Two men look out through the same bars.One sees the mud, and one the stars.
''တစ်နေရာတည်းကနေ လူနှစ်ယောက်အပြင်ကိုလှမ်းကြည့်တော့တစ်ယောက်ကရွှံ့နွံတွေကိုပဲမြင်ပြီး တစ်ယောက်ကကြယ်တာရာတွေကိုမြင်တယ်''
(တစ်)
''အလကားအချိန်အကုန်ခံပြီး စာပေစကားဝိုင်းသွားပြီးနားထောင်နေတယ်၊ဗီဒီယိုဟာသကား ကြည့်ရတာကမှ ရယ်ရအုံးမယ်''
''အကို့ ဗီဒီယိုကားကရင်ဘတ်မမှန်ဘူး...စာပေစကားဝိုင်းမှာ ညီသိပ်ကြိုက်တဲ့ နွေတစ်ည ဝတ္ထုစာအုပ် ကို ဆွေးနွေး ခံစားကြတယ်...စာအုပ်ထဲက ကိုကိုနဲ့ ခင်ဝေတို့ရဲ့ လူတန်းစားကွာဟမှု၊ ပညာတတ် Óဉ်နဲ့ အရင်းမဲ့ ... အများကြီးပဲ တွေးစရာတွေ''
လူငယ်လေးနှစ်ယောက်၏စကားက အကြားအာရုံမှ နှလုံးသားဆီရောက်ရှိလာပြီး ခံစားမှုနှစ်ခုက တစ်ပြိုင်နက်တည်း ဖြစ်လို့လာသည်။ အလိုမကျမှုနှင့် ကြည်နူးမှုတို့ပဲဖြစ်ပါသည်။
x x x x x
ကျွန်တော့်မှာ မောင်နှမ ၇ ယောက်ရှိသည်။ ကျွန်တော်တို့ဖခင်ကြီးက သားသမီးအားလုံးကို စာအုပ် တွေနှင့်ပတ် သက်ပြီး လွတ်လပ်စွာဝယ်ယူခွင့်ပေးခဲ့ပါသည်။ မှတ်မိပါသေးသည် ကျွန်တော်တို့ငယ်ငယ်က ရွှေညောင်မြို့လေးရဲ့ ဘူတာရုံမှာ ပြုံးစာပေ ဆိုသည့် စာအုပ်အရောင်းဆိုင်လေးတစ်ဆိုင်ရှိခဲ့ဖူးပါသည်။ သည်စာအုပ် ဆိုင်မှာ အဖေက ကျွန်တော်တို့မောင်နှမတွေအတွက် ဘီလ် ဖွင့်ပေးထားပေးခဲ့တာကြောင့် ကာတွန်းစာအုပ်တစ်အုပ် ပြား ၆ဝ ခေတ်မှာ ကျွန်တော်တို့ဘူတာရောက်တိုင်း စာအုပ်များကို ဖေါဖေါသီသီ ဝယ်ခဲ့ကြပါသည်။ မော်ဒန်ကာတွန်း၊ ရွှင်ပြုံး၊ တေဇ၊ ရွှေသွေး၊ တိုင်းရင်းသားပုံပြင်များ၊ အီစွတ်ပုံပြင်များပဲ ဖြစ်ပါသည်။ အဖေ့လခ ၁၈၅ ကျပ်မှာ တစ်လတစ်လ ၁ဝ ကျပ်လောက်တော့ကုန်လိမ့်မည်ထင်သည်။
နောက်တော့ အဖေက စာပေဗိမာန်စာအုပ်တွေကို စာတိုက်ကတဆင့် မှာပေးပါသည်။ တောင်ကြီးရောက်သည့် အခါ ဗန်းမော်တင်အောင်၊ သော်တာဆွေ၊ ရွှေဥဒေါင်း၊ ဒဂုန်ရွှေမျှား၊ တက္ကသိုလ်ဘုန်းနိုင်၊ ခင်နှင်းယု စသည့် စာအုပ်များ ဝယ်လာ ပေးတတ်ပါသည်။ ငယ်စဉ်ကတည်းက ကျွန်တော်သတိထားမိခဲ့သည်မှာ အမအကြီးဆုံး မမသန်းနှင့် အကိုကြီး ကိုရဲဝင်း တို့က အဖေဝယ်လာသည့် စာအုပ်များကိုမဖတ်ခြင်းဖြစ်ပါသည်။ မမသန်းက ရေဒီယို ဇာတ်လမ်းပမာ၊ အသံလွင့်ဇာတ်လမ်း တို့ကို စွဲစွဲလန်းလန်းနားထောင်တတ်ပြီး အကို ကိုရဲဝင်းကတော့ ဘောလုံးပွဲကြည့် ဘိလိယက်ထိုး တစ်ပါတ်တစ်ခါ တောင်ကြီးသို့သွားပြီး ရုပ်ရှင်ကြည့်တတ်ပါသည်။အမလတ် မဝေ၊ အကိုလတ် ကိုရဲတင်နှင့် ကျွန်တော်က အထက်အောက် မောင်နှမတွေဖြစ်တာကြောင့် တရင်းတနှီးရှိပြီး နင် ငါနှင့်စကားပြောတတ်ပါသည်။ စာအုပ်များနှင့်ပတ်သက်လို့လည်း အကြိုက်ချင်း တူပြီး စာအုပ်လုပွဲလေး မကြာခဏဖြစ်၊ ရန်ဖြစ်တတ်ပါသည်။
နောက်သိပ်မကြာခင်မှာပဲ ကျွန်တော့်အောက်ညီမ မဂျူးလဲ ကျွန်တော်တို့ စာအုပ်လုပွဲမှာ ပါဝင်လာပါသည်။ အငယ်ဆုံးညီမ မဆူးကတော့ ဆော့ကစားတာ မုန့်ဆိုင်မှာမဲနှိက်တာ လောက်ကိုသာ မတ်မောတတ်တာကို ကျွန်တော်သတိထားမိခဲ့သည်။ ကျွန်တော်တို့ မောင်နှမတွေ ဘယ်လိုသည့်အတွက်ကြောင့်လည်း စာအုပ်တွေနှင့် သားသမီးတွေကို ရင်းနှီးစေပြီး စာအုပ် ကပေးသော အသိနှင့် ဘဝ အနေ၊ စိတ်အနေ မြင့်မားဖို့ကို မျှော်လင့်ခဲ့ပုံရပါသည်။ သို့သော် အဖေ့သားသမီး ကျွန်တော်တို့ မောင်နှမများမှာ တက္ကသိုလ်အသီးသီးမှ ဘွဲ့တွေ့ရခဲ့တာသာတူညီပြီး၊ ကျန်သောအနေအထားမှာတော့ အသွင်ကွဲ၊ ဝါသနာ ကွဲ၊ ယုံကြည်ရာကွဲလွှဲမှုတွေနှင့် လျှောက်သောလမ်းတို့လည်းမတူညီခဲ့ပါလေ။
(နှစ်)
အခုချိန်မှာတော့ အမကြီး မမသန်းပင် တက္ကသိုလ်ပါမောက္ခအဖြစ်မှ အငြိမ်းစားယူခဲ့ပြီ။ ကျောင်းပညာရပ် တစ်ခု တည်းကိုသာ ဘဝအတွက် အမြုတေဟု သတ်မှတ်ထားခဲ့သော အမကြီးက ဟိုး ငယ်စဉ်တုန်းကလို ရေဒီယို ရှေ့မှာ ဇာတ်လမ်းပမာ၊ အသံလွင့်ဇာတ်လမ်းတွေကို နားမထောင်ဖြစ်တော့။ သူ့ထက်ပိုသောကိုရီးယာဇာတ်လမ်း စီးရီးတွေမှာ မျောပါနေပြီ။ မြဝတီ၊ MRTV, MRTV4တို့နှင့်ပင် အားမရ မီးလာတိုင်းအခွေငှားကြည့်နေတော့ သည်။
စာတမ်းတွေအများကြီးပြုစုခဲ့သော ဘာသာရပ်ကိုပင် တစ်ချက်လှည့်မကြည့်တော့။ ဘယ်အချိန်က စောင့်စားနေမှန်း မသိရလောက်အောင် တစ်ဝတစ်ပြဲ ကြည့်နေတော့သည်။ အမကြီးကို ပတ်ဝန်းကျင်ထိန်းသိမ်းမှု မြစ်ဆုံ၊ ဧရာဝတီ၊ အိုစမာဘင်၊ ဝေါထရိတ်စင်တာ၊ လွှတ်တော်အစည်းအဝေး ဘာမှသွားမမေးလေနှင့်...။
အကိုကြီး ကိုရဲဝင်းကတော့ ဘောလုံးသမားအပြောင်းအရွှေ့ကိုပင်လည်း အလွတ်ရသည်။ အသင်း မန်နေဂျာ၊ ဒိုင်လူကြီးအမည်ကိုပင် အတိအကျ မှန်အောင်ပြောနိုင်သည်။ ကလပ်အသင်းက ဘောလုံးသမားကို မိခင်နိုင်ငံနှင့်ပါ တွဲသိနေသည့်အပြင် ဘယ်ပွဲတုန်းကဘယ်လိုဂိုးသွင်းခဲ့တာ ဆိုတာကိုပါ အကွက်ကျကျပြောနိုင် တာမို့ အားကစား ဂျာနယ်တွေထဲကအမှားအယွင်းကိုပင် ထောက်ပြနိုင်လောက်အောင်ဘောလုံးပွဲတွေအပေါ် ရူးသွပ်လွန်းပါသည်။ လွန်ခဲ့သော ၄-၅ နှစ်တုန်းခန့်က ကြည့်နေကြဘောလုံးပွဲရုံသို့ ညနေ ၆ နာရီ ခွဲပွဲကစားသည့် ပရီးမီးယားလိဂ်ပွဲအမီ ဆိုက်ကားစီးသွားလိုက်ပါသည်။ ဆိုက်ကားက ဘောလုံးပွဲရုံရှိရာ လမ်းထဲသို့ ချိုးအကွေ့မှာ တစ်ဖက်ကလာသည့် ဆိုင်ကယ်နှင့်တိုက်မိပြီး ဆိုက်ကားပေါ်က လွင့်စင်ကျကာ တံတောင်ပြဲ၊ ဒူးကွဲဖြစ်လိုက် သေးသည်။ ဒဏ်ရာအတိမ်အနက်မသိသေးပဲ သွေးပူပူဖြင့် ဆိုင်ကယ်သမားကို '' ရတယ်ညီလေး...ဘာမှ မဖြစ်ဘူး အေးဆေးပါ'' ပြောပြီးဘောလုံးပွဲမမီမှာ(အမှန်ကကြေးမထည့်လိုက်ရမှာ)စိုးရိမ်စိတ်နှင့်အလူးအလဲဖြင့် ဘောလုံးပွဲရုံအပြေးသွားခဲ့သည်။ ပထမပိုင်းပင်မပြီးသေး တစ်ကိုယ်လုံးနာကျင်ပြီး အိမ်အရောက်ပြန်ခဲ့တော့ မလှုပ်နိုင်တော့ပြီ၊ ပုဂ္ဂလိကဆေးရုံမှာ တစ်ပါတ်လောက်တက်လိုက်ရပြီး ငွေ ၅ သိန်းခန့် ကုန်သွားခဲ့ဖူးသည်။ သို့သော်လည်းပဲ အကိုကြီးကား ဘောလုံးပွဲတွေ အပေါ်မှာရင်ခုန်ဆဲ။
ပြည်သူ့ခေတ်၊ မော်ဒန်၊ ဝီးကလီးအလဲဗင်း၊ မြန်မာတိုင်း၊ ဗွိုက်စ် ...စသည့် ဂျာနယ်တွေကို မကြားဖူး၊ မသိ။ ဖတ်စ်အလဲ ဗင်း၊ အိုလံပစ်၊ စပေါ့လိုက်၊ ဟိုက်လိုက်၊ အင်အား၊ ဝင်းနား၊ တက်လမ်း တို့ကိုတော့ အထပ်လိုက် ဝယ်ဖတ်တတ် သည်။ '' ဧရာဝတီရဲ့ကျမ်းမာရေးဆိုတာ ဘာကိုပြောတာလဲ'' ဟု မေးတတ်သော ကျွန်တော့် အကိုက နိုင်ဝင်းဆွေမသိ၊ ဒေါ်ခင်မျိုးချစ် မသိ၊ ဒဂုန်တာရာသက်ရှိထင်ရှားရှိသေးတာလည်းမသိ သည့်ထက် ဆိုးတာက ကိုယ့်နိုင်ငံ၏ သမ္မတ၊ ဒုတိယသမ္မတတို့၏ အမည်ကိုပင် အလွဲလွဲအချော်ချော်ပြောနေခြင်းပင်။
x x x x x
ငယ်စဉ်တုန်းက စာအုပ်လုဖတ်ခဲ့သော ကျွန်တော်နှင့်တစ်ယောက်ခြား အစ်မမဝေက ဆရာမြသန်းတင့်ရဲ့ ဓားတောင်' ဝတ္ထုစာအုပ်ကို အဖေဝယ်လာပေးတော့ အခန်းတံခါးပိတ်ဖတ်နေခဲ့သည်မှာ အတော်ကြာသည်ကို ကျွန်တော်ပြန်အမှတ် ရနေပြန်သည်။ မဝေဖတ်ပြီး ကျွန်တော်တို့အလှည့်ရောက်တော့ ဥာဥ့်ပင်အတော်နက်နေပြီ။
''နင်ကလဲဟာ...စာအုပ်တစ်အုပ်ဖတ်တာဒီလောက်ပဲကြာရလား''
''အဟင်း...ငါဖတ်ပြီးမဝလို့ နောက်တစ်ခေါက်ပြန်ဖတ်နေတာ''
အစ်မ မဝေကမျက်ရည်ကလေးတစမ်းစမ်းနှင့်ပြောတော့ ကျွန်တော့်အောက်ညီမလေးမဂျူးက စာအုပ်ကို စိတ်ဝင်စား နေပြီး သူအရင်ဖတ်ဖို့ပူဆာတော့ ကျွန်တော့်အထက် ကိုရဲတင်က''ဆောရီးပဲ...ကြီးစဉ်ငယ်လိုက် ဖတ်'' ဆိုပြီး စာအုပ်ကို ယူသွားတော့သည်။ သူကလည်းပဲ''ဓားတောင်''ဖတ်တာအလွန်ကြာသည်။ နှစ်ခေါက်တော့ အနည်းဆုံးဖတ်လိုက်တာပဲ ဖြစ်ပါလိမ့်မည်။
နောက်တော့ ကျွန်တော်တို့မောင်နှမလေးယောက် 'ဓားတောင်'ထဲကဇာတ်ကောင်တွေဖြစ်သည့် ကိုနန္ဒ၊ ရဲမြင့်၊ သံချောင်း တို့အကြောင်းတွေလုပြော၊ ငါးမန်းနှင့်သံချောင်းတို့၏ တိုက်ပွဲကို ပြန်သုံးသပ်နှင့်အရွယ်အလိုက် ခံစားရသော စကားဝိုင်းလေးဖြစ်ခဲ့ပါသည်။
သည်တုန်းက အစ်မကြီး မမသန်းနှင့် အစ်ကို ကိုရဲဝင်းတို့ ကျွန်တော်တို့ စကားဝိုင်းထဲမပါခဲ့ကြပါ။
(သုံး)
အလကား အချိန်ကုန်ခံပြီး...ဆိုသည့်စကားပြောခဲ့သော လူငယ်လေးသည် ကျွန်တော့်တူကလေးပဲ ဖြစ်ပါသည်။
ညီသိပ်ကြိုက်တဲ့ နွေတစ်ညဝတ္ထုစာအုပ်ကို ဆွေးနွေးခံစားကြတာဆိုသည့် စကားကိုပြောခဲ့သော လူငယ်လေးသည် လည်း ကျွန်တော့်တူကလေးပဲ ဖြစ်ပါသည်။
သည်အတွေး၊ သည်အမြင်တွေကို ပိုင်စိုးထားသူ လူငယ်နှစ်ယောက်ကတော့ ကျွန်တော့်သွေးသားရင်းချာ ညီအစ်ကို ဝမ်းကွဲလေးများ ဖြစ်ကြသည်လေ။
တစ်ယောက်က ရွှံ့ကိုသာမြင်သည်
တစ်ယောက်က ကြယ်တာရာများကိုမြင်ခဲ့ပါသည်။
ဘယ်သူက ဘယ်သူ့သားလဲ
ကျွန်တော့ပဟေဠိက ရိုးစင်းလွန်းနေမှာလေလား။ ။
(ခေတ်သစ်လူငယ်စာဖတ်ဝိုင်းမှ လူငယ်များသို့ အမှတ်တရ)
ရဲသျှမ်း