ကျွန်တော် ငယ်စဉ် ၈ နှစ်သားခန့်က ကျွန်တော့်ဖခင် တာဝန်ကျရာ မြို့ကလေးမှ ဦးလေး ဖြစ်သူထံ နွေရာသီ ကျောင်းပိတ်ရက်မှာ ကျွန်တော်နှင့် ကျွန်တော့် အစ်ကို ကိုရဲတင့်တို့ အလည် လာစဉ်က တွေ့ခဲ့ရသော မြင်ကွင်းကို ပြောပြ ချင်ပါသည်။
တောင်ရှမ်း ရထားဟု ခေါ်သည့် ရွှေညောင် ရထားကညနေ ၆ နာရီတိတိမှာ ဦးလေးတို့၏ လမ်းဆုံ ဘူတာကြီးသို့ အချိန်မှန် ၀င်ရောက် လာစဉ် ရန်ကုန်ဘက်က လာသော ကျွန်တော်တို့ စီးလာသည့် အမြန် ရထားကြီးကလည်း ဘူတာ၏ အခြားလမ်း တစ်လမ်းသို့ ၀င်လာသည်။ တိုက်ဆိုင်စွာပင် မြင်းခြံက လာသော ရထားကလည်း ဘူတာ၏ လစ်လပ်နေသော လမ်းသို့ ၀င်လာပါသည်။ မြင်ကွင်းက တကယ့်ကို အံ့သြစရာကြီးဖြစ်လို့နေသည်ပင်။ ကျွန်တော်တို့ ရထားက အလယ်မှာ ဆိုတော့ ၀ဲဘက်က မြင်းခြံရထား ခရီးသည်တွေ လက်ပြလိုက်၊ တစ်ဖက် ပြတင်းပေါက်ကို ကူးပြီး တောင်ရှမ်းရထားကို လက်ပြ လိုက်နှင့် အပျော်ကြီး ပျော်နေ ခဲ့ပါသည်။ လက်ခုပ်လက်ဝါး တီးလျက် ရထားတွဲပေါ် မှာ ခုန်ပေါက်မြူးထူးနေ သော ကျွန်တော်တို့ ညီအစ် ကိုကိုကြည့်ပြီး တွဲပေါ်ပါ လာသည့် လက်မှတ်စစ်ကြီး က သဘောကျ အံ့သြနေဟန် ရှိသည်။
“သားတို့က ရထားသုံး စီး တစ်ပြိုင်နက်ဝင်လာတာ ကို သဘောကျ နေတာလား။ သုံးစီးလုံး အချိန်မှန်တာနဲ့ ဒါမျိုးဖြစ်တာပဲ။ ဦးတို့တော့ ရိုးနေပြီ”
“ဘူတာကြီးက ထွက် ရင်ရော ဒါမျိုးရှိလား”
အစ်ကို့ အမေးကို လက် မှတ်စစ်ကြီးက ခေါင်းယမ်းသည်။
“မရဘူးကွ။ အထွက် ရထားတွေက တစ်ချိန်စီဖြစ် နေတာ။ ရထား နောက်ကျရင် တော့ ဖြစ်တောင့်ဖြစ်ခဲ့ ရှိမှာ ပေါ့။ ဒါပေမဲ့ ရထားတွေက နောက်မကျဘူးကွ။ ဦးတော့ မကြုံသေးဘူး။
အချိန်မှန်ရထားများကို အကြိမ်ကြိမ်စီးခဲ့ဖူးသော ကျွန်တော်သည် လမ်းဆုံဘူ တာကြီးသို့လာတိုင်း တောင် ရှမ်းရထား၊ မြင်းခြံရထားတို့ရှိ ခရီးသည်များနှင့် အပြန်အလှန် နှုတ်ဆက်ခဲ့ချင်သော်လည်း လက်မှတ်စစ်ကြီး ပြောသလို တော့ မဟုတ်ဟု ထင်သည်။ တစ်ခါမျှ သုံးစီး တစ်ပြိုင်နက် မဆုံစည်းတော့ပါ။
နောက်အနှစ် နှစ်ဆယ် ကျော်လောက်မှာ ကျွန်တော် က လမ်းဆုံဘူတာကြီးမှာ အထူးတန်းရုံပိုင်တစ်ယောက် အဖြစ် တိုက်တိုက်ဆိုင်ဆိုင် တာဝန်ကျနေပါပြီ။ ရထား အစင်းပေါင်းများစွာ လက်ခံ၊ စေလွှတ်ခဲ့ပြီးပြီ။ ထိန်းချုပ်ရုံရှိ လမ်းလွှဲခလုတ်တွေကို အမှား အယွင်းကင်းစွာလှည့်ပြီး လမ်းလွှဲတွေဆင်၊ အ၀င် အထွက် မီးအချက်ပြတွေ မှန်ကန်စွာပေးနှင့် အလုပ်၏ ယန္တရားထဲမှာ အလိုက်သင့် စီးမျောနိုင်ခဲ့ပြီ။ သို့ပေမဲ့ ကျွန်တော် ငယ်စဉ်ကလေး ဘ၀က ရခဲ့သော တောင်ရှမ်း ရထား၊ ရန်ကုန်- မန္တလေး ရထား၊ မြင်းခြံရထားတို့ ဘူတာထဲ တစ်ပြိုင်နက် ၀င်လာသည့် အနေအထား ကား အမြဲတမ်း လွတ်ထွက် နေလေသည်။
တစ်ခါတစ်ရံမှာ တောင်ရှမ်း ရထားက အချိန်မှန်၊ မြင်းခြံရထားက အချိန် မှန်၊ သို့သော် ရန်ကုန်ရထား က အချိန်မမှန်။ တစ်ခါတစ်ရံမှာ တောင်ရှမ်း ရထားနှင့် ရန်ကုန် ရထားက အချိန်မှန် ပြီး မြင်းခြံရထားက မမှန် ပြန်။ တစ်စင်းစင်း အချိန်မမှန် သည်နှင့်ပဲ သုံးစင်း တစ်ပြိုင် နက်ဝင်ရောက်လာမည့် အနေ အထားက လွဲချော်နေတော့ သည်ပင် ဖြစ်သည်။
“ရထား သုံးစင်းလုံး တစ်ပြိုင်နက် ၀င်လာဖို့က သုံး စင်းလုံး အချိန်မှန်နေရမှာ ဖြစ်တဲ့အပြင် မင်းလက်ခံရ မယ့် လမ်းတွေရှင်းနေရဦး မယ်။ နောက် ပွိုင့်တွေ၊ အချက်ပြတွေကလည်း လုံးဝ ကောင်းနေရမယ်။ ပြောရရင် အားလုံးဟာမိုနီဖြစ်နေရမှာ လေ။ မင်းပင်စင်သွားတောင် ရမယ် မထင်ဘူး”
ကျွန်တော့် ရုံပိုင်ချုပ် ကြီးက ကျွန်တော့် ခံစားမှု မျှော်လင့်အိပ်မက်တို့ကို မဖြစ် နိုင်ခြေဘက်ကနေ အလေး ကဲ ပြောခဲ့သော်လည်း ကျွန်တော်ကား တာဝန်ကျ စဉ်တိုင်း ညနေ ၆ နာရီခန့် အချိန်လေးကို ရင်ခုန်နေဆဲပဲ ဖြစ်ပါသည်။
ကျွန်တော့် ရင်ခုန်အိပ် မက်နှင့် ငယ်စဉ်ကလေးဘ၀ ကြုံခဲ့ရသော မြင်ကွင်းကို လေးစားချစ်ခင်ရသော ကဗျာ ဆရာတစ်ယောက်အား ပြော ပြခဲ့ဖူးသည်။ ဆရာက ...
“ဟာ ညီလေး ဒါ Unity တစ်ခုကို ဖော်ဆောင် တာပဲ။ တောင်ပေါ်က ရထား၊ မြို့တော်ကြီးက ရထား၊ အညာကျေးလက်တွေကို ဖြတ်သန်းလာတဲ့ ရထား။ တိုင်းရင်းသားပေါင်းစုံ အလွှာ ပေါင်းစုံ သယ်ဆောင်လာတဲ့ ရထား။ တစ်ချိန်တည်း တစ်ပြိုင်တည်း သွားဆုံကြပြီး လွတ်လပ်ပေါ့ပါးစွာ လက်ပြ နှုတ်ဆက်ရတဲ့ ခံစားမှု။ သိပ်လှတယ် ညီလေးရာ။ ညီလေး အိပ်မက်ဆက်မက်ပါ နော်။ တစ်ချိန်ချိန်မှာ ရရမှာ ပေါ့”
ဆရာ့ ရုပ်သွင်က ဆရာ့ စကားတွေလိုပါပဲ။ ငြိမ်း အေးလွန်းလှသည်။ ဆရာ ပြောသလိုဆို ကျွန်တော့် အိပ်မက်တို့ မလွင့်ပြယ်သေး ဘူးပေါ့...။
စက်ပစ္စည်းတို့၏ ဖောက်လွဲဖောက်ပြန်မဖြစ်မှု၊ စက်တို့ကို စီမံရာ၊ စေခိုင်းရာ လူတို့၏ လွဲသွေမှု တစိုးတစိ မျှ မရှိမှု၊ အခြေအနေ အချိန်အခါ ကတိမ်းကပါး မဖြစ်၊ အံဝင်ခွင်ကျ ချိန်သား ကိုက်ညီညွတ်သော အနေအထား တစ်ခုကို ကျွန်တော်တို့ ဘာကြောင့် မရရမှာလဲ။ ကျွန်တော်တို့ မျှော်လင့်ချက်တွေ ဘာကြောင့် မဲ့သွားရမှာလဲ။ ကျွန်တော်တို့ အိပ်မက်တွေ ဘာလို့ မရှင်သန်ရမှာလဲ။ ကျွန်တော်ကား တက်ကြွနေ ဆဲပါလေ။
နံနက်ပိုင်း တာဝန်ကျ အထူးတန်းရုံပိုင် ကိုကြည် ဆန်းနှင့် တာဝန်လွှဲပြီး ရောက် ရှိလာမည့် ရထားတွေ၏ အချိန်ကိုစုံစမ်းတော့ တောင် ရှမ်းရထား ၁၄၂ အစုန်၊ မြင်း ခြံရထား ၁၁၂ အစုန်နှင့် ရန်ကုန်-မန္တလေးအမြန်ရထား ၁၁ အဆန်တို့ ခရီးစဘူတာ တွေကနေ အချိန်မှန်ထွက်ခွာ လာသည်ဆိုရော ကျွန်တော့် မှာ ထိတ်ခနဲ ရင်ခုန်သွား သည်။ မျှော်လင့်သော အိပ် မက်တို့အတွက် အစဦးရင်ခုန် မှုပဲဖြစ်သည်။ သည်ရင်ခုန်မှု လေးရပ်မသွားချင်။ ကျွန်တော်ကား တည်ငြိမ်မှု နှင့် နည်းနည်းကင်းလွတ်၊ ဆောက်တည်ရာမဲ့ ဖြစ်ချင်နေ ပြီ။ “ထိန်းစမ်း၊ ငြိမ်စမ်း” ကိုယ့်ကိုယ်ကို ပြန်သတိပေး နေသည့် ကြားက ရထားကြီး ကြပ်ခန်းသို့ တာဝန်ကျရာ မျှော်စင်မှ ဆင်းပြေးလိုက် သေးသည်။
“ကွန်ထရိုလာကြီး။ လမ်းရုံပိုင်တွေ နည်းနည်း ကျပ်ပေးဦး။ ရထားတွေက အချိန်မှန်လာနေတာ၊ ရထား ဆုံရင်လည်း အချိန်မှန် ရထား တော့ မထိစေနဲ့ဗျ”
ရထား ကြီးကြပ်ရေး အုပ်က မျက်မှောင် ကုတ်ကြည့်သည်။ ဘာလာ ကြောင်နေတာလဲ။ ကိုယ့်အလုပ် ကိုယ်လုပ်ဆိုသည့် အမူအရာ ပေါ်နေသော်လည်း ကျွန်တော်ကတော့ ကိုယ်ဖြစ်ချင်တာကိုပဲ ဇွတ်ပြောပြီး ပြန်ထွက်လာသည်။
အို အနေအထားက ကျွန်တော့်ဘက်မှာ ရှိနေပြီ။ ဘယ်ရထားမှ ဖောက်လွှဲဖောက်ပြန် မဖြစ်သေး။ တစ် ဆံချည်မျှ မသွေသေး။ စည်းချက် မှန်နေပြီ။ ကျွန်တော့် ဘက်က အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်ပြီ။
ကျွန်တော်လမ်းလွှဲ ခလုတ်တွေကိုလှည့်စမ်းသည်။ အတိမ်းအစောင်းမရှိ၊ လမ်း လွှဲလျှာတွေကြားထဲမှာခဲတွေ၊ အမှိုက်သရိုက်တွေ ညပ်မနေဖို့ ယာဒ်ဝင်း ၀န်ထမ်းတွေကို ကြိုသတိ ပေးရဦးမည်။
“ဘူတာမှာ ရထား နှစ်စင်းဆုံပြီး ဟိုဘက်သည် ဘက် တစ်ချိန်တည်း ဆက် လွှတ်တော့၊ နှစ်စင်းလုံး တစ် ပြိုင်နက် ထွက်သွားတဲ့အခါ တစ်ဖက်စီက ကြေးနန်းခ လုတ်တွေပေါ် ဘယ်ညာ လက် နှစ်ဖက်တင် ထွက် ၁၀း၃၀ ဆိုတာကို တစ်ပြိုင် နက် ရိုက်လိုက်တာမှာ ဟိုဘက်၊ သည်ဘက်ဘူတာ နှစ်ခုလုံးစီက “ရ” ဆိုတဲ့ ကြေးနန်း ပြန်ကြားချက်ရ တော့ ငါကွာ ဘယ်လိုဖြစ် မှန်း မသိအောင်ကို ပျော် သွားတာ။ မင်းတို့ရုံပိုင်ဖြစ် ရင် ဒါမျိုးကြုံတောင့်ကြုံခဲ တွေ့ချင်တွေ့ရမယ်။ ငါပြော တာဟုတ်မဟုတ် လက်တွေ့ ခံစားရတဲ့အခါ သိလိမ့်မယ်”
လက်ထောက်ရုံပိုင် သင်တန်းတက်စဉ်က ကြေး နန်းသင်ကြားပို့ချခဲ့သော ဆရာဦးစိုးလှိုင်၏ စကားကို ပြန်ကြားယောင်သည်။
ဆရာရေ။ ဆရာရခဲ့တဲ့ ပီတိထက်ပိုတာကို ကျွန်တော် မြင်နေရပြီ။
ဂျူးလီယက်ဆီဇာ၏ ကမ္ဘာကျော်စကား၊ သမိုင်း တွင်စကား၊ မပြယ်သည့် စကားဖြစ်သော
ငါလာသည်
ငါတွေ့သည်
ငါအောင်ပွဲခံမည် ဆိုသည်ကို ကျွန်တော် နှုတ်က ဖွဖွရွတ်နေမိသည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် မရေမတွက်နိုင်စွာပါပဲ။
၁၄၂ အစုန် တောင်ရှမ်း ရထားကို လှိုင်းတက်ဘူတာ က ချဉ်းကပ်ခွင့် တောင်းချိန် နှင့် ၁၂၂ အစုန် မြင်းခြံရထား ကို မိတ္ထီလာဘူတာက ချဉ်း ကပ်ခွင့်တောင်းချိန်တို့က မရှေးမနှောင်းပင်။ သေချာ ပြီ သည်နှစ်စင်း အချိန်မှန် တော့မည်။ ရန်ကုန် အဆန်ရ ထား ၁၁ အဆန် အချိန်မှန် လျှင်တော့ ပွဲသိမ်းပြီ။ အနှစ် နှစ်အလလ စောင့်စားနေခဲ့ သော အိပ်မက်တို့ ရှင်သန် နိုင်တော့မည်။ ကျွန်တော် ကား တစိမ့်စိမ့်နှင့် ကြည်နူး နေပြန်ပြီ။
အမှတ် ၁၁ အဆန် ရန်ကုန်-မန္တလေး အမြန် ရထား ချဉ်းကပ်ခွင့်ကို ကပ်လျက် ဘူတာက တောင်း တော့ တစ်ဖက်ဘူတာထွက် ချိန်ကို မေးမိသည်။ အချိန်မှန် ဆိုသည့် ကပ်လျက်ဘူတာ ရုံပိုင်၏ အဖြေကား ချိုမြိန် လွန်းလှသည်။
ခါတိုင်း ရထားဆိုက် ရောက်ချိန် ၁၀ မိနစ်ခန့်အလို မှ လမ်းလွှဲဆင်၊ အချက်ပြ ပေးလေ့ရှိသော်လည်း အခု တော့ ကျွန်တော့် ဆန္ဒတွေက ရှေ့သို့ အတင်းပြေးနေလေပြီ။ တွဲရွှေ့ လုပ်ငန်းနှင့် အခြား လုပ်ငန်းများလည်း မရှိသည် မို့ ရထားသုံးစင်းတစ်ပြိုင် နက်ဝင်နိုင်အောင် လမ်းတွေ ကို ကြိုဆင်သည်။
ပွိုင့်အမှတ် 83 Reverse ဘက်ခလုတ်လှည့်သည်။ မီးဝါလေးလင်းသွားသည်။ ပွိုင့် အမှတ် ၇၉ ကလှည့်ရန် မလို။ Normal မီးစိမ်းနေဆဲ။ ပွိုင့် အမှတ် 76 က Revese လှည့်ရမည်။ တောင်ရှမ်း ရထား ၆ လမ်းသွင်းရန် အတွက် ပွိုင့်အားလုံး အထစ် အငေါ့မရှိပြီဆိုမှတော့ အချက် ပြလည်း လိမ့်လိမ့်လဲလဲဖြစ် တော့မည် မဟုတ်။
အမှတ် ၁၁၂ အစုန်၊ မြင်းခြံရထားကို ၂ လမ်း၊ ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန်အမြန်ရထားကို ၄ လမ်း၊ ၁၄၂ အစုန် တောင် ရှမ်းရထားကို ၆ လမ်း သွင်းဖို့ အ၀င်အချက်ပြခလုတ်နီလေး ကို လှည့်လိုက်ချိန်မှာတော့ ထိန်းချုပ်ခလုတ်ခုံဆီမှာ မှန်ကန်မှုအမှတ်အသား မီးဖြူ လေးများ လင်းလို့လာသည်။ ပီတိအဟုန်ကြောင့် တုန်နေ သောလက်ဖြင့် အသံလွှင့် မိုက်လေးကို လှမ်းဆွဲလိုက် သည်။ မိုက်ကလေးက လက် ထဲမှာ လှုပ်ခါနေလေသည်။
မြင်းခြံ-သာစည် အမှတ် ၁၁၂ အစုန် အမှတ် ၂ လမ်း၊ ရန်ကုန်-မန္တလေး အမှတ် ၁၁ အဆန် ၄လမ်း၊ ရွှေညောင်-သာစည် ၁၄၂ အစုန် တောင်ရှမ်းရထား ၆ လမ်းသို့ ဆိုက်ရောက်မည့် အချိန်ကို ကြေညာပြီးပြီးချင်း အချက်ပြ မျှော်စင်ဝရန်တာက နေ ဘူတာစင်္ကြံသို့ ငုံ့ကြည့် တော့ ခရီးကြို၊ ခရီးသည် များ သက်ဆိုင်ရာ စင်္ကြံဆီ သွားနေကြသည်ကိုက မျှော် လင့် စောင့်စားခြင်းတစ်ခုကို အောင်မြင်စွာ ပွေ့ပိုက် လိုက် ကြသည့်အလား။ ကျွန်တော့် အတွက်တော့ အောင်နိုင်မှု တစ်ခုအတွက် ရာနှုန်းပြည့် မျှော်လင့်ရင်ခုန်သံသည် ဒရမ် ရိုက်ချက်လို တအုန်းအုန်းတ ဒိုင်းဒိုင်းမြည်နေပါတော့သည်။
ညနေ ၆ နာရီမှာ တစ် ပြိုင်နက်ဝင်လာမည့် ရထား သုံးစီးကို ၅ နာရီ ၅၅ မိနစ်မှာ ပဲ ကျွန်တော်အချက်ပြထိန်း ချုပ်မျှော်စင်ဝရန်တာလေးကနေ ကြည်နူးလန်းဆန်းစွာ ကြိုနေ မိသည်။ ဟော တောင်ရှမ်း ရထား စက်ခေါင်းနီကြီး မြင်ရပြီ။ ဟာ ၁၁ အဆန် အမြန်ရထား၏ စက်ခေါင်း ကလည်း ဘွားခနဲ။ ကွေ့ဖြစ် နေ၍ မမြင်ရသေးသော မြင်းခြံရထားစက်ခေါင်းပါ ကွေ့ကို လွန်မြောက်လာတော့ ကျွန်တော် ၀မ်းမြောက်ဝမ်း သာခုန်ပေါက် လက်ခုပ်လက် ၀ါးတီးနေမိတော့သည်။ ငယ်စဉ်ကလေးဘ၀က အပျော်ထက်ပင်လွန်ကဲစွာ။ ကျွန်တော့်အပျော်ကား ခေါင် ဖျားရောက်နေပေပြီ။ ကျွန်တော် ထင်ပါသည်။ ရထား သုံးစင်းလုံးမှာ ပါလာ သည့် ခရီးသည်အားလုံး အတိုင်းထက်အလွန် ပျော်ရွှင် နေကြပါလိမ့်မည်။ ကျွန်တော် ငယ်စဉ်တုန်းကလို လက်ခုပ် လက်ဝါးတီးသည်အထိ ပျော် ချင်လည်း ပျော်နေကြပါလိမ့်မည်။
“ဆရာ ဘာဖြစ်သွား တာလဲ”
ကျွန်တော့် တပည့်လေး များ၏ အမေးကို ပြန်မဖြေ တော့ဘဲ သူတို့ကိုလက်က လေးတွေ ချိတ်ဆက်စေ လျက် ၀ိုင်းကြီးပတ်ပတ် ကနေမိတော့သည်။ ကျွန်တော့် တပည့်လေးများ က ကြောင်စီစီဖြင့်၊ သို့သော် အလိုက်သင့် စီးမျောကခုန်နေ သည်။
“ငါ အနှစ်နှစ်အလလ မျှော်လင့်ထားတဲ့ အိပ်မက်။ အဲသည် အိပ်မက် ဒီနေ့တွေ့ လိုက်တာပဲ။ ကြည့်စမ်း ရထား သုံးစီး တစ်ပြိုင်နက် ၀င်လာတာ”
“ဟာ ဟုတ်တယ် ဆရာ။ ခုမှ သတိထားမိ တယ်။ ဟေး ဟေး”
ကျွန်တော့် တပည့်လေး များပါ အပျော်တို့ ကူးစက် သွားကြလေပြီ။
ကျွန်တော်တို့ လုပ်ငန်း တာဝန်ချိန်နှင့် လုပ်သက် အတွင်း တစ်ကြိမ်တစ်ခါမျှ မရနိုင်တော့ဟု ထင်ရသော် လည်း အမြဲတမ်းမျှော်လင့်ခဲ့ သော ရက်ကလေးတစ်ရက် ကို ခက်ခက်ခဲခဲရလိုက်ပါပြီ။ ကျွန်တော် သက်ဆုံးတိုင် မေ့နိုင်မည် မထင်ပါ။ ကျွန်တော့် ဒိုင်ယာရီလေးမှာ စာလုံးကြီးကြီးနှင့် ရေးမှတ် ထားသလို လမ်းဆုံဘူတာ ကြီး၏ အချက်ပြမျှော်စင်ရှိ ပြက္ခဒိန်လေးမှာလည်း ဆော့်ဖ်ပင် အနီဖြင့် ထင်ထင် လင်းလင်း ၀ိုင်းထားလိုက်ပါ ပြီ။
၂။
ကြာခဲ့ပါပြီ။ သို့သော် လမ်းဆုံဘူတာကြီး အချက်ပြ မျှော်စင်ရောက်ခဲ့လျှင်ဖြင့် ကျွန်တော် အမှတ်တရချိတ် ဆွဲထားခဲ့သော ပြက္ခဒိန် အဟောင်းလေး ရှိနေပါဦး မည်။ ဖေဖော်ဝါရီလကိုသာ လှန်ထားလိမ့်မည်။ အသေ အချာ စူးစိုက်ကြည့်လျှင် တော့ ၁၂ ဂဏန်းလေးကို ၀ိုင်းထားသော မင်နီရောင် ဖျော့ဖျော့ကိုတွေ့ရမှာ သေချာ ပါသည်လေ။
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၂)