ဝတ္ထုကောင်း တစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်နှင့် အကာလမရဏ

(က)
ဝတ္ထုကောင်း တစ်ပုဒ်ရဲ့ လျှို့ဝှက်ချက်ကတော့ အဲဒီ ၀တ္ထုမှာ ပါဝင်တဲ့ အဓိကဇာတ် ကောင်များ အပေါ် စာဖတ် ပရိသတ်က အာရုံ အပြည့်အ၀ ခံစားမှု ရရှိခြင်း ဖြစ်ပါတယ်။
ကိုယ့်ဝတ္ထုမှာ ပါဝင်မယ့် ဇာတ်ကောင်များ သက်ဝင် လှုပ်ရှားလာအောင် ဘယ်လို ဖန်တီး ရမလဲ ဆိုတာကို Sam Mc Carver က နည်းလမ်း ၈ သွယ်နဲ့ ဖော်ပြ ထားပါတယ်။

ဆရာ ဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် ဆောင်းပါး ပေါင်းချုပ်မှာ ပါတဲ့ အသက်ရှိသော ဇာတ်ကောင်ဖြစ်ပါစေ ဆောင်းပါးထဲက စာပိုဒ်ပါ။ သည်ဆောင်းပါး ဖတ်ပြီးချိန်မှာတော့ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ စွဲလမ်းခဲ့တဲ့ ၀တ္ထုတိုများကို သတိရ သွားပါတယ်။ Sam Mc Carver ရဲ့ဆောင်းပါးမှာ အချက် ၈ ချက် ပါဝင်ပါတယ်။ သည် ၈ ချက်နဲ့ ကိုက်ညီတယ်လို့ ကျွန်တော် မှတ်ယူပြီး အလွန်နှစ်သက်ခဲ့တဲ့ ၀တ္ထုတို တွေထဲက ၀တ္ထုတိုတစ်ပုဒ်ကို ထုတ်ပြ ချင်တယ်။ အဲသည် ၀တ္ထုက ဆရာဝင်း စည်သူရဲ့ အကာလမရဏ ပါ။ ရွှေအမြု တေမဂ္ဂဇင်း ၁၉၉၄ ဖေဖော်ဝါရီမှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဆရာ ဦးဝင်း ငြိမ်းရဲ့ ၆၆ နှစ်ပြည့်မွေးနေ့ အမှတ်တရ စုစည်း ထုတ်ဝေတဲ့ ရွှေ ၆၆ ထဲမှာလည်း သည်ဝတ္ထုကို ပြန်လည်ဖော်ပြထားပါ တယ်။

(ခ)
၁။    ဇာတ်ကောင် တစ်ဦးချင်းဟာ သီးခြားဘ၀တွေ ရှိပါစေ။
ဆရာ ၀င်းစည်သူရဲ့ အကာလ မရဏ မှာ မန္တလေးထောင် ကြိုးတိုက်ကျ အကျဉ်းသားကို နောက်နေ့ ကြိုးပေး တော့မှာမို့ သရဏဂုံ တင်ပေးတဲ့ ဆရာ တော်ကြွလာတာနဲ့ ၀တ္ထုကို ဖွင့်ပါတယ်။ ဆရာတော်ရဲ့ သိက္ခာ၊ သမာဓိကို ဖွဲ့ပြ တာဖြင့် အလွန် ကျစ်လျစ်ပြီး မြင်သာ ထင်သာရှိပါတယ်။

“ဆရာတော်ကား အိုမင်း ရွတ်တွသော်လည်း မျက်နှာတော်မှာမူ ပကတိ တည်ငြိမ် အေးချမ်း လှပေသည်။ လမ်းဘေးဝဲယာသို့ လုံးဝကြည့်ရှုခြင်းမရှိ။ မြတ်စွာဘုရား သခင်လက်ထက်တော်က ချမှတ်ခဲ့သော ၀ိနည်းကို ယခုထက်တိုင် ဦးထိပ်ပန်ဆင်တော် မူဟန်ရှိသည်။ ရှေ့ ၄ တောင်ထက်ပို၍ အာရုံစိုက်ခြင်းမရှိ။ နှုတ်က တလှုပ်လှုပ် တရွရွ။ သို့သော် အသံမထွက်။ တရားဓမ္မတစ်ခုခုကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းသာ ဖြစ်ပေမည်။
အဓိကဇာတ်ကောင် ကိုထွန်းဖေရဲ့ ရုပ်လက္ခဏာကို-
“အာလူးသီးလို မညီညာသော ကိုထွန်းဖေ၏ ခေါင်းမှာ ခေါင်းတုံးနှင့် လုံးဝ လိုက်ဖက်ခြင်းမရှိ”
ကိုထွန်းဖေ အသက်ကို-
“သည်နှစ်တွင်တော့ ဒုလ္လဘ ၈ ပါးထဲတွင် ကိုထွန်းဖေသည် တစ်ပါးအပါအ၀င် ဖြစ်ခဲ့၏။ အရင်နှစ်များတုန်းက ၀တ်လိုသော်လည်း အသက် ၂၀ တင်းတင်း မပြည့် သေး၍ မ၀တ်ခြင်းဖြစ်သည်ဟုလည်း သူက ဆိုသည်” ဆိုပြီး ဆရာ ၀င်းစည်သူက ပြသွားပါတယ်။

ကိုထွန်းဖေက တံတားဦးနယ်မှာ ရှိတဲ့ ရွာကလေးကနေ မန္တလေးမုန့်တိုက်မှာ ငယ်ငယ်ကတည်းက ရောက်လာတဲ့ မုန့်တိုက် အလုပ်သမား။ ဆရာတော်က မန္တလေးတောင်ခြေရှိ တောရကျောင်းကလေးမှာ သီတင်းသုံးတဲ့ ဆရာတော်။

၂။    ဇာတ်ကောင်များရဲ့ခံစားမှု၊ လှုပ်ရှားမှု၊ တွေးတောဆင်ခြင်မှုများကို စာဖတ် ပရိသတ်သိအောင် ဖော်ပြပေး။
ဆရာတော်ဆီ ကိုထွန်းဖေ သကာရည်အိုး ကပ်လှူတာနဲ့ ဇာတ်ဆောင်တွေရဲ့စရိုက်ကို ဖော်ကျူးပုံက-
“ဘာများ လျှောက်စရာရှိလို့လဲ ဒကာလေးရဲ့”

ဆရာတော်က နှုတ်ခမ်းစေ့၍ပြုံးရင်း အေးဆေးတည်ငြိမ်သောအသံနှင့်မေးသည်။
“ထောင်ထဲမှာကြိုးပေးတဲ့အကြောင်းပါ ဘုရား”

“ဆရာတော် စိတ်မဆင်းရဲဘူးလား ဘုရား”

“ပုထုဇဉ်ပဲကွယ်၊ ဆင်းရဲတာပေါ့”

“တခြားဆရာတော်တွေကို မပင့်ခိုင်းဘူးလား ဘုရား”

“ငြင်းတော်မူသတဲ့ကွယ်”

“ဘယ်အခါမှာ လူသတ်ဖြတ်ကြပါသလဲ ဘုရား”

“အ၀ိဇ္ဇာတရား ၃ ပါးအနက် လောဘလွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ ဒေါသ လွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ မောဟလွန်ကဲရင်လည်း ဖြစ်နိုင်တာပဲ။ လောဘ၊ ဒေါသ၊ မောဟဆိုတာ ပုထုဇဉ်တွေနဲ့ မကင်းတာမှန်သော်လည်း အစွန်းတော့ မရောက် သင့်ကြဘူးပေါ့ကွယ်”

၃။    ဇာတ်ကောင်ကို အဓိပ္ပာယ်ရှိသော ရည်မှန်းချက်များနှင့် စိန်ခေါ်သော တိုက်ပွဲများ ဖန်တီးပေးရမည်။
ကိုထွန်းဖေ ရဟန်းခံပြီး အိမ်ထောင်ပြုတော့မည်။
“မင်္ဂလာ ဆောင်ပြီးရင် ရွာမှာထားခဲ့မှာလား၊ ဒီကို ခေါ်လာခဲ့မှာလား”

“ခေါ်ခဲ့မှာပေါ့ကွ၊ ဆရာက အခန်းလေး တစ်ခန်း ငှားပေးမယ်လို့တောင် ပြောထား ပြီးပြီ”

သူဘာကိုတွေးကာ ပြုံးလေသည်မသိ၊ ကျွန်တော်နှင့်လည်း စကားမပြောဖြစ်။
သို့သော် ကံကြမ္မာမုန်တိုင်းသည် ကိုထွန်းဖေ၏ရင်ဝကိုမှ တည့်တည့်ဝင်ကာ မွှေနှောက်လေရော့သလား၊ ခလောက်ဆန်လေရော့သလား မသိ။ မဏ္ဍပ်နှင့် ကနားနှင့် ထမင်းရုံနှင့် အသံချဲ့စက်နှင့်ကိန်းကြီးခန်းကြီး ပြုလုပ်ထားသော မင်္ဂလာဆောင်မည့် နံနက်ခင်းတွင် သတို့သမီးသည် တစ်ရွာတည်းအတူနေ ရည်းစားနောက်သို့ ကောက် ကောက်ပါအောင် လိုက်ပြေးသွားခဲ့သည်ဆိုပဲ။ သည်တော့ သူငှက်ကြီးတောင်ဓားကို ဆွဲတော့သည်။ အဓိပ္ပာယ်ရှိသောရည်မှန်းချက်၊ စိန်ခေါ်သောတိုက်ပွဲဆိုတဲ့ အကျိုးပြုပုံစံ ခွက်မှာမဟုတ်ဘဲ ၀တ္ထုရဲ့ Tempo ကတော့ အဲသည် Climex ဘောင်ကနေ ထွက်မသွား ဘူးလို့ပဲ ထင်ပါတယ်။

၎။    ဇာတ်ကောင် တစ်ဦးချင်းစီရဲ့အမူအကျင့်၊ အပြောအဆိုများ သီးခြားစီ ဖြစ်ပါစေ။
ဆရာတော်နဲ့ ကိုထွန်းဖေတွေ့ဆုံခဲ့တာမှာ-
“ဆရာတော် တရား ဟောနေတဲ့အခါ တရားခံဟာ တည်ငြိမ်ပါသလား ဘုရား”

“တချို့လည်း မျက်ရည်ပေါက် ပေါက်ကျလို့၊ တချို့လည်း သွေးရူးသွေး တန်းလျှောက်ပြောလို့၊ တချို့လည်း နှုတ်ခမ်းကို သွေးများထွက်အောင် ဖိကိုက်လို့။ အင်း တည်ငြိမ်တဲ့သူဆိုတာ ရှားတယ်။ ရှိလှမှ ဆယ်ဦးတစ်ဦးပေါ့ ကွာ။ သေခြင်းတရားနဲ့ ရင်ဆိုင်ရတော့ မယ်ဆိုတဲ့အခါ မတုန်လှုပ်ဘူးဆိုတာ ဘုရားရဟန္တာအဆင့်မှာသာ ဖြစ်နိုင်ပေတာကိုး။ ပြီးတော့ ကိုယ်သေရမှာလည်း သေရိုးသေစဉ်မဟုတ်။ အကာလမရဏ ဆိုတော့ ပိုပြီးတုန်လှုပ်ချောက်ချားရှာကြ ပေတာပေါ့ကွယ်”

ကိုထွန်းဖေ ကြိုးပေးခံရတဲ့ အကျဉ်းသားကို စိတ်ဝင်စားတယ်၊ တုန် လှုပ်ချောက်ချား ရွံ့ကြောက်မှုလည်း ရှိ ပါလိမ့်မယ်။ ဒါကို ကိုထွန်းဖေ၊ ဆရာ တော်စကားများနဲ့ ဆရာ ၀င်းစည်သူက သိမ်သိမ်မွေ့မွေ့ ပြသွားတာပါ။ ဆရာ တော်နဲ့ ကိုထွန်းဖေ အမူအကျင့်က သီးခြားစီ ဖြစ်နေပါပြီ။ ဆရာတော်က တည်ငြိမ် အေးချမ်းသူ၊ ကိုထွန်းဖေက စိတ်လှုပ်ရှား ပူလောင်သူ။

၅။    လက်တွေ့ဘ၀မှာလို ဇာတ် ကောင်များကို မကောင်းတာနဲ့ ကောင်း တာတွေ ရှိပါစေ။
ကိုထွန်းဖေက ဘာသာတရား ကိုင်းရှိုင်းသူ ရိုးသားဖြောင့်မတ်သူ ဖြစ်ပါတယ်။ ဒါကို ဆရာ့ဝတ္ထုမှာ ပုံဖော် ပြပြီးသားပါ။ ပြီးတော့ အရှက်အကြောက် ကြီးပြီး ဒေါသမထိန်းချုပ် နိုင်တော့တာကိုလည်း-
ကိုထွန်းဖေ ထန်းတဲထဲသို့ ပြန်ဝင်သည်။ သတို့သမီးမှာ သားရဲတစ်ကောင်၏ ရှေ့၌ ရောက်နေသော ယုန် သူငယ်လေးလို ကြက်သေသေ နေသည်။
“နင့်ကြောင့် ငါတို့အားလုံး အရှက် ကွဲရတယ်”

ကိုထွန်းဖေ သတ္တိကောင်း၏။ သူ့ ဓားကိုသူထမ်းကာ တံတားဦး ရဲဌာနသို့ သွားရောက်အဖမ်းခံသည်။

၆။    မိမိဖန်တီးမယ့် ဇာတ်ကောင် ရဲ့ စရိုက်နဲ့ကိုက်ညီတဲ့ အမည်နာမ ပေးတတ်ဖို့လည်း လိုအပ်ပါတယ်။
ကိုထွန်းဖေဆိုတဲ့ နာမည်က ကြားကျတဲ့ နာမည်ပါပဲ။ တောကနေ မြို့ ရောက်သွားသူ တစ်ယောက်၊ ပြီးတော့ ခေတ်ကာလက ၁၉၅၇ ၀န်းကျင်၊ သည်နာမည်က အဲသည်ခေတ်မှာ ပေးလေ့ပေးထ ရှိတာမျိုးမို့ လိုက်ဖက်တယ်လို့ ကျွန်တော် ထင်တာပါပဲ။

၇။    ၀တ္ထုထဲမှာ ပြင်ပက ထင်ရှားတဲ့ သူတစ်ဦးကို ဇာတ်ကောင်အဖြစ် ထည့်သုံးတော့မယ်ဆိုရင် သူ့ကိုလည်း ဇာတ်ကောင် အဖြစ်သာ သဘောထားပါ။
အကာလမရဏ ၀တ္ထုထဲက ဆရာတော်က ပြင်ပမှာ တကယ် ရှိခဲ့ပါတယ်။ “ဦးကေသရ”ဘွဲ့ အမည်ရှိပေမဲ့ ရွှေမန်းတင်မောင် ကျောင်းသားဘ၀က စာပေ ပရိယတ္တိသင်ကြားပေးခဲ့ခြင်းကို အစွဲပြု ပြီး ရွှေမန်း ဆရာတော်လို့တောင် အခေါ် ခံရသူဖြစ်ပါတယ်။ ဒါကို ဆရာဝင်းစည်သူ ၀တ္ထုထဲမှာ အကွက်ကျကျ ထည့် သုံးသွားပါတယ်။

၈။    ဇာတ်ကောင်တစ်ဦးနဲ့ တစ်ဦး ဆက်ဆံမှုမှာ လူဆန်ပါစေ။
အကာလ မရဏထဲက စာရေးသူ (ငယ်စဉ်ဘ၀)နဲ့ ကိုထွန်းဖေတို့ ပြောဆို ဆက်ဆံပုံလေးတွေ ကြည့်ပါဦး။

“ဟေ့ကောင် နက်ကလေး၊ ငါနဲ့ လိုက်ခဲ့၊ မင်းအမေကို ငါပြောခဲ့ပြီးပြီ”

“ဟာဗျာ ကစားလို့ကောင်းနေ တုန်းရှိသေး”

“လာပါကွာ၊ မင်းရှုံးထားရင် လည်း အပြန်ကျတော့ငါပြန်ဝယ်ပေးပါ့ မယ်။ ဟော့ဒီသကာရည်အိုးကို ဆရာတော်ဆီ သွားကပ်ချင်လို့။ မင်းလည်း ကုသိုလ်ရတာပေါ့ နက်ကလေးရ”
ကဲ ဘယ်လောက်လူဆန်ပြီး စရိုက် မှန်သလဲ။

(ဂ)
ကမ္ဘာ့စာပေမှာ အောင်မြင်နေသူ ဆရာ၊ ဆရာမတွေရဲ့ ၀တ္ထုတို၊ ရှည်နဲ့ ပတ်သက်တဲ့ အယူအဆတွေကို ဆရာ ဦးဝင်းငြိမ်းက Writer မဂ္ဂဇင်းထဲကနေ ဘာသာပြန်ပြတဲ့ အပြင် ဆရာတွေ့ကြုံ ဖြတ်သန်းနေရတဲ့ အယ်ဒီတာ ဘ၀မှာ အားမလို အားမရဖြစ်ရတဲ့ ၀တ္ထုတွေ၊ ကျေနပ်ပီတိ ဖြစ်ရတဲ့ ၀တ္ထုတွေနဲ့ပါ ချိန်ထိုး ပြသွားတာမို့ ၀တ္ထုရေးဖွဲ့သူတွေ၊ ရေးဖို့ကြိုးစား နေသူတွေ ဖတ်ထားသင့်တဲ့ စာအုပ်အဖြစ် နှစ်ကြောင်း ရေးတစ်ကြောင်းခြစ်ကို ညွှန်းဆိုချင်ပါတယ်။

နောက် ဆရာ ဦးဝင်းငြိမ်း အသက် ၆၆ နှစ်ပြည့် အမှတ်တရထုတ်ဝေတဲ့ ရွှေ ၆၆ ၀တ္ထုတို ပေါင်းချုပ်ကိုလည်း ဖတ်ကြည့်ပါဦး။ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဆရာ ရွေးချယ်ဖော်ပြခဲ့တဲ့ ၀တ္ထုတိုတွေ စုစည်းထားတာပါ။

နှစ်ကြောင်းရေးတစ်ကြောင်းခြစ် ထဲက ၀တ္ထုတိုသီအိုရီတွေ ဖြစ်တဲ့-
အနုပညာသမား ဆိုတာ အချက်အလက်ကို စိတ်ဝင်စားတဲ့သူတွေ မဟုတ်ဘူး၊ အမှန်တရားကိုသာ စိတ်ဝင်စားတာ။ အချက်အလက် ဆိုတာပြင်ပက ရနိုင်တယ်။

ဝတ္ထုရေးဆရာ ဆိုတာ စာကိုရင်နဲ့ ရေးပါတယ်။
ပရိသတ် ယုံကြည်မှု မရှိလောက်တဲ့ ဇာတ်ကောင်များကို ဖန်တီးရေးဖွဲ့ခြင်းဟာ ၀တ္ထုကို အများကြီး အားပျော့သွားစေပါတယ်။ ဒါကြောင့် စာရေးဆရာ တစ်ယောက် အနေနဲ့ စာမျက်နှာများပေါ်မှာ သက်ဝင် လှုပ်ရှားနေတဲ့ ဇာတ်ကောင်များကိုသာ ဖန်တီး ပါ။ ဒီလို ဖန်တီးနိုင်ဖို့ဆိုတာ စာရေးဆရာရဲ့စွမ်းရည်ပေါ် မူတည်သလို ရိုးသား ဖြူစင်မှု ပေါ်မှာလည်း အများကြီးတည်မှီနေပါတယ်။

ဝတ္ထုတစ်ပုဒ်ရေးတယ်ဆိုတာ အသင့်လုပ်ထားတဲ့ ဘလောက်တုံးတွေကိုဆင့်ပြီး တည်ဆောက်သွားသလိုပါပဲ။
ဆိုတာတွေနဲ့ကိုက်၏ မကိုက်၏၊ ညီ၏ မညီ၏ သုံးသပ်ကြည့်ပါဦး။ စာရေး သူဆိုတာကလည်း ရင်ထဲရှိတဲ့၊ နှလုံးသားထဲမှာရှိတဲ့၊ ပြီးတော့ ၀မ်းစာရှိတဲ့အတိုင်း ချရေးလိုက်တာများတယ်ဆိုပေမဲ့ ရေးပြီးသားကို အကြိမ်ကြိမ်ဖတ်ရင်း အောင်မြင်တဲ့ စာရေးဆရာများရဲ့ နည်းနာလေးတွေအတိုင်း လိုဖြည့်၊ ပိုဖြုတ် လုပ်ကြည့်ရင် ပို မကောင်းပေဘူးလား။

“နှစ်ကြောင်းရေးတစ်ကြောင်းခြစ်” ကို စာနဒီစာပေတိုက်ကထုတ်ပြီး၊ “ရွှေ ၆၆” ကို ကံ့ကော်ဝတ်ရည်စာပေတိုက်တို့က ထုတ်ပါတယ်။ ၀တ္ထုတိုချစ်သူများကိုယ်စား စာနဒီနဲ့ ကံ့ကော်ဝတ်ရည်ကိုပါ ကျေးဇူးတင်ပါတယ်။

ပြီးတော့ ၁၉၉၄ ဇန်န၀ါရီမှာ ကွယ်လွန်ခဲ့တာကြောင့် အကာလမရဏ ပုံနှိပ် စာမူကို ဖတ်မသွားရရှာတဲ့ ဆရာ ၀င်းစည်သူကိုလည်း လွမ်းတနေပါတယ်။  
ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)
စာတည်းမှတ်ချက် ။ ။
စာရေးဆရာ ၀င်းစည်သူ ရေးသားပြီး ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့် အကာလမရဏ ၀တ္ထုတိုကို ရွှေအမြုတေ စာဖတ်သူများ ယခုဆောင်းပါးနှင့် အတူ ယှဉ်တွဲ ဖတ်ရှုလေ့လာနိုင်ရန် ယခုလထုတ် ရွှေအမြုတေ မဂ္ဂဇင်း ရွှေဝတ္ထုများ ပြန်လည် တူးဖော်ခြင်း ကဏ္ဍတွင် ပြန်လည် ဖော်ပြထားပါသည်။
၊စာတည်း၊

ကြီးတောင်နဲ့ တည်းပါ

၁။
အလုပ်သဘော အရ ကျွန်တော်က လူအများနှင့် ဆက်ဆံ နေရပါသည်။
လူအများ မှာမှ လူတကာ စုံသည့် ဘူတာရုံ ဆိုတော့ ဘူတာ ရုံဝန်ထမ်း ကျွန်တော်နှင့် ဆက်ဆံရသူ လူအများက အရောင် အသွေး စုံလှပါသည်။ တောက်ပသူ၊ မြောက်ကြွသူ၊ မွဲရော်သူ၊ လွဲချော်သူ တွေအပြင် ရစ်သူ၊ ယစ်သူ တွေကိုပါ တွေ့နေရ တာမို့ ကျွန်တော့် လူမှု ဆက်ဆံရေးက တိမ်လိုက်၊ နက်လိုက် ဖြစ်နေတတ် ပါသည်။ တစ်ခါတစ်ရံ မှာတော့ ဘူတာကြီး ဂိတ်ထိုး တက္ကစီ ကားသမားများက ကားခေါင်းထဲ ကနေ လက်ကိုင်ဖုန်းဖြင့် ကျွန်တော့် ရုံးကို လှမ်းခေါ်ပြီး ရထား ဆိုက်ရောက်မည့် အချိန်တွေကို မေးတတ်သည်။ တချို့က ယဉ်ယဉ်ကျေးကျေး၊ တချို့က မောက်မောက် မာမာ၊ ငါဘယ်သူ ဘယ်ဝါဆိုပြီး ခပ်တည်တည် ဖိန့်တတ် သည်။ ဟုတ်ကဲ့ အဘချင်း ထပ်အောင် ပျာနေသော ၀န်ထမ်း အချို့ အပေါ် ၀မ်းထဲ က ကျိတ်ရယ် နေသော သူတွေက ၀န်ထမ်း အားလုံးကို တစ်တန်းစားတည်း ထား သတ်မှတ် လေသလား မသိ၊ ဒါကို ပဲ သာယာပြီး ဖုန်းနှင့် ကလိတိတိ ရိ တိတိ လုပ်တတ်သည်။ ကျွန်တော်က တော့ အတွေ့ အကြုံအရ အထာနပ်နေ တာကြောင့် ခပ်ဆတ်ဆတ်၊ ခပ်မာမာပဲ တုံ့ပြန် ဖြစ်ခဲ့သည်။ ဖုန်းယဉ် ကျေးမှုနှင့် ယဉ်ပါးဖို့ ကျွန်တော်တို့ နိုင်ငံသားတွေ ကို သင်တန်းပေး ရမလို တောင်ဖြစ်နေပြီ။

အခုတလော ကြုံတွေ့ နေရတာ ကတော့ ရထား လက်မှတ်ခ မရှိသည့် အတွက် ရထား အခမဲ့ စီးနင်း ခွင့်ပြုပေး ပါရန် လာရောက် အကူအညီ တောင်းသူ များ ပို၍ပို၍ များပြား လာခြင်းပင်။ မိသားစုလိုက် ရောက်လာသူ၊ တချို့ နှစ် ယောက်တွဲ၊ တချို့ တစ်ယောက်တည်း။ အားလုံးသော သူတွေ၏ မျက်ဝန်း အရောင်များက တစ်ပုံစံတည်း ဖြစ်နေ သည်ကိုတော့ သတိထား မိနေသည်။
ဖြစ်စဉ် တော်တော် များများက ဇာတိ အရပ်မှာ နွမ်းပါးချို့တဲ့၊ မ၀ရေစာ ဖြစ်နေ သဖြင့် ရွှေမြို့တော် ကြီးသို့ အရဲစွန့် ရောက်လာ ကြပြီး ဆွေမရှိ၊ မျိုး မရှိ၊ ကူညီမည့်သူမဲ့။ နောက်ဆုံးတော့ ဇာတိ မွေးရပ်သို့သာ တပ်ဆုတ် ပြန်ကြ ရလေပြီ။ သည်မှာ တင်ပဲ ကျွန်တော့် ရုံးခန်းလေး က အရှုံးတွေ တစ်ပွေ့ တစ်ပိုက်နှင့် ငတ် မွတ်ဆာ လောင်မှု အရောင် အရိပ်တို့ ထင်ဟပ်စွန်းထင်း နေသူတို့၏ ရိပ်မြုံကလေး ဖြစ်မှန်း မသိ ဖြစ်နေပါ တော့သည်။

“ဆရာကြီး ကူညီ ပါဦးဗျ။ ကျောက်မဲ အထိ ပြန်ရမှာ။ မနေ့ညနေ စာကတည်းက အခုချိန်ထိ ထမင်း မစား ရသေး ဘူးဗျ။ မစားရလည်း ရတယ် ဗျ။ ရထား စီးဖို့ ထောက်ခံ ပေးပါဗျ”
ရှမ်းသံ ၀ဲဝဲဖြင့် ပြောလာသူ အသက် ၆၀ ခန့် ဦးကြီးမှာ ဟန်ဆောင်မှု မိတ်ကပ် မရှိ။

“ဘယ်လို ဖြစ်လာတာ လဲဗျာ”
“အရင်က စာတိုက်မှာ ပြာတာ လုပ်တယ်ဗျ။ ပိုလျှံ ၀န်ထမ်း တွေဖြုတ် တော့ အလုပ် ပြုတ်တယ်။ လားရှိုးတက် ကုန်လိုက် ထမ်းတယ်။ နောက်ပိုင်း အလုပ် မကောင်းတော့ ကျောက်မဲပြန် ခြံ ခုတ်လိုက် တယ်ဗျ။ လားရှိုးကုန်ထမ်း တုန်းကခင်တဲ့ ကိုကျော်အေး ရန်ကုန် လှိုင်သာယာမှာ အလုပ်ခေါင်း ဖြစ်ပြီး အဆင်ပြေ တယ်လို့ ကားဆရာ ကိုစော ပြောတယ်ဗျ။ ဒါနဲ့ လာခဲ့တာ ပိုက်ဆံ ၅၀၀၀ ပါတယ်။ ကားခနဲ့ ကုန်တာပဲ ဗျ။ ကိုကျော် အေးလည်း မတွေ့ဘူး။ ပိုက်ဆံလည်း ကုန်ပြီ။ ကျောက်မဲ ပြန် ချင်တယ် ခင်ဗျ”

ကျွန်တော့် ရင်ဘတ်မှာ စူးနင့်နင့် ဖြစ် ထိခိုက် ခံစား နေရပေမဲ့ ဦးကြီးပုံက တော့ လောကဓံရဲ့ အထု အထောင်းကို အသား ကျနေ ပုံရသည်။ ကျွန်တော် ကူညီ ရပါမည်။ ဘယ်လို ကူညီ မည်လဲ။ မန္တလေး အထိ ရိုးရိုးတန်း လက်မှတ်ခ ၄၆၅၀ ကျပ်ကိုတော့ ကျွန်တော့်ဘက်က အိတ်စိုက် မစွန့်စား ရဲပြန်။ ကိုယ်ပိုင်ရာ၊ ဆိုင်ရာ တွဲထိန်း၊ လက်မှတ်သိမ်း တို့ကို ခေါ်အပ်ပြီး ရထားပေါ် တင်ပေးလိုက် ကာ ငွေတစ်ထောင် ကျပ်သာ လမ်းသုံးဖို့ ပေးလိုက် နိုင်သည်။

“ကျေးဇူးတင် ပါတယ်ဗျ။ ကျောက်မဲ ရောက်ရင် ဈေးမှာ မေးပါဗျ။ စိုင်းလိတ်ဆို လူတိုင်း သိတယ်ဗျ။ ဆရာ့ ကို အမြဲ ကျေးဇူးတင် နေမယ်နော”
ကျွန်တော့် ကူညီ စွမ်းဆောင်မှု လေးက ပါးပါး လျှပ်လျှပ် လောက်လေး ပေမဲ့ ဦးစိုင်းလိတ်၏ ကျေးဇူး စကားတွေက ထုနှင့် ထည်နှင့်ကို ရှိလောက် သည်ဟု ထင်ပါသည်။
ရထား ဥပဒေ အရ လက်မှတ်မဲ့ မပါ ရှိရေးအတွက် လက်အောက် ၀န်ထမ်း တွေကို ညွှန်ကြား နေသူ ကျွန်တော်က ရထား လက်မှတ်မဲ့ တင်ပေး လိုက်ခြင်း အပေါ် လိပ်ပြာသန့် ခဲ့သော်လည်း မီးရထား ၀င်ငွေ ၄၆၅၀ကျပ် လျော့နည်းခြင်း အတွက် အပြစ် တစ်ခုလို ရှိနေပါ လိမ့်မည်။

နေ့စဉ် သိန်းပေါင်း များစွာ၊ သန်းပေါင်း များစွာ ယိုဖိတ် လေလွင့် စေခဲ့သော၊ ကိုယ်ကျိုး ရှာခဲ့သော၊ အတ္တ ဗဟိုပြု ခဲ့သော သူတို့၏ ကိန်းဂဏန်း မှတ်တမ်း မှတ်ရာ များကို ဥပေက္ခာ ပြုနိုင် သူတို့သည် ၀င်ငွေ ၄၆၅၀ ကျပ် ဆုံးရှုံး မှုအပေါ် စာအုပ်ကြီး အတိုင်း မူဘောင် ဖြင့် ဆောင်ရွက်ကြ လေသောအခါ လက် မှတ်မဲ့ တင်ပေး လိုက်သူ ကျွန်တော်နှင့် ငြိစွန်း ရပြန်သည်။

၂။
ရုံးခန်းဝမှာ ပြူတစ် ပြူတစ် လုပ် နေသော လူငယ်လေးကို မြင်လိုက်ရ တော့ ကျွန်တော့်မှာ ဆရာ ကြူးနှစ်၏ ၀တ္ထုတို အရေး အဖွဲ့များတွင် တွေ့ရ တတ်သော အဖွဲ့ အနွဲ့မျိုးကို သတိရ သွား သည်။ ပိုးဟပ်ဖြူ ဆိုသော အကောင် ငယ်လေးသည် သည်လူငယ်နှင့် တွေ့ လျှင်တော့ ဖြူနိုင်လိမ့် မည်မထင်။ ဟောက်ပက် နေသော မျက်တွင်းက ရေ တစ်ဖန် ခွက်လောက် လောင်းထည့်လျှင် တောင် ရလိမ့်မည် ထင်သည်။ ချည့်နဲ့နေ သည့် ခါးက လက်ညှိုးနှင့် တောက်လိုက် ရုံဖြင့် မတ်တတ် ကနေ လဲပြိုသွား လောက် ပေမည်။ အဲသည်လို အဖွဲ့ မျိုးပါပဲ။
“၀င်ခဲ့ပါကွာ ကဲ ပြော”

ကျွန်တော့် စကားသံကို သူ ဖတ် တတ်ဟန် တူသည်။ ရွံ့ကြောက်သော အမူအရာက အနည်းငယ် ပြေလျော့သွား ပုံရသည်။
“ဦးရယ် ကျွန်တော်တို့ မိသားစု အလုပ် ရမယ်ဆိုလို့ အမေ အိုကြီးပါ ခေါ်ပြီး ရွာက အိမ်ဝိုင်းလေး ၂ သိန်းနဲ့ ရောင်း လိုက်လာ ခဲ့တာ။ ခေါ်လာတဲ့ သူက သန်လျင်ဘက်က တဲလေးတစ် လုံးမှာ ထားခဲ့ပြီး ပျောက်သွား တော့ တာပဲ။ အိမ်ရောင်းလို့ ပါလာတဲ့ ပိုက်ဆံ နဲ့ မှတ်ပုံတင် တွေပါ သူ့နောက် ပါသွား တယ်။ အလိမ်ခံ ရတာ ပါခင်ဗျာ။ ဟိုလူကျွေး သည်လူကျွေးနဲ့ အသက် ဆက်ခဲ့ ရတာပါ။ အခု ရွာပြန် တော့မယ်”

ကျွန်တော်ကား နဂိုဓာတ်ခံ နှလုံး သား မာကျောသူ မဟုတ် လေတော့ ရုံးခန်း အပြင် ထွက်ကြည့် မိသည်။ ၂ကို ဇောက်ထိုး လုပ်ထားသည့် ပုံသဏ္ဌာန် ဖြစ်နေသည့် ခါးကိုင်းကိုင်း အသက် ၈၀ ခန့် အမေ အိုကြီး၊ ရင်ခွင်ထဲ ရှိ ကလေးကို နို့ပိန်လေး တိုက်ကျွေးနေ သည့် သားသည် မိခင်ငယ်။ အားလုံး၏ မျက်ဝန်း များမှာတော့ အားကိုး တကြီး ဆိုသည့် ဝေါဟာရတို့ ခိုဝင်လျက်။

သူတို့ သွားရမည့် ခရီးစဉ်ကို မေး ကြည့်တော့ ပြည်ဟို ဘက်ကမ်း ပန်း တောင်းနယ် ထဲက ရွာကလေးဖြစ် နေသည်။ နေ့ ၁ နာရီ ရထားနှင့် လိုက်သွားလျှင် ပြည်ကို တိုက်ရိုက် ရောက်မှာ ပေမဲ့ သူတို့ ရောက်လာချိန်က ညနေ ၃ နာရီခန့်မို့ ရွှေတံခါး ဘူတာ ဆင်းပြီး ခရီးဆက်ရ မည့် ပုဂံ ရထားသာ ရှိတော့သည်။ ၁ နာရီလောက် အချိန်ရ သေးသည့် အတွက်-
“ကဲ လောလောဆယ် ထမင်း သွားစားကွာ။ ဘူတာ အပြင်ထွက်ရင် ဂုံးတံတားကြီး အောက်မှာ လက်ဖက် ရည်၊ ထမင်းကြော်တို့ ရောင်းတဲ့ ဆိုင် ရှိတယ်။ တစ်ခုခု သွားစားကြ။ ရထား ပေါ်စားဖို့ ထမင်းကြော် ၃ ထုပ်နဲ့ ရေသန့် တစ်ဘူး ပါယူသွား။ စားပြီးရင် ရုံးခန်း ပြန်လာ ခဲ့နော်။ ကဲ သွား သွား ငါ အဲဒီဆိုင်ကို ဖုန်းဆက် လိုက်မယ်”

အိတ်ကပ် ထဲက ပမာဏသည် လက်ဖက်ရည် တစ်ခွက် ဖိုးစာမျှသာ ရှိသည်မို့ စာရင်းမှတ်၍ ရသောဆိုင် ကို ညွှန်းဆို လိုက်ခြင်း ဖြစ်သည်။
နာရီဝက်ပင် မကြာ သူတို့ မိသားစု ကျွန်တော့် ရုံးခန်း ပြန်ရောက် လာကြ သည်။ ဆိုင်ကို ဖုန်းဆက် မေးထားပြီး သားမို့ စုစုပေါင်း ကျသင့်ငွေ ၄၀၀၀ ကျပ်၊ လက်မှတ် ၃ စောင်က ၆၀၀၀ ဆိုတော့ ငွေတစ်သောင်း တောင် ဆို သည့် အတွေး ၀င်လာသည်။ စီးဆင်း နေသော စေတနာ စမ်းချောင်းလေး ရုတ်တရက် ရပ်တန့်သွား လေပြီလား။

ရုံးလုလင်လေးကို စာတိုလေးတွေ ရေးပေးပြီး ကျပ်တိ ကျပ်တည်း ကြားမှာ ကိုပဲ ဟိုက သည်က တိုးဝင် လာတတ် သော ပါဆယ်ရုံ၊ လပ်ဂိတ်၊ လက်မှတ်ရုံ တို့ဆီ အကူအညီ တောင်းမိ သွားသည်။
ရုံးလုလင်လေး ပြန်ရောက်လာ တော့ ဒုက္ခသည် မိသားစု လေးအပေါ် ၀ိုင်းဝန်း ထောက်ပံ့လိုက်သော ခြင်္သေ့ရုပ် လေးများ ဖြန့်ခင်း လိုက်သည့် အခါ တစ် သောင်းနှစ်ထောင်ရှိသည်။ လက်မှတ် ၃ စောင်ဖိုး နုတ်လိုက် လျှင် ၆၀၀၀ ပို မည်။ ဂုံးတံတားအောက် ကဆိုင်ကို ရှင်း ပေး ရမည်က ၄၀၀၀ ကျပ်။ လေး ထောင် ကျပ်ကြီး တောင်။

ကျွန်တော်သည် ၄၀၀၀ ကို နုတ် ယူလိုက် ရမလား။ နုတ်ယူလိုက်ရင် ၂၀၀၀ တော့ ကျန်ဦးမှာပဲလေ။ ဒါ လောက် ကူညီတာ ကိုပဲ အားရ၀မ်းသာ ကျေနပ် သွားကြမှာ မဟုတ်လား။ ဟာ မဟုတ်သေး ပါဘူး၊ ပိုက်ဆံ လိုက်မစုခင် အထိ တစ်ခုခု စားဖို့၊ လမ်းစား ဖို့တောင် ယူသွားဖို့ စိတ်စေတနာ ပြတ်ပြတ် ဆုံး ဖြတ်ခဲ့တာ မဟုတ်လား၊ ပိုက်ဆံမြင် တော့ စိတ်ပြောင်း သွားတာလား။ လေး ထောင်တည်း ပါလို့ ခံယူခဲ့ ပြီးသား မဟုတ်လား။

လေးထောင် ကြီးတောင်၊ လေး ထောင် တည်းပါ။ ကြီးတောင်နှင့် တည်း ပါ ကြား ကျွန်တော် အခိုက် အတန့် ဗျာ များသွား သည်ကို ၀န်ခံ ရမှာပဲ ဖြစ်ပါ သည်။

“ရော့ ၆၀၀၀ ယူသွား၊ ရွှေတံခါး ဘူတာထိ လက်မှတ် ၀ယ်ပေးလိုက်။ မှတ်ပုံတင် ပါမရှိတော့ ဘူးဆိုတော့ နာမည်နဲ့ အသက်ကိုပဲ မှတ်ပြီး ရောင်းဖို့ စာရေးတွေကို ပြော”
ရုံးလုလင်လေးကို ၅၀၀ ကျပ်တန် ၁၂ ရွက် ထုတ်ပေးပြီး ပိုငွေ စက္ကူများကို တူရာတူရာ သေသေ သပ်သပ် စီနေ လိုက်သည်။

အိုး ကျွန်တော့်ရှေ့ မှောက်ရှိ မိသားစုလေး၏ မျက်ဝန်း ၃ စုံအကြည့် တွေက ကျွန်တော့် လက်ထဲရှိ ၂၀၀ ကျပ် တန်၊ ၅၀၀ ကျပ်တန် ရောရာ ဆီမှာ။ ကျွန်တော် မျက်တွင်း ဟောက်ပက် လူငယ်လေးဆီ အကြည့်ရွှေ့တော့ အကြည့်ချင်း ဆုံမိတော့သည်။ ကျွန်တော် သူ့အကြည့်ကို ဖတ်လိုက် နိုင်ပါသည်။
“ပိုငွေတွေကို ပေးလိုက်မှာလား ဟင်”ဆိုသည့် အဓိပ္ပာယ်ပဲ ဖြစ်ပါလိမ့်မည်။

၃။
ရထားလက်မှတ် ၃ စောင်နှင့် ငွေ စက္ကူများကို လူငယ်လေး လက်ထဲထည့် တော့ လက်ကလေးများ တုန်ခါနေ သည်ကို သတိထား မိသည်။ လက်အုပ် ချီဖို့ ကြိုးစားတာကို သတိပြု မိသော ကြောင့် လူရွယ်လေး ပခုံး ကို အသာညှစ် အားပေး လိုက်သည်။ အသားမရှိ၊ ရိုးကြီး ဂေါင်ဂင် ပါပဲ။
ထိုအခိုက် မှာတော့ ၄၀၀၀ ကြီး တောင် ဟူသော အတွေးဝင် ခဲ့သည့် ကိုယ့်ကိုယ်ကို အရှက်ကြီး ရှက်မိ နေပါ တော့သည်။

ရဲသျှမ်း
(ရွှေအမြုတေ မဂ္ဂဇင်း ဖေဖော်ဝါရီလ ၂၀၁၃)