတာလား၊ နှစ်သိမ့်တာလား သူလည်းရေရေရာရာ မခွဲတတ်ခဲ့ပါဘူးလေ။

(၃)
 
      အခုတော့ သူတို့ရပ်ကွက်လေးမှာ အုံးအုံးကျွတ်စည်ကားနေပြီ။သူရောသူ့ဇနီးရော၊ ကလေးတွေရော၊ အိမ်ရှိလူကုန် လမ်းပေါ်ရောက်ရှိနေကြပြီး သူတို့ကြိုရမယ့်
သူကိုမျှော်နေကြတာပါ။ လူပင်လယ်ကြီးပါပဲ။ သူ ဒစ်ဂျစ်တယ်ကင်မရာလေးကို ထုတ်ပြီး ဓါတ်ပုံတွေလျှောက်ရိုက်နေမိတယ်။ သူ့ဇနီး၊ သူ့ကလေး၊ နံဘေး အိမ်၊
ရပ်ကွက်ထဲက လူကုန် အို...အစုံပါပဲ။ ဒစ်ဂျစ်တယ်ကင်မရာ ခလုပ်ကိုတရစပ် နှိပ်နေတာဆိုတော့ သူ့ကင်မရာမီးလေး တဖျက်ဖျက်လင်းလက်လို့။  
တောင်ပေါ်သားကြီးရဲ့ သီချင်းမြိုင်မြိုင်ကြား ကနေတဲ့သူတွေ၊ ရှမ်းအိုးစည်နဲ့ကနေသူတွေ၊ ပန်းစည်းကိုင်ထားသူတွေ အလံငယ်လေးကိုင်ထားသူတွေ၊ သတင်း
ဓါတ်ပုံဖြစ်လောက်တဲ့ ပုံတွေပါပဲ။ သူ့အတွက်တော့ မှတ်တမ်းတင်အဆင့်လောက်နဲ့ ရပ်မနေတော့ဘူး။ တကယ့်ကို ပုံကောင်းတွေလို့မှတ်ထင်မိတယ်။
 ကွန်ပျူတာမှာ တင်ကြည့်လိုက်ရင်ပိုပြီးပြတ်သား ရှင်းရှင်းလင်းလင်းရှိမယ်။ လူလှိုင်းလုံးကြီးတွေကို အထုအထည်နဲ့ကိုရလိုက်တဲ့ ဓါတ်ပုံတွေလို့ သူကတွေးတယ်။
 ပုံတွေအများကြီးရပြီဆိုတော့ သူကျေနပ်သွားပြီလေ။ သူ့ကင်မရာလေးကို ပါဝါမီးပိတ် အင်္ကျီဘေးအိတ်ထဲထည့်ပြီး လမ်းထဲပြန်အဝင်မှာမြင်ကွင်းတစ်ခုကြောင့်
သူတုန့်ကနဲဖြစ်သွားပါလေရော။ ချက်ချင်းပဲ ကင်မရာကိုဆွဲထုတ်၊ ပါဝါအမြန်ဖွင့်၊ ကင်မရာခလုတ်ကို ဆက်တိုက်နှိပ်ပစ်လိုက်တယ်။ အနည်းဆုံး ဆယ်ပုံအထက်
တော့ရှိမယ်။
    ကင်မရာရဲ့မော်နီတာစခရင်မှာ ပေါ်လာတဲ့ပုံကို ကြည့်ရတာအားမရနိုင်တော့ဘူး။ ဇနီးသည်ရှာပြီး အိမ်သော့တောင်း၊ နောက်ဆုံးရိုက်လိုက်တဲ့ ဓါတ်ပုံကို
ကွန်ပျူတာမှာထည့်ပြီး ကြည့်လိုက်ချင်ပြီ။ ပုံကကောင်းမှာပါ။ အမှတ်တမဲ့ ရလိုက်တာပေမယ့် အလင်းအမှောင်၊ အနီးအဝေးပြတ်သားပြီး စာလုံးလေးတွေတောင်
ဖတ်လို့ရသွားလိမ့်မယ်ထင်တယ်။

x          x          x          x          x
       လူတစ်ယောက်၊ အရုပ်ပါ တီရှပ်အဖြူအင်္ကျီ၊ ရိုးရာလုံချည်နဲ့ နှင်းဆီနီလေးတွေ ပွေ့ပိုက်ပြီး ကြိုရမယ့်သူကိုမျှော်နေတာ။ မျက်ဝန်းကအရောင်တွေ
 လက်နေတယ်လို့ထင်ရအောင် တောက်ပလွန်းပါတယ်...။  ညောင်းလို့ထင်ပါရဲ့။ လမ်းထိပ်က အုတ်ခုံလေးကိုမှီလို့လေ။   ဘယ်သူဖြစ်မယ်ထင်လဲ။