မိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်း ရောက်ပြီလေ



၁၉၄၂
စစ်ဖြစ်တော့မယ်။ ဂျပန် ၀င်တော့မယ်လေ။ ဒီတော့ အဖေ အမျိုးတွေ ရှိတဲ့ ဝေါကို မွေးရပ်မြေ နောင်ပတ္တရာ ကနေ ပြောင်းခဲ့ ကြရတယ်။ နောင်ပတ္တရာက ဝေါမြို့နယ်ထဲမှာပဲ။ ပဲခူးနဲ့ သိပ်မဝေးဘူး။ ပဲခူး-မော်လမြိုင် ရထားလမ်းမှာ ရှိတယ်။ ပဲခူးက အထွက် ကလိဘူတာ ပြီးရင် နောင်ပတ္တရာပဲ။
အဖေ၊ အမေ၊ အစ်ကိုကြီး ကိုအောင်ရွှေ၊ အစ်ကိုလေး ကိုအောင်ဖေ၊ အဘွားနဲ့ ညီမလေး မကျင်ပု အားလုံး ၆ ယောက်။ အင်း...အစ်ကိုကြီး ကိုအောင်ရွှေက ၈ တန်း၊ ကိုအောင်ဖေက ၆ တန်း၊ အဘွားက ၄ တန်း၊ ညီမလေး က ၂ တန်း။ အဘွားက ၁၂ နှစ် သမီးလောက်တော့ ရှိပြီ။ ၁၂ နှစ်သမီး ၄ တန်းပဲ ရှိသေးတယ်ဆိုပြီး မင်း မရယ် နဲ့လေ။ အဲသည် ခေတ်တွေတုန်းက မိန်းကလေး ကျောင်းနေရတာပဲ ဟုတ်လှပြီ။ ဒါတောင် မြစ်ကျိုးက ဆရာကြီး ဦးဘသောင်းတို့မှာ သားသမီး မရှိလို့ အဘွားကို ချစ်လို့ ခေါ်ထားရာက ကျောင်းနေ ဖြစ်တာ။ အဖေတို့၊ အမေတို့နဲ့ နေလို့ကတော့ အဖေ့ရဲ့ချောက် ချီးချောက်ချက် ခေါက်ဆွဲ လက်ဖက်ရည်ဆိုင် ၀င်ကူနေရမှာလေ။

ဆရာကြီး ဦးဘသောင်းဆီမှာ နေတော့ ဆရာ ကြီးက စာဖတ်ဖို့ အမြဲတိုက်တွန်းတယ်။ ဆရာကြီးဆီမှာ နဂါးနီ စာအုပ်သင်းက ထုတ်တဲ့ စာအုပ်တွေ အများကြီး ရှိတယ်။ ဆရာကြီးက သူ ဖတ် ထားတာတွေ ပြောပြတဲ့ အပြင် ကိုယ်တိုင် ဖတ်ခိုင်းတာဆိုတော့ စာအုပ်တွေနဲ့ ရင်းနှီးသွားပြီ။ ကျွန်ဘ၀က လွတ် မြောက်ဖို့ရာမှာ နဂါးနီစာအုပ် အသင်းကြီးရဲ့ကျေးဇူးသိပ်များတယ်။ သခင်လေးမောင် ရေးတဲ့ အလုပ်သမားနဲ့ လယ် သမားများသာ တိုင်းပြည်၏ သခင်တို့၊ မောင်စိုးရဲ့ ရေနံမြေအရေးတော်ပုံ၊ ဦးသန့်(ပန်းတနော်)ရေးတဲ့ လက်ဝဲ ဂိုဏ်းများ၏ ၀ါဒ၊ မောင်နုရဲ့ ကျွန်တော်ဘုံသမား တို့ကို ဖတ်ခဲ့ဖူးတာပေါ့။ ဟုတ် တယ် ဟုတ်တယ်။ ဦးသန့် (ပန်းတနော်)ဆိုတာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လုပ်သွားတဲ့၊ ကမ္ဘာတစ်ဝှမ်းလုံး လေးစားတဲ့ မြန်မာ့ဂုဏ် ဆောင်ပေါ့။ မောင်နုက ၀န်ကြီးချုပ်ဟောင်း ဦးနုလေ။ စာရေးတာ သိပ်ကောင်း တယ်ကွဲ့။

စနေ နဂါးနီဂျာနယ်မှတ်တယ်...၀ါဒဋီကာခေါင်းစဉ် အောက်မှာ ရေးတာလေ။ ကြိုက်လွန်းလို့ စွဲနေတာ အခုချိန်ထိပဲ။ သားသမီးတွေကိုလည်း သတိရတိုင်း ပြော ပြဖူးတယ်။ မင်းလည်း မှတ်သွားဦး။ လူတန်းစေ့ ဆိုရှယ်လစ်ဝါဒ ခေါင်းစဉ်မှာ ဘာရေးလဲဆိုတော့ “သင့်မှာ နွားနှစ်ကောင်ရှိလျှင် တစ်ကောင် အား သင့်အိမ်နီးချင်း မိတ်ဆွေ သို့ပေးပါ” တဲ့။ လောကနိဗ္ဗာန် ကွန်မြူနစ်ဝါဒကျတော့ “သင့်မှာ နွားနှစ်ကောင်ရှိလျှင် နှစ် ကောင်စလုံး အစိုးရသို့ ပေး အပ်လိုက်ပါ။ အစိုးရက သင့် ကို နို့အနည်းငယ်ပေးလိမ့်မည်”တဲ့။ နာဇီဟစ်တလာ ၀ါဒကတော့ အတော်ဆိုးသကွဲ့။ “သင့်မှာ နွားနှစ်ကောင်ရှိလျှင် အစိုးရက သင့်ကို ပစ် သတ်ပြီး သင့်နွားများကို သိမ်းသွားမည်”တဲ့လေ။

နဂါးနီကြောင့် ဇာတိသွေး၊ ဇာတိမာန်၊ ရဲစိတ်၊ ရဲမာန်၊ နိုင်ငံရေး အသိတွေ တစ်မျိုးသားလုံး ရခဲ့တယ်။  တော်လှန်ရေးတိုင်းမှာ စာပေ ကျေးဇူးကြီးတယ်နော်။ အဲဒါ မြဲမြဲမှတ်။ ဝေါရောက်ပြီး မကြာပါ ဘူးကွယ်။ စစ်က ဖြစ်ပြီ။ ညနေစောင်းတာနဲ့ ကျွဲနှစ်ကောင်လို့ ခေါ်တဲ့ တိုက်လေ ယာဉ်မည်းမည်းကြီးတွေက  စက်သေနတ်နဲ့ တရစပ်ပစ်၊ ဗုံးတွေကြဲနဲ့ ဗုံးခိုကျင်းတွေထဲ ၀င်ခို ရတော့တာပေါ့။ အမေက အဘွားတို့မောင်နှမတွေကို အိတ်ရှုံ့လေးတွေ ချုပ်ပေး ပြီး ထမင်းခြောက်တွေထည့်၊ လည်ပင်းဆွဲ ပေးထားတယ်။  ရှုံ့အိတ်လေးကို ကိုယ်နဲ့ မကွာ ထားရတာလေ။ ဘယ်မှာ ထမင်းချက်စားနိုင်မှာတုံး။ ဗုံးခိုကျင်းထဲ နေရတာဆိုတော့ ထမင်းခြောက်ဝါး၊ ရေနဲ့ မျှောချ၊ သည်လိုပဲ အသက် ဆက်ခဲ့ရတာလေ။ တစ်ရက် ဗုံးခို ကျင်းထဲခိုတုန်း မီးကျည် တွေ ဗုံးတွေကြဲတော့ အဖေ့ အစ်မ အဘွားတို့ အဒေါ်အိမ်ကြီးလည်း မီးလောင်ပါရော။ ဗုံးကြဲလေယာဉ်တွေ မရှိတော့ တဲ့အချိန်၊ ဗုံးခိုကျင်းထဲက ထွက်ပြီး ကိုယ့်အိမ်ပေါ် ပြန်တက်ခွင့် မရှိတော့ဘူးပေါ့။ မြို့ပြင်မှာ တဲထိုးပြီးနေခဲ့ရ တယ်။

ဆေးဝါး မရှိတဲ့ ကာလကြီး ဆိုတော့ အဖေလည်း ဒူလာရောဂါ မကုလိုက်ရဘဲ ဆုံးရော။ ဆေးမြီးတိုတွေပေါ့ကွယ်။ ဟိုအရွက် ပြုတ်သောက်၊ ဒီအရွက် ကျိုသောက်၊ ငါးရှဥ့်ဟင်းချက် စားလောက်နဲ့ ပြီးရတာကိုး။ အဖေ ဆုံးတော့ အစ်ကို နှစ်ယောက်လည်း စက်ဘီးကယ် ရီသမားတွေ ဖြစ်ကုန်တယ်။ အခုခေတ် ဆိုင်ကယ်ကယ်ရီ သမားတွေလိုပေါ့။ အစ်ကို ကြီးနဲ့ အစ်ကိုလေး တော် တော်ပင်ပန်းရှာပါတယ်။ အဘွားနဲ့ ညီမလေး မကျင်ပုလည်း ဆေးလိပ်လိပ်တတ် နေပြီဆိုတော့ အနည်းအကျဉ်း ၀င်ငွေရနေပြီ။ အစ်ကိုကြီးကို အောင်ရွှေ အာရှလူငယ် အဖွဲ့ထဲဝင်တော့ သူ့သူငယ်ချင်း သုံးယောက်ပါ ပါလာပြီး အဘွားတို့အိမ်မှာ နေကြတယ်။ အစ်ကိုကြီးတို့ သူငယ်ချင်းတွေ ပြောတဲ့ နိုင်ငံရေး သဘော တရားတွေ နားရည်ဝ ကြားရ ဖန်များတော့ အဘွားလည်း စိတ်ဓာတ်တက်ကြွပြီး  ရဲမေ ဖြစ်သွားတော့တာပဲ။ ကွန်မြူ နစ်ပါတီဝင် ရဲမေပေါ့။

ကြားဖူးတယ် မဟုတ်လား။ ဆန်လုပွဲတို့၊ အာဏာပိုင်ရုံးတွေ ၀ိုင်းတဲ့တိုက်ပွဲတို့၊ အခွန်မပေးရေး တိုက်ပွဲတို့၊ မြေပိုင်ရှင်တွေရဲ့ မြေတွေပေါ်  တဲအိမ်တွေ ၀င်ဆောက်တဲ့ တိုက်ပွဲတို့လေ။ မှတ်မိသေး တယ်။ ဝေါက မြဂိုဏ်းဆန်စက်မှာ ဆန်ဝင်လုတော့ ရဲ တွေက တုတ်တွေနဲ့ ရိုက်တာ။ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကိုယ်ဝန်ပျက်ကျ၊ တချို့လည်း ပဲခူးအချုပ်ခန်းထဲ ရောက်။ တကယ့်ပွဲကြီးပွဲ ကောင်းပဲ။ ဘယ်ပြောကောင်း မလဲ ထိပ်ဆုံးကကို ပါတာ။ ပဲခူးဖဆပလ ဥက္ကဋ္ဌ ဘူးသီး အဲ အဲ သူ့နာမည်ရင်း ရှိတယ်။ ဘာတဲ့ သြော် မှတ်မိပြီ ဦးသာဒင်တဲ့။ အတွင်းရေးမှူး က ကိုစိန်မောင်။ အဘွားတို့နဲ့ ညှိနှိုင်းကြတာ အဆင်မပြေ ဘူး။  နောက်တော့ ဖဆပလ ဥက္ကဋ္ဌကြီးက ခေါ်တွေ့တော့ တာပဲ။ ဟုတ်တယ်လေ ဖဆပလ ဥက္ကဋ္ဌက ဗိုလ်ချုပ်ပေါ့ ကွဲ့။ မင်းကလည်း ဗိုလ်ချုပ် ပါဆိုမှ ဘယ်သူဖြစ်မလဲ။ တို့ တစ်မျိုးသားလုံးရဲ့ ဗိုလ်ချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းက လွဲရင် ဘယ်သူဖြစ်လိမ့်မတုံး။ ဒါနဲ့ ဦးကြီးမြင့် ဦးဆောင်ပြီး ဗိုလ် ချုပ်ဆီ သွားကြတယ်။ ဟုတ် တယ် အခုပြတိုက်လုပ်ထားတဲ့ နတ်မောက် လမ်းသွယ်ထဲက အိမ်ပေါ့။

အဘွားတို့ အမျိုးသမီး အယောက် ၂၀ က ဘဲဥပုံစား ပွဲကြီးရဲ့တစ်ဖက်တစ်ချက်မှာ   ၁၀ ယောက်စီခွဲ ထိုင်ကြတယ်။ ဗိုလ်ချုပ်က စားပွဲထိပ်မှာ ထိုင်တယ်။ အချိန်က ညနေ ၄ နာရီခွဲလောက်ရှိမယ်။ ဗိုလ်ချုပ်က မီးခိုးရောင် ဖလန်နယ် အင်္ကျီ၊ လုံချည် တစ်ပတ်နွမ်းလေးနဲ့ လည် ပင်းမှာ မာဖလာပတ်ထားတယ်။ အင်္ကျီကိုတော့ လက် ခေါက်ထားတယ်။ စားပွဲကို လက်သီးနဲ့ ထုထုပြီးတော့ ဒေါပွနေတော့တာ။ ဝေါမှာ ဖြစ်ခဲ့တဲ့ အကြမ်းမှုကိစ္စကို ဗိုလ်ချုပ် သိပ်စိတ်ဆိုးကြတယ်။ အကြမ်းဖက်တာ၊ လုတာ၊ ခိုးဝှက်တာ၊ ဗိုလ်ကျစိုးမိုးတာကို တို့ဗိုလ်ချုပ် အရမ်း မုန်းတယ်။ အဘွားတို့က ငယ် ရွယ်သူဆိုတော့ ဝေဖန်ပိုင်းခြားမှုမရှိဘူး။ တက်ကြွပြီး ရှေ့ကလုပ်သမျှ လိုက်လုပ်တော့တာ။ တကယ့်ကို မကြောက်မရွံ့။ မှန်၏ မှား ၏၊ ဖြစ်သင့်မဖြစ်သင့် မစဉ်း  စား မဆင်ခြင်ခဲ့ပါဘူးကွယ်။

“အချောင်သမားတွေနဲ့  ကွဲအက်ရေး၊ ခွဲထွက်ရေးဟာ လီနင်ရဲ့လမ်းစဉ်ဖြစ်တယ်”လို့ သခင်စိုးက ကြွေးကြော်ခဲ့တယ် လေ။ သခင်စိုးက အလံနီ၊ အဘွားတို့က ဗမာပြည်ကွန် မြူနစ်။ သခင်သန်းထွန်းပါတီ ပေါ့။ ၁၉၄၆ ခုနှစ်၊ ဖေဖော် ၀ါရီမှာ ကွန်မြူနစ်နှစ်ခြမ်းကွဲ တယ်။

၁၉၄၈
၁၉၄၇၊ ဇူလိုင် ၁၉ မိုး ဖွဲဖွဲတွေကြားမှာ တစ်ပြည်လုံး သည်းအူပြတ်မတတ် ကြေ ကွဲသွားကြပြီ။ ဗိုလ်ချုပ်အပါ အ၀င် ခေါင်းဆောင်ကြီးတွေ နယ်ချဲ့လက်ပါးစေတွေရဲ့စက် သေနတ်အောက်မှာ အသက်  စတေးခဲ့ရပြီ။ ၁၉၄၈ ဇန်န၀ါ ရီမှာ အင်္ဂလိပ်က လွတ်လပ် ရေးပေးတယ်။ ခေါင်းဆောင် ပိုင်းကတော့ အကွဲကွဲ အပြဲပြဲ  ဖြစ်၊ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ရှုပ်ထွေးနေတာ။ လွတ် လပ်ရေးရပြီး သိပ်မကြာဘူး။  နှစ်လ၊ သုံးလလောက်ပဲ ကြာမယ်။ ဗမာပြည် ကွန်မြူနစ် ပါတီက ပျဉ်းမနား ကွန်ဂရက် လုပ်တယ်။ သူ့အရင်က ဖြူး ကွန်ဂရက်။ ပျဉ်းမနား ညီလာခံက သိပ်ကြီးကျယ်တယ်။ ဝေါက ၂၀၀ ကျော် တက် ကြတာ။ ခြေလျင်သွားခဲ့တာ လေ။ လမ်းမှာ သုံး၊ လေးည အိပ်ရတယ်။

ဘုန်းကြီး ကျောင်းတွေမှာ တည်းကြ၊ ခိုကြတာပေါ့။ လမ်းခရီးရွာ တွေက ထမင်းထုပ်တွေ ဝေ တယ်။ တချို့ရွာတွေကျတော့ ကြံရည်၊ မန်ကျည်းဖျော်ရည် တိုက်၊ မုန့်၊ ကြံသကာတွေ ကျွေးနဲ့ အားပေးခဲ့ကြတယ်။ အဘွားတို့ မောင်နှမတွေကတော့ အတက်ကြွဆုံးလို့ ဆိုရလောက်တယ်။ အမေနဲ့ ညီမလေးပဲ ကျန်တာ။ အစ်ကိုနှစ်ယောက် က ပါတီအလံကိုင်၊ အဘွား တို့က လက်သီးလက်မောင်း တန်း ကြွေးကြော်ချီတက် တာပဲ။ နေမကောင်းတဲ့သူ တွေကိုကုန်ကားကြီးတွေနဲ့တင် ခေါ်သွားကြတာ။ အဘွား ကတော့ မာသလား မမေးနဲ့။ ပျဉ်းမနား ဘောလုံးကွင်းထဲ အရောက် ခြေနာတာလည်း မရှိ။ ခေါင်းကိုက်တာလည်း မရှိ။ ဒေါင်ဒေါင်မြည်ပဲ။

ပျဉ်းမနား ကွန်ဂရက်မှာ  သခင်သန်းထွန်း တရားဟောတယ်။ ညပိုင်းမှာ ဗီယက်နမ် စစ် ရုပ်ရှင်ပြတယ်။ တကယ့် အဖြစ်အပျက်တွေကို ရိုက်ထားတာ။ ဇာတ်လမ်းရုပ်ရှင် မဟုတ်ဘူး။ စစ်အနိဋ္ဌာရုံပေါ့ ကွယ်။

ကွန်ဂရက်ပြီးတော့ ရထားစီးပြီး ပြန်လာကြတာ။ မီးသွေးခေါင်း စက်ခေါင်းနဲ့ ဆွဲတဲ့ကျောက်ရထားလေ။ ကျောက်တင်တဲ့ တွဲပက်လက် ပေါ်မှာ တပျော်တပါးကြီး။ ပါတီဝါဒ သီချင်းတွေ သံ ပြိုင်သီဆိုကြတာ။ မှတ်မိတာ ပေါ့။ ဆိုပြရဦးမယ်။ ၈၀ ကျော် အဘွားကြီးဆိုတော့ အသံတွေက တုန်နေမှာကွဲ့။ စာသားတွေက မမေ့ဘူး။ နှ လုံးသားထဲ စွဲနစ်နေတာဆို တော့ မှတ်မိနေတယ်။

ဖိနှိပ် ချုပ်ချယ်မှုတွေ များပြားလို့ရယ် သူပုန်ထတယ်။ ပျဉ်းမနား နတ်မောက် အရေးကိုကွယ် တစ်တိုင်းပြည်လုံးက ထောက်ခံစေဖွယ်။ သူပုန် ဘာကြောင့် ထရတယ်။ ဖိနှိပ်ခဲ့တယ်။ လယ်မဲ့ယာမဲ့၊ ပစ္စည်းမဲ့ကို ချုပ်ချယ်လို့သာ သူပုန်ထတယ်။ ရာဇ၀င်မျှော်တွေး သွေးနဲ့ ရေးရမယ်။ လယ်သမား သူပုန် အောင်မြင်ဖို့မနှေး အာဏာတွေ သိမ်းရမယ် ကိုယ့်ကြမ္မာကိုယ်ဖန်ဖို့အရေး တကယ်ပင် သူပုန်ထလို့ သွေးမြေကျအောင် တိုက်ရပြန်တယ်။ ချီးကျူးတယ်၊ ဦးညွတ်တယ်။ လယ်ဝေးသူပုန်ကြီး ကြီးမားလာစေဖွယ်။ နယ်ချဲ့သမားတွေ ညှဉ်းပန်းမှုကြောင့် လူမွေးလူတောင် မပြောင်တယ် ဆင်းရဲတွင်း နက်ပါလို့ သူပုန်မီးကို မွှေးရတယ် တိုက်မယ် တိုက်မယ် ခိုက်မယ် ခိုက်မယ် နယ်ချဲ့သမားကို ပြုတ်အောင် ဒို့တိုက်မယ်။ လယ်သမားသူပုန် အောင်မြင်ဖို့ မနှေး......................... ကြီးမားလာစေဖွယ်။

မတ်လ ၁၈ ရက်နေ့ ညီလာခံပြီးတယ်။ နောက် ၁၀ ရက်ကြာ မတ် ၂၈ ဗမာ ပြည်ကွန်မြူနစ်ပါတီ တောခို တော့တာပဲ။

အစ်ကိုကြီး ကိုအောင် ရွှေ၊ အစ်ကိုလေး ကိုအောင်ဖေနဲ့ အဘွားတို့မောင်နှမ သုံး ယောက် တောခိုခဲ့ကြတယ်။ အမေနဲ့ ညီမလေး မကျင်ပုတို့က ဆွေမျိုးတွေကြား ကျန်ရစ်ရှာတယ်။ တောထဲ သုံး၊ လေးလလောက် ကြာတော့ အမေနဲ့ ညီမလေးတို့ အတွက် စိတ်ပူရပြီ။ မငြိမ်မသက်ဖြစ်၊ မငြိမ်းချမ်းတဲ့ ကာလကြီးကိုတော့ ရဲဘော်ဖြူ၊ ပျူစောထီးတွေ သောင်းကျန်း၊ ဓားပြတိုက်၊ လူသတ်၊ ပြန်ပေးဆွဲ တာတွေ ကြားရပြီလေ။ ဒါနဲ့ အမေနဲ့ ညီမလေးကို စိတ်မချ ဖြစ်ပြီး တောထဲ ခေါ်လာ လိုက်တယ်။ မိသားစုတွေ ခွဲ ခွာရတာဟာ ဘယ်လောက် ကြေကွဲစရာ ကောင်းမလဲ။ အခုတော့ တစ်မိသားစုလုံး တောခို ကွန်မြူနစ် ဖြစ်သွားပြီ။

အစ်ကိုကြီး ကိုအောင် ရွှေက ပဲခူးရိုးမဘက်၊ အစ်ကိုလေး ကိုအောင်ဖေက ပြောက် ကျားတပ်ထဲ ပါသွားတယ်။ အဘွားတို့ မိန်းမသားတွေက ညောင်ခါးရှည်မှာ ရှိတဲ့ ပါတီ ရုံးမှာ ထိုင်တယ်။ ညောင်ခါး ရှည်ဆိုတာ ပဲခူးရိုးမထဲမှာပဲလေ။ ပါတီက ပဲခူးရိုးမကို ခြေကုပ်ယူထားတာ။ အဲ သည်မှာ ဇာတ်လမ်းစတာပဲ။ ဟင်း...ဟင်း...မင်း ဒါ မေးချင်နေတာ မဟုတ်လား။ ငါ သိပါတယ်။ သူ့နာမည်က ကိုတင်မောင်တဲ့။ ဌာနချုပ်က နေ ဝေါမြို့နယ်အတွက် ပညာ ကျန်းမာရေးမှူး တာဝန်နဲ့ လွှတ်လိုက်တာ။ ညောင်ခါး ရှည်ရုံးမှာ အခြေပြုတာပေါ့။ အသက် ၃၀ မပြည့်လောက် သေးဘူး။ အဘွားထက် ၁၀ နှစ် ကျော်ကျော်ကြီးမယ်။ ကို တင်မောင်က တောခိုနိုင်ငံရေး သမားပေမဲ့ နုနုဖတ်ဖတ်၊ အနု ပညာသမားကွဲ့။ တောခိုသူ ဌေးသားဆိုတော့ အင်္ကျီရွှေ ကြယ်သီးနဲ့ ပတ်ကားဖောင် တိန်နဲ့။ မြင်ခါစ တော်တော် မျက်စိနောက်စရာ ကောင်း တယ်။ လက်သီး၊ လက် မောင်းတန်း ဒေါင်းတင်၊ မောင်းတင် အဘွားတို့နဲ့ တ ခြားစီပဲ။ သူက အားရင် သူ့ လက်စွဲတော် မယ်ဒလင်လေး တီးနေတော့တာ။ တစ်ခါတစ် ရံ ဘာဂျာလေး မှုတ်တယ်။ သူ့ဂီတအနုပညာကြောင့် ထင်ပါရဲ့။ အားလုံးနဲ့ တည့် တယ်။ ရဲဘော်တော်တော် များများ သူ့ကို ချစ်ကြတယ်။

သူ ခဏခဏ ဆိုတဲ့သီချင်းက-
မြတ်နိုးသူရယ်
ချစ်မိုးစွေခဲ့တယ်
ဘုံကြိုးပြတ်တဲ့
ဒေ၀ီနတ်မျိုးနွယ်
မသိဘူး။ ကိုယ့်ကိုရည် ရွယ်ပြီး ဆိုနေတယ်လို့ မထင် ဘူး။ အဲသည်လောက် အ တာ။ ရှိသေးတယ်။ ဂီတာ စိမ်းမောင် သီချင်း မောင့် သက်လှယ်လေ ဆရာရွှေတိုင်ညွန့် ရေးတဲ့သီချင်း ခုထိ ခေတ်စားပါတယ်ကွယ်။

စိတ်ထဲဝယ်
ကြိတ်ခဲဖြေမရတယ်
လောကီလူ့ဘုံ
ကာမကိလေသာက
နှောင်ကြိုးသွယ်
ချစ်သက်လှယ်
အကြောင်းဆုံပြန်လို့
ပေါင်းဖော်ရန်ဖို့ကွယ်
အချစ်ဦးပေမို့
မေ့ဘူးခင်ရယ်
မေ့ဘူးခင်ရယ်
ဒါလည်း မရိပ်မိသေး ဘူး။ နောက်မှ ရဲမေအချင်း ချင်း သတိပေး၊ လက်တို့ တော့မှ သတိထားမိပြီး ရင် ခုန်တော့တာ။

ခင်စရာ၊ မင်စရာ
ရူပါရုံချောသူသက်လျာ
ကြင်နာစွာ
မောင့်စိတ်ထဲမှာ
ချစ်မိတာ၊ ကြိုက်မိတာ
စေတနာဝေဖြာ၊
ခင်သူဇာ ပျိုမျက်နှာ
အသည်းထဲစွဲတာ
ထာဝစဉ်သာ ခင်တာ၊
ဂေါ်သဇင်ပန်း ရွှင်လန်း
နန်းဥယျာဉ်မှာ
ချူချင်သော်လည်း
စိတ်ထဲ ရဲသွေးမ၀င်ပါ
ခင်နှမသက်လျာ
သနားကြင်နာ
ခွင့်ပေးဖို့ရာ
တောင်းပန်ရတာ
အဲသည်သီချင်းလေး ဆိုတော့
ချစ်မေတ္တာဖြိုးကြွကာ
မိုးကျမယ်လှသူဇာ
ကြည်နူးစွာ
ဖူးစာဖက်နဲ့
အကြောင်းဆက်
နိုင်အောင်သာ
အို ဒေ၀ါသိကြား
မစပါ
ဆိုတဲ့အ ပိုဒ်ကို လိုက်ဆို မိတယ်။ ဆရာ ရွှေပြည်အေး  ရေးပြီး မောင်တင်မောင်ဆို တာ။ ဘရဏီ တဲ့။ သိပ် ကောင်းတဲ့ သီချင်း။ အဆို တော် မောင်တင်မောင်နဲ့ ကို တင်မောင် ရောမသွားနဲ့ဦး။ သတ်သတ်စီ။ ရှုပ်သွားဦး မကွဲ့။

လူပဲလေ။ နှလုံးသား ရှိ တာပေါ့။ တောထဲမှာ နေရတဲ့ ဘ၀တွေ၊ ယုံကြည်ရာ လုပ် နေကြတာဆိုပေမဲ့ ရင်ခုန်စရာ ရှိ ခုန်တာပဲကွဲ့။ နှလုံးသား ကိုတော့ ညာလို့မှ မရတာ။ ၆ လလောက်ကြာတော့ လူ ကြီးတွေ အသိပေးပြီး လက် ထပ်လိုက်ကြတယ်။ လူကြီး တွေက ခေါ်မေးတာပေါ့။ တကယ်ချစ်မြတ်နိုးလို့လား။  စိတ်သဘောချင်း တိုက်ဆိုင် လို့လား။ အနိုင်ကျင့်လို့၊ ကြောက်လို့ လက်ခံရတာ လား။ အကုန်စုံအောင်ကို မေး တော့တာ။ အံမယ် အဲဒီတုန်း က ၃ စုံတွဲကွဲ့။

တောထဲဆိုတော့ မဏ္ဍပ် တွေ ဘာတွေနဲ့ ဘယ်ဟုတ် မလဲ။ ညောင်ခါးရှည် စာ သင်ကျောင်းမှာ ဧည့်ခံပွဲလုပ် တယ်။ ရှပ်အင်္ကျီ၊ ထဘီဖျင် ကြမ်းနဲ့ သနပ်ခါးမှုန်အောင် လိမ်းပြီး တောပန်းလေးပန် ရှိုးထုတ်ရတာပေါ့။ လှလိုက် တာလို့ ပြောတဲ့ ကိုတင်မောင် မျက်ဝန်းမှာ အရည်လဲ့နေ တယ်ကွဲ့။ ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းပြာပြာ ဆိုတဲ့ သီ ချင်းကိုသာ သတိရလိုက် တော့။ ကိုတင်မောင်က လည်း ဘောင်းဘီနဲ့ကုတ်နဲ့ဆို တော့ အတော်ခံ့တာ။ ခံ့ချော ဟုတ်တယ်။ ခံ့ချော။ အံမယ် မင်းက ရယ်တယ်။ ဟောဒီ ဓာတ်ပုံကြည့် တွေ့လား၊ ဘယ်လောက်ချောတယ်ဆို တာ။ ကျွေးတာကတော့ ကော်ဖီ၊ ပေါင်မုန့်၊ မုန့်ကျွတ် ဒီလောက်ပါပဲ။ လက်ဖွဲ့ရယ် လို့ ဘယ်ရမလဲ။ အမှတ်တရ ပစ္စည်းလေးတွေဖြစ်တဲ့ စာ အုပ်တို့၊ ပ၀ါပိုင်းတို့၊  ဖောင် တိန်တို့ ဒီလောက်ပါပဲ။

မင်္ဂလာဦးညမှာ ကိုတင် မောင်က မေ့ပါနိုင် သီချင်း လေးကို မယ်ဒလင်လေး တီး ပြီးဆိုပြတာ ရင်ထဲကို စွဲနေ တော့တာ။
ပါရမီကံ ရင့်သန်တယ် နွဲ့မူဟန်
လှဂုဏ်ကြွယ်တဲ့သူရယ် ဘယ်လိုရှေးကြောင်းကံ
ဆုပန်လာတယ်
မြင်သူတိုင်းလို
နှစ်လိုချစ်ကြည်ညိုဖွယ်
မျက်စိထဲက
ထွက်ပါဘူး
လှမှူးကေသွယ်
စွဲမိပါတယ်
တဲ့။ သတိရတယ် ကွယ်။
၁၉၄၉
ချစ်စ၊ ကြင်နာစ၊ အနာဂတ်တူ၊ ရည်မှန်းချက်တူ၊ ဘ၀တူတဲ့ ပျော်စရာဘ၀ လေးဟာ ၆ လလောက်မှာပဲ ကျေပျက်သွားခဲ့တယ်။ ကိုတင်မောင် အဖမ်းခံရတာ လေ။ အစိုးရတပ်တွေ ရွာတွေဝိုင်း၊ စစ်ဆင်ရေးတွေ လုပ်တာမှာ ကိုတင်မောင် သတင်းပေး၊ လက်ထောက်ချတာပါ ဆိုပြီး မတရားစွပ်စွဲ အဖမ်းခံရတာ။ ကိုတင်မောင်က ဝေါသူဌေးဦးစိန်ဝင်းရဲ့ တူတော်တယ်။ ဦးစိန်ဝင်းက နှယ်နှယ်ရရ မဟုတ်ဘူး။ ဆာဘွဲ့ရတာနော်။ ရွာကိုဝိုင်းတဲ့ ဗိုလ်မြင့်ဆွေကလည်း သူ ဆာဂျင်ဘ၀ကတည်းက ကို တင်မောင်နဲ့ ဂျပန် တော်လှန်ရေး အတူလုပ်ရင်း တစ်အိပ်ရာတည်း အတူအိပ်၊ တစ်ယောက် အ၀တ်အစား တစ် ယောက် ယူဝတ်လောက်အောင် ရင်းနှီးခဲ့တာဆိုတော့ သံသယဖြစ်စရာတွေပေါ့။

ပါတီက စပိုင်၊ မုဒိမ်း၊ ကျွဲခိုး၊ နွားခိုးဆိုလို့ကတော့ သေဒဏ်ပဲ။ သေဒဏ်က လည်း အချိန်ဆိုင်းနေတာ မဟုတ်ဘူး။ သစ်ပင်မှာ ကြိုး တုပ်ပြီး ရဲမေတွေက ၀ါးချွန် နဲ့ ထိုး၊ အပြတ်ရှင်းတာ။ ဒါ ကြောင့်လည်း ဝေါတစ်နယ် လုံး ရာဇ၀တ်မှု မရှိသ လောက်ရှားတယ်။ အိမ်တွေ တံခါး၊ ပြတင်းပေါက် ဖွင့် ထားလို့ရတယ်။ အမှုစစ်လို့ သေချာရင် ကိုတင်မောင် လည်း အသတ်ခံရမှာပဲ။ အဘွားက ယုံတယ်။ ကိုတင် မောင်မှာ ဒါမျိုးစိတ်ဓာတ် မရှိဘူး။ စပိုင် မဟုတ်ဘူး။ ပါတီရန်ပုံငွေအတွက် သူ့ဦးလေး ဦးစိန်ဝင်း တိုက်မှာ မြှုပ်ထားတဲ့ စိန်၊ ရွှေတွေ ထားရာ နေရာတောင် ပြပေး ခဲ့တဲ့သူပါကွယ်။ နောင်သည် သတင်းပြန်ပေါက်ကြားသွား မှာ စိုးရိမ်ပြီး နှုတ်ပိတ်ချင်တာများလား လို့တောင် ထင် မိတယ်။ သည်တော့ အဘွား ဆုံးဖြတ်တယ်။ ကိုတင်မောင် ကို ဖမ်းချုပ်ထားတဲ့ ကုလား ချောင်းကို လိုက်မယ်ပေါ့။ ဆုံးဖြတ်တဲ့အတိုင်း စီစဉ် လိုက်တယ်။

ညောင်ခါးရှည်မှာရှိတဲ့ ဦးလေး ဘိုးခွန်ထောကို လှည်းဆင်ခိုင်းပြီး သွားကြ တာ။ အဲ ရှက်စရာ...ကွယ်၊ ရှက်စရာမဟုတ်ပါဘူးလေ။ ဒါ သဘာဝတရားကြီးပဲဟာ။ အဘွား ကိုယ်ဝန်ရှိနေပြီကွဲ့။ မြန်လှချည့်လားလို့ မင်းက မေးချင်ပုံ ဟုတ်တယ်မဟုတ် လား။ သည်ကာလတွေ ခု ခေတ်တွေလို အကာအကွယ် တွေ၊ ဆေးတွေ ရှိတာမှ မဟုတ်တာ။ ရှိလည်း သုံး လေ့သုံးထ မရှိပေါင်။ မြို့ပေါ် တောင် ဒါမျိုး မရှိသလောက် သေးဘူး ထင်တယ်။ အဲ သည် ကိုယ်ဝန်က ပြဿနာ တက်တော့တာပဲ။ နတ်ရေ ကန်ဆိုတဲ့ ရွာရောက်တော့ မိုး ချုပ်နေပြီ။ လယ်ကွင်းစပ် အိမ်တစ်အိမ်ထဲမှာ တစ်ည၀င် တည်းတော့ ကိုယ်ဝန်ဆောင် မို့ အိမ်ထဲ အ၀င်မခံဘူး။ ဘိုး ခွန်ထောကိုပဲ အ၀င်ခံတယ်။ ဘာအယူတွေလည်း မသိပါ ဘူးကွယ်။ မိုးက စုံးစုံး ချုပ်ပြီဆိုတော့ ကောက်ရိုးပုံ ဘေး နွားစားခွက်နားမှာ တစ် ညလုံး နေခဲ့ရတယ်။ ဖြုတ် ကိုက်၊ ခြင်ကိုက်၊ ကိုတင် မောင်အတွက် စိတ်ပူ၊ ဘယ် လိုမှ အိပ်မပျော်တော့ စိတ် စောပြီး အရုဏ်မမြင်ရသေး ဘူး။ ဘိုးခွန်ထောကို အတင်း အော်နှိုးပြီး လှည်းက ထွက် ခဲ့တာ။ မှောင်နဲ့မည်းမည်း လမ်းပျောက်ပါလေရော။ နွားတွေကလည်း လန့်ပြီး ဟိုဆွဲ၊ ဒီဆွဲနဲ့ မနိုင်တော့ဘူး။ မင်း ယုံချင်မှယုံ မှင်စာလို့ ထင်တာပဲ။ နွားပေါက်စလေး လောက် ရှိတယ်။ ဒီကောင် လိုက်နှောင့်နေတာ။ စုန်းမီး တွေလည်း တစ်လုံးပြီးတစ်လုံး တက်လာလိုက်တာ လေး၊ ငါးလုံးတော့ ရှိမယ်။ နောက် တော့ ဘိုးခွန်ထောလည်း လှည်းပေါ်က ဆင်းပြီး ပတ် ပတ်လည်ကို သေးလှည့်ပန်း တော့မှ နွားတွေလည်း ငြိမ် ကုန်တော့တာ။

အရုဏ်လေး နည်းနည်း တက်လာတော့မှ မီးရောင် ပျပျနဲ့ တဲကလေးမြင်ပြီး “ကု လားချောင်းကို သွားချင်လို့ ပါ။ ဘယ်လိုသွားရပါသလဲ” အော်မေးတော့ ဟိုကဖြေတာ နဲ့ ကိုယ်လာတဲ့ လမ်းက တလွဲ။ ဒါနဲ့ အရှေ့ဘက် လှည်းပြန်လှည့်၊ ယာကွက် ၆ ကွက်လောက် ကျော်တော့ မှ လှည်းလမ်းကလေး တွေ့တာ။ လှည်းလမ်းအတိုင်း မောင်းသွားပြီး မိုးလည်း စင် စင်လင်းရော ခလပ်စုဆိုတဲ့ ရွာရောက်တော့တယ်။

ပြောရဦးမယ်။ ဟိုဘက် ဘိုယားကြီးဘက် ကရင်တွေ တိုက်ပွဲဖြစ်တော့ တောထဲက ကျားသားအမိ လန့်ဖျပ်ပြီး ခလပ်စုဘက် စပါးခင်းထဲ လာပုန်းနေတယ် ထင်ပါရဲ့။ စပါးရိတ်လာတဲ့ သားအဖ သုံးယောက်နဲ့တွေ့ပြီး ကျားမ ကြီးနဲ့ သားအဖတွေ လုံးကြ ရော။ ဖအေနဲ့ သားအကြီး ကျားမကြီးနဲ့ လုံးထွေးနေ တုန်း သားအငယ်က ရွာကို ပြန်ပြေးပြီး ကွန်မြူနစ်ရဲဘော် တွေ ခေါ်လာတော့ ရဲဘော် ၁၀ ယောက်လောက် ပါလာ တယ်။ အံမယ် ကျားမကြီး က သားအဖနှစ်ယောက်လုံး ကို ကိုက်သတ်ပြီးပေမဲ့ မပြေး ဘူးတဲ့။ ရဲဘော်တွေလည်း သေနတ်တွေနဲ့ ၀ိုင်းပစ်ကြတာ ၇ တောင်ကျော် ကျားမကြီး လည်း သေတာပါပဲ။ ကျား ကလေးကိုတော့ မတွေ့ဘူး ဆိုတယ်။ ပြေးရောပေါ့။ အဲ ကိုတင်မောင်ကို ဖမ်းထားရာ ကုလားချောင်း သွားတဲ့ အကြောင်းကနေ စကားတွေ လည်း ဟိုရောက် ဒီရောက် ဖြစ်ကုန်ပြီ။ အသက် ၈၀ ကျော် အဘွားကြီးပဲ အိုပြီ။ သတိတွေ မေ့ကုန်ပြီ။ ကိုယ့် စကားကိုယ် ဘယ်ရောက်လို့ ရောက်မှန်း မသိတော့ပါဘူး။ အမြီးအမောက် မတည့်ချင် ဘူး။ နေဦး ဘယ်ရောက် သွားပြီလဲ၊ အေး နေ့လယ် ၁၁ နာရီလောက်မှာ ကိုတင် မောင်ကို ဖမ်းထားတဲ့ ကုလားချောင်းကို ရောက် ရော။ အမှုစစ်နေဆဲကြီးကို ရောက်တာ။ သတ်ပစ်လိုက် ကြပြီလားလို့ သောကဆင်းရဲ မှုတွေနဲ့လာခဲ့ကြတာ အသက် ရှင်လျက် တွေ့ရတော့ ၀မ်းလည်း သာတယ်။ ၀မ်း လည်း နည်းတယ်။ အသက် မသေသေးလို့ ၀မ်းသာတာ။ စပိုင်ဆိုပြီး စွပ်စွဲတာကို ၀မ်း နည်းတာ။

စပိုင်လို့ စွပ်စွဲသတ်မှတ် လိုက်ရင် ဘယ်သူမှ တတ်နိုင် တာ မဟုတ်ဘူး။ ဘယ်သူ့ ခြေသလုံးမှ ဖက်မနေနဲ့တော့။ ကိုတင်မောင်ကို ယုံတယ်။ သူ့မှာ အဲသည်စိတ်ဓာတ် လုံး လုံးမရှိနိုင်ဘူး။ လူတစ်ဖက် သားကို ကူညီချင်စိတ် အမြဲ ရှိတယ်။ ရန်၊ ငါ စည်းပြတ် တာ မပြတ်တာတော့ အဘွား မသုံးသပ်တတ်ဘူး။ သေချာ တာကတော့ ကိုယ့်တပ် ထိ ခိုက်မဲ့ အလုပ်မျိုး သူ မလုပ် ဘူး။ ယုံကြည်မှုနဲ့ ရောက် လာတဲ့သူပါ။ တရားကို နတ် စောင့်တယ်ကွဲ့။ အမှုက မရေ ရာဘူး။ အထင်နဲ့ ရမ်းသန်း စွပ်စွဲကြတာ။ မှန်မှန်ကန်ကန် စစ်ဆေးတော့လည်း လွတ် မြောက်သွားတာပေါ့။

ညောင်ခါးရှည်က ပြန် လာတော့ လှည်းပေါ်မှာ ကိုတင်မောင်က ဘာဂျာလေး ထုတ်ပြီး သုံးပန်လှ သီချင်း လေးမှုတ်တာ...
မိုးနတ်မယ် သူဇာနွယ် ရူပါလှတာရယ်၊ သူငါ ကျစရာမူရာပြကာ ပြုံးလိုက် ရင်ကွယ်၊ ဖိုးလနှယ် တူပါ တယ်၊ ဖြူကာဝကာရယ်
တဲ့။

သက်သက် အဘွား ကိုယ်ဝန်ဆောင်ထားရတာကို စနေတာ။ ခုထိမမေ့နိုင်သေး ဘူး။
“မကြင်ရေ ဒီဘာဂျာ လေးနဲ့ မယ်ဒလင်လေးက အသက်ကယ်တာဗျ။ ကျုပ် ကို ဖမ်းထားတဲ့ ရဲဘော်တွေ က ကျုပ် မယ်ဒလင်သံကို စွဲနေတာ။ ကျုပ်ကိုလည်း ချစ်ရှာပါတယ်။ သတ်ပစ် လိုက်ရင်လည်း ဘာတတ်နိုင် မှာတုံး။ ဒီအတိုင်း စင်းခံနေ ရမှာ။ နွားခိုးနှစ်ယောက် ၀ါး ချွန်စာမိတော့ ကျုပ် တော် တော်တုန်လှုပ်သွားတယ်။ အပြစ်မလုပ်ဘဲနဲ့ မသေချင် ဘူး။ မကြင်အတွက်လည်း စိတ်ပူမိတယ်။ တော်သေး တယ်။ ချင့်ချင့်ချိန်ချိန်နဲ့ အထက်အမိန့် နာခံကြလို့ အဟဲ...မယ်ဒလင်လေးကျေး ဇူးလည်း ပါသပေါ့ကွယ်”

၁၉၅၀
၁၉၅၀ ဟုတ်တယ်။ လဆန်းပိုင်းလောက်မှာ အစိုး ရတပ် စစ်ကြောင်း ၃ ခုနဲ့ ဝေါမြို့နယ်ကို အပြတ်ရှင်း မယ်ဆိုပြီး သတင်းတွေ ရ တယ်။ ဝေါမြို့နယ်က အင် အားသိပ်နည်းတယ်။ အများစု က ပဲခူးရိုးမဗဟိုရုံးနဲ့ တောင် ငူ၊ ပျဉ်းမနားဘက်တွေ ခြေ ကုပ်ယူထားတာ။ သည်တော့ ဝေါပါတီရုံးနဲ့ မိသားစု တွေအတွက် လုံခြုံမှုအားနည်း တယ်။ သူတင်၊ ကိုယ်တင် မယှဉ်နိုင်ဘူး။ သည်တော့ ပြေးရတော့တာပဲ။ ဘယ်ကို ပြေးသလဲဆိုတော့ စစ်တောင်း မြစ်ရိုးတစ်လျှောက် လျှိုတွေ ထဲမှာပေါ့။

နေက အရမ်းပူတော့ မခံနိုင်ဘူး။ လှည်းတွေပေါ် စောင်တွေတင်ပြီး လှည်း အောက် ၀င်နေရတယ်။ ည ၈ နာရီလောက် စစ်တောင်း မြစ်ရေတက်လာတော့မှ သမ္ဗန်ငှားပြီး ဟိုဘက်ကမ်း က ဘိုယားကြီးကို ကူးကြ တာ။ ဘိုယားကြီးဘက်မှာရှိ တဲ့ ကရင်တပ်က သတင်းရ လို့ ထင်တယ်။ သေနတ် ဖောက်ပြီး သူတို့ ရုံးခေါ်သွား ကြတယ်။ မနက်လင်းတော့ လွှတ်ပေးတာနဲ့ ကိုတင်မောင် ရဲ့အဒေါ်ရှိရာ မုပ္ပလင်မှာသွား ခိုတယ်။ မုပ္ပလင်မှာ ခိုနေ တုန်း သုံး၊ လေးရက်လောက် အကြာမှာ မုပ္ပလင်ဂါတ်တဲက ကိုတင်မောင်ကို လာဖမ်း သွားပါလေရော။ မိန်းမသား တွေကို မဖမ်းဘူး။ မုပ္ပလင် ဂါတ်မှာ ၂ ပတ်လောက်ကြာ တော့ အမှတ် ၁၆ တပ်ရင်း က ဗိုလ်ကြီး ခင်မောင်မြင့် ရောက်လာပြီး ကိုတင်မောင် ကို သထုံခေါ်သွားတယ်။ သထုံတပ်မှာ တစ်လလောက် ကြာပြီး ခံဝန်ချုပ်တွေမှာ လက်မှတ်တွေ အကြိမ်ကြိမ် ထိုးပြီး ပြန်ရောက်လာတယ်။ အဲဒီ အချိန်မှာပဲ အဘွားက ပဲ ခူးရောက်နေပြီ။ ဝေါမြို့သား တွေက ပဲခူးမှာ အများကြီး လေ။ သူတို့ အကူအညီပေး ကြပါတယ်။

အစ်ကိုကြီး ကိုအောင် ရွှေက ပဲခူးရိုးမကနေ အမေနဲ့ တွေ့ချင်လို့ ခွင့်ယူပြီးလာတဲ့ အချိန် အဘွားတို့ပြေးတာနဲ့ လာတိုက်ဆိုင်ပြီး ကိုတင် မောင်နဲ့အတူ သမီးယောက်ဖ နှစ်ယောက် သထုံတပ်ခေါ် စစ်တဲ့အထဲပါသွားတယ်။ အစ်ကိုလေး ကိုအောင်ဖေကတော့ ကျိုက်ထီးရိုးဘက်မှာ  ဆက်ကျန်ရစ်တယ်။ အင်း စစ်စစ်ပေါက်ပေါက် တွက် ရင် တောထဲမှာ ၃ နှစ် လောက်တော့ ရှိမယ်။

၁၉၅၁
တောထဲမှာ မွေးတဲ့ သားအကြီးက အဆုတ် အအေးပတ်ပြီး ဆုံးရှာတယ်။ ဆေးမြီးတိုတွေနဲ့ မပြည့်မစုံ ကုခဲ့ရတာလေ။ ဘယ်လိုလုပ် သက်ဆိုးရှည်မလဲကွယ်။ ဆရာဝန် မပင့်နိုင်လောက် အောင် ချိုတဲ့၊ ဆင်းရဲခဲ့တယ်။ အလင်းထဲရောက်ပြီဆိုပေမဲ့ ဘ၀ကတော့ မလင်းဘူး။ သိမ်ဇရပ်တံတားဆောက် လုပ်ရေးမှာ ကိုတင်မောင်က ကျောက်ကန်ထရိုက် ၀င်လုပ် တယ်။ ကျောက်သွင်းရတာ အတော်ပင်ပန်းဆင်းရဲခဲ့တာ ပါ။

၁၉၆၂
ကောင်းရောင်း ကောင်း  ၀ယ် အလုပ်မျိုးစုံလုပ်၊ နည်း နည်းလေးစုမိတော့ ရာတန် တွေ တရားမ၀င်တော့ဘူး ကြေညာသွားတော့ လင် မယားနှစ်ယောက်ပေါင်း ၄၀၀၀ ပဲ ရလိုက်တယ်။ တစ်ယောက် ၂၀၀၀ ပဲ လဲ ခွင့်ရတာကိုး။ ဘယ်ကွယ်၊ ဘယ်သူက သစ္စာ ရှိမှာတဲ့လဲ။ လဲပေးမယ်ဆိုပြီး ယူသွားတဲ့ ပိုက်ဆံတွေ အကုန်ဆုံးတာ။ သွားရော...ဘ၀ကို တစ်က နေ ပြန်စရတော့တာ။

၁၉၈ရ
ရဲဘော် ရဲဘက်၊ ဘ၀ အဖော်မွန်၊ သားသမီး ၈ ယောက်တို့ရဲ့ ဖခင်၊ သီချင်း လေးတွေကို ချစ်တတ်သူ လက်တွဲဖြုတ်...တမလွန်ခရီး ကို ထွက်သွားခဲ့တယ်လေ။

၁၉၈၈
တစ်ပါတီစနစ်ကို တော် လှန်တဲ့ ပြည်သူ့အရေးတော် ပုံကြီး ဖြစ်တယ်။ နောက် သားသမီးတွေထဲက နံပါတ် ၄၊ ၅၊ ၆၊ ၇၊ ၈ တကွဲတပြား စီ ထွက်ခွာသွားကြပြန်ပြီ။ ဘယ်လိုလုပ် တားလို့ ရမှာလဲ။
အဘွားသွေးပဲကွယ်။
၂၀၀၈
ညီမလေး မကျင်ပု ဆုံး တယ်။

၂၀၀၉
အစ်ကိုကြီး ကိုအောင် ရွှေ ဆုံးရှာတယ်။

၂၀၁၁
နံပါတ် ၃ သား အသည်းစီပိုးရောဂါနဲ့ ဆုံး တယ်။ စီပိုးကုဖို့ သိန်းရာ ဂဏန်းကြီးကြီးရှိမှ ရမှာဆို တော့ လုံးပါးပါးသွားရှာ တာ။


ကောင်စီရုံး၊ ရ၀တရုံး၊ ရယကရုံးမှာ ထောက်လှမ်း ရေးက ခေါ်ခေါ်စစ်တာမျိုး မရှိတော့ဘူး။ အခုတော့ သား တွေ သမီးတွေနဲ့ ခွဲခွာရတာ နှစ် ၂၀ ကျော်ခဲ့ပြီ။

ဒီမိုကရေစီ လမ်း ကြောင်းပေါ် သွားနေကြပြီ။
အဝေးကသူတွေ ပြန် လာနိုင်ပြီဆိုတော့...
သားသမီးမြေးမြစ် တစ်ပြုံတစ်မနဲ့ မသေခင် လေး နေချင်တာပေါ့။
နေခွင့်ရမှာပါနော်။

သားသမီးတွေနဲ့ တပျော်တပါး သီဆိုခဲ့တဲ့ ဆရာ ရွှေတိုင်ညွန့်ရဲ့ ဇာတိ မာန် သီချင်းကို အခုချိန်မှာ မြေးမြစ်တွေနဲ့ပါ မြိုင်မြိုင်ဆိုင် ဆိုင် ဆိုချင်လိုက်တာ။
မျိုးကျက်သရေ
တိုးတက်စေ
အောင်ကြောင်း
မင်္ဂလာအခြေ
မိုးအောက်မြေ
တန်ခိုးတောက်ပေ
ခေတ်ကောင်း
ရောက်ပြီလေ
အောက်ကျမခံဘူးဟေ့
အမျိုးသားတို့ရေ
အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေ
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊အောက်တိုဘာလ ၂၀၁၂

No comments:

Post a comment