ဖူးတံဝင့်လို့ချီ ရေးသူဖတ်သူဆွေးနွေးပွဲ


စာပေလောက (၅) မှာ ရဲသျှမ်းရဲ့ ဖူးတံဝင့်လို့ချီ စာအုပ်မိတ်ဆက်ပွဲနှင့်ရေးသူဖတ်သူဆွေးနွေးပွဲကို ၂၀၁၂ခုနှစ် မတ်လ ၃ ရက်နေ့ မှာ ကျင်းပပြုလုပ်မှာဖြစ်တာမို့ ရဲသျှမ်းရဲ့ပရိသတ်ကြီးကို ဖိတ်မန္တကပြုအပ်ပါတယ်။

ကောင်းကျိုးကိုယ်၌ တည်စေမင်း (သားသို့ ပေးစာ – ၁)

ချစ်သောသားလေး …ရဲဝဏ္ဏ



သားတို့အရွယ် လူငယ်လေးတွေကို လိမ်မာယဉ်ကျေး အသိပညာတိုးတက်စေဖို့ လူကြီးသူမ၊ ဆရာ၊ ဆရာမတွေက ပုံပြင်လေးတွေ၊ ဆုံးမစာလေးတွေကို ပြောပြပြီး သားတို့ရဲ့ နုနယ်လှတဲ့ နှလုံးသာလေးကို ကြည်လင်သန့်ရှင်းစေတယ် ဆိုတာ သားလေးကို ဖေဖေ ရှင်းပြထားတာမို့ သားလေး နားလည်ခံယူတတ်နေပြီနော်။ သားလေးရေ … ဖေဖေတို့ ငယ်ငယ်တုန်းကတော့ ကျောင်းမှာ ပြည်သူ့နီတိဆိုတာ သင်ရတယ်… သားရဲ့။ ဖေဖေတို့တစ်တွေ ပြည်သူ့နီတိ စာသင်ချိန်ရောက်ရင် သိပ်ပျော်ခဲ့တာပဲ။ အဲ့သည်တုန်းက ဖေဖေတို့ကို ပြည်သူ့နီတိ သင်ပေးခဲ့တဲ့ ဆရာမက လောကသာရပျို့ကို အလွတ်ရတယ်။ ဆရာမ ရွတ်ပြတိုင်ပေးတာကို ဖေဖေတို့က လိုက်ဆို၊ နောက်တော့ အလွတ်ရသွားတော့တာပေါ့။ ပျို့တစ်ပိုဒ်ခြင်းကို အဓိပ္ပာယ် ဖွင့်ပြရှင်းပြ၊ ဥပမာလေးတွေ ပေးပေးပြီး ပြောပြတာဆိုတော့ မှတ်သားရ လွယ်တာပေါ့ သားရယ်။



ပျို့ဆိုတာဘာလဲဆိုတာ သားကို ရှင်းပြရဦးမယ်။ ပျို့ဆိုတာ ကဗျာ၊ လင်္ကာတွေ အများကြီးထဲက ကဗျာပုံသဏ္ဌန် တစ်ခုဖြစ်တဲ့ လေးလုံးစပ် လင်္ကာရှည်ကြီးပေါ့။ ပိုဒ်ရေအများကြီး ပါတာပေါ့ကွယ်။ အဲ့သည် လောကသာရ ပျို့ကို မြန်မာသက္ကရာဇ် ၈၄၂ ခုနှစ်မှာ ကန်တော်မင်းကျောင်း ဆရာတော်က ရေးသားခဲ့တာလေ။ အခု ၁၃၇၃ ခုနှစ်ဆိုတော့ ၅၃၁ နှစ်တောင် ကြာခဲ့ပြီပေါ့။ ဒါပေမယ့် သားရယ် အခုချိန်ထိ လူသားတွေ လိုက်နာကျင့်သုံးရမယ့် ဆုံးမစကားတွေက မပြယ်သေးပါဘူး။ နောင်လည်း အရှည်တည်တန့် နေဦးမှာပါပဲ။



သားလေး ရဲဝဏ္ဏရေ … ကန်တော်မင်းကျောင်း ဆရာတော်ဆိုတာ ဆရာတော်ရဲ့ မွေးရာဇာတိ ရွာကလေးဖြစ်တဲ့ ကန်တော်ရွာအနီးက ဘုရင်(မင်း) ဆောက်လှူထားတဲ့ ကျောင်းမှာ ဆရာတော် သီတင်သုံးခဲ့တာကို အစွဲပြုပြီး ခေါ်ခဲ့တာလေ။ ကန်တော်ရွာက မြင်းမူမြို့နယ်ထဲမှာ ရှိတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့ပေါ့။ စစ်ကိုင်းတိုင်းဆိုတာ သားသင်ရတဲ့ ပထ၀ီဝင်ထဲက မြေပုံထဲမှာ အကြီးဆုံးတိုင်းကြီးပေါ့ သားရယ်။



သားရေ … အဲ့သည် ကန်တော်မင်းကျောင်း ဆရာတော်ကြီးရေးတဲ့ လောကသာရပျို့မှာ အမျိုး ၄ ပါးကို ဆုံးမတဲ့စကားတွေ ပါဝင်တယ်။ အမျိုး ၄ ပါးဆိုတာကို သားသိမယ် မထင်ဘူး။ ဖေဖေရှင်းပြမယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်ကို ခတ္တိယ၊ ပုဏ္ဏားတွေကို ဗြဟ္မဏ၊ ကုန်သည်တွေကို ဝေဿ၊ ပြည်သူတွေကို သုဒ္ဒလို့ ခေါ်တယ်။ အဲ့သည် ပျို့ကြီးမှာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို ဆုံးမတဲ့စကား၊ ပုဏ္ဏားကို ဆုံးမတဲ့ စကားတွေကိုပါ ထည့်သွင်း ရေးဖွဲ့ထားတာကြောင့် ပိုပြီးထင်ရှားခဲ့တာပေါ့။ ပုဏ္ဏားက ဘယ်လို ပါလာတာလဲလို့ သားကမေးဦးမယ်။ ပုဏ္ဏားဆိုတာက ပုရောဟိတ်တွေကို ခေါ်တာ။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို အကြံဥာဏ်တွေ ပေးရတဲ့သူ။ တနည်းပြောရရင် မင်းဆရာ ဆိုပါတော့ကွယ်။ ရှေးခေတ် ဆရာတော်ကြီးတွေက တိုင်းသူပြည်သားတင် မကဘူး။ အုပ်ချုပ်တဲ့မင်း၊ မင်းဆရာတွေကိုတောင် ဆုံးမစကားတွေ ပြောခဲ့တယ်။ မင်းတွေ၊ မင်းဆရာတွေကလည်း ဆရာတော်ကြီးတွေရဲ့ ဆုံးမစကားကို လိုက်နာကြတယ်။ မငြင်းပယ်ဝံ့ဘူး။ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့ ဆရာတော်ကြီးတွေရဲ့ သမာဓိ၊ သိက္ခာ၊ ပညာဂုဏ်တို့ကို လေးစား ကြည်ညိုတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။



သားလေး ရဲဝဏ္ဏရေ… လောကရဲ့ အနှစ်သာရတွေကို ပျို့လင်္ကာအဖြစ် ရေးဖွဲ့ထားတာမို့ လောကသာရပျို့လို့ ခေါ်တာ။ ပျို့လင်္ကာကြီးရဲ့ ပထမပိုင်းထဲက ပုဒ်ရင်း ၆ ကို ဖေဖေ ရွတ်ပြမယ်နော်။ သားလေး သေသေချာချာနားထောင်။



ပညာမျက်စိ၊ မြင်မရှိ၍

မသိတရား၊ အယူမှားလျှက်

စီးပွားမမျှော်၊ ကျိုးမပေါ်သား

သူတော်မဟုတ်၊ ယုတ်သည့်စရိုက်

လူသူမိုက်ကို၊ မကြိုက်မချစ်

ရန်သူစစ်သို့၊ မနှစ်သက်ဘဲ

ဝေးခွာရှဲ၍

အမြဲခွာရှင်း ဖဲကြဉ်မင်း။ ။



ပညာဆိုတာဘာလဲ…ခွဲခြားသိမြင်နိုင်တဲ့ အရာလို့ ဖေဖေ သားကို “ပညာရဲ့ဝတ်ရုံ” မှာ ရှင်းပြခဲ့ပြီးပြီ။ အရာရာအားလုံးကို မြင်နိုင်စွမ်းတဲ့ မျက်စိရဲ့ အရည်အချင်းကို ပညာနဲ့ ထပ်တူပြုပြီး ပညာမျက်စိလို့ ဆရာတော်က ရူပကအလင်္ကာကို သုံးပြခဲ့တယ်။ ပညာမဲ့ရင် အတွေးအခေါ် အယူအဆတွေ မှားမယ်။ စီးပွားရှာရာမှာ နုံချာညံ့ဖျင်းမယ်။ သူတော်ကောင်းတရားတွေ ပပျောက်မယ်။ ယုတ်ညံ့တဲ့ အတွေးစရိုက်တွေ ရောက်လာမယ်လို့ ဆိုလိုတာပဲ။ အဲ့သည်လို ပညာမဲ့သူတွေကို ရန်သူလို သဘောထားပြီး အမြဲတမ်း ဝေးသထက် ဝေးအောင် ရှောင်ကြဉ်ရမှာပေါ့။



ကဲ ရှေးစာဆိုကြီးဖြစ်တဲ့ ကန်တော်မင်းကျောင်း ဆရာတော်ရဲ့ ပျို့လင်္ကာက ဘယ်လောက် ရှင်းလင်းပြတ်သားပြီး လောကလူ့ရွာအတွက် ဘယ်လိုအကျိုးရှိတယ် ဆိုတာကို သားလေးသိပြီနော်။ ဒါဆိုရင် လောကသာရပျို့ကြီးကို သားလေး ဆုံးခန်းတိုင်အောင်ဖတ်။ အပိုဒ်တိုင်းရဲ့ အဆုံးချဖြစ်တဲ့



ကောင်းတေနှလုံး ယဉ်စေမင်း။

အမြဲခွာရှင်း ဖဲကြဉ်မင်း။

မျက်မာန်မပြင်း ကောင်းစေမင်း။

ပညာထိန်း၍ မိန်းစေမင်း။

ဆည်းပူးသိမြင် ကျယ်စေမင်း။ စတဲ့ တိုက်တွန်းဆုံးမ စကားလေးတွေကို အမြဲအမှတ်ရ ကျင့်ကြံ ကြိုးစားရမှာပေါ့။ သည်အခါမှာ သားလေးရဲ့ ခန္ဓာ၊ နှလုံးအိမ် နေရာအားလုံးမှာ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေ ရောက်ရှိသွားလိမ့်မယ်လို့ ဖေဖေယုံတယ်။



ကောင်းကျိုးကိုယ်၌ တည်စေမင်းလို့ ဆရာတော်ကြီးရဲ့ အလင်္ကာနဲ့ သားအတွက် ဖေဖေဆုတောင်း ပေးလိုက်တယ်။



တတ်သိလိမ္မာ ယဉ်ကျေးပြီး လောကရဲ့ အနှစ်သာရတွေကို ခံစားရယူနိုင်ပါစေ။

သားရဲ့ ချစ်သော ဖေဖေ

ရဲသျှမ်း

စာညွှန်း။ သုခမှတ်စု၊ မြန်မာ့ရိုးရာဆုံးမစာ(ဒေါ်နုကြည်/မဟာဝိဇ္ဇာ)

ရဲသျှမ်း
မျက်ရှုအွန်လိုင်းမဂ္ဂဇင်း

ဖူးတံဝင့်လို့ချီ

ရဲသျှမ်း ရဲ့ စတုတ္ထမြောက် ၀တ္ထုတိုစု feb မှာ ထွက်ပါမယ်။လင်းလွန်းခင်စာပေ ကထုတ်တာပါ။

သက်ရှိ၊ သက်မဲ့

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အညာမြို့လေး တစ်မြို့မှာ ကျွန်တော် မီးရထား ရုံပိုင် ရာထူးနဲ့ ၅ နှစ် လောက် တာဝန်ကျ ခဲ့ဖူးပါတယ်။ ၅ နှစ် ဆိုတာက တစ်ဆက်တည်းကို ဆိုလိုတာပါ။ အမှန်က ရုံပိုင်လေးရာ ထူးနဲ့ ၄-၅ နှစ် လုပ်လိုက် ပြောင်းသွား၊ ရုံပိုင်ရာထူး တိုးတော့ ပြန်ရောက်နဲ့ ဆိုတော့ ပေါင်းကြည့်ရင် (၁ဝ) နှစ် အထက်တော့ ရှိပါ တယ်။ သည်တော့ မြို့လေးက ကျွန်တော့် ဇာတိမြို့လို ကိုဖြစ်နေပါပြီ။
မြို့လေးကို ဒုတိယ အကြိမ် ပြန်ရောက်တော့ ကျွန်တော်ရမယ့် ဝန်ထမ်းအိမ်ခန်းက မလွတ်၊ မအား သေးတာမို့ ဘူတာနဲ့ သိပ်မဝေးတဲ့ ရပ်ကွက်လေး တစ်ခုမှာ အိမ်ငှား နဲ့ (၆) လခန့် နေခဲ့ပါတယ်။
ကျွန်တော်နေတဲ့ ရပ်ကွက်လေးက မြို့ရဲ့မြောက်ဘက်ကစ ရေတွက်လို့လား မသိပါ။ အမှတ်(၁) ရပ်ကွက်လို့ အမည် ဦးဦးဖျားဖျား ရထားတာပါ။ မီးရထား ရပ်ကွက် ကို တော့ အမှတ်(၂)၊ ဘူတာကြီးရပ်ဝန်း ကျော်ပြီး မြို့အရှေ့ဘက်ခြမ်းက အမှတ်(၃)၊ ပြည်ထောင်စု လမ်းမကြီး ယာဘက်ခြမ်းက အမှတ်(၄)၊ စသဖြင့် ရပ်ကွက်(၇) ရပ်ကွက် နဲ့ ဖွဲ့စည်း ထားတာဆိုတော့ မြို့လေးကမကျဉ်း မကျယ်နဲ့ အထိုက်အလျောက် စည်ကားလှပါတယ်။ ပြည်ထောင်စု လမ်းမကြီး လို့ခေါ်တဲ့ အဝေးပြေးလမ်းက မြို့လေး ရဲ့ ”မြို့ထဲ” ဆိုတဲ့ အဓိပ္ပာယ် ကို ဖော်ဆောင်ပေးထားပါတယ်…။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ စတိုးဆိုင်၊ ကာရာအိုကေ၊ တည်းခိုခန်း ဆိုတဲ့ အခင်းအကျင်းတွေ တည်ရှိတဲ့ နေရာ ဆိုတော့ အလိုလို နေရင်းမြို့ထဲ ဖြစ်သွားတော့တာပဲ ထင်ပါရဲ့။
အဲသည် မြို့ထဲဆိုတဲ့ ဝန်းကျင် ကနေ တောင်ဘက် မြောက်ဘက်တိုး လျှိုပေါက် လမ်းတစ်လမ်း ရှိတယ်။ ထနောင်းလမ်းလို့ အမည်တွင်ပါတယ်။ အထင်ကရ ဖြစ်တဲ့ ဘုရားကြီး သွားတဲ့ လမ်းလေးမှာ ထနောင်းပင် ကြီးတွေ အစီအရီ ရှိတာကို အစွဲပြု ပြီး ထနောင်းလမ်းလို့ အညွှန်း တပ်ခေါ်တယ်လို့ ထင်တာပဲလေ။
ထနောင်းလမ်း အတိုင်း မြို့ထဲကနေ ဦးတည်လာခဲ့မယ် ဆိုရင် ယာဘက်က မီးရထား စက်ခေါင်းရုံဝင်း နဲ့ ဝန်ထမ်းအိမ်ရာ၊ ဝဲဘက်က အမှတ် (၁) ရပ်ကွက် ကလေးပဲ ဖြစ်ပါတယ်။ လမ်းသွယ်လေးတွေ (၆) ခုလောက် လမ်းမကြီးနဲ့ ဆက်နွှယ် ထားတဲ့ လမ်းကလေးတွေထဲက လမ်းသွယ် (၃) ထိပ်က နှစ်ထပ်တိုက် အိမ်ကြီး ရဲ့ဘေး ဂိုဒေါင်ဟောင်း တစ်လုံးမှာ ကျွန်တော်တို့ ငှားနေခဲ့ တာပါပဲ။
ကျွန်တော်တို့ ဆိုတာက ကျွန်တော်ရယ်၊ ဇနီးရယ်၊ သမီးငယ် လေးရယ် တို့ပဲဖြစ်ပါတယ်။
အညာမြို့ ဖြစ်တာကြောင့် ရာသီဥတု ပူပြင်းတဲ့ အပြင် ဂိုဒေါင်လိုဖြစ် နေတဲ့ အခန်းမှာ နေရတာ ဆိုတော့ ကျွန်တော့်မှာ မွန်းကျပ်လှပါတယ်။ ဒါပေမဲ့လည်း တာဝန်ကျရာ ဘူတာရုံနဲ့ ဖြတ်လမ်းကနေ(၁ဝ) မိနစ်လောက် လမ်းလျှောက် သွားရင် ရလောက်အောင် နီးပြီး ရပ်ကွက်လေး က အေးချမ်းတာ ဆိုတော့ ကျွန်တော့် မှာ အစစ အဆင်ပြေ လှတယ်လို့ ပြောရလောက်အောင် နေပျော်ပါတယ်။
”အစ်ကိုရေ…လိုင်းခန်းရ ရင်တောင် မပြောင်းချင်တော့ဘူး၊ ဒီမှာ ရေက အရမ်းအဆင်ပြေတယ်၊ လိုင်းခန်းပြောင်းရင် ရေဝယ်သုံးရ မှာ ရေဖိုးက ပေးရတဲ့ အိမ်လခ ထက် ကိုကျော်မှာနော်”
ဇနီးသည် ပြောသလိုပါပဲ… မြို့လေးက ဘယ်လိုကျိန်စာမိထား လည်းမသိပါ။ ကျွန်တော်တို့ နေတဲ့ အမှတ်(၁) ရပ်ကွက်လေးမှာ အိမ်တိုင်း အဝီစိတွင်း တူးထားကြ ပြီး ရေလည်း စံမီတန်းမီ ထွက်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ရေကရေချို။ ကျန်တဲ့ ရပ်ကွက်တွေမှာတော့ ပေ၃ဝဝ၊ ၄ဝဝလောက် နက်တာတောင်မှ ရေမထွက်လို့ အဝီစိ ဆရာတွေလက် မှိုင်ချ၊ လုပ်အားရှုံးတဲ့ အထိ ဖြစ်ကုန်ပါတယ်။ စွတ်ရွတ်ပြီး ရေထွက် ပြန်တော့ ရေကရေငန်၊ ချွဲချွဲပစ်ပစ်နဲ့ မို့ သောက်ရေ မပြောနဲ့ လျှော်ဖို့၊ ဖွပ်ဖို့ ၊ ဆေးကြောဖို့တောင် အဆင်မပြေတဲ့ အနေအထားပါ…သည်မှာ တင်ပဲ အမှတ်(၁) ရပ်ကွက်လေးရဲ့ ပင်မ စီးပွားရေးက ရေရောင်းတဲ့ အလုပ် ပဲဖြစ်ပါတော့တယ်။ မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှာ (၆)ရပ်ကွက်က အမှတ်(၁) ရပ်ကွက်လေးရဲ့ ရေ အရင်းအမြစ်ကို မျှယူကြတယ်. ..။ နေမပြိုသေးတဲ့ နံနက်ပိုင်းနဲ့ နေချိုချို ညနေပိုင်းတွေ မှာ ရေစည်လှည်းတွေက စက်ဘီးတွေ၊ မြင်းလှည်းတွေ ကြားမှာ ရှုပ်ယှက် ခတ်နေအောင်ကို များလှပါတယ်။ ကိုယ်ခွဲလက်ခွဲ မရှိ၊ အချိန်လည်း မပေးနိုင်၊ လှည်းတွန်း ရတာ မကျွမ်းကျင် သူတွေအတွက် ရေစည် အငှားတွန်း စီပွားရေး အုပ်စုလေးလည်း ပေါ်ထွန်းလာပါသေးတယ်။ ရေစက် ရှိတဲ့ ရေရောင်းတဲ့ အိမ်တွေမှာ ရေစည် လှည်းတွေ ပါထောင်ထား ပေးပေမယ့် ကိုယ့်လှည်း နဲ့ဆို တစ်ဈေးဖြစ်တဲ့ အပြင် လှည်းစောင့်ရတဲ့ ဒုက္ခပါ ကင်းတာမို့ ရေစက် မရှိပေမယ့် ရေစည် လှည်းထောင်တဲ့ စီးပွားရေး လမ်းကြောင်းလေးတွေလည်း ရှိနေ ပြန်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ အင်မတန် ပူပြင်းတဲ့ အညာ အရပ်ဒေသရဲ့ မြို့လေးမှာ အမှတ်(၁) ရပ်ကွက်လေး ထဲကနေ PH7 အဆင့်မီ သောက်သုံး ရေရရှိနေတာ ဆိုတော့ မြို့က ရေမငတ်ရှာဘူး။ ဈေးသုံးလေးနည်းနည်း လျှော့ ရေဖိုးလေး ဖယ်ထား၊ ပူလောင် အိုက်စက် ချွေးတရွှဲရွှဲပေမယ့် ညနေစောင်း နေချိုချိုကျမှ လှိုင်း တက်အိုး ထဲမှာ ထည့်ထားတဲ့ ရေ အေးအေးလေး ချိုးလိုက်တော့လည်း လန်းဆန်း ကြည်လင်သွားတော့ တာပဲလေ။ သည်အခါမှာ မြို့လေးရဲ့ အမှတ်(၂) ကနေ စရေတွက်ရင် အမှတ် (၇) အထိ ရပ်ကွက်သူ ရပ်ကွက်သား တွေက အမှတ် (၁) ရပ်ကွက်ကနေ ရေစည် လှည်းတွေနဲ့ စီးဆင်းလာတဲ့ ရေချိုလေး အပေါ် မှာ ကျေးဇူးတွေ ထမ်းပိုးလို့ နေမှာပဲ ဆိုပြီး ကျွန်တော်က ကဗျာဆန်ဆန် တွေးနေမိပါတယ်။

ကျွန်တော့် အိမ်ရှင် ဦးညွန့်ဖေ ကလည်း ဘာသားနဲ့ ထုထားတာမို့လဲ …။ ရေစီးပွားရေးဇုန် ထဲမှာ သူလည်း ရင်းနှီးမြှုပ်နှံ လိုက်ပါတယ်။
”ရုံပိုင် စဉ်းစားကြည့်ဗျာ… တစ်နေ့ကို ရေမော်တာ (၆)နာရီ လောက်မောင်းရင် ရေဂါလန် ၂ဝဝဝ ကျော်ရမယ်။ ရေတစ်စည်မှာ ဂါလန် (၅ဝ) ဆိုတော့ စည်(၄ဝ)ပေါ့ဗျာ။ တစ်စည်ကို လှည်းမပါ ရေ သက်သက်ရောင်းရင် ၁ဝ ကျပ် ဆိုတော့ တစ်နေ့ ဝင်ငွေက ၄ဝဝ နော်… ရုံပိုင် လစာတော့ ၂ ရက် ၃ ရက် နဲ့ မီတယ်ဗျာ။”
ကျွန်တော် ဦးညွန့်ဖေ ပြောတာကို မငြင်းဆန်ခဲ့ပါဘူး။ အဲသည်တုန်း က ကျွန်တော့် လစာကလည်း ၁၅ဝဝ တော့ မကျော်ဘူးတင်တာပဲ။ လစာ နှုန်းထားတွေ အကြိမ် ကြိမ် ပြောင်း တော့ သိပ် မမှတ်မိတော့ဘူးလေ။
”အခုတလော လျှပ်စစ်မီးက လည်း အချိန်နဲ့ အလှည့်ကျ ပေးနေတော့ ရေမောင်းရတာ အဆင်မပြေချင်ဘူး ရုံးပိုင်ရဲ့၊ နောက်တစ်လ လောက်ဆို ရာသီဥတုက သည့် ထက် ပိုပူလာတော့မယ်။ ရေစည်လှည်း တွေလည်း ထပ်တိုးပြီး ရေအုတ်ကန် ကြီးကြီးဆောက်ပြီး ရေလှောင်ဖို့ ကျွန်တော် စီစဉ်နေတယ်။”
ရေစင်ပေါ်မှာ ရှိတဲ့ ရေတိုင်ကီ နဲ့ ဆက်သွယ်ထားတဲ့ ရေပိုက်ခေါင်း ကနေ ရေစည် လှည်းတွေကို ရေပေး နေတာ အားမရတော့ဘူး ထင်ပါရဲ့။
”ဦးလေး ဆိုလိုတာက မီးလာတဲ့ တစ်ချိန်လုံး ရေမောင်းထားမယ်၊ ရေစင်ပေါ်က တိုင်ကီ ပြည့်ရင် ရေ အုတ်ကန်တွေထဲမှာ ဖြည့်ထားဦးမယ်…ဟုတ်တယ်နော်”
”ဒါပေါ့…ရုံပိုင်ရာ မိုးရွာ တုန်း ရေခံလို့ ပြောရမလား၊ မဟုတ် သေးဘူးဗျ…မီးလာတုန်းရေ မောင်း…ဟား ဟား ဟား”
ဦးညွန့်ဖေ ကတော့ သူ့အတွေး နဲ့သူ သဘောကျ နေပါတယ်။
”ရပ်ကွက်ထဲမှာ ရေစက်တွေက အများကြီး ဦးလေးရေ၊ အုတ်ကန် ကြီးဆောက်ပြီး ထင်သလောက် ရေ မရောင်းရရင် ဒီအထဲ ပိုက်ဆံတွေ က ဝင်သွားဦးမယ်…အဲ ပြီးတော့ ဦးလေးက ဘယ်နေရာ လုပ်မှာတုံး”
”ရုံပိုင် သိပ်သဘောကျတယ်ဆို တဲ့ ပန်းရုံ နေရာလေးလေ…ဒီနေရာပဲ ကျယ်ကျယ်ဝန်းဝန်း ရှိတာ”
အို…ကျွန်တော် အသံထွက် မတတ် တုန်လှုပ်သွားပါတယ်။ တကူးတက ပြုစုစရာ မလိုဘဲ မွှေးပျံ့ နေတဲ့ အစိမ်းထဲက အဖြူ၊ အဝါ၊ ရွှေပန်း၊ ငွေပန်း၊ စံပယ်၊ ဇွန်ပန်း ရုံ နေရာလေးကို ရေအုတ်ကန်ဆောက် လိုက်တော့မှာ ပါလား။
”နှမြောစရာ ဦးရယ်…ပန်း လေးတွေ အမြဲပွင့်ပြီးမွှေးနေတာ.. ဦးလေး ခြံနားက ဖြတ်သွားတဲ့ သူတိုင်း မွှေးလိုက်တာ အသည်းကို အေးသွားတာပဲလို့ ပြောရလောက် တဲ့ ပန်းရုံလေး…”
”အဲဒါပဲ…ရုံပိုင်တို့က စီးပွားရေး အမြင်မရှိဘူး။ ဒီ အလှအပတွေ၊ အမွှေးရနံ့တွေက ပိုက်ဆံ ရှိရင် ဝယ်လို့ရပါတယ်။”
ဦးညွန့်ဖေ မျက်နှာ အနေအထားက ဆုံးဖြတ်ပြီးသား။ ဘယ်သူ ပြောပြောလုပ်မှာပဲ ဆိုတဲ့ ပုံစံပေါက် နေပါတယ်။ သူလေ့လာ အလွတ် ကျက်မှတ်ခဲ့တဲ့ သဘော တရားတွေ၊ လူနှင့် ပတ်ဝန်းကျင် ဆိုတာတွေ ချမ ပြတာကို တော်ပါသေးရဲ့ဆိုပြီး ကျွန်တော့်မှာ ကြံဖန် ကျေးဇူးတင် နေမိတော့တယ်။
”ဝယ်လို့ ရတာတော့ ဟုတ်တာ ပေါ့…ခြံထဲက အပင်မှာ ရှိနေတဲ့ ပန်းပွင့်လေးရဲ့ အလှနဲ့ ရနံ့ကိုတော့ ဘယ်မီမလဲ ဦးလေးရာ”
”ဟား…ဟား…ရုံပိုင်ရေ …အဲသည်လိုခင်ဗျားပြောတဲ့ အတိုင်း…ကျွန်တော့် ကလေးတွေ က ပြောသဗျ…ဒါလည်းရောဂါ တစ်မျိုးပဲ ဟား…ဟား…ဟား”
ရယ်ချင်လျက်နဲ့ ရယ်တာလား၊ မရယ်ချင်ဘဲနဲ့ ကျွန်တော့်ကိုပဲ လှောင်ရယ် တာလား မသိအောင် ကျွန်တော် ဝေခွဲရ ခက်သွားပါတယ်။ ကျွန်တော်ကတော့ ပန်းရုံ ကလေး ဆီ အကြည့်ရောက် နှမြောနေမိတယ်။ ညနေတိုင်း ပန်းကလေးတွေ ခူးပြီး ဖန်ခွက် အကြည်ထဲမှာ ထိုးစိုက်လို့ ဘုရားတင် ပူဇော်ရတဲ့ ကြည်နူးမှု လေး၊ ဇနီးသည် ရဲ့ ဆံကေသာထက် မှာ ကလစ်နဲ့ ညှပ်တွယ် ပေးခွင့်ရတဲ့ ကြင်နာမှု ပီတိလေး ပျောက်ပျက်သွား တော့မှာ ကိုနှမြောနေမိ ခဲ့ပါတယ်။

ပန်းရုံ ကလေးကို ဖျက်တဲ့နေ့က ကျွန်တော် နေ့ ဂျူတီ ကျနေတာမို့ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်ပါ တယ်။ ပြုနေကျ အတိုင်း ပန်းရနံ့လေး ကို ရှူရှိုက် ကြည့် လိုက်တော့ ဘာမှ မရတော့ပါဘူး…။
”ပန်းရုံလေး ဖျက်လိုက်ပြီ အစ်ကို အဖူး၊ အငုံလေးတွေမှာ အများကြီး …နှမြောလိုက်တာ အစ်ကိုရယ်.. .”
ဇနီးကပြောတော့ ရင်ထဲမှာနွမ်း ဆွေးဆွေး ဖြစ်ပြီး ဘုရားစင်ထက်ကို လှမ်းကြည့်မိ လိုက်သေးတယ်။ တစ်စုံတစ်ခု လစ်ဟာသွားသလို ခံစားမိပါတယ်။ ဇနီးသည်ရဲ့ ဆံကေသာ နက် မှောင်မှောင်မှာ ညနေတိုင်း ခိုနားခွင့် ရတဲ့ ငွေပန်းလေးက ခုတော့ထွက် ပြေးရှာပြီပေါ့…။
”အေးလေ…ဘယ်တတ်နိုင် မှာလဲ…သူက အိမ်ရှင်ကိုး…အစ်ကို တို့ပြောလည်း လက်ခံတာမှ မဟုတ်တာ။ ပြီးတော့ သူက ဘယ်သူ မှသူ့ လောက်မတတ်၊ အတွေး အခေါ် မရှိ ခပ်နုံနုံလို့ ထင်နေတော့တာ”
ကျွန်တော်ပြောတော့ ဇနီးသည် က သက်ပြင်းဖွဖွ ချပါတယ်။ ရေစက် မောင်းတဲ့…ဒုတ်…ဒုတ်… ဒုတ်…ဒုတ်…ဆိုတဲ့ အသံတွေ ကြားက ချတဲ့သက်ပြင်းလေး ဆိုတော့ မပီပြင် ရှာဘူး။ အမူအရာ ကြည့်ပြီးမှ ပြောရတာပါ။
ကျွန်တော် ညဂျူတီဝင်ရမှာမို့ နေ့ခင်းပိုင်း အားနေတာနဲ့ ရေအုတ် ကန်ဆောက်တဲ့ နေရာကို သွားကြည့် ပါတယ်။ ဦးညွန့်ဖေက ဘယ်အချိန် တည်းက စီမံထားလဲ မသိပါ ကျွန်တော် သွားကြည့်တဲ့ နေ့လယ် ၂ နာရီ လောက်မှာ လုပ်ငန်းက တော်တော် ခရီးရောက်နေပါပြီ။ သူတို့ တိုက်အိမ် နံရံနဲ့ ခြံစည်းရိုး အုတ်တံတိုင်းကို အုတ်ရိုးစီ ဆက်ပြီး ရေအုတ်ကန် ဆောက်တာ ဆိုတော့ ကျွန်တော့်မှာ အံ့သြလို့ နေပါတယ်။ ပြောရကောင်း နိုး မပြောရကောင်းနိုး ကျွန်တော် စဉ်းစားမိပေမယ့် မနေနိုင် မ ထိုင်နိုင် ပြောရပြန်တာပေါ့။
”ဦးလေး ရေအုတ်ကန်ကို အဲ သည်လို လုပ်ကောင်းလား” ကျွန်တော် ပြောတော့ ဦးညွန့်ဖေက သူ့ နားထင်ကို ညာလက်နဲ့ ထိုးပြ ရင်း. ..။
”ဒါသုံးရတယ် ရုံပိုင် အုတ်ဈေး၊ ဘိလပ်မြေ ဈေးခေါင်ခိုက်နေတာ အခုလို လုပ်လိုက်တော့ အုတ်ကန်ရဲ့ လေးဖက်လေးတန်မှာ နှစ်ဖက်သက်သာ မသွားပေဘူးလား” လို့ ပြောပါ တယ်။
ကျွန်တော်ကတော့ တော်တော် အကြည့်ရ ဆိုးတဲ့ ဒီဇိုင်းကြီး လို့ထင်တာပဲ။ နောက်ပြီး ထောင့်ချိုးတွေမှာ အုတ်ချပ်ကို လက်ယှက်ထိုးပြီး ခိုင်ခန့်အောင် လုပ်ရတာ။ အခုတော့ သည်အတိုင်း အုတ်စီထားတာ ဆိုတော့ ကျွန်တော့် စိတ်ထဲမှာ မလုံခြုံ သလိုကြီး ခံစားမိသွားတယ်။ ဒါပေမဲ့ ကျွန်တော် ပြောရင်လည်း ကျွန်တော့် မှာ ဒါမရှိဘူး ဆိုပြီး နားထင်ကို လက်ညှိုးထိုး လက်ခါပြ လုပ်နေရင် ခက်ဦးမယ်။
”ရုံပိုင်ရေ…ကန်ထဲကရေ လေ၊ အငြိမ်ဗျ၊ စီးနေတာ မဟုတ်ဘူး …မကြာဘူး…ဦးလေးအိုင်ဒီ ယာ သိပ်ကောင်းတာပဲဗျာ ဆိုပြီး ရုံပိုင် ပြောတာ ကြားရအုံးမယ် အ ဟေး.. .ဟေး…”
ကျွန်တော် ဂိုဒေါင်လေးဆီကိုပဲ ကုပ်ချောင်းချောင်းနဲ့ ပြန်လာခဲ့ ပါတယ်။ ပန်းရန် ဆရာတွေ ကလည်း ဦးညွန့်ဖေကို ဘာမှ စောဒက မတက်ဘူး။ ကာလ တစ်ခု တုန်း က မော်မကြည့်ရဲ ခဲ့တဲ့ အလုပ်သမားတွေ ဆိုတော့ ဦးညွန့်ဖေ ခိုင်းသမျှ မငြင်းမပယ် ဟုတ်ကဲ့ဆရာ ဆိုပြီး ခေါင်းညိတ်နေတာပဲ ထင်ပါရဲ့။ ကျွန်တော် ကတော့ သက်ပြင်းမော ကိုပဲ အခါခါ ချနေမိပါတယ်။ အုတ်ကန် ဒီဇိုင်းအ ကြောင်း ဇနီးသည်ကို ပြောပြရင် တော့ နှစ်ယောက်သားရဲ့ သက်ပြင်း တွေက ဂိုဒေါင်လေး ထဲမှာ ခလုတ် တိုက်ကုန် ကြမယ် ထင်ပါရဲ့လေ။
အုတ်ကန်ကြီး ဆောက်ပြီး ၂ ရက်အကြာ မှာပဲ ဦးညွန့်ဖေက အုတ်ကန်ထဲကို ရေဖြည့်ပါတော့တယ်။ အင်္ဂတေ အသားကျ မကျ သေချာပြီး မှ ရေထည့်ရမယ်လို့ ကျွန်တော် ထင်တာပဲလေ။ ဒါပေမဲ့ မီးလာနေတဲ့ တစ်ချိန်လုံး အုတ်ကန်ထဲကို ရေတဝေါဝေါ ဖြည့်နေပါတော့တယ်။ ကျွန်တော် ရေအုတ်ကန် အသစ်ကြီးနား မယောင်မလည် သွားတော့ ဦးညွန့်ဖေက အုတ်ကန်ဘေးမှာ အပြုံးတွေ တစ်ပွေ့တစ်ပိုက် နဲ့ အောင်မြင်သူရဲ့ အရေးအကြောင်းတွေ မျက်နှာမှာ ထင်ဟပ်နေပါတယ်။
”တွေ့လား ရုံပိုင် ကျွန်တော့် အိုင်ဒီယာ…။ ကျွန်တော် တွက်တာတော့ အချင်း(၂)ပေ၊ အမြင့် (၃)ပေ ရေစည်တစ်လုံးရဲ့ထုထည်က အင်း…ပိုင်အာစကွဲအိတ်ခ်ျ နဲ့ တွက်ရင် နိုင်းပွိုင့်ဖိုက် ကုဗပေရှိမယ် ဗျာ။ အဲဒါဂါလန် (၅ဝ)ဆိုတော့ ကျွန်တော့်အုတ်ကန် ထုထည် တစ်ထောင် ကုဗပေမှာ အဟား… ဂါလန် ၅ဝဝဝ လောက်တော့ အသာ လေးပဲဗျာ။ အုတ်ကန် အပြည့်ရေ ဖြည့်ထားရင် ရေစည် ၁ဝဝ တော့ အေးဆေးပဲ။ ရာသီဥတုက ရှေ့ လျှောက် ပူတော့မှာ ရေဖိုးနည်းနည်း လောက် ဈေးချလိုက်ရင် ကျွန်တော့် ရေစက်မှာ တိုးနေတော့မှာပဲ။”
”ဟုတ်ပ ဦးလေးရာ ခုမှပဲ ဦးလေးလည်း စက်သူဌေး ဖြစ်တော့မှာ အန်တီတို့ ကုန်စုံဆိုင်လေးတောင် ဖွင့်ဖို့ မလိုတော့ဘူး”
ကျွန်တော်က တွက်ရေး ဆိုတာ ဖျောက်ပြီး စက်သူဌေး လို့ပြောတာကို ဦးညွန့်ဖေ တော်တော် သဘောခွေ့ သွားပုံ ရပါတယ်။
”ဟုတ်တယ် ရုံပိုင်ရေ ခင်ဗျား အန်တီတို့ ဆိုင်ကလည်း အခုတလော ရောင်းရေးဝယ်တာ သိပ်မ ကောင်းတော့ ကျွန်တော်က ရေဖိုးနဲ့ ရှာပြချင်တာ။ သူတို့လည်း ကိုယ့် အိမ်ရှေ့တင် အိုးမကွာ အိမ်မကွာ ရောင်းနေတာမို့ ဆိုင်မပိတ် ဖြစ်တာ လေ။”
အုတ်ကန်ထဲကို ရေတ ဝေါဝေါကျသံ၊ ရေစက် မော်တာရဲ့ အော်မြည်သံတွေ ထဲမှာ ဦးညွန့်ဖေ ရဲ့စကားသံ ကတော့ တကယ့်ကို တက်ကြွ လန်းဆန်း နေပါတော့ တယ်။

ဝုန်း…ဝရော…ဝရော. ..ဝေါ…ဝေါ…
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ ရာက ကျယ်လောင်တဲ့ အသံကြီး ကြောင့် ကျွန်တော် ရုတ်တရက်ထ ထိုင်မိ လောက်အောင်ကို လန့်နိုးသွား ပါတယ်။
”ဘာဖြစ်တာလဲ ဟင်၊ ဘာဖြစ် တာလဲ”
ကျွန်တော့် ဇနီးကလည်း ထိတ်လန့် မောသည်းစွာနဲ့ ထထိုင်ပါတော့တယ်။ ညဦးက မီးလာတဲ့ အချိန်လေး ကြည့်ရတာ ဆိုပြီး ကျွန်တော်တို့ လင်မယား ကျန်ကျောင်း ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပြည်သူ့တရားရှင် အခွေတွေ ငှားကြည့်ပါတယ်။ ဇာတ်လမ်း ကရှည်တော့ ပြီးတောင် မပြီးသေးဘူး မီးပျက်သွားတာမို့ အိပ်ရာ ဝင်ခဲ့ကြတာပါ။ အိပ်ရာ ဝင်နောက်ကျလို့ အိပ်ပျော်စ ရှိသေးချိန်မှာ ကြောက် မက်ဖွယ် အသံကြီး ကြားလိုက်ရတာ ပါပဲ။
”အေး ဘာဖြစ်တာလဲ မသိဘူး။ အစ်ကို အပြင်ထွက် ကြည့်ဦးမယ်”
ကျွန်တော် ခေါင်းအုံးအောက် က ဓာတ်မီးယူပြီး ဂိုဒေါင်လေးထဲက နေ အပြင်ထွက် လိုက်ပါတယ်။ အပြင်ထွက်လိုက်မှ တဝေါဝေါနဲ့ ရေစီးသံတွေ ပီပီသသ ကြားလိုက်ရ တာမို့ ရေအုတ်ကန် အသစ်ကြီး ဆီ ကပဲနေမှာပါဆိုတဲ့ အတွေးနဲ့ အုတ်ကန်ဆီ ပြေးသွားလိုက်ပါတယ်။
အို…ကျွန်တော် ထိတ်လန့်စွာ အော်မိလိုက်ရအောင်ကို မြင်ကွင်းက ကြောက်မက်ဖွယ်ရာပါပဲ။ ဂါလန် ၅ဝဝဝဆံ့ အုတ်ကန်ကြီးက အခုတော့ အုတ်ကျိုးတွေနဲ့ ဖရိုဖရဲ ဖြစ်နေပါပြီ။ ခြံစည်းရိုး အုတ်ထရံကြီး ပွင့်ထွက်သွားတာပါ။ အုတ်ထရံ ကိုကျောကပ်ပြီး ဆောက်ထားတဲ့ ကုန်စုံဆိုင်လေးပါ တုံးလုံးပက် လက်ဖရိုဖရဲ ပြိုကျ ပျက် စီး နေတာကို ဓာတ်မီးရောင် အောက်မှာ စိတ်မချမ်း မြေ့စရာ မြင်နေရပါတော့တယ်။
”အမယ်လေး…ကုန်ပါပြီ တော်…ကုန်ပါပြီ ညနေကမှ ဖြည့်ထားတဲ့ ဆန်အိတ်တွေရော၊ ဆားအိတ်တွေ၊ ဆီတွေ…အဟီး …ဟီး…ဟီး…”
ဦးညွန့်ဖေကတော် အန်တီရဲ့ ငိုကြီးချက်မ အသံက တိတ်ဆိတ်သွား တဲ့ညကို ဖောက်ခွဲလိုက်သလိုပါပဲ။ ကျွန်တော် ဦးညွန့်ဖေကို ကြည့်မိလိုက်တော့ မျက်နှာသေ ကြီးကို ဖြစ်လို့။ မယုံနိုင်တဲ့ အံ့သြမှုတွေနဲ့ ယှက်နွယ် နေတဲ့ မျက်နှာကြီးက တော်တော့်ကို ကြည့်ရ ဆိုးနေပါတယ်။ ဒီအချိန်မှာ ကျွန်တော် တစ်စုံတစ်ခုကို သတိရမိ သွား တယ်။ အန်တီကြီးရဲ့ ကုန် ခြောက် ဆိုင်လေးထဲမှာ သူတို့သားငယ်လေး (၁ဝ) တန်း ကျောင်းသား ထွန်းထက်ဖေ စာကြည့်ရင်း အိပ်တတ်တာကိုပါ။
”ဟို…ဟို… ဦးလေး… မောင်ထွန်းထက်ဖေများ ဆိုင်ထဲမှာ အိပ်…”
ကျွန်တော့်စကားတောင်မဆုံး လိုက်သေးဘူး။
”ဟာ…သားလေး”
”ကိုယ်ကျိုးတော့ နည်းပါပြီ” ဆိုတဲ့အသံတွေ ကြေကွဲစွာ ထွက်ပေါ် လာပါတော့တယ်။
ရေတွေ ရွှဲစိုနစ်နေတဲ့ ဆန်အိတ်၊ ဆားအိတ်တွေနဲ့ အုတ်ကျိုး အုတ်ပဲ့ တွေကို ကျွန်တော်နဲ့ ရပ်ကွက်ထဲက လူငယ်တွေ ဝုန်းဒိုင်းကြဲ ဖယ်ရှားနေချိန်မှာ ဦးညွန့်ဖေ ကတော့ ညဥ့်ငှက် တစ်ကောင်ရဲ့အော်မြည်သံနဲ့ အပြိုင် ”သားရယ်…သားရယ်…” နဲ့ ဆောက်တည်ရာ မရဖြစ်နေပါတော့ တယ်။

”ကဲ…ကျွန်တာ် မပြောဘူးလား ဦးလေး” လို့ ဦးညွန့်ဖေကို စကားမစခဲ့ပေမယ့် ကျွန်တော်တို့ သူတို့ ဂိုဒေါင်လေးကနေ မီးရထား အိမ်ရာကို ပြောင်းတဲ့နေ့ နှုတ်ဆက် စကား သွားပြောတော့
”ရုံပိုင်ရာ…ရေဟာ သက်မဲ့ မဟုတ်ဘူး…သက်ရှိဗျ…သက် ရှိ။ ခွန်အား ရှိတယ်၊ စွမ်းအား ရှိတယ်၊ တုံ့ပြန်တတ်တယ် ဆိုမှတော့ သက်ရှိ ပဲပေါ့ဗျာ…။ ကျွန်တော့်နှလုံး သား နဲ့ရင်းပြီး သိတဲ့ အသိပါ…။”
ဦးညွန့်ဖေရဲ့စကားသံမှာ ရှိုက် သံတွေ စွက်လို့။ တကယ့်ကို ကြေကြေ ကွဲကွဲပါပဲ။
ဒါပေမယ့် ပြီးဆုံးသွားခဲ့ပါပြီ လေ။ ။

ရဲသျှမ်း
(Yatimagazine, February 2012)

'' အမွေ ''

Two men look out through the same bars.One sees the mud, and one the stars.
''တစ်နေရာတည်းကနေ လူနှစ်ယောက်အပြင်ကိုလှမ်းကြည့်တော့တစ်ယောက်ကရွှံ့နွံတွေကိုပဲမြင်ပြီး တစ်ယောက်ကကြယ်တာရာတွေကိုမြင်တယ်''
(တစ်)
''အလကားအချိန်အကုန်ခံပြီး စာပေစကားဝိုင်းသွားပြီးနားထောင်နေတယ်၊ဗီဒီယိုဟာသကား ကြည့်ရတာကမှ ရယ်ရအုံးမယ်''
''အကို့ ဗီဒီယိုကားကရင်ဘတ်မမှန်ဘူး...စာပေစကားဝိုင်းမှာ ညီသိပ်ကြိုက်တဲ့ နွေတစ်ည ဝတ္ထုစာအုပ် ကို ဆွေးနွေး ခံစားကြတယ်...စာအုပ်ထဲက ကိုကိုနဲ့ ခင်ဝေတို့ရဲ့ လူတန်းစားကွာဟမှု၊ ပညာတတ် Óဉ်နဲ့ အရင်းမဲ့ ... အများကြီးပဲ တွေးစရာတွေ''
လူငယ်လေးနှစ်ယောက်၏စကားက အကြားအာရုံမှ နှလုံးသားဆီရောက်ရှိလာပြီး ခံစားမှုနှစ်ခုက တစ်ပြိုင်နက်တည်း ဖြစ်လို့လာသည်။ အလိုမကျမှုနှင့် ကြည်နူးမှုတို့ပဲဖြစ်ပါသည်။
x x x x x
ကျွန်တော့်မှာ မောင်နှမ ၇ ယောက်ရှိသည်။ ကျွန်တော်တို့ဖခင်ကြီးက သားသမီးအားလုံးကို စာအုပ် တွေနှင့်ပတ် သက်ပြီး လွတ်လပ်စွာဝယ်ယူခွင့်ပေးခဲ့ပါသည်။ မှတ်မိပါသေးသည် ကျွန်တော်တို့ငယ်ငယ်က ရွှေညောင်မြို့လေးရဲ့ ဘူတာရုံမှာ ပြုံးစာပေ ဆိုသည့် စာအုပ်အရောင်းဆိုင်လေးတစ်ဆိုင်ရှိခဲ့ဖူးပါသည်။ သည်စာအုပ် ဆိုင်မှာ အဖေက ကျွန်တော်တို့မောင်နှမတွေအတွက် ဘီလ် ဖွင့်ပေးထားပေးခဲ့တာကြောင့် ကာတွန်းစာအုပ်တစ်အုပ် ပြား ၆ဝ ခေတ်မှာ ကျွန်တော်တို့ဘူတာရောက်တိုင်း စာအုပ်များကို ဖေါဖေါသီသီ ဝယ်ခဲ့ကြပါသည်။ မော်ဒန်ကာတွန်း၊ ရွှင်ပြုံး၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားပုံပြင်များ၊ အီစွတ်ပုံပြင်များပဲ ဖြစ်ပါသည်။ အဖေ့လခ ၁၈၅ ကျပ်မှာ တစ်လတစ်လ ၁ဝ ကျပ်လောက်တော့ကုန်လိမ့်မည်ထင်သည်။
နောက်တော့ အဖေက စာပေဗိမာန်စာအုပ်တွေကို စာတိုက်ကတဆင့် မှာပေးပါသည်။ တောင်ကြီးရောက်သည့် အခါ ဗန်းမော်တင်အောင်၊ သော်တာဆွေ၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု စသည့် စာအုပ်များ ဝယ်လာ ပေးတတ်ပါသည်။ ငယ်စဉ်ကတည်းက ကျွန်တော်သတိထားမိခဲ့သည်မှာ အမအကြီးဆုံး မမသန်းနှင့် အကိုကြီး ကိုရဲဝင်း တို့က အဖေဝယ်လာသည့် စာအုပ်များကိုမဖတ်ခြင်းဖြစ်ပါသည်။ မမသန်းက ရေဒီယို ဇာတ်လမ်းပမာ၊ အသံလွင့်ဇာတ်လမ်း တို့ကို စွဲစွဲလန်းလန်းနားထောင်တတ်ပြီး အကို ကိုရဲဝင်းကတော့ ဘောလုံးပွဲကြည့် ဘိလိယက်ထိုး တစ်ပါတ်တစ်ခါ တောင်ကြီးသို့သွားပြီး ရုပ်ရှင်ကြည့်တတ်ပါသည်။အမလတ် မဝေ၊ အကိုလတ် ကိုရဲတင်နှင့် ကျွန်တော်က အထက်အောက် မောင်နှမတွေဖြစ်တာကြောင့် တရင်းတနှီးရှိပြီး နင် ငါနှင့်စကားပြောတတ်ပါသည်။ စာအုပ်များနှင့်ပတ်သက်လို့လည်း အကြိုက်ချင်း တူပြီး စာအုပ်လုပွဲလေး မကြာခဏဖြစ်၊ ရန်ဖြစ်တတ်ပါသည်။
နောက်သိပ်မကြာခင်မှာပဲ ကျွန်တော့်အောက်ညီမ မဂျူးလဲ ကျွန်တော်တို့ စာအုပ်လုပွဲမှာ ပါဝင်လာပါသည်။ အငယ်ဆုံးညီမ မဆူးကတော့ ဆော့ကစားတာ မုန့်ဆိုင်မှာမဲနှိက်တာ လောက်ကိုသာ မတ်မောတတ်တာကို ကျွန်တော်သတိထားမိခဲ့သည်။ ကျွန်တော်တို့ မောင်နှမတွေ ဘယ်လိုသည့်အတွက်ကြောင့်လည်း စာအုပ်တွေနှင့် သားသမီးတွေကို ရင်းနှီးစေပြီး စာအုပ် ကပေးသော အသိနှင့် ဘဝ အနေ၊ စိတ်အနေ မြင့်မားဖို့ကို မျှော်လင့်ခဲ့ပုံရပါသည်။ သို့သော် အဖေ့သားသမီး ကျွန်တော်တို့ မောင်နှမများမှာ တက္ကသိုလ်အသီးသီးမှ ဘွဲ့တွေ့ရခဲ့တာသာတူညီပြီး၊ ကျန်သောအနေအထားမှာတော့ အသွင်ကွဲ၊ ဝါသနာ ကွဲ၊ ယုံကြည်ရာကွဲလွှဲမှုတွေနှင့် လျှောက်သောလမ်းတို့လည်းမတူညီခဲ့ပါလေ။
(နှစ်)
အခုချိန်မှာတော့ အမကြီး မမသန်းပင် တက္ကသိုလ်ပါမောက္ခအဖြစ်မှ အငြိမ်းစားယူခဲ့ပြီ။ ကျောင်းပညာရပ် တစ်ခု တည်းကိုသာ ဘဝအတွက် အမြုတေဟု သတ်မှတ်ထားခဲ့သော အမကြီးက ဟိုး ငယ်စဉ်တုန်းကလို ရေဒီယို ရှေ့မှာ ဇာတ်လမ်းပမာ၊ အသံလွင့်ဇာတ်လမ်းတွေကို နားမထောင်ဖြစ်တော့။ သူ့ထက်ပိုသောကိုရီးယာဇာတ်လမ်း စီးရီးတွေမှာ မျောပါနေပြီ။ မြဝတီ၊ MRTV, MRTV4တို့နှင့်ပင် အားမရ မီးလာတိုင်းအခွေငှားကြည့်နေတော့ သည်။
စာတမ်းတွေအများကြီးပြုစုခဲ့သော ဘာသာရပ်ကိုပင် တစ်ချက်လှည့်မကြည့်တော့။ ဘယ်အချိန်က စောင့်စားနေမှန်း မသိရလောက်အောင် တစ်ဝတစ်ပြဲ ကြည့်နေတော့သည်။ အမကြီးကို ပတ်ဝန်းကျင်ထိန်းသိမ်းမှု မြစ်ဆုံ၊ ဧရာဝတီ၊ အိုစမာဘင်၊ ဝေါထရိတ်စင်တာ၊ လွှတ်တော်အစည်းအဝေး ဘာမှသွားမမေးလေနှင့်...။
အကိုကြီး ကိုရဲဝင်းကတော့ ဘောလုံးသမားအပြောင်းအရွှေ့ကိုပင်လည်း အလွတ်ရသည်။ အသင်း မန်နေဂျာ၊ ဒိုင်လူကြီးအမည်ကိုပင် အတိအကျ မှန်အောင်ပြောနိုင်သည်။ ကလပ်အသင်းက ဘောလုံးသမားကို မိခင်နိုင်ငံနှင့်ပါ တွဲသိနေသည့်အပြင် ဘယ်ပွဲတုန်းကဘယ်လိုဂိုးသွင်းခဲ့တာ ဆိုတာကိုပါ အကွက်ကျကျပြောနိုင် တာမို့ အားကစား ဂျာနယ်တွေထဲကအမှားအယွင်းကိုပင် ထောက်ပြနိုင်လောက်အောင်ဘောလုံးပွဲတွေအပေါ် ရူးသွပ်လွန်းပါသည်။ လွန်ခဲ့သော ၄-၅ နှစ်တုန်းခန့်က ကြည့်နေကြဘောလုံးပွဲရုံသို့ ညနေ ၆ နာရီ ခွဲပွဲကစားသည့် ပရီးမီးယားလိဂ်ပွဲအမီ ဆိုက်ကားစီးသွားလိုက်ပါသည်။ ဆိုက်ကားက ဘောလုံးပွဲရုံရှိရာ လမ်းထဲသို့ ချိုးအကွေ့မှာ တစ်ဖက်ကလာသည့် ဆိုင်ကယ်နှင့်တိုက်မိပြီး ဆိုက်ကားပေါ်က လွင့်စင်ကျကာ တံတောင်ပြဲ၊ ဒူးကွဲဖြစ်လိုက် သေးသည်။ ဒဏ်ရာအတိမ်အနက်မသိသေးပဲ သွေးပူပူဖြင့် ဆိုင်ကယ်သမားကို '' ရတယ်ညီလေး...ဘာမှ မဖြစ်ဘူး အေးဆေးပါ'' ပြောပြီးဘောလုံးပွဲမမီမှာ(အမှန်ကကြေးမထည့်လိုက်ရမှာ)စိုးရိမ်စိတ်နှင့်အလူးအလဲဖြင့် ဘောလုံးပွဲရုံအပြေးသွားခဲ့သည်။ ပထမပိုင်းပင်မပြီးသေး တစ်ကိုယ်လုံးနာကျင်ပြီး အိမ်အရောက်ပြန်ခဲ့တော့ မလှုပ်နိုင်တော့ပြီ၊ ပုဂ္ဂလိကဆေးရုံမှာ တစ်ပါတ်လောက်တက်လိုက်ရပြီး ငွေ ၅ သိန်းခန့် ကုန်သွားခဲ့ဖူးသည်။ သို့သော်လည်းပဲ အကိုကြီးကား ဘောလုံးပွဲတွေ အပေါ်မှာရင်ခုန်ဆဲ။
ပြည်သူ့ခေတ်၊ မော်ဒန်၊ ဝီးကလီးအလဲဗင်း၊ မြန်မာတိုင်း၊ ဗွိုက်စ် ...စသည့် ဂျာနယ်တွေကို မကြားဖူး၊ မသိ။ ဖတ်စ်အလဲ ဗင်း၊ အိုလံပစ်၊ စပေါ့လိုက်၊ ဟိုက်လိုက်၊ အင်အား၊ ဝင်းနား၊ တက်လမ်း တို့ကိုတော့ အထပ်လိုက် ဝယ်ဖတ်တတ် သည်။ '' ဧရာဝတီရဲ့ကျမ်းမာရေးဆိုတာ ဘာကိုပြောတာလဲ'' ဟု မေးတတ်သော ကျွန်တော့် အကိုက နိုင်ဝင်းဆွေမသိ၊ ဒေါ်ခင်မျိုးချစ် မသိ၊ ဒဂုန်တာရာသက်ရှိထင်ရှားရှိသေးတာလည်းမသိ သည့်ထက် ဆိုးတာက ကိုယ့်နိုင်ငံ၏ သမ္မတ၊ ဒုတိယသမ္မတတို့၏ အမည်ကိုပင် အလွဲလွဲအချော်ချော်ပြောနေခြင်းပင်။
x x x x x
ငယ်စဉ်တုန်းက စာအုပ်လုဖတ်ခဲ့သော ကျွန်တော်နှင့်တစ်ယောက်ခြား အစ်မမဝေက ဆရာမြသန်းတင့်ရဲ့ ဓားတောင်' ဝတ္ထုစာအုပ်ကို အဖေဝယ်လာပေးတော့ အခန်းတံခါးပိတ်ဖတ်နေခဲ့သည်မှာ အတော်ကြာသည်ကို ကျွန်တော်ပြန်အမှတ် ရနေပြန်သည်။ မဝေဖတ်ပြီး ကျွန်တော်တို့အလှည့်ရောက်တော့ ဥာဥ့်ပင်အတော်နက်နေပြီ။
''နင်ကလဲဟာ...စာအုပ်တစ်အုပ်ဖတ်တာဒီလောက်ပဲကြာရလား''
''အဟင်း...ငါဖတ်ပြီးမဝလို့ နောက်တစ်ခေါက်ပြန်ဖတ်နေတာ''
အစ်မ မဝေကမျက်ရည်ကလေးတစမ်းစမ်းနှင့်ပြောတော့ ကျွန်တော့်အောက်ညီမလေးမဂျူးက စာအုပ်ကို စိတ်ဝင်စား နေပြီး သူအရင်ဖတ်ဖို့ပူဆာတော့ ကျွန်တော့်အထက် ကိုရဲတင်က''ဆောရီးပဲ...ကြီးစဉ်ငယ်လိုက် ဖတ်'' ဆိုပြီး စာအုပ်ကို ယူသွားတော့သည်။ သူကလည်းပဲ''ဓားတောင်''ဖတ်တာအလွန်ကြာသည်။ နှစ်ခေါက်တော့ အနည်းဆုံးဖတ်လိုက်တာပဲ ဖြစ်ပါလိမ့်မည်။
နောက်တော့ ကျွန်တော်တို့မောင်နှမလေးယောက် 'ဓားတောင်'ထဲကဇာတ်ကောင်တွေဖြစ်သည့် ကိုနန္ဒ၊ ရဲမြင့်၊ သံချောင်း တို့အကြောင်းတွေလုပြော၊ ငါးမန်းနှင့်သံချောင်းတို့၏ တိုက်ပွဲကို ပြန်သုံးသပ်နှင့်အရွယ်အလိုက် ခံစားရသော စကားဝိုင်းလေးဖြစ်ခဲ့ပါသည်။
သည်တုန်းက အစ်မကြီး မမသန်းနှင့် အစ်ကို ကိုရဲဝင်းတို့ ကျွန်တော်တို့ စကားဝိုင်းထဲမပါခဲ့ကြပါ။
(သုံး)
အလကား အချိန်ကုန်ခံပြီး...ဆိုသည့်စကားပြောခဲ့သော လူငယ်လေးသည် ကျွန်တော့်တူကလေးပဲ ဖြစ်ပါသည်။
ညီသိပ်ကြိုက်တဲ့ နွေတစ်ညဝတ္ထုစာအုပ်ကို ဆွေးနွေးခံစားကြတာဆိုသည့် စကားကိုပြောခဲ့သော လူငယ်လေးသည် လည်း ကျွန်တော့်တူကလေးပဲ ဖြစ်ပါသည်။
သည်အတွေး၊ သည်အမြင်တွေကို ပိုင်စိုးထားသူ လူငယ်နှစ်ယောက်ကတော့ ကျွန်တော့်သွေးသားရင်းချာ ညီအစ်ကို ဝမ်းကွဲလေးများ ဖြစ်ကြသည်လေ။
တစ်ယောက်က ရွှံ့ကိုသာမြင်သည်
တစ်ယောက်က ကြယ်တာရာများကိုမြင်ခဲ့ပါသည်။
ဘယ်သူက ဘယ်သူ့သားလဲ
ကျွန်တော့ပဟေဠိက ရိုးစင်းလွန်းနေမှာလေလား။ ။
(ခေတ်သစ်လူငယ်စာဖတ်ဝိုင်းမှ လူငယ်များသို့ အမှတ်တရ)
ရဲသျှမ်း

'' လမ်းလွှဲကလေးများ ''


(တစ်)
တူရူဦးတည်လာသောလမ်းကြောင်းမှ သွေဖည်သွားစေသောကိစ္စကို စွမ်းနိုင်သည်က လမ်းလွှဲလေးများ ပဲဖြစ်ပါသည်။ ကျွန်တော်က မီးရထားဝန်ထမ်းတစ်ယောက်ဖြစ်သည်မို့ ရထားသံလမ်းရဲ့လမ်းလွှဲများအကြောင်းကို စေ့စေ့ငုငု သိထားရုံမျှ မက ဒုတိယရုံပိုင်၊ ရုံပိုင်၊ ရထားထိန်း၊ တွဲမှတ်စာရေး၊ လမ်းခွဲကိုင် တို့ကို ရထားဥပဒေ၊ ရထားလုပ်ငန်းတာဝန်များ သင်ကြားပို့ချရသည့် ရာထူးရယူထားသူတစ်ဦးလည်းဖြစ်သည့်အတွက် လမ်းလွှဲလေး အကြောင်းက စာသင်ကြားသည့် အခါတိုင်း မပါမဖြစ်ပါလာရတော့သည်။
အဝင်လမ်းလွှဲ၊ အထွက်လမ်းလွှဲ၊ လမ်းချော်လမ်းလွှဲဆိုပြီး လမ်းလွှဲလေးများကို အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ ဦးတည်ရာလမ်းကြောင်းမှ အခြားလမ်းတစ်လမ်းသို့ လမ်းလွှဲကိုရွှေ့ပေးရုံဖြင့် တိုက်ရိုက်ပြောင်းရွှေ့စေနိုင်သော လမ်းလွှဲလေးက အဝင်လမ်းလွှဲလေးဖြစ်ပြီး၊ လမ်းလွှဲကိုပြောင်းပေးရုံဖြင့် မူလလမ်းကြောင်းကနေ သွေဖည်မသွား စေနိုင်သောလမ်းလွှဲက အထွက်လမ်းလွှဲပဲဖြစ်ပါသည်။ အဝင်လမ်းလွှဲလေးရဲ့မသေချာမှုက ထိတ်လန့်ဖွယ် ဖြစ်စေနိုင်ပါသည်။ လမ်းလွှဲလျှာဖျားလေးက ပင်မသံလမ်းကို စပါးလုံးတစ်ထောက်အဟမရှိ ကပ်နေမှသာ ရထားဘီးများက လမ်းလွှဲအတိုင်း အလိုက်သင့် စီးမျောသွားပေမည်။ စပါးလုံးတစ်ထောက်စာမကအဟလေး ရှိသွားလျှင်တော့ ပါးနေသော ဘီးနှုတ်ခမ်းနှင့် တွေ့ခိုက်မှာ လမ်းလွှဲလေး၏ လျှာဖျားလေးတွေကို ဆွဲခွါလိုက် သလိုဖြစ်ပြီး ရထားဘီးများ ချော်ကျတော့မည်။ ဘီးတစ်ဘီးစချော်ကျပြီဆိုလျှင်တော့ နောက်ပါဘီးများကလည်း ဆင့်ကာဆင့်ကာလိုက်ပါသွားမည်မှာ အသေအချာပဲဖြစ်သည်။
တစ်ခါတစ်ရံမှာ ရှေ့ဘီးများရဲ့ဘီးနှုတ်ခမ်းက မပါးမရှပ် တန်းဝင်၊ တန်းမီ စံသတ်မှတ်ချက်နှင့်အညီဆိုလျှင်တော့ လမ်းလွှဲလေး လွှဲပေးထားသော လမ်းထဲ ဝင်ရောက်လာပြီး နောက်ဘီးများ သို့မဟုတ် နောက်တွဲရဲ့ဘီးများက စံသတ်မှတ်ချက်ဘောင်ထဲက ယိမ်းယိုင် တိမ်းလွတ်သွားပြီဆိုလျှင်ဖြင့် ရှေ့တွဲများက လမ်းတစ်လမ်း၊ နောက်တွဲများက အခြားလမ်းတစ်လမ်းရောက်ရှိပြီး နှစ်လမ်းခွဲထွက်ဆိုသည့်ဝေါဟာရလေးကို ဝေဖန်ရေး၊ သုံးသပ်ရေး၊ တာဝန်ယူရေး ဆိုသည့် အစုအဖွဲ့လေးဆီက ပုံသေကားကျ ဖော်မြူလာဖြင့် နှုတ်တိုက်တဖွဖွရွတ်ဆိုကြတော့မည်။
ပွိုင့်လျှာလေးတွေက အမြဲတန်းကောင်းနေမှာလား၊ မပဲ့မရွဲ့ အမြဲရှိနေမလား၊ ပင်မသံလမ်းနှင့် လမ်းလွှဲ ပွိုင့်လျှာကြား ခဲတို့အမှိုက်တို့ဝင်သွားပြီး လမ်းလွှဲလေးမကပ်လျှင် လမ်းချော်တာတွေ၊ နှစ်လမ်းခွဲထွက်တွေ ဖြစ်ကုန်တော့ မှာလား...။''လား''တွေနဲ့ဖွဲ့တည်တဲ့မေးခွန်းတွေအတွက် တုန့်ပြန်အဖြေက မာထန်ထန်မဖြစ်တော့သည်မို့ လမ်းလွှဲလျှာ လေးပြန်မပြေးသည့်နည်းကို ထက်မြက်အဖိုးတန် အတွေးအမြင်သစ်ဖြင့် ကာကွယ်စီစဉ် လိုက်ကြတော့သည်။ လမ်းလွှဲလျှာလေးရဲ့အောက်ခြေ သံလမ်းဖနောင့်ကို သံချိတ်နှင့်ချိတ်၊ ဝတ်အူရစ် အတိုင်း သတ္ထုအဝိုင်းအပြားနှင့် တင်းကြပ်အောင်ရစ်၊ ပြန်ပြုတ်မထွက်အောင် သတ္ထုပြားနှစ်ခုမှာပါသည့် အပေါက်နှစ်ခုကို တွဲပြီးသော့ခတ်။ သည်တော့ လမ်းလွှဲလေးပြန်မပြေးတော့။
စက်ခေါင်းတွဲ၏ဘီးအဆမတန်ပါးရှပ်နေလျှင်တော့ လည်း မတတ်နိုင် လမ်းချော်မှာပဲဖြစ်သည်။ သည်လမ်းလွှဲလေးကိုပဲ ဦးတည်ရာ ''လှန်''လိုက်လျင်တော့ အထွက်လမ်းလွှဲလေးပဲဖြစ်တော့သည်။ လမ်းလွှဲလျှာမကပ်လည်း ပြဿနာမရှိ။ လမ်းကြောင်းမှန်ကနေ လမ်းမကြီးဆီကို ရောက်သွားမှာဖြစ်ပါသည်။ လမ်းလွှဲညှပ်ဖြင့် ညှပ်ထားလျှင်တောင်မှ လမ်းလွှဲလျှာပဲ့ရုံမှအပ တွဲဘီးများလမ်းချော်ကျလိမ့်မည်မဟုတ်။ သည်တော့ လမ်းလွှဲလေးတွေမှာ အဝင်လမ်းလွှဲက အလွန်အရေးကြီးပါသည်။ အတိမ်းအစောင်း၊ အမှားအယွင်း မခံ။ ခရီးသည်၏ အန္တရာယ်ကင်းရှင်းရေး၊ အချိန်ဖင့်လေးမှုကင်းရှင်းနေရေးတို့သည် အဝင်လမ်းလွှဲလေးများ၏ စံနှုန်းပြည့်ရပ်တည်မှုပေါ်တွင် မူတည်နေသည်ဟု ထင်သည်။
နေရာတစ်နေရာတည်း၊ ရုပ်ဝတ္ထုပစ္စည်းတစ်ခုတည်း ဖြစ်ပါလျှက် ဆန့်ကျင်ဘက်လားရာကြောင့် တန်ဘိုးကွဲလွဲမှုက အဆများစွာ ကွာဟသွားလေပြီလား။
x x x x x
လမ်းချော်လမ်းလွှဲလေးအကြောင်းလည်းပြောပြချင်ပါသေးသည်။ ဘူတာယာဒ်ဝင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသောတွဲများရှိပါသည်။ ကုန်တင်ရန်ရပ်တန့်ထားသောတွဲ၊ ကုန်ချရန်ရပ်တန့် ထားသောတွဲ၊ တွဲပျက်ဖြစ်နေ၍ ပြုပြင်ရန်ရပ်နားထားသောတွဲ၊ စစ်ဆေးရေးအတွက်လာရောက်သောတွဲ စသည့် တွဲများပဲဖြစ်သည်။ ယင်းတွဲများ ထားသိုရန်အတွက် ဘူတာယာဒ်ဝင်းများတွင် တွဲခိုလမ်းလေးများခင်းကျင်းပေးထားပါသည်။ တွဲခိုလမ်းကို လမ်းမကြီးနှင့် ဆက်စပ်ရန်အတွက် လမ်းလွှဲလေးရှိသည်။
အဲသည်လမ်းလွှဲလေးက တွဲများကို စက်ခေါင်းနှင့်ချိတ်ဆက်ပြီး ရထားတွဲဆိုင်းတွင် ဖြည့်ချိတ် သို့မဟုတ် ရထားတွဲဆိုင်းမှဖြုတ်ယူရသည့် တွဲရွှေ့လုပ်ငန်း လုပ်ရုံမှလွဲ၍ အမြဲဖွင့်ထားရသည်။ လမ်းလွှဲလေးကိုဖွင့်ထားလိုက်တော့ တွဲခိုလမ်းထဲမှာရပ်ထားသည့်တွဲများ တစ်စုံတစ်ခုရဲ့ ပရောဂကြောင့် (လေပြင်းတိုက်၍ဖြစ်စေ၊ တစ်ဦးတစ်ယောက်တွန်း လိုက်၍ဖြစ်စေ) လိမ့်ထွက် လာသည့်အခါ လမ်းမကြီးသို့မရောက်ရှိစေဘဲ တွဲများလမ်းချော်ကျအောင် စီမံထားသော လမ်းလွှဲလေးပဲ ဖြစ်ပါသည်။ တွဲတစ်တွဲ ယာဒ်ဝင်းထဲမှာ လမ်းချော်ကျတာနှင့် အဲသည်တွဲ လမ်းမကြီးပေါ်ရောက်ပြီး စုန်/ဆန် သွားနေသော ရထားနှင့်တိုက်ခိုက်မိသည့် ကိစ္စမှာ ဘယ်သင်းကအရေးကြီးသလဲဆိုသည့်အတွေးဖြင့် ဖန်တီးယူခဲ့သော လမ်းလွှဲလေးပဲဖြစ်ပါသည်။ သူကတော့ တွဲကိုလမ်းချော်ကျစေသော တာဝန်ကိုစီးစီးပိုင်ပိုင်ယူထား ရသည်မို့ သူ့အမည် လမ်းချော်လမ်းလွှဲလေးကို တစ်ချို့က ဂျောက်ပွိုင့်(ချောက်ပွိုင့်)ဟုပင် ချိုးချိုးနှိမ်နှိမ် ခေါ်တတ်ကြသည်လေ။ ထောင်ချောက် လို့လည်းသတ်မှတ်၍ မရကောင်းဟုထင်သည်။
ပြင်းထန်ကြီးမားသော၊ မတွေးဝံ့အောင်ပင်တုန်လှုပ်ဖွယ်ဖြစ်နိုင်သော အထိအခိုက်ကိုရှောင်လွှဲပေးနိုင်သည့် လမ်းလွှဲလေးကို လမ်းချော်လမ်းလွှဲဆိုသည့် အမည်လေးကပဲ လိုက်ဖက်သည်ဟုထင်သည်။ ဂျောက်ပွိုင့်ဆိုသည့်အခေါ်အဝေါ်လေး မရှိစေချင်ပါ။
 ( နှစ် )
လမ်းလွှဲလေးများနှင့်အမြဲထိတွေ့လုပ်ကိုင်နေရသော ဝန်ထမ်းလေးများကိုတော့ လမ်းခွဲကိုင်ဟု မြန်မာမှု ပြုထားပါသည်။ အင်္ဂလိပ် ကိုလိုနီခေတ်မှာတော့ ''ဂျမဒါ''ဟုခေါ်ခဲ့သည်။ Jamedar ဆိုသည့် ဟိန္ဒူစကားက ဆင်းသက်လာသော ဝေါဟာရဖြစ်ပါသည်။ မြန်မာအဘိဓာန်မှာတော့ ဂျမဒါကို လုံခြုံရေးဆိုင်ရာအမှုထမ်းတစ်စု ကို အုပ်ချုပ်ရသူ၊ အိန္ဒိယတပ်တွင်အရာရှိငယ်အဆင့်တစ်မျိုးဟု ဖေါ်ပြထားသည်။ သေချာတာကတော့ ဂျမဒါသည်အရးပါသော ဝန်ထမ်းပဲဖြစ်သည်။ ဂျမဒါပဲခေါ်ခေါ်၊ လမ်းခွဲကိုင်ပဲခေါ်ခေါ် လမ်းလွှဲများကိုကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ်ရသောဝန်ထမ်း၏ အရေးပါမှုက ထိပ်ဆုံးနေရာမှာရှိနေသည်ဟု ကျွန်တော်ကတော့ သတ်မှတ် ထားမြဲဖြစ်ပါသည်။
( သုံး )
ဦးတည်ရာလမ်းကြောင်းမှ အခြားလမ်းတစ်လမ်းသို့ ပြောင်းရွှေ့ပေးနိုင်သောအဝင်လမ်းလွှဲကလေး ...။ လမ်းလွှဲလျှာကပ် သည်ဖြစ်စေ၊ မကပ်သည်ဖြစ်စေ လမ်းမပေါ်သို့အတိမ်းစောင်းမရှိ၊ ရောက်စေသော အထွက်လမ်းလွှဲကလေး ...။ လွတ်ထွက်၊ လိမ့်ထွက်လာသောတွဲများ လမ်းမကြီးပေါ်ရောက်ရှိပြီး မတော်တဆမှုမဖြစ်စေရေးတားဆီး ပေးသည့် လမ်းချော်လမ်းလွှဲကလေး ...။ လမ်းလွှဲလေးများ၏ အဓိပ္ပါယ်၊ စွမ်းဆောင်ရည်ကို အပြည့်အစုံမဟုတ်သော်ငြား ရိုးတိုးရိပ်တိတ်မျှ သိရှိပြီဆိုလျှင်တော့
သက်ရှိလူသို့ပုံပမာထားရွေးချယ်စေချင်ပါသည်။
အဝင်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ...
အထွက်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ...
လမ်းချော်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ... ကျွန်တော်သိချင်လွန်းလှပါသည်။
ကျွန်တော်ကဲ့သို့ပဲ လမ်းခွဲကိုင်(ဂျမဒါ)လေးများကလည်း သိချင်လိမ့်မည်ထင်ပါသည်။

ရဲသျှမ်း

'' ဆူးများ ''


( တစ် )
လွန်ခဲ့သော နှစ် ၃ဝ ဝန်းကျင်ကဖြစ်ပါသည်။
ဟိုတုန်းက အခေါ် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ် MASU (Mandalay Arts and Science University) မှာ ဘူမိဗေဒဘာသာရပ် အထူးပြုယူခဲ့သော ကျွန်တော်တို့နယ်ကျောင်းသားအများစုက ရွှေပြည်အေးအဆောင် တွင်နေရာရပါသည်။ MASUမှာ ရွှေပြည်အေး၊ အောင်မင်္ဂလာတို့က အဆောင်ကြီးများဖြစ်ပြီး (၂)ယောက်ခန်းများနှင့် ဖွဲ့စည်းထားပါသည်။ နဒီ၊ ရတနာပုံ၊ စပါးဝါ၊ ဇေယျာအဆောင်တို့က အခန်းဖွဲ့မရှိ Hall type ဖြစ်သည်။ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားအများစုနေရသော အဆောင်များဖြစ်ပါသည်။ အောင်မင်္ဂလာ၊ ရွှေပြည်အေးတို့ကတော့ တတိယနှစ်နှင့် နောက်ဆုံးနှစ်ဖိုင်နယ်ကျောင်းသားများအတွက် ဖြစ်သွား ပါသည်။
ကျွန်တော်က ရွှေပြည်အေးဆောင်အောက်ထပ် ရေးချိုးခန်းတွေဖက်က အခန်းကိုရွေးချယ်လိုက်ပါသည်။ ကျွန်တော်တို့က ဒေသကောလိပ်ကနေ ဒုတိယနှစ်အောင်ပြီးတတိယနှစ်မှ MASU ကိုပြောင်းလာရသည်ဆိုတော့ ကျွန်တော်တို့လည်း စတုတ္ထနှစ်ရောက်ရော တက္ကသိုလ်ကြီးမှာက တတိယနှစ်၊ စတုတ္ထနှစ်(၂)တန်းနှင့် မာစတာ ကျောင်းသား၊ ကျောင်းသူတစ်ချို့သာ ကျန်ရှိပါတော့သည်။ ပျားပန်းခတ်မျှ စည်ကားလှသော ကျောင်းတော်ကြီး ကား ကျောင်းသားဦးရေထက်ဝက်လျော့ကျသွားခြင်းပဲဖြစ်ပါသည်။ သည်တော့ ရွှေပြည်အေး၊ အောင်မင်္ဂလာ အဆောင်ကြီးများမှာ ကျွန်တော်တို့နောက်ဆုံးနှစ်ကျောင်းသားများသာရှိပြီး ကျွန်တော်တို့အခေါ် တဲဆောင်များ ဖြစ်သည့် နဒီ၊ စပါးဝါနှင့် ရတနာပုံ၊ ဇေယျာ ဆောင်တို့မှာ တတိယနှစ်ကျောင်းသားများထားရှိလိုက်ပါသည်။ ပထမနှစ်၊ ဒုတိယနှစ်ကျောင်းသားများကတော့ ဒေသကောလိပ်အသီးသီးမှာ တက်ရတာပဲဖြစ်သည်။ ကျောင်းသားတွေနည်းသွားတော့ ရွှေပြည်အေးနှင့် အောင်မင်္ဂလာမှာ အခန်းတွေပေါများပြီး ကျွန်တော်တို့တတွေ တစ်ယောက်တစ်ခန်း နေခွင့်ရသွားခဲ့ပါသည်။ ရေချိုးခန်း၊ ရေအိမ်သာတွေဖက်မှာ ညညကျ ''ကျောပေါက်'' ကြီးဆိုသည့် သရဲရှိသည်ဟု လက်ဆင့်ကမ်းပြောခဲ့သော နောင်တော်ကျောင်းသားများ၏စကားကို ပြက်ရယ်ပြု ခဲ့သည့် ဘယ်သူမှ မနေချင်မနှစ်မြို့သောအခန်းကိုမှ ကျွန်တော်ရွေးချယ်ခဲ့ပါသည်။ ကျွန်တော့်လိုပဲ ကိုဇင်မော်၊ ကိုဝင်းတင့်၊ ကိုစိုးမြင့် စသည့်စာပေအနုပညာခုံမင်သူတို့ကလည်း အေးအေးဆေးဆေးနေရသည့် ချောင်ကျကျ ကျွန်တော့်အခန်းနှင့်ကပ်လျက်အခန်းတွေကိုပဲ ရွေးချယ်ခဲ့ကြပါသည်။ ဒေးကျောင်းသားတွေဖြစ်ကြသော ကိုကိုထွေး၊ အောင်ကြီး၊ အောင်နိုင်မြင့်၊ ကိုညို၊ ကျော်စိုးဝင်း၊ မောင်မောင် စသည့် စာသမားများကလည်း ကျွန်တော်တို့အခန်းမှာ လာစုကြသည်။ သည်တော့ ကျွန်တော်တို့၏ ရွှေပြည်အေး ဆောင် ရေချိုးခန်းဘက်အခန်း တစ်ဝိုက်ကတော့ ကဗျာရေးဖွဲ့သူ၊ ဝတ္ထုတို/ရှည် ရေးဖို့ကြိုးစားနေသူ၊ ပန်းချီကား တွေ အမြောက်အများဆွဲ လေ့ကျင့်နေသူတို့၏ ရိပ်မြုံလေးတွေ ဖြစ်မှန်းမသိဖြစ်လာပါသည်။
ကျွန်တော်တို့ကျောင်းသားဆောင်တွေတင်မဟုတ်ဘဲ ကျောင်းသူဆောင်များဖြစ်သော မြတမာ၊ သစ္စာ၊ ရွှေမန်းဆောင်တို့မှာလည်း ကျောင်းသူများအနည်းအကျဉ်းသာရှိပါတော့သည်။ မန္တလေးနှင့်အလွန်းနီးသော ကျောက်ဆည်၊ စဥ့်ကိုင်တို့မှ ကျောင်းသူများပင် အဆောင်နေခွင့်ရသည်အထိ ကျောင်းသား/သူ အင်အား နည်းသွားခဲ့ပါသည်။
ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်၊ ဆရာကြည်အောင်၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)တို့ ကဗျာချိုချိုလေးများ ဖွဲ့ခဲ့သော ရေနီမြောင်းလည်းမစည်ကားတော့။ ရာဇာတ် စာကြည့်တိုက်မှာလည်း စာဖတ်သူတွေသိပ်မရှိ၊ အင်းဝဟောမှာလည်း စာတမ်းဖတ်ပွဲ၊ စာပေဟောပြောပွဲတွေ ဆိတ်သုဉ်းခဲ့လေသည်။ သို့ပေမယ့်လည်း ဘူမိကျောင်းသားတို့၏ ကျောက်ရိုင်း၊ ရူပဗေဒကျောင်းသားကျောင်းသူများ၏ ဟင်းလင်းပြင် နံရံကပ်စာစောင် များကတော့ ကျောင်းမဂ္ဂဇင်းတစ်အုပ်အလား အရောင်းအသွေးစုံ၊ ကဏ္ဍစုံဖြင့်ထင်ရှားခဲ့ပါသည်။ နံရံကပ် စာစောင်ကို လနှင့်ချီပြသနိုင်ခဲ့ခြင်းကိုက အနုပညာအရည်အသွေး၊ စာအဆင့်အတန်းမနိမ့်ကျခဲ့တာကြောင့်ဟု အားပြည့်အင်ပြည်ြ့ဖင့် ရဲတင်းစွာပြောရမှာပဲဖြစ်သည်။
x x x x x
ရွှေပြည်အေးဆောင် အခန်း(၃၄)မှာ ကျွန်တော် ရှိနေသည်။ ကျွန်တော့်အခန်းမှာ စာအုပ်တွေအများကြီး ရှိပါသည်။ ကျွန်တော် နောက်ဆုံးနှစ်ကျောင်းသားဖြစ်တော့ အဖေက တစ်လ ၄ဝဝ ကျပ်ပို့ပေးပါသည်။ အဆောင်လခ ၁၂ဝ ကျပ်၊ ကျောင်းလခ ၃ဝ ကျပ်၊ မေဂျာကြေး အသင်းအဖွဲ့ကြေးက ၁ဝ ကျပ်လောက်ဆိုတော့ ကျွန်တော် သက်ဆိုင်ရာအလိုက်ငွေးသွင်းပြီးချိန်မှာ ၂၄ဝ ကျပ် အပိုထွက်နေပါသည်။ လစဉ်ထုတ် မဂ္ဂဇင်းထဲက မိုးဝေနှင့် ရှုမဝ ဝယ်လိုက်တာက ၁၃ ကျပ်ပဲကျသည်။ ဘာပဲဖြစ်ဖြစ် လစဉ် ၄ဝ ကျပ်ဖိုးခန့်တော့ စာအုပ်ဝယ်ဖြစ် ပါသည်။ ကိုစိန်မိုး၊ ဥတ္တရလွင်ပြင်၊ ကိုသန်းဌေး၊ ဒေါင်းအိုးဝေ၊ ကိုထွန်းထွန်းတို့၏ စာအုပ်ဆိုင်များမှာ အဟောင်း၊ အကောင်းလေးတွေအများကြီးမို့ ကျွန်တော့်မှာ စာအုပ်အများကြီးစုဆောင်းလိုက်နိုင်ပါသည်။ ကျွန်တော်က စာအုပ်တွေကို ဝယ်စုရတာဝါသနာပါပြီး စာအုပ်များကို ငှားရမ်းဖို့မှာလည်း မတွန့်တိုတတ်ပါ။ သည်တော့ ကျွန်တော့်အခန်းလေးထဲမှာ ဆရာဒဂုန်တာရာရှိသည်။ လူထုဦးလှ၊ လူထုဒေါ်အမာသမီးခင်ပွန်းရှိသည်။ ဒေါက်တာသန်းထွန်းရှိသည်။ ဒေါ်ခင်ဆွေဦးရှိသည်။ မိုးမိုး(အင်းလျား)ရှိသည်။ မစန္ဒာရှိသည်။ သိန်းသန်းထွန်း ရှိသည်၊ ချစ်ဦးညိုရှိသည်။ နိုင်ဝင်းဆွေရှိသည်။....ရှိသည်။ စားပွဲပေါ်မှာ၊ စာအုပ်စင်လေးမှာ၊ ကုတင်ဘေးမှာ စာအုပ်တွေအထပ်လိုက်ရှိနေခဲ့သည်။ နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုပြီးမှ မိဘရပ်ထံပြန်သယ်ရမည့် စာအုပ်တွေ ပဲဖြစ်ပါသည်။ ကျွန်တော်က ကျွန်တော့်အခန်းကို စာကြည့်တိုက်အငယ်စားလေးတစ်ခုအဖြစ် ရည်ရွယ်ခဲ့ပါသည်။ ဤသည်ကပင် ကျွန်တော်၏ မိုက်မဲမှုဖြစ်သည်ဟုထင်ပါသည်။
x x x x x
တစ်ရက်မှာတော့ ကျွန်တော့်အခန်းထဲသို့ တစ်ခြားမေဂျာမှ ကျောင်းသားတစ်ယောက်ဝင်လာပြီး စာအုပ် ငှားပါသည်။ ကျွန်တော် ကြည်ဖြူစွာပဲ ကြိုက်တဲ့စာအုပ်ငှားသွားဖို့ ခွင့်ပြုပေးခဲ့ရာ ထိုကျောင်းသားက ရှုမဝ မဂ္ဂဇင်းငှားသွားပါသည်။ တစ်ဆောင်တည်းနေသော်လည်း မေဂျာမတူသည့်အပြင် အပေါ်ထပ်အခန်းမှ ဖြစ်တာကြောင့် ရင်းရင်းနှီးနှီးရှိလည်း မရှိလှပါ။ သို့သော်စာအုပ်ငှားသည့်ကိစ္စအပေါ်မှာတော့ ကျွန်တော်အနှမျော မရှိခဲ့ပါ။ စာဖတ်လိုသူအတွက် ဖတ်လိုသောစာအုပ်တစ်အုပ်ငှားရမ်းပေးနိုင်သော ပီတိကို ကျွန်တော်ခုံမင်ခဲ့ ပါသည်။ သို့သော် ¤င်းပီတိကား ခါးသက်သော၊ အော့နှလုံးနာစရာဖြစ်သော အစိုင်အခဲဖြစ်သွားခဲ့ပါသည်။
ရှုမဝ မဂ္ဂဇင်း စာအုပ်ငှားသွားပြီးနောက်ရက်မှာပဲဖြစ်သည်။ ကျွန်တော့်အဆောင်ရေအိမ်ဝင်တော့ အညစ်အကြေး သုတ်သင်ပြီးထည့်သည့်စက္ကူခြင်းထဲမှာ ရှုမဝမဂ္ဂဇင်း၏ စာမျက်နှာ ၂-၃ ရွက်ကို တွေ့လိုက်ရခြင်းပဲဖြစ်သည်။ ရေအိမ်အခန်း ၂ဝ လောက်မှာ မှ ကျွန်တော်ဝင်သောအခန်းတွင် တိုက်ဆိုင်စွာလာတွေ့တာပါပဲ။ တက္ကသိုလ် ကျောင်းသားဖြစ်သော်လည်း ရေအိမ်ဝင်တာကအစ သန့်ရှင်းစင်ကြယ်အောင် ရေမသုံးဘဲ စက္ကူသုံးသော ကျောင်းသားတွေအများကြီး ထဲမှာမှ ¤င်းကတော့ အနိမ့်ကျတကာ့အနိမ့်ကျဆုံးသူဖြစ်နေပြီကော။ ကျွန်တော့် ဒေါသဒီဂရီကတော့ အထွတ်အထိပ်ရောက်နေပါပြီ။ ရှုမဝမဂ္ဂဇင်း ငှားသွားသောကျောင်းသားအခန်းဆီ ဂမူးရှုးထိုး ထွက်သွားလိုက်သည်။ ရွှေပြည်အေးဆောင် အပေါ်ထပ် အောင်မင်္ဂလာဆောင်ဘက်အခြမ်းကအခန်းကို ရောက်တော့ အခန်းတံခါးပိတ်ထားပါသည်။ အိပ်နေဟန်တူသည်။ အပြင်ကသော့ခတ်မထားတာမို့ အတွင်းမှာ လူရှိနေကြောင်း ထင်ရှားပါသည်။ ကျွန်တော်အခန်းတံခါးကို ၃-၄ ချက် ဆောင့်ကန်ပစ်လိုက်သည်။ ကျွန်တော့် ကန်ချက်က ထိုစဉ်က ကမ္ဘာကျော် နာမည်ကြီးဘောလုံးသမား မာရာဒိုနာ ထက်တောင်ပြင်းသွားသလားမသိပါ။ အခန်းထဲက သကောင့်သား တံခါးကို ဝုန်းကနဲဖွင့်ပြီး ကျွန်တော့်အား စားမတတ်ဝါးမတတ် စူးစူးရဲရဲ ကြည့်နေ ပါသည်။
''ဘာဖြစ်တာလဲကွ...ဘယ်လောက်များများသေရေးရှင်ရေးဖြစ်နေလို့ အခန်းတံခါးကို လာပြီး ခြေထောက်နဲ့ ကန်ရတာလဲ...မင်းလူမှုရေးနားမလည်ဘူးလား''
ဟောဗျာ၊ ငပြူးကပြဲ။ ကျွန်တော် သူ့ရဲ့ဒေါသအငွေ့တွေထွက်နေသည့် မျက်လုံးကို သူ့ထက်ပိုသော အလျှံညီးညီး ဒေါသမီးတောက်မီးလျှံတို့ဖြင့် ပြန်ကြည့်လိုက်သည်။
''ဘယ်မလဲ...မင်းငါ့ဆီက ငှားသွားတဲ့မဂ္ဂဇင်း''
သူ ကျွန်တော့်အပြောကြောင့် ကြောင်အမ်းအမ်းဖြစ်သွားသည်။
'' မင်းစာအုပ်ပြန်မပေးဘဲ နေမှာမို့လား...မင်းကအရေးတကြီးပြန်လာတောင်းရအောင်''
''ငါ့ပစ္စည်းငါပြန်တောင်းတာကွာ...မင်းအပိုတွေပြောမနေနဲ့''
ကျွန်တော့်ဒေါသက ခေါင်းဖျားထိနေပြီဆိုတော့အသံကလဲ တုန်ခါလှိုင်းထပြီး လိုသည်ထက်ပိုကျယ် နေသည်။
သူက ကုတင်ခြေရင်းရှိ သေတ္တာပေါ်ကနေ ရှုမဝမဂ္ဂဇင်းစာအုပ်ကို ပစ်ပေးတော့ ကျွန်တော်က ဖမ်းယူပြီး ဒရောသောပါးပဲ စာမျက်နှာတွေကို လှန်လှောလိုက်သည်။ တွေ့ပြီ စုတ်ဖြဲထားသောနေရာ။
'' ဟော့ဒီမှာ မင်းစာရွက်တွေ စုတ်ဖြဲထားတယ်... အဲ့ဒီစာရွက်တွေငါဘယ်မှာတွေ့ခဲ့တယ်မှတ်လဲ... အိမ်သာထဲမှာကွ...အိမ်သာထဲမှာ ...တောက် အောက်တန်းကျတဲ့ကောင်''
''ဘာကွ ...မင်းစာအုပ်တစ်အုပ်နဲ့ ပေါက်ကွဲနေရအောင် မင့်စာအုပ်က ဘယ်လောက်တန်လို့လဲ''
''စာအုပ်တန်ကြေးကို ပိုက်ဆံနဲ့လာဖြတ်မနေနဲ့၊ သူများဆီကစာအုပ်ကို အလွယ်တကူငှားပြီး အိမ်သာသုံး စက္ကူလုပ်သွားတဲ့ မင်းရဲ့အောက်တန်းကျတဲ့လုပ်ရပ်၊ တက္ကသိုလ်ကျောင်းသားဖြစ်ပြီး လမ်းဘေးကလေကချေလို ပြုမူတဲ့မင်းလုပ်ရပ်တွေကို ရွံလွန်းလို့လာပြောတာ...မင်းလိုကောင်မျိုးနဲ့ ငါတက္ကသိုလ်မှာအတူတက်ခဲ့ဖူးတယ် ဆိုတာ နောင်တစ်ချိန်ပြောရမှာတောင်ပါးစပ်သနတယ်၊ ရှက်တယ်။ ဒါပဲ မင်းငါ့စာအုပ်ပြန်လျော်ပေး။ နောက် ဘယ်တော့မှ ငါနဲ့လာမဆက်ဆံနဲ့။''
ကျွန်တော် မီးကုန်ယမ်းကုန်ပေါက်ကွဲပြီး ပြန်ထွက်လာလိုက်သည်။
'' တောက် ...စာအုပ်များ သူ့အမေလင်ကျနေတာပဲ ဖြစ်နေလိုက်တာ''
ကျွန်တော်ကြားလိုက်ရပေမယ့် ပြန်ပြီးချဲမနေတော့ပါ။
''ဟုတ်တယ်ကွာ စာအုပ်ကိုအဖေလိုချစ်တာ'' စိတ်ထဲကပြောသည့်စကား။ သည်မောင်ကြားလဲ ခံစားတတ်မယ်မထင်ပါဘူး။
x x x x x
လွန်ခဲ့သောနှစ် ၃ဝ ခန့်က စာအုပ်တစ်အုပ်နှင့်ပတ်သက်ပြီး မမေ့နိုင်သောဖြစ်ရပ်ပဲဖြစ်သည်။ မဂ္ဂဇင်း စာမျက်နှာများကို အိပ်သာသုံးစက္ကူအဖြစ် အသုံးပြုခဲ့သည့် စိတ်ဓါတ်ရေးရာ ဖိနပ်အောက်ခြေသို့ ရောက်ခဲ့သော သူ့ကို ကျွန်တော်စဉ်းစားပုံဖေါ်ကြည့်တော့ ပါးပါးလေးတောင်ဖေါ်လို့မရ။ ဘယ်မေဂျာ၊ နာမည်ဘယ်သူ၊ ဘယ်မြို့က၊ ပုံပန်းဘယ်လို...ရေးရေးမျှ ပေါ်မလာတော့။
သေချာပါသည်။ အဲ့သည် အချိန်ကတည်းက စာအုပ်တွေအပေါ်ယုတ်ညံ့သောစိတ် ထားခဲ့သော သူသည် ကျွန်တော့် ဒေါသစက်ကွင်းထဲမှာ အရည်ပျော်ကျပြီး ကျွန်တော့်အာရုံထဲမှ လွတ်ထွက် သွားခဲ့တာပဲဖြစ်ပါမည်။
(နှစ်)
ကျွန်တော်တို့ ကုမ္ပဏီသို့ CEO အသစ်ရောက်လာပြီး တစ်ပတ်လောက်မှာ ကျွန်တော်ကိုခေါ်တွေ့သည်။ ကျွန်တော် CEO ရုံးခန်းထဲရောက်၊ ဆက်တီခုံလေးမှာထိုင်တော့ ပုဂ္ဂိုလ်က ဆုံလည်ကုလားထိုင်မှထကာ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်ခုံတွင်လာထိုင်သည်
''ကျွန်တော့်ကို မှတ်မိလား၊ ကျွန်တော်တို့မန္တလေးတက္ကသိုလ်မှာအတူတက်ခဲ့ဖူးတယ်လေ''
ကျွန်တော် သူ့မိတ်ဆက် ပြောစကားအရ ကျောင်းနေဖက်သူငယ်ချင်းတွေထဲက ဘယ်သူဖြစ်မလဲ၊ အပြေးအလွှားစဉ်စားသည်။ သို့သော် ဘယ်လိုမှအမှတ်မရ။
'' ဆောရီး ..ကျွန်တော်မမှတ်မိဘူးဖြစ်နေတယ်...ဘယ်မေဂျာကလဲဗျာ၊ အဆောင်နေခဲ့သေးလား''
ဟက် ကနဲ သူရယ်တော့ သူ့ရယ်သံက ခြောက်သွေ့သလိုပါပဲ၊ အသက်မပါဟု ခံစားမိသည်။
''အေးဗျာ ...ကျွန်တော်ကလည်း ကျောင်းပြီးကတည်းက သင်တန်းပါသွားတာဆိုတော့ ...အင်း ..နှစ် ၃ဝ လောက်ကြာရောပေါ့။ ကုမ္ပဏီမှာ ရှယ်ယာထည့်ထားတာကြာပြီ၊ အခုမှ ကုမ္ပဏီကို ဝင်လာတာ၊ တိုက်တိုက်ဆိုင်ဆိုင်ဗျာ ဒီမှာခင်ဗျားနဲ့လာတွေ့ရတယ်''
သူပြောနေသည့်အချိန်မှ ကျွန်တော့်မှတ်ဥာဏ်ရှိ သိမ်းဆည်းထာသော ရုပ်ပုံများကို ဖော်ကြည့်နေမိသည်။ ကျွန်တော့်မှတ်ဥာဏ်တွေ ချို့ယွင်းနေပါပြီ။
'' ကျွန်တော်တို့နှစ်က ကျောင်းသားနည်းတယ်၊ ကျွန်တော်နဲ့ Same Batch ဆိုရင် CEO ကို မှတ်မိဖို့ ကောင်းတယ်။ အခုကျွန်တော် ဘယ်လိုမှ ပုံဖော်လို့မရဘူးဗျာ''
'' အဟင်း ..ခင်ဗျားမမှတ်မိပေမယ့် ကျွန်တော်ကတော့ ခင်ဗျားကို အမြဲတမ်းသတိရမှတ်မိနေတယ်၊ ခင်ဗျားသတိရအောင် ကျွန်တော်အစဖော်ပေးမယ်။ ကျွန်တော် ရွှေပြည်အေးဆောင် အပေါ်ထပ်မှာနေခဲ့တယ်။ ခင်ဗျားဆီကနေ မဂ္ဂဇင်းတစ်အုပ်ငှားဖတ်ခဲ့ဖူးတယ်လေ''
x x x x x
လွန်ခဲ့သောနှစ် ၃ဝ ကကျွန်တော် ပြောခဲ့သည့်
'' မင်းလိုကောင်မျိုးနဲ့ ငါတက္ကသိုလ်မှာ အတူတက်ခဲ့ဖူးတယ်ဆိုတာ နောင်တစ်ချိန်ပြောရမှာတောင် ပါးစပ်သနတယ်၊ ရှက်တယ်'' ဆိုသောစကားကို အတိအကျပြန်မှတ်မိနေသည့်အတွက် ကိုယ်မှတ်ဥာဏ်ကို အံ့သြလို့နေသည်။
အခုတော့ အခန်းထဲရှိ လေအေးစက်က အအေးလှိုင်းထုတ်တာလား၊ အပူလှိုင်းထုတ်တာလား ဝေခွဲရ ခက်လောက်အောင် ကျွန်တော့်မှ ချွေးစို့လို့နေပါသည်လေ။


ရဲသျှမ်း