(တစ်)
တူရူဦးတည်လာသောလမ်းကြောင်းမှ သွေဖည်သွားစေသောကိစ္စကို စွမ်းနိုင်သည်က လမ်းလွှဲလေးများ ပဲဖြစ်ပါသည်။ ကျွန်တော်က မီးရထားဝန်ထမ်းတစ်ယောက်ဖြစ်သည်မို့ ရထားသံလမ်းရဲ့လမ်းလွှဲများအကြောင်းကို စေ့စေ့ငုငု သိထားရုံမျှ မက ဒုတိယရုံပိုင်၊ ရုံပိုင်၊ ရထားထိန်း၊ တွဲမှတ်စာရေး၊ လမ်းခွဲကိုင် တို့ကို ရထားဥပဒေ၊ ရထားလုပ်ငန်းတာဝန်များ သင်ကြားပို့ချရသည့် ရာထူးရယူထားသူတစ်ဦးလည်းဖြစ်သည့်အတွက် လမ်းလွှဲလေး အကြောင်းက စာသင်ကြားသည့် အခါတိုင်း မပါမဖြစ်ပါလာရတော့သည်။
အဝင်လမ်းလွှဲ၊ အထွက်လမ်းလွှဲ၊ လမ်းချော်လမ်းလွှဲဆိုပြီး လမ်းလွှဲလေးများကို အဓိပ္ပာယ်ဖွင့်ဆိုကြပါသည်။ ဦးတည်ရာလမ်းကြောင်းမှ အခြားလမ်းတစ်လမ်းသို့ လမ်းလွှဲကိုရွှေ့ပေးရုံဖြင့် တိုက်ရိုက်ပြောင်းရွှေ့စေနိုင်သော လမ်းလွှဲလေးက အဝင်လမ်းလွှဲလေးဖြစ်ပြီး၊ လမ်းလွှဲကိုပြောင်းပေးရုံဖြင့် မူလလမ်းကြောင်းကနေ သွေဖည်မသွား စေနိုင်သောလမ်းလွှဲက အထွက်လမ်းလွှဲပဲဖြစ်ပါသည်။ အဝင်လမ်းလွှဲလေးရဲ့မသေချာမှုက ထိတ်လန့်ဖွယ် ဖြစ်စေနိုင်ပါသည်။ လမ်းလွှဲလျှာဖျားလေးက ပင်မသံလမ်းကို စပါးလုံးတစ်ထောက်အဟမရှိ ကပ်နေမှသာ ရထားဘီးများက လမ်းလွှဲအတိုင်း အလိုက်သင့် စီးမျောသွားပေမည်။ စပါးလုံးတစ်ထောက်စာမကအဟလေး ရှိသွားလျှင်တော့ ပါးနေသော ဘီးနှုတ်ခမ်းနှင့် တွေ့ခိုက်မှာ လမ်းလွှဲလေး၏ လျှာဖျားလေးတွေကို ဆွဲခွါလိုက် သလိုဖြစ်ပြီး ရထားဘီးများ ချော်ကျတော့မည်။ ဘီးတစ်ဘီးစချော်ကျပြီဆိုလျှင်တော့ နောက်ပါဘီးများကလည်း ဆင့်ကာဆင့်ကာလိုက်ပါသွားမည်မှာ အသေအချာပဲဖြစ်သည်။
တစ်ခါတစ်ရံမှာ ရှေ့ဘီးများရဲ့ဘီးနှုတ်ခမ်းက မပါးမရှပ် တန်းဝင်၊ တန်းမီ စံသတ်မှတ်ချက်နှင့်အညီဆိုလျှင်တော့ လမ်းလွှဲလေး လွှဲပေးထားသော လမ်းထဲ ဝင်ရောက်လာပြီး နောက်ဘီးများ သို့မဟုတ် နောက်တွဲရဲ့ဘီးများက စံသတ်မှတ်ချက်ဘောင်ထဲက ယိမ်းယိုင် တိမ်းလွတ်သွားပြီဆိုလျှင်ဖြင့် ရှေ့တွဲများက လမ်းတစ်လမ်း၊ နောက်တွဲများက အခြားလမ်းတစ်လမ်းရောက်ရှိပြီး နှစ်လမ်းခွဲထွက်ဆိုသည့်ဝေါဟာရလေးကို ဝေဖန်ရေး၊ သုံးသပ်ရေး၊ တာဝန်ယူရေး ဆိုသည့် အစုအဖွဲ့လေးဆီက ပုံသေကားကျ ဖော်မြူလာဖြင့် နှုတ်တိုက်တဖွဖွရွတ်ဆိုကြတော့မည်။
ပွိုင့်လျှာလေးတွေက အမြဲတန်းကောင်းနေမှာလား၊ မပဲ့မရွဲ့ အမြဲရှိနေမလား၊ ပင်မသံလမ်းနှင့် လမ်းလွှဲ ပွိုင့်လျှာကြား ခဲတို့အမှိုက်တို့ဝင်သွားပြီး လမ်းလွှဲလေးမကပ်လျှင် လမ်းချော်တာတွေ၊ နှစ်လမ်းခွဲထွက်တွေ ဖြစ်ကုန်တော့ မှာလား...။''လား''တွေနဲ့ဖွဲ့တည်တဲ့မေးခွန်းတွေအတွက် တုန့်ပြန်အဖြေက မာထန်ထန်မဖြစ်တော့သည်မို့ လမ်းလွှဲလျှာ လေးပြန်မပြေးသည့်နည်းကို ထက်မြက်အဖိုးတန် အတွေးအမြင်သစ်ဖြင့် ကာကွယ်စီစဉ် လိုက်ကြတော့သည်။ လမ်းလွှဲလျှာလေးရဲ့အောက်ခြေ သံလမ်းဖနောင့်ကို သံချိတ်နှင့်ချိတ်၊ ဝတ်အူရစ် အတိုင်း သတ္ထုအဝိုင်းအပြားနှင့် တင်းကြပ်အောင်ရစ်၊ ပြန်ပြုတ်မထွက်အောင် သတ္ထုပြားနှစ်ခုမှာပါသည့် အပေါက်နှစ်ခုကို တွဲပြီးသော့ခတ်။ သည်တော့ လမ်းလွှဲလေးပြန်မပြေးတော့။
စက်ခေါင်းတွဲ၏ဘီးအဆမတန်ပါးရှပ်နေလျှင်တော့ လည်း မတတ်နိုင် လမ်းချော်မှာပဲဖြစ်သည်။ သည်လမ်းလွှဲလေးကိုပဲ ဦးတည်ရာ ''လှန်''လိုက်လျင်တော့ အထွက်လမ်းလွှဲလေးပဲဖြစ်တော့သည်။ လမ်းလွှဲလျှာမကပ်လည်း ပြဿနာမရှိ။ လမ်းကြောင်းမှန်ကနေ လမ်းမကြီးဆီကို ရောက်သွားမှာဖြစ်ပါသည်။ လမ်းလွှဲညှပ်ဖြင့် ညှပ်ထားလျှင်တောင်မှ လမ်းလွှဲလျှာပဲ့ရုံမှအပ တွဲဘီးများလမ်းချော်ကျလိမ့်မည်မဟုတ်။ သည်တော့ လမ်းလွှဲလေးတွေမှာ အဝင်လမ်းလွှဲက အလွန်အရေးကြီးပါသည်။ အတိမ်းအစောင်း၊ အမှားအယွင်း မခံ။ ခရီးသည်၏ အန္တရာယ်ကင်းရှင်းရေး၊ အချိန်ဖင့်လေးမှုကင်းရှင်းနေရေးတို့သည် အဝင်လမ်းလွှဲလေးများ၏ စံနှုန်းပြည့်ရပ်တည်မှုပေါ်တွင် မူတည်နေသည်ဟု ထင်သည်။
နေရာတစ်နေရာတည်း၊ ရုပ်ဝတ္ထုပစ္စည်းတစ်ခုတည်း ဖြစ်ပါလျှက် ဆန့်ကျင်ဘက်လားရာကြောင့် တန်ဘိုးကွဲလွဲမှုက အဆများစွာ ကွာဟသွားလေပြီလား။
x x x x x
လမ်းချော်လမ်းလွှဲလေးအကြောင်းလည်းပြောပြချင်ပါသေးသည်။ ဘူတာယာဒ်ဝင်းများမှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသောတွဲများရှိပါသည်။ ကုန်တင်ရန်ရပ်တန့်ထားသောတွဲ၊ ကုန်ချရန်ရပ်တန့် ထားသောတွဲ၊ တွဲပျက်ဖြစ်နေ၍ ပြုပြင်ရန်ရပ်နားထားသောတွဲ၊ စစ်ဆေးရေးအတွက်လာရောက်သောတွဲ စသည့် တွဲများပဲဖြစ်သည်။ ယင်းတွဲများ ထားသိုရန်အတွက် ဘူတာယာဒ်ဝင်းများတွင် တွဲခိုလမ်းလေးများခင်းကျင်းပေးထားပါသည်။ တွဲခိုလမ်းကို လမ်းမကြီးနှင့် ဆက်စပ်ရန်အတွက် လမ်းလွှဲလေးရှိသည်။
အဲသည်လမ်းလွှဲလေးက တွဲများကို စက်ခေါင်းနှင့်ချိတ်ဆက်ပြီး ရထားတွဲဆိုင်းတွင် ဖြည့်ချိတ် သို့မဟုတ် ရထားတွဲဆိုင်းမှဖြုတ်ယူရသည့် တွဲရွှေ့လုပ်ငန်း လုပ်ရုံမှလွဲ၍ အမြဲဖွင့်ထားရသည်။ လမ်းလွှဲလေးကိုဖွင့်ထားလိုက်တော့ တွဲခိုလမ်းထဲမှာရပ်ထားသည့်တွဲများ တစ်စုံတစ်ခုရဲ့ ပရောဂကြောင့် (လေပြင်းတိုက်၍ဖြစ်စေ၊ တစ်ဦးတစ်ယောက်တွန်း လိုက်၍ဖြစ်စေ) လိမ့်ထွက် လာသည့်အခါ လမ်းမကြီးသို့မရောက်ရှိစေဘဲ တွဲများလမ်းချော်ကျအောင် စီမံထားသော လမ်းလွှဲလေးပဲ ဖြစ်ပါသည်။ တွဲတစ်တွဲ ယာဒ်ဝင်းထဲမှာ လမ်းချော်ကျတာနှင့် အဲသည်တွဲ လမ်းမကြီးပေါ်ရောက်ပြီး စုန်/ဆန် သွားနေသော ရထားနှင့်တိုက်ခိုက်မိသည့် ကိစ္စမှာ ဘယ်သင်းကအရေးကြီးသလဲဆိုသည့်အတွေးဖြင့် ဖန်တီးယူခဲ့သော လမ်းလွှဲလေးပဲဖြစ်ပါသည်။ သူကတော့ တွဲကိုလမ်းချော်ကျစေသော တာဝန်ကိုစီးစီးပိုင်ပိုင်ယူထား ရသည်မို့ သူ့အမည် လမ်းချော်လမ်းလွှဲလေးကို တစ်ချို့က ဂျောက်ပွိုင့်(ချောက်ပွိုင့်)ဟုပင် ချိုးချိုးနှိမ်နှိမ် ခေါ်တတ်ကြသည်လေ။ ထောင်ချောက် လို့လည်းသတ်မှတ်၍ မရကောင်းဟုထင်သည်။
ပြင်းထန်ကြီးမားသော၊ မတွေးဝံ့အောင်ပင်တုန်လှုပ်ဖွယ်ဖြစ်နိုင်သော အထိအခိုက်ကိုရှောင်လွှဲပေးနိုင်သည့် လမ်းလွှဲလေးကို လမ်းချော်လမ်းလွှဲဆိုသည့် အမည်လေးကပဲ လိုက်ဖက်သည်ဟုထင်သည်။ ဂျောက်ပွိုင့်ဆိုသည့်အခေါ်အဝေါ်လေး မရှိစေချင်ပါ။
( နှစ် )
လမ်းလွှဲလေးများနှင့်အမြဲထိတွေ့လုပ်ကိုင်နေရသော ဝန်ထမ်းလေးများကိုတော့ လမ်းခွဲကိုင်ဟု မြန်မာမှု ပြုထားပါသည်။ အင်္ဂလိပ် ကိုလိုနီခေတ်မှာတော့ ''ဂျမဒါ''ဟုခေါ်ခဲ့သည်။ Jamedar ဆိုသည့် ဟိန္ဒူစကားက ဆင်းသက်လာသော ဝေါဟာရဖြစ်ပါသည်။ မြန်မာအဘိဓာန်မှာတော့ ဂျမဒါကို လုံခြုံရေးဆိုင်ရာအမှုထမ်းတစ်စု ကို အုပ်ချုပ်ရသူ၊ အိန္ဒိယတပ်တွင်အရာရှိငယ်အဆင့်တစ်မျိုးဟု ဖေါ်ပြထားသည်။ သေချာတာကတော့ ဂျမဒါသည်အရးပါသော ဝန်ထမ်းပဲဖြစ်သည်။ ဂျမဒါပဲခေါ်ခေါ်၊ လမ်းခွဲကိုင်ပဲခေါ်ခေါ် လမ်းလွှဲများကိုကျွမ်းကျင် ပိုင်နိုင်စွာ ကိုင်တွယ်ရသောဝန်ထမ်း၏ အရေးပါမှုက ထိပ်ဆုံးနေရာမှာရှိနေသည်ဟု ကျွန်တော်ကတော့ သတ်မှတ် ထားမြဲဖြစ်ပါသည်။
( သုံး )
ဦးတည်ရာလမ်းကြောင်းမှ အခြားလမ်းတစ်လမ်းသို့ ပြောင်းရွှေ့ပေးနိုင်သောအဝင်လမ်းလွှဲကလေး ...။ လမ်းလွှဲလျှာကပ် သည်ဖြစ်စေ၊ မကပ်သည်ဖြစ်စေ လမ်းမပေါ်သို့အတိမ်းစောင်းမရှိ၊ ရောက်စေသော အထွက်လမ်းလွှဲကလေး ...။ လွတ်ထွက်၊ လိမ့်ထွက်လာသောတွဲများ လမ်းမကြီးပေါ်ရောက်ရှိပြီး မတော်တဆမှုမဖြစ်စေရေးတားဆီး ပေးသည့် လမ်းချော်လမ်းလွှဲကလေး ...။ လမ်းလွှဲလေးများ၏ အဓိပ္ပါယ်၊ စွမ်းဆောင်ရည်ကို အပြည့်အစုံမဟုတ်သော်ငြား ရိုးတိုးရိပ်တိတ်မျှ သိရှိပြီဆိုလျှင်တော့
သက်ရှိလူသို့ပုံပမာထားရွေးချယ်စေချင်ပါသည်။
အဝင်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ...
အထွက်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ...
လမ်းချော်လမ်းလွှဲလေးကိုပဲ ရွေးမှာလား ... ကျွန်တော်သိချင်လွန်းလှပါသည်။
ကျွန်တော်ကဲ့သို့ပဲ လမ်းခွဲကိုင်(ဂျမဒါ)လေးများကလည်း သိချင်လိမ့်မည်ထင်ပါသည်။
ရဲသျှမ်း
ဘ၀မှာလဲ လမ်းလွှဲတွေ အများကြီး ကြုံတွေ့ခဲ့ရနိုင်တယ်နော်..။ ကျွန်မတို့ရဲ့ ဆင်ခြင်ဥာဏ်နဲ့ပဲ လမ်းတွေကို ကိုယ်တိုင် ရွေးချယ်ခဲ့ကြရတာ။
ReplyDelete