”ဘဝနေပျော်ခွင့်” (သားသို့ပေးစာ – ၃)

ချစ်သောသားလေး ရဲဝဏ္ဏ ဒီနှစ် ဇန်နဝါရီ (၂၂) ရက်နေ့က ဝါးခယ်မမြို့ကနေ ဇလပ်ထော် မြစ်လက်တက်လေးအတိုင်း ၁နာရီလောက် စက်လှေစီးပြီး သွားရတဲ့ ကျုံတိုင်ဆိုတဲ့ ရွာကလေးမှာ ဖေဖေတို့စာပေဟောပြောပွဲလေး လုပ်ဖြစ်ခဲ့တယ်။
မြစ်ကလေးက ကွေ့ဝိုက်ထားတဲ့ ကျွန်းရွာကလေးပေါ့ သားရယ်၊ လမ်းပန်း အဆက်အသွယ်က ရေလမ်းတစ်ခုသာရှိပြီး သီးခြားရပ်တည်ရရှာတဲ့ ရွာကလေးပေါ့။ ဒါပေမယ့် သားရယ် နောက်ကျကျန်ရစ် မနေရအောင် ရွာကလေးက ကြိုးစားရှာတယ်။
အထက်တန်းကျောင်းခွဲကလေး ရှိတယ်။ အောင်ချက်မြင့်မားရေးအတွက် ဆရာ ဆရာမတွေနဲ့ ရွာရဲ့ အမိအဖတွေက စနစ်တကျ ဝိုင်းဝန်းဆောင်ရွက်နေကြတာကို ဖေဖေတွေ့ခဲ့ရတယ်။
အ.ထ.က ကျောင်းခွဲလေးမှာ နေ့ခင်းပိုင်း ဟောပြောပွဲလုပ်တော့ သားတို့အရွယ်တွေရော၊ သားထက် ကြီးတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူ ကိုကိုမမ အရွယ်တွေရော မှတ်စုစာအုပ်လေးတွေ ကိုယ်စီနဲ့ တက်ရောက်ကြတယ်။ ခက်ခက်ခဲခဲ ကြိုးပမ်းထားရတဲ့ စာပေဟောပြောပွဲလေးဟာ အပြန်အလှန် စကားတွေနဲ့ စည်ဝေပြီး ပျော်စရာကောင်းလိုက်တာ သားရယ်။
မြို့နဲ့ အလှမ်းကွာ၊ စာအုပ်စာပေ အလွယ်တကူမရနိုင်တဲ့ ရွာကလေးရဲ့ စိတ်အားထက်သန်မှုကြောင့် အထီးကျန်မနေခဲ့ဘူးလို့ ဖေဖေက ပြောခဲ့တာပေါ့ကွယ်။
သားလေး ရဲဝဏ္ဏရေ အဲသည့်နေက ဖေဖေ ပြောခဲ့တဲ့ ခေါင်းစဉ်လေးက ”ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်”တဲ့။



ဘဝဟာ အဓိပ္ပာယ်ရှိစွာရှင်သန်ဖို့လိုတယ်ဆိုတာကို ပြောခဲ့တာပါ။ ဖေဖေပြောခဲ့တာလေးကို သားလေးလည်း သိစေချင်တယ်လေ။ ဒါကြောင့် သားကို ဖေဖေထပ်ပြောပြတာပေါ့။ ဘဝဆိုတာကို ပညာရှင်တွေ၊ ဒဿန ဆရာတွေက
အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြတာ သားလေး ကြားဖူး၊ ဖတ်ဖူးမှာပေါ့။ ပြောရရင်အများကြီးပဲ။ သည်ထဲမှာမှ Is life work living? That depends on the liver (ဘဝကနေပျော်ရဲ့လား၊ ဒါ နေသွားတဲ့လူအပေါ် မူတည်တာပဲ)ဆိုတဲ့စကားကို
ဖေဖေသိပ်သဘောကျတယ် သားရယ်။
အတ္တတွေ၊ မာန်မာနတွေ၊ ကိုယ်ချင်းစာတရား ကင်းမဲ့မှုတွေ၊ တာဝန်ကို ရှောင်လွှဲသူတွေ၊ အမျိုးဘာသာ သာသနာကို သေးသိမ်စေသူတွေ၊ မေတ္တာစိတ်ကင်းမဲ့သူတွေ၊ ချစ်ခြင်းတရားမရှိသူတွေ၊ စစ်မက်လိုလားသူတွေ၊ အာဏာငမ်းငမ်းတက် မက်မောသူတွေရဲ့ဘဝဟာ နေပျော်ပါ့မလား။ မထင်ပါဘူးသားရယ်။ စည်းစိမ်ဓနတွေ တနင့်တပိုးကြီးနဲ့ ဆီဦးထောပတ်စားပြီး ဇိမ်နဲ့ နေနေရတယ်လို့ ထင်ရပေမယ့် စောစောက ဖေဖေပြောတဲ့ အညံ့စားတွေကို ပွေ့ပိုက်ထားတာဆိုတော့ စိတ်တစ္ဆေက ခြောက်လှန်ပြီပေါ့သားရယ်။ ကိုယ့်အရိပ်ကိုတောင် ထိတ်လန့်ရတဲ့ အနေအထားပေါ့။ ဒါဆိုရင် နေသွားတဲ့သူအပေါ် မူတည်တာပဲ ဆိုတဲ့စကားအဓိပ္ပာယ်ကို သားလေး သိလောက်ပြီပေါ့။

”တရားမဲ့မှုဆိုတာ မျိုးရိုးမြင့်မြတ်တာတွေ စည်းစိမ်ချမ်းသာတာတွေနဲ့ ဆေးကြော တိုက်ချွတ်သည့်တိုင် ဘယ်တော့မှ မကျွတ်တဲ့ အစွန်းအထင်းတစ်ခုပဲတဲ့။ ဘယ်လိုပဲတိုက်ချွတ် ဆေးကြောပစေ၊ စည်းစိမ်ချမ်းသာမှုတွေနဲ့
ကာကွယ်ရှောင်လွှဲပစေ ဒီအစွန်းအထင်းက လုံးဝမကျွတ်တော့ဘူး။ သေသည်အထိ၊ နောက်သမိုင်း အဆက်ဆက်အထိ မှတ်တမ်းမှတ်ရာတွေ ရှိနေသည်အထိ လုံးဝစွန်းထင်းနေမှာနော်။ ဒါဆိုရင် ဘဝက နေပျော်ပြီလား။ သူရှင်သန်ရတဲ့ ဘဝက အဓိပ္ပာယ်ရှိပါတော့မလား…။ သည်အတွေးလေးတွေကို ဖေဖေ ကျုံတိုင်ရွာ အ.ထ.က ကျောင်းခွဲလေးမှာ ပြောပြခဲ့တယ်။
ကျောင်းသားလေးတွေက သားလေးလိုပဲ ချစ်စရာကောင်းတယ်၊ မှတ်သားကြတယ်။ ရာသီဥတု အလွန်အေးပြီး ပင်ပန်းတဲ့ ခရီးစဉ်ပေမယ့် ဦးဆောင်ခေါ်သွားတဲ့ သူတို့အပေါ် ဖေဖေတို့ တာဝန်ကျေခဲ့တယ်လို့ ထင်ပါတယ်။ ဆရာကြည်မင်းကလည်း ပုသိမ်မြို့တစ်ဖက်ကမ်း တောရွာကလေးကနေ ပါမောက္ခချုပ် တစ်ယောက်ဖြစ်အောင် ရုန်းကန်ကြိုးစားခဲ့ရတာတွေအပြင်-
My name is ဘဲရှုတ်
I live in တဲကုပ်
I have a dog ; it is မဲဒုတ်

It always ဝဲကုတ်
I eat daily ပဲပြုတ်
My sister sells နန်းကြီးသုတ်
I wear အဝတ်စုတ်

We live in တဲကုပ် ဆိုပြီး ပျော်စရာကောင်းတဲ့ ကဗျာလေးနဲ့ အင်္ဂလိပ်စာ သင်ပြသွားသေးတယ် သားရေ။ ဆရာမကြီး ရွှေကူမေနှင်းက လက်ဆင့်ကမ်းအမွေ၊ မျိုးဆက်သစ်တို့အား ကယ်တင်ခြင်းဆိုတဲ့ တရုတ်ပုံပြင်လေးကိုပြောပြသွားခဲ့တယ်။
သားလေးလိုပါပဲကွယ် မျက်ဝန်းလေးတွေ လင်းလက်နေတော့ ရွာကလေးရဲ့အနာဂတ်ကို မြင့်တက်စေမယ့် သူတွေအဖြစ် ဖေဖေက မှတ်ချက်ပေးမိပါတယ်။ ယုံလည်းယုံပါတယ် သားရေ။
ချစ်သောသားလေး ရဲဝဏ္ဏရေ …။ ဘဝမှာ အဓိပ္ပာယ်ရှိစွာ ရှင်သန်ဖို့ နေတတ်ဖို့ လိုတယ်ဆိုတာကို သားလေးနားလည်ပြီနော်။ ဒါ့အပြင် ဝေးလံခေါင်သီတဲ့ ကျေးလက်က ကျောင်းသားလေးတွေမှာ အထီးကျန်မှု မရှိဘူး။ ဦးဆောင်သူတွေရဲ့ မေတ္တာစေတနာကြောင့် အနာဂတ်မမဲ့ဘူး ဆိုတာကို သားလေးခံစား သိရောပေါ့။ ဒါဆိုရင် ဘဝမှာနေပျော်ဖို့ သား ဘာလုပ်မလဲ၊ သားသိပါပြီလေ။ သားအပေါ်မှာပဲ မူတည်နေပြီဆိုတာ။
ချစ်သောသားလေး မေတ္တာတရားနဲ့ ယှဉ်ပြီးဘဝနေပျော်ခွင့်ဖန်တီးနိုင်ပါစေ။

ချစ်သောဖေဖေ
ရဲသျှမ်း
(မျက်ရှု အွန်လိုင်းမဂ္ဂဇင်း)

ပညာတတ်ဆိုတာ


ချစ်သောသားလေး …ရဲဝဏ္ဏ

သားလေး…အခုအတန်းတင်စာမေးပွဲ ဖြေပြီးသွားပြီနော်။ သားလေး ထူးထူးချွန်ချွန် အောင်မြင်ဖို့ ဖေဖေတို့၊ မေမေတို့ သားနဲ့အတူ စာကျက်၊ ကျောင်း၊ ကျူရှင်၊ ဂိုက် ဘာမှ လိုလေသေး မရှိအောင်ကို လုပ်ပေးပြီး ဖေဖေတို့ပါ သားနဲ့အတူ ”မော” ခဲ့ရတာ သားလေး သိပါတယ်။ အဲ့ဒါဘာဖြစ်လို့လဲ သား… တကယ်တော့ ဖေဖေတို့တစ်တွေ သားလေးကို ပညာတတ်တစ်ယောက် ဖြစ်စေချင်တဲ့ ဆန္ဒတွေပေါ့ကွယ်။ သားလေးရေ ပညာတတ်ဆိုတာကို သားလေးသိအောင် ဖေဖေရှင်းပြရတော့မှာပေါ့။

သားရေ.. ပညာတတ်ကို အင်္ဂလိပ်လို Educated  လို့ ယေဘူယျခေါ်ဝေါ်ကြတယ်။ ခေတ်ကာလနဲ့ နည်းပညာတွေ အမြဲပြောင်းလဲနေတာဆိုတော့ ပညာတတ်ဆိုတဲ့ စံနှုန်းတွေလည်း ပြောင်းလဲကုန်တာပေါ့။ Life Style မဂ္ဂဇင်းထဲမှာ ဖေဖေဖတ်ခဲ့တဲ့ ပညာတတ်ဆိုသည်မှာ ဆောင်းပါထဲက မှတ်သားထားတာလေးတွေကို သားသိစေချင်လို့ ဖေဖေပြောပြပါမယ်။

” ငါသိတယ် ..ငါသိတယ်လို့ မိမိကိုယ်မိမိ ထင်နေသ၍ ပညာမဲ့ဖြစ်ပါတယ်။ ပညာရပ်တွေဟာ လေ့လာလို့ မကုန်တော့ဘူး။ ငါဟာသမုဒ္ဒရာရဲ့ တစ်ဖက်စွန်းမှာ ရပ်နေမိပြီလို့ သိတာနက်တစ်ပြိုင်နက် Educated ဖြစ်စပြုပြီ။ ဒါပေမယ့် မပြည့်ဝသေးပါဘူး” ဆိုပြီး ဆရာဝန် တင်မောင်ကြည် ဆိုတဲ့ ဆရာက ပညာတတ်ဆိုတာကို ရှင်းပြသွားတယ်။

ဆရာ ဒေါက်တာ ခင်မောင်ညွန့်ကတော့ ”မဆုံးနိုင်တဲ့ သင်ယူမှုကို လုပ်နေကြရမှာ ဖြစ်ပေမယ့် ပညာရပ် တစ်ခုခုကို အထူးပြုတတ်ကျွမ်းပြီး အတ္တနဲ့ပရ အကျိုးနှစ်ရပ်အတွက် ဆောင်ရွက်နိုင်သူဖြစ်ပါမှ ပညာတတ်ကို ပြောရမှာဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။ အတ္တနဲ့ပရကို သားလေး သိပါတယ်နော်၊ အလွယ်ပြောရရင် ကိုယ်ကျိုးနဲ့ အများအကျိုးကို ဆိုလိုတာပဲသားရေ။

မှတ်ပါဦး သားရယ် ”ပညာပြည့်စုံနေပြီဟု ဆိုကာ ဦးနှောက်ကို တံခါးပိတ်လိုက်လျှင် ပညာတတ် မဟုတ်တော့ပါ။ ပညာတတ်ဆိုသည်မှာ အမြဲ တံခါးဖွင့်ထားရန်အတွက် အရေးကြီးသည်” တဲ့လေ။ သိပ်ကောင်းတဲ့ စကားလေးပါပဲကွယ်၊ သားလေးသေသေချာချာမှတ်၊ ရင်ထဲမှာ စွဲနေအောင်ကို မှတ်ရလိမ့်မယ်။

”ပညာဆိုသည်မှာ ကျီထဲ၊ ရွှေအိုးထဲ ထည့်သိမ်းထားရခြင်း မဟုတ်ပါ။ ရှေးကကဲ့သို့  ပညာရှိဆိုသည်မှာ ဗဟိုရ်စည်လို တီးမှမြည်ရသည်။ အသုံးလိုမှ မေးတဲ့သူရှိမှ ဖြေရသည်ဆိုလျှင် ကိုယ်တတ်ထားသည့်ပညာကို သိမ်းဆည်းထားမည်ဆိုလျှင် ပညာသည်လည်း သိုးသွားလိမ့်မည်၊ ကန်းသွားလိမ်မည် ဖြစ်သည်။ ထို့ကြောင့် ကိုယ်တတ်ထားသည့် ပညာများကို အပြင်ထုတ်ပြီး အကုန် ရောနှောပစ်ရပါမည်။ သို့မှသာ ပညာအသစ်များ မွေးထုတ်နိုင်မည်ဖြစ်သည်” ဆိုတဲ့စကားတွေကိုလည်း သားလေးရင်ထဲရောက်အောင် မှတ်သားလိုက်နာဖို့လိုတယ်။ နောက် ဆရာ ကိုတာ ဆိုတဲ့ အရိုးအထူးကုဆရာဝန်ကြီး ပြောတာက ပီတာဒရပ်ကားရဲ့ The person who has learnt how to learn  ဆိုတဲ့ ပညာတတ်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းပြသွားတာပါ။ ပညာရေးဆိုတာ ကိုယ်အရင် တစ်ခါမှ မလုပ်ဖူးတာကို လုပ်နိုင်တဲ့ အရည်အချင်းပဲတဲ့လေ။

”သာမာန်ထက်ကျော်လွန်သော ပညာကို လေ့လာသင်ယူနှံ့စပ် ရင့်ကျက်သူကို ပညာတတ်လို့ ခေါ်တယ်” ဆိုပြီး အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဦးဘသန်းက ပညာတတ်ဆိုတာကို အရှင်းဆုံးအဓိပ္ပာယ် ဖွင့်ပြခဲ့တယ်။ ရှင်နာဂသိန်ရဲ့ ပညာတတ်အဓိပ္ပာယ် ဖွင့်ဆိုချက်ကလေးကလည်း အဖိုးထိုက်တယ် သားရယ်။ ပညာမှာ ပိုင်းဖြတ်ခြင်း လက္ခဏာနဲ့ ထွန်းလင်းတောက်ပခြင်း လက္ခဏာဆိုပြီး လက္ခဏာနှစ်ရပ်ရှိတယ်။ ဒီတော့ ပညာတတ်ဆိုတာ ပိုင်းဖြတ်နိုင်စွမ်းရှိပြီး လောကလူသားတွေကို ထွန်းလင်းတောက်ပစေရမယ်လို့ ရှင်းပြသွားတယ်လေ။

သားလေး ရဲဝဏ္ဏရေ ဖေဖေသိပ်လေးစားတဲ့ ဆရာ ဖေမြင့် ရှင်းပြတဲ့ ပညာတတ်ဆိုတာကိုလည်း သားလေးသိအောင်ပြောပြရအုံးမယ်။ ဆရာက ပညာတတ်ဆိုသူဟာ ပညာ၊ ဗဟုသုတကြွယ်ဝရမယ်၊ ဥာဏ်အမြော်အမြင်ရှိရမယ်၊ ကိုယ်ကိုယ်တိုင်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ရပ်ရွာလောကအတွက် ငါဘာလုပ်သင့်တယ်။ ဘာလုပ်ရမယ်ဆိုတာ သူ့ဘာသာ ဆုံးဖြတ်သွားလိမ့်မယ်တဲ့။ အဲ့ဒါမှ မသိရင် ပညာတတ် မဟုတ်ဘူးတဲ့လေ။

သားလေး ရဲဝဏ္ဏရေ … ပါမောက္ခ ဒေါ်ခင်အေးဝင်းက ပညာဆိုတာ ဘယ်တော့မှ ရှာဖွေလို့မဆုံးနိုင်ဘူး။ ပညာတတ်ဆိုတာ ပညာကို တတ်နားလည်အောင် သင်ဖို့ပါ။ အပေါ်ယံလေးတွေ မလုပ်ကြပါနဲ့။ ဘာပညာပဲဖြစ်ဖြစ် အဖိုးတန်တယ်။ ပန်းပု၊ ပန်းရံ၊ လက်သမား စတဲ့ လက်မှုပညာတွေမှာလည်း ကိုယ်တတ်တဲ့ပညာကို သေချာ ကျွမ်းကျင်အောင် လုပ်သင့်တယ်။ တတ်တဲ့ပညာကို ကိုယ့်အတွက်လည်း အကျိုးရှိအောင် အသုံးချသင့်တယ် လို့ ပညာတတ်ဆိုတာကို နားလည်လွယ်အောင် ရှင်းပြသွားခဲ့တယ်။

သားလေးရဲဝဏ္ဏရေ ပညာတတ်နဲ့ပတ်သက်ပြီး ပညာရပ်နယ်ပယ်မှာ ထင်ရှားတဲ့ ”ပညာတတ်” ဆရာ၊ ဆရာမတွေ ရှင်းပြတာကို ဖေဖေက သားကို ထပ်ဆင့်ရှင်းပြလိုက်တာပါပဲ။ သားလေး နားလည်မှာပါနော်။ နားမလည်သေးရင် အကြိမ်ကြိမ်ဖတ်၊ သဘောပေါက်အောင်ဖတ်၊ ရင်ထဲရောက်အောင် ဖတ်၊ ဒါကိုကပဲ ပညာတတ်တစ်ယောက် ရဲ့ ခရီးအစပဲပေါ့…။ ဘွဲ့၊ ဒီဂရီတွေ ရရုံမျှမဟုတ်တဲ့ ပညာရပ်တွေကို တကယ်တတ်မြောက်တဲ့ ”ပညာတတ်”တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သားလေးကို ဖေဖေယုံကြည်ပါတယ်။

မျှော်လင့်လျက် …
ချစ်သောဖေဖေ

ရဲသျှမ်း

လျှောက်သောလမ်း (သားသို့ ပေးစာ – ၂)


ချစ်သောသားလေး ရဲဝဏ္ဏ



မြန်မာပြက္ခဒိန်ရဲ့ ၁ဝ လမြောက် ကိုသားသိတယ်နော်။ သား စကားတတ်စ အရွယ်ကတည်းက တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲဆိုပြီး ၁၂ လ ရာသီပွဲတွေကို ရွတ်ဆိုရင်း မြန်မာလတွေကို သားလေး အလွတ်မှတ်မိသွားတာမဟုတ်လား။ အဲ့သည် လတွေထဲမှာ သားသိတဲ့ ပြာသိုလရဲ့လပြည့်နေ့ကို ဖေဖေတို့ နိုင်ငံမှာ အမေနေ့လို့ သတ်မှတ်ခဲ့တယ်။
အမေနေ့ဆိုတာ ဖြစ်လာဖို့အတွက် ကွယ်လွန်သူ ရုပ်ရှင်ဒါရိုက်တာကြီး၊ စာရေးဆရာကြီး ဘဘဦးသုခ က အဓိက ဦးဆောင်လှုပ်ရှားခဲ့တာပေါ့ သားရယ်။ ” အမေ ..”ဆိုတဲ့ ရင်တွင်းလှိုက်သံကြီးနဲ့ ဘဘ ဦးသုခက အမေရဲ့ ဂုဏ်ကျေးဇူးတွေကို ရွတ်ပြလိုက်တာ မှာ ဖေဖေတို့ နှလုံးသားမှာ နင့်နင့်နဲနဲဖြစ်အောင် ခံစားလိုက်ရတာပါပဲ။ ”အမေဟာ မိန်းမရွှင်ဖြစ်နေပါစေ ကျွန်တော့်အတွက်တော့ အမေဟာ အမေပါပဲ” ဆိုတဲ့ စကားကတော့ ဖေဖေတို့ နားထောင်ရသူတွေရဲ့ နှလုံးသားသွေးထဲကို စီးဝင်သွားစေတာပေါ့ သားရယ်။ မိခင် မေတ္တာတွေကတော့ ပြောလို့မကုန်ဘူးပေါ့သားရယ်။
မဟောသဓာဇာတ်တော်ကြီးမှာ နတ်သမီး ပုစ္ဆာမေးခွန်းဆိုတာ ရှိတယ် သား ။ ထီးချက်စောင့်နတ်သမီးက ဘုရင်မင်းကြီးကို မေးခွန်းထုတ်ခဲ့တဲ့ ပုစ္ဆာ ၄ ပုဒ် ထဲမှာ မေးခွန်း(၁)က … လက်ဖြင့်လည်းကောင်း၊ ခြေဖြင့်လည်းကောင်း ရင်၊ မျက်နှာစသည်တို့၌ ပုတ်ခတ်၏ ထိုသို့ပုတ်ခံရသော သူပင် ပုတ်ခတ်သူကို အလွန်ချစ်မြတ်နိုး၏။ ထိုသူကား ဘယ်သူလဲ ဆိုတဲ့မေးခွန်းပေါ့ …။ မင်းကြီးက မဖြေနိုင်ဘူးလေ သားရဲ့ သူ့ရဲ့သုခမိန် ပုဏ္ဏားကြီးတွေကလည်း တလွဲတွေဖြေနေကြတာပေါ့။ နောက်ဆုံးတော့မဟာပညာရှိ မဟော်သဓာသုခမိန်ကို မေးမြန်တော့မှ အဖြေက သားနဲ့မိခင်တဲ့ …။ ၂ လ ၃ လသားအရွယ် သားကမိခင်ကို ခြေနဲ့ကန်လိုက်၊ လက်နဲ့ပုတ်လိုက်နဲ့ လှုပ်ရှားဆော့ကစားတာကို မိခင်ဖြစ်သူက ကြည်နူးလို့ မဆုံးတာကို ဆိုလိုတာလေ …။ ဒါဟာ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းလိုက်တာပဲပေါ့။
သားလေး ရဲဝဏ္ဏရေ …ရုပ်သံဇာတ်လမ်းတွဲတွေ၊ မြန်မာဗီဒီယိုဇာတ်ကားတွေမှာ ယောက္ခမဆိုတဲ့ နေရာက သရုပ်ဆောင်ရတဲ့ ဇာတ်ပို့ကြီးတွေခမျာ သားမက်၊ ချွေးမလုပ်သူကို အမျိုးမျိုးအနိုင်ကျင့်ပြ၊ မာန်မဲ ဆူပူပြနဲ့ … ဖေဖေတော်တော် စိတ်ပျက်တယ်သား။ မိခင်ဆိုတာကို မေ့ထားကြတယ်။ မိခင်ရဲ့မေတ္တာတွေကို သေးသိမ်အောင်လုပ်ပစ်ကြတယ်။ ယောက္ခမဆိုမှတော့ သားရဲ့အမေ ဒါမှမဟုတ် သမီးရဲ့အမေဖြစ်ပြီပေါ့။ သူဟာမိခင်ပဲလေ …။ ဇာတ်နာအောင်ဖန်တီးကြတာတွေပေါ့။ သားတို့လူငယ်တွေ အမြင်မှား၊ အထင်မှားမှာ စိုးရိမ်လို့ ဖေဖေပြောလိုက်တာပါ။
အမေတွေရဲ့ မေတ္တာကို ပြောရရင်တော့ မြင့်မိုရ်တဲ့၊ အနှိုင်းမဲ့တဲ့ ဟုတ်တာပေါ့သားရယ်။ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်အောင် မြင့်မားကြီးမြတ်လွန်းတာကို။ နောက်ပြီး ထပ်ပြောချင်တာက မိခင်တိုင်းဟာ သူတို့ ရဲ့သားသမီးတွေကို ကမ္ဘာပေါ်မှာ အလှဆုံးလို့ထင်ကြတာသားရဲ့။ ဖေဖေဖတ်ဖူးတဲ့ ခေတ်သစ်ပုံပြင်လေး သားကို ပြောပြရအုံးမယ်။ ဆရာ ဖေလင်းသစ် ရေးတဲ့ ပုံပြင်တွေထဲကတစ်ပုဒ်ပေါ့။ ဆရာ ဖေလင်းသစ်က အင်တာနက်မှာ ဖေါ်ပြထားတဲ့ ကောင်းနိုးရာရာပုံပြင်သစ်လေးတွေကို မော်ဒန်ဂျာနယ်မှာ အပတ်စဉ်ရေးတာလေ…။ အခုပြောမဲ့ပုံပြင်လေးက ကျီးကန်း မေမေတဲ့။
သစ်တောအုပ်တစ်ခုမှာ ကြက်တူရွေး မေမေဟာ သူ့နှုတ်သီး ကောက်ကောက်မှာ အထုပ်တစ်ထုပ် မသယ်ပြီး တောအုပ်ထဲကနေ ခပ်သုတ်သုတ် ပျံသန်းလာသတဲ့။ ပြီးတော့ ကျီးကန်းမေမေရဲ့ နှုတ်သီးမည်းမည်းမှာလည်း အထုပ်တစ်ထုပ်ချီထားသတဲ့။ ”ကျွန်မသားလေး ကျောင်းသွားတာ မနက်က ထမင်းချိုင့် မမီလိုက်လို့ပါ။ ကျွန်မလေ ဒီနေ့ အလုပ်သိပ် များနေလို့ပါ။ သစ်တောအုပ် ကျောင်းကိုသွားမယ့်အတူတူ ကျွန်မကလေးအတွက် ထမင်းထုပ်ယူသွားပေးပါနော်” လို့ ကြက်တူရွေးမေမေက ကျီးကန်းမေမေကိုပြောသတဲ့ …။ ကျီးကန်းမေမေက ”ဖြစ်ပါတယ် ရှင့်ကလေးနာမည်ကို ပြောပါ” ဆိုတော့ ကြက်တူရွေးမေမေက ”မခက်ပါဘူးရှင်၊ တစ်ကျောင်းလုံးမှာ အချောဆုံးငှက်ကလေးဟာ ကျွန်မကလေးပေါ့”လို့ ပြန်ပြောသတဲ့။ ကျီးကန်း မေမေလည်း ကြက်တူရွေးမေမေရဲ့ ထမင်းထုပ်လေးယူသွားပေးပါသတဲ့။ နောက်နေ့ရောက်တော့ ဒေါသထွက်နေတဲ့ ကြက်တူရွေးမေမေဟာ ကျီးကန်းမေမေဆီရောက်လာပြီး ”ရှင် ဘာ့ကြောင့် ကျွန်မကလေးအတွက် နေ့လယ်စာထုပ်ကို မပေးလိုက်ရတာလဲ…ကျွန်မသား ချောချောလေး ခမျာ ဆာလောင်ငိုကျွေးပြီး ကျောင်းကပြန်လာတယ်” လို့လည်း ဆိုရော ကျီးကန်းမေမေက ဖြေရှင်းတယ်။
” ဒီလိုပါရှင် ကျွန်မကျောင်းကို ရောက်တော့ ရှင်ပြောသလို တစ်ကျောင်းလုံးရဲ့ အချောအလှဆုံး ငှက်ကလေးကို လိုက်ရှာပါတယ်။ ကြည့်လိုက်တော့လေ ကျွန်မသား ကျီးကန်းငယ်လေးလောက် ချောမောတဲ့သူ မတွေ့ရဘူးရှင့်။ ဒါကြောင့် နောက်ထပ်ထမင်းထုပ်ကိုလည်း အချောအလှဆုံးဖြစ်တဲ့ ကျွန်မသားလေးကိုပဲ ကျွေးလိုက်တာပေါ့ရှင်” တဲ့လေ။
သားလေး ရဲဝဏ္ဏရေ အမေဆိုတာ သူတို့မျက်လုံးထဲမှာ သူတို့သား၊ သမီးသာ အလှဆုံးလို့ ခံယူထားတာ သားရဲ့။ ဒါကြောင့် သားလေးဟာလဲ သားမေမေအတွက်တော့ ကမ္ဘာကြီးမှာရှိတဲ့ သူတွေအားလုံးထက် ချောမောလှသူပေါ့ကွယ်…။
ကဲ သားလေးရေ အမေဆိုတဲ့ (MOTHER) ကို ဝေါဟာရတီထွင်ခဲ့သူတွေက အဓိပ္ပာယ်ရှိရှိ စီစဉ်ခဲ့တာကွဲ့။ (၁၉၁၅)မှာ Yoward Jhonson ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ဖေဖေဆီလျော်အောင် ဘာသာပြန်ရှင်းပြမယ်။
M is for the million things she gave me.
အမေဟာ ကျွန်တော့်ကို ကြီးကျယ်မြင့်မြတ်မှုတွေကိုသာပေးခဲ့တယ်။

O means only that she is growing old.
အမေဟာ ကျွန်တော့်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးတယ်။

T is for the tears she shed to save me.
အမေဟာ မျက်ရည်အပြည့်နဲ့ကျွန်တော့်ဘဝ လုံခြုံမှုကိုပေးတယ်။

H is for the heart of purest gold.ံ
အမေ့နှလုံးသားဟာ ရွှေစင်ရွှေသန့်လို အဖိုးထိုက်တယ်။

E is for her eyes with love-light shining.

အမေ့ရဲ့မျက်ဝန်းမှာ ကျွန်တော့်ကိုချစ်တဲ့ ရွှန်းလက်လက်အရောင်တွေနဲ့ တောက်ပနေတယ်။

R means right and right she’ll always be.
အမေဟာ ကျွန်တော့်အတွက် သစ္စာတရားနဲ့ အစဉ်အမြဲရပ်တည်သူဖြစ်တယ်။

ကဲ ဘယ်လောက်လေးနက်သလဲ…အမေတွေရဲ့ နှိုင်းမရတဲ့ မေတ္တာကို သားသိပါတယ်နော်…။ မိခင်ရဲ့ ဂုဏ်ကျေးဇူးကို မမေ့အပ်သော သားသမီးတို့ဟာလဲ မိခင်ရဲ့အေးမြတဲ့ မေတ္တာကြောင့် ဘဝတစ်လျှာက်ပန်းခင်း လမ်းလျှောက်ရသလို ဖြစ်တော့မှာပေါ့။
ချစ်သောသားလေး ရဲဝဏ္ဏ မိခင်ရဲ့မေတ္တာဖြင့် ခင်းထားသော ပန်းခင်းလမ်းမှာ ထာဝရ လျှောက်လှမ်းနိုင်ပါစေ။


ချစ်သောဖေဖေ
ရဲသျှမ်း

ဖူးတံဝင့်လို့ချီ ရေးသူဖတ်သူဆွေးနွေးပွဲ


စာပေလောက (၅) မှာ ရဲသျှမ်းရဲ့ ဖူးတံဝင့်လို့ချီ စာအုပ်မိတ်ဆက်ပွဲနှင့်ရေးသူဖတ်သူဆွေးနွေးပွဲကို ၂၀၁၂ခုနှစ် မတ်လ ၃ ရက်နေ့ မှာ ကျင်းပပြုလုပ်မှာဖြစ်တာမို့ ရဲသျှမ်းရဲ့ပရိသတ်ကြီးကို ဖိတ်မန္တကပြုအပ်ပါတယ်။

ကောင်းကျိုးကိုယ်၌ တည်စေမင်း (သားသို့ ပေးစာ – ၁)

ချစ်သောသားလေး …ရဲဝဏ္ဏ



သားတို့အရွယ် လူငယ်လေးတွေကို လိမ်မာယဉ်ကျေး အသိပညာတိုးတက်စေဖို့ လူကြီးသူမ၊ ဆရာ၊ ဆရာမတွေက ပုံပြင်လေးတွေ၊ ဆုံးမစာလေးတွေကို ပြောပြပြီး သားတို့ရဲ့ နုနယ်လှတဲ့ နှလုံးသာလေးကို ကြည်လင်သန့်ရှင်းစေတယ် ဆိုတာ သားလေးကို ဖေဖေ ရှင်းပြထားတာမို့ သားလေး နားလည်ခံယူတတ်နေပြီနော်။ သားလေးရေ … ဖေဖေတို့ ငယ်ငယ်တုန်းကတော့ ကျောင်းမှာ ပြည်သူ့နီတိဆိုတာ သင်ရတယ်… သားရဲ့။ ဖေဖေတို့တစ်တွေ ပြည်သူ့နီတိ စာသင်ချိန်ရောက်ရင် သိပ်ပျော်ခဲ့တာပဲ။ အဲ့သည်တုန်းက ဖေဖေတို့ကို ပြည်သူ့နီတိ သင်ပေးခဲ့တဲ့ ဆရာမက လောကသာရပျို့ကို အလွတ်ရတယ်။ ဆရာမ ရွတ်ပြတိုင်ပေးတာကို ဖေဖေတို့က လိုက်ဆို၊ နောက်တော့ အလွတ်ရသွားတော့တာပေါ့။ ပျို့တစ်ပိုဒ်ခြင်းကို အဓိပ္ပာယ် ဖွင့်ပြရှင်းပြ၊ ဥပမာလေးတွေ ပေးပေးပြီး ပြောပြတာဆိုတော့ မှတ်သားရ လွယ်တာပေါ့ သားရယ်။



ပျို့ဆိုတာဘာလဲဆိုတာ သားကို ရှင်းပြရဦးမယ်။ ပျို့ဆိုတာ ကဗျာ၊ လင်္ကာတွေ အများကြီးထဲက ကဗျာပုံသဏ္ဌန် တစ်ခုဖြစ်တဲ့ လေးလုံးစပ် လင်္ကာရှည်ကြီးပေါ့။ ပိုဒ်ရေအများကြီး ပါတာပေါ့ကွယ်။ အဲ့သည် လောကသာရ ပျို့ကို မြန်မာသက္ကရာဇ် ၈၄၂ ခုနှစ်မှာ ကန်တော်မင်းကျောင်း ဆရာတော်က ရေးသားခဲ့တာလေ။ အခု ၁၃၇၃ ခုနှစ်ဆိုတော့ ၅၃၁ နှစ်တောင် ကြာခဲ့ပြီပေါ့။ ဒါပေမယ့် သားရယ် အခုချိန်ထိ လူသားတွေ လိုက်နာကျင့်သုံးရမယ့် ဆုံးမစကားတွေက မပြယ်သေးပါဘူး။ နောင်လည်း အရှည်တည်တန့် နေဦးမှာပါပဲ။



သားလေး ရဲဝဏ္ဏရေ … ကန်တော်မင်းကျောင်း ဆရာတော်ဆိုတာ ဆရာတော်ရဲ့ မွေးရာဇာတိ ရွာကလေးဖြစ်တဲ့ ကန်တော်ရွာအနီးက ဘုရင်(မင်း) ဆောက်လှူထားတဲ့ ကျောင်းမှာ ဆရာတော် သီတင်သုံးခဲ့တာကို အစွဲပြုပြီး ခေါ်ခဲ့တာလေ။ ကန်တော်ရွာက မြင်းမူမြို့နယ်ထဲမှာ ရှိတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့ပေါ့။ စစ်ကိုင်းတိုင်းဆိုတာ သားသင်ရတဲ့ ပထ၀ီဝင်ထဲက မြေပုံထဲမှာ အကြီးဆုံးတိုင်းကြီးပေါ့ သားရယ်။



သားရေ … အဲ့သည် ကန်တော်မင်းကျောင်း ဆရာတော်ကြီးရေးတဲ့ လောကသာရပျို့မှာ အမျိုး ၄ ပါးကို ဆုံးမတဲ့စကားတွေ ပါဝင်တယ်။ အမျိုး ၄ ပါးဆိုတာကို သားသိမယ် မထင်ဘူး။ ဖေဖေရှင်းပြမယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်ကို ခတ္တိယ၊ ပုဏ္ဏားတွေကို ဗြဟ္မဏ၊ ကုန်သည်တွေကို ဝေဿ၊ ပြည်သူတွေကို သုဒ္ဒလို့ ခေါ်တယ်။ အဲ့သည် ပျို့ကြီးမှာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို ဆုံးမတဲ့စကား၊ ပုဏ္ဏားကို ဆုံးမတဲ့ စကားတွေကိုပါ ထည့်သွင်း ရေးဖွဲ့ထားတာကြောင့် ပိုပြီးထင်ရှားခဲ့တာပေါ့။ ပုဏ္ဏားက ဘယ်လို ပါလာတာလဲလို့ သားကမေးဦးမယ်။ ပုဏ္ဏားဆိုတာက ပုရောဟိတ်တွေကို ခေါ်တာ။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို အကြံဥာဏ်တွေ ပေးရတဲ့သူ။ တနည်းပြောရရင် မင်းဆရာ ဆိုပါတော့ကွယ်။ ရှေးခေတ် ဆရာတော်ကြီးတွေက တိုင်းသူပြည်သားတင် မကဘူး။ အုပ်ချုပ်တဲ့မင်း၊ မင်းဆရာတွေကိုတောင် ဆုံးမစကားတွေ ပြောခဲ့တယ်။ မင်းတွေ၊ မင်းဆရာတွေကလည်း ဆရာတော်ကြီးတွေရဲ့ ဆုံးမစကားကို လိုက်နာကြတယ်။ မငြင်းပယ်ဝံ့ဘူး။ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့ ဆရာတော်ကြီးတွေရဲ့ သမာဓိ၊ သိက္ခာ၊ ပညာဂုဏ်တို့ကို လေးစား ကြည်ညိုတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။



သားလေး ရဲဝဏ္ဏရေ… လောကရဲ့ အနှစ်သာရတွေကို ပျို့လင်္ကာအဖြစ် ရေးဖွဲ့ထားတာမို့ လောကသာရပျို့လို့ ခေါ်တာ။ ပျို့လင်္ကာကြီးရဲ့ ပထမပိုင်းထဲက ပုဒ်ရင်း ၆ ကို ဖေဖေ ရွတ်ပြမယ်နော်။ သားလေး သေသေချာချာနားထောင်။



ပညာမျက်စိ၊ မြင်မရှိ၍

မသိတရား၊ အယူမှားလျှက်

စီးပွားမမျှော်၊ ကျိုးမပေါ်သား

သူတော်မဟုတ်၊ ယုတ်သည့်စရိုက်

လူသူမိုက်ကို၊ မကြိုက်မချစ်

ရန်သူစစ်သို့၊ မနှစ်သက်ဘဲ

ဝေးခွာရှဲ၍

အမြဲခွာရှင်း ဖဲကြဉ်မင်း။ ။



ပညာဆိုတာဘာလဲ…ခွဲခြားသိမြင်နိုင်တဲ့ အရာလို့ ဖေဖေ သားကို “ပညာရဲ့ဝတ်ရုံ” မှာ ရှင်းပြခဲ့ပြီးပြီ။ အရာရာအားလုံးကို မြင်နိုင်စွမ်းတဲ့ မျက်စိရဲ့ အရည်အချင်းကို ပညာနဲ့ ထပ်တူပြုပြီး ပညာမျက်စိလို့ ဆရာတော်က ရူပကအလင်္ကာကို သုံးပြခဲ့တယ်။ ပညာမဲ့ရင် အတွေးအခေါ် အယူအဆတွေ မှားမယ်။ စီးပွားရှာရာမှာ နုံချာညံ့ဖျင်းမယ်။ သူတော်ကောင်းတရားတွေ ပပျောက်မယ်။ ယုတ်ညံ့တဲ့ အတွေးစရိုက်တွေ ရောက်လာမယ်လို့ ဆိုလိုတာပဲ။ အဲ့သည်လို ပညာမဲ့သူတွေကို ရန်သူလို သဘောထားပြီး အမြဲတမ်း ဝေးသထက် ဝေးအောင် ရှောင်ကြဉ်ရမှာပေါ့။



ကဲ ရှေးစာဆိုကြီးဖြစ်တဲ့ ကန်တော်မင်းကျောင်း ဆရာတော်ရဲ့ ပျို့လင်္ကာက ဘယ်လောက် ရှင်းလင်းပြတ်သားပြီး လောကလူ့ရွာအတွက် ဘယ်လိုအကျိုးရှိတယ် ဆိုတာကို သားလေးသိပြီနော်။ ဒါဆိုရင် လောကသာရပျို့ကြီးကို သားလေး ဆုံးခန်းတိုင်အောင်ဖတ်။ အပိုဒ်တိုင်းရဲ့ အဆုံးချဖြစ်တဲ့



ကောင်းတေနှလုံး ယဉ်စေမင်း။

အမြဲခွာရှင်း ဖဲကြဉ်မင်း။

မျက်မာန်မပြင်း ကောင်းစေမင်း။

ပညာထိန်း၍ မိန်းစေမင်း။

ဆည်းပူးသိမြင် ကျယ်စေမင်း။ စတဲ့ တိုက်တွန်းဆုံးမ စကားလေးတွေကို အမြဲအမှတ်ရ ကျင့်ကြံ ကြိုးစားရမှာပေါ့။ သည်အခါမှာ သားလေးရဲ့ ခန္ဓာ၊ နှလုံးအိမ် နေရာအားလုံးမှာ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေ ရောက်ရှိသွားလိမ့်မယ်လို့ ဖေဖေယုံတယ်။



ကောင်းကျိုးကိုယ်၌ တည်စေမင်းလို့ ဆရာတော်ကြီးရဲ့ အလင်္ကာနဲ့ သားအတွက် ဖေဖေဆုတောင်း ပေးလိုက်တယ်။



တတ်သိလိမ္မာ ယဉ်ကျေးပြီး လောကရဲ့ အနှစ်သာရတွေကို ခံစားရယူနိုင်ပါစေ။

သားရဲ့ ချစ်သော ဖေဖေ

ရဲသျှမ်း

စာညွှန်း။ သုခမှတ်စု၊ မြန်မာ့ရိုးရာဆုံးမစာ(ဒေါ်နုကြည်/မဟာဝိဇ္ဇာ)

ရဲသျှမ်း
မျက်ရှုအွန်လိုင်းမဂ္ဂဇင်း

ဖူးတံဝင့်လို့ချီ

ရဲသျှမ်း ရဲ့ စတုတ္ထမြောက် ၀တ္ထုတိုစု feb မှာ ထွက်ပါမယ်။လင်းလွန်းခင်စာပေ ကထုတ်တာပါ။

သက်ရှိ၊ သက်မဲ့

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အညာမြို့လေး တစ်မြို့မှာ ကျွန်တော် မီးရထား ရုံပိုင် ရာထူးနဲ့ ၅ နှစ် လောက် တာဝန်ကျ ခဲ့ဖူးပါတယ်။ ၅ နှစ် ဆိုတာက တစ်ဆက်တည်းကို ဆိုလိုတာပါ။ အမှန်က ရုံပိုင်လေးရာ ထူးနဲ့ ၄-၅ နှစ် လုပ်လိုက် ပြောင်းသွား၊ ရုံပိုင်ရာထူး တိုးတော့ ပြန်ရောက်နဲ့ ဆိုတော့ ပေါင်းကြည့်ရင် (၁ဝ) နှစ် အထက်တော့ ရှိပါ တယ်။ သည်တော့ မြို့လေးက ကျွန်တော့် ဇာတိမြို့လို ကိုဖြစ်နေပါပြီ။
မြို့လေးကို ဒုတိယ အကြိမ် ပြန်ရောက်တော့ ကျွန်တော်ရမယ့် ဝန်ထမ်းအိမ်ခန်းက မလွတ်၊ မအား သေးတာမို့ ဘူတာနဲ့ သိပ်မဝေးတဲ့ ရပ်ကွက်လေး တစ်ခုမှာ အိမ်ငှား နဲ့ (၆) လခန့် နေခဲ့ပါတယ်။
ကျွန်တော်နေတဲ့ ရပ်ကွက်လေးက မြို့ရဲ့မြောက်ဘက်ကစ ရေတွက်လို့လား မသိပါ။ အမှတ်(၁) ရပ်ကွက်လို့ အမည် ဦးဦးဖျားဖျား ရထားတာပါ။ မီးရထား ရပ်ကွက် ကို တော့ အမှတ်(၂)၊ ဘူတာကြီးရပ်ဝန်း ကျော်ပြီး မြို့အရှေ့ဘက်ခြမ်းက အမှတ်(၃)၊ ပြည်ထောင်စု လမ်းမကြီး ယာဘက်ခြမ်းက အမှတ်(၄)၊ စသဖြင့် ရပ်ကွက်(၇) ရပ်ကွက် နဲ့ ဖွဲ့စည်း ထားတာဆိုတော့ မြို့လေးကမကျဉ်း မကျယ်နဲ့ အထိုက်အလျောက် စည်ကားလှပါတယ်။ ပြည်ထောင်စု လမ်းမကြီး လို့ခေါ်တဲ့ အဝေးပြေးလမ်းက မြို့လေး ရဲ့ ”မြို့ထဲ” ဆိုတဲ့ အဓိပ္ပာယ် ကို ဖော်ဆောင်ပေးထားပါတယ်…။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ စတိုးဆိုင်၊ ကာရာအိုကေ၊ တည်းခိုခန်း ဆိုတဲ့ အခင်းအကျင်းတွေ တည်ရှိတဲ့ နေရာ ဆိုတော့ အလိုလို နေရင်းမြို့ထဲ ဖြစ်သွားတော့တာပဲ ထင်ပါရဲ့။
အဲသည် မြို့ထဲဆိုတဲ့ ဝန်းကျင် ကနေ တောင်ဘက် မြောက်ဘက်တိုး လျှိုပေါက် လမ်းတစ်လမ်း ရှိတယ်။ ထနောင်းလမ်းလို့ အမည်တွင်ပါတယ်။ အထင်ကရ ဖြစ်တဲ့ ဘုရားကြီး သွားတဲ့ လမ်းလေးမှာ ထနောင်းပင် ကြီးတွေ အစီအရီ ရှိတာကို အစွဲပြု ပြီး ထနောင်းလမ်းလို့ အညွှန်း တပ်ခေါ်တယ်လို့ ထင်တာပဲလေ။
ထနောင်းလမ်း အတိုင်း မြို့ထဲကနေ ဦးတည်လာခဲ့မယ် ဆိုရင် ယာဘက်က မီးရထား စက်ခေါင်းရုံဝင်း နဲ့ ဝန်ထမ်းအိမ်ရာ၊ ဝဲဘက်က အမှတ် (၁) ရပ်ကွက် ကလေးပဲ ဖြစ်ပါတယ်။ လမ်းသွယ်လေးတွေ (၆) ခုလောက် လမ်းမကြီးနဲ့ ဆက်နွှယ် ထားတဲ့ လမ်းကလေးတွေထဲက လမ်းသွယ် (၃) ထိပ်က နှစ်ထပ်တိုက် အိမ်ကြီး ရဲ့ဘေး ဂိုဒေါင်ဟောင်း တစ်လုံးမှာ ကျွန်တော်တို့ ငှားနေခဲ့ တာပါပဲ။
ကျွန်တော်တို့ ဆိုတာက ကျွန်တော်ရယ်၊ ဇနီးရယ်၊ သမီးငယ် လေးရယ် တို့ပဲဖြစ်ပါတယ်။
အညာမြို့ ဖြစ်တာကြောင့် ရာသီဥတု ပူပြင်းတဲ့ အပြင် ဂိုဒေါင်လိုဖြစ် နေတဲ့ အခန်းမှာ နေရတာ ဆိုတော့ ကျွန်တော့်မှာ မွန်းကျပ်လှပါတယ်။ ဒါပေမဲ့လည်း တာဝန်ကျရာ ဘူတာရုံနဲ့ ဖြတ်လမ်းကနေ(၁ဝ) မိနစ်လောက် လမ်းလျှောက် သွားရင် ရလောက်အောင် နီးပြီး ရပ်ကွက်လေး က အေးချမ်းတာ ဆိုတော့ ကျွန်တော့် မှာ အစစ အဆင်ပြေ လှတယ်လို့ ပြောရလောက်အောင် နေပျော်ပါတယ်။
”အစ်ကိုရေ…လိုင်းခန်းရ ရင်တောင် မပြောင်းချင်တော့ဘူး၊ ဒီမှာ ရေက အရမ်းအဆင်ပြေတယ်၊ လိုင်းခန်းပြောင်းရင် ရေဝယ်သုံးရ မှာ ရေဖိုးက ပေးရတဲ့ အိမ်လခ ထက် ကိုကျော်မှာနော်”
ဇနီးသည် ပြောသလိုပါပဲ… မြို့လေးက ဘယ်လိုကျိန်စာမိထား လည်းမသိပါ။ ကျွန်တော်တို့ နေတဲ့ အမှတ်(၁) ရပ်ကွက်လေးမှာ အိမ်တိုင်း အဝီစိတွင်း တူးထားကြ ပြီး ရေလည်း စံမီတန်းမီ ထွက်တာပဲ ဖြစ်ပါတယ်။ ပြီးတော့ ရေကရေချို။ ကျန်တဲ့ ရပ်ကွက်တွေမှာတော့ ပေ၃ဝဝ၊ ၄ဝဝလောက် နက်တာတောင်မှ ရေမထွက်လို့ အဝီစိ ဆရာတွေလက် မှိုင်ချ၊ လုပ်အားရှုံးတဲ့ အထိ ဖြစ်ကုန်ပါတယ်။ စွတ်ရွတ်ပြီး ရေထွက် ပြန်တော့ ရေကရေငန်၊ ချွဲချွဲပစ်ပစ်နဲ့ မို့ သောက်ရေ မပြောနဲ့ လျှော်ဖို့၊ ဖွပ်ဖို့ ၊ ဆေးကြောဖို့တောင် အဆင်မပြေတဲ့ အနေအထားပါ…သည်မှာ တင်ပဲ အမှတ်(၁) ရပ်ကွက်လေးရဲ့ ပင်မ စီးပွားရေးက ရေရောင်းတဲ့ အလုပ် ပဲဖြစ်ပါတော့တယ်။ မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်မှာ (၆)ရပ်ကွက်က အမှတ်(၁) ရပ်ကွက်လေးရဲ့ ရေ အရင်းအမြစ်ကို မျှယူကြတယ်. ..။ နေမပြိုသေးတဲ့ နံနက်ပိုင်းနဲ့ နေချိုချို ညနေပိုင်းတွေ မှာ ရေစည်လှည်းတွေက စက်ဘီးတွေ၊ မြင်းလှည်းတွေ ကြားမှာ ရှုပ်ယှက် ခတ်နေအောင်ကို များလှပါတယ်။ ကိုယ်ခွဲလက်ခွဲ မရှိ၊ အချိန်လည်း မပေးနိုင်၊ လှည်းတွန်း ရတာ မကျွမ်းကျင် သူတွေအတွက် ရေစည် အငှားတွန်း စီပွားရေး အုပ်စုလေးလည်း ပေါ်ထွန်းလာပါသေးတယ်။ ရေစက် ရှိတဲ့ ရေရောင်းတဲ့ အိမ်တွေမှာ ရေစည် လှည်းတွေ ပါထောင်ထား ပေးပေမယ့် ကိုယ့်လှည်း နဲ့ဆို တစ်ဈေးဖြစ်တဲ့ အပြင် လှည်းစောင့်ရတဲ့ ဒုက္ခပါ ကင်းတာမို့ ရေစက် မရှိပေမယ့် ရေစည် လှည်းထောင်တဲ့ စီးပွားရေး လမ်းကြောင်းလေးတွေလည်း ရှိနေ ပြန်ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်လေ အင်မတန် ပူပြင်းတဲ့ အညာ အရပ်ဒေသရဲ့ မြို့လေးမှာ အမှတ်(၁) ရပ်ကွက်လေး ထဲကနေ PH7 အဆင့်မီ သောက်သုံး ရေရရှိနေတာ ဆိုတော့ မြို့က ရေမငတ်ရှာဘူး။ ဈေးသုံးလေးနည်းနည်း လျှော့ ရေဖိုးလေး ဖယ်ထား၊ ပူလောင် အိုက်စက် ချွေးတရွှဲရွှဲပေမယ့် ညနေစောင်း နေချိုချိုကျမှ လှိုင်း တက်အိုး ထဲမှာ ထည့်ထားတဲ့ ရေ အေးအေးလေး ချိုးလိုက်တော့လည်း လန်းဆန်း ကြည်လင်သွားတော့ တာပဲလေ။ သည်အခါမှာ မြို့လေးရဲ့ အမှတ်(၂) ကနေ စရေတွက်ရင် အမှတ် (၇) အထိ ရပ်ကွက်သူ ရပ်ကွက်သား တွေက အမှတ် (၁) ရပ်ကွက်ကနေ ရေစည် လှည်းတွေနဲ့ စီးဆင်းလာတဲ့ ရေချိုလေး အပေါ် မှာ ကျေးဇူးတွေ ထမ်းပိုးလို့ နေမှာပဲ ဆိုပြီး ကျွန်တော်က ကဗျာဆန်ဆန် တွေးနေမိပါတယ်။

ကျွန်တော့် အိမ်ရှင် ဦးညွန့်ဖေ ကလည်း ဘာသားနဲ့ ထုထားတာမို့လဲ …။ ရေစီးပွားရေးဇုန် ထဲမှာ သူလည်း ရင်းနှီးမြှုပ်နှံ လိုက်ပါတယ်။
”ရုံပိုင် စဉ်းစားကြည့်ဗျာ… တစ်နေ့ကို ရေမော်တာ (၆)နာရီ လောက်မောင်းရင် ရေဂါလန် ၂ဝဝဝ ကျော်ရမယ်။ ရေတစ်စည်မှာ ဂါလန် (၅ဝ) ဆိုတော့ စည်(၄ဝ)ပေါ့ဗျာ။ တစ်စည်ကို လှည်းမပါ ရေ သက်သက်ရောင်းရင် ၁ဝ ကျပ် ဆိုတော့ တစ်နေ့ ဝင်ငွေက ၄ဝဝ နော်… ရုံပိုင် လစာတော့ ၂ ရက် ၃ ရက် နဲ့ မီတယ်ဗျာ။”
ကျွန်တော် ဦးညွန့်ဖေ ပြောတာကို မငြင်းဆန်ခဲ့ပါဘူး။ အဲသည်တုန်း က ကျွန်တော့် လစာကလည်း ၁၅ဝဝ တော့ မကျော်ဘူးတင်တာပဲ။ လစာ နှုန်းထားတွေ အကြိမ် ကြိမ် ပြောင်း တော့ သိပ် မမှတ်မိတော့ဘူးလေ။
”အခုတလော လျှပ်စစ်မီးက လည်း အချိန်နဲ့ အလှည့်ကျ ပေးနေတော့ ရေမောင်းရတာ အဆင်မပြေချင်ဘူး ရုံးပိုင်ရဲ့၊ နောက်တစ်လ လောက်ဆို ရာသီဥတုက သည့် ထက် ပိုပူလာတော့မယ်။ ရေစည်လှည်း တွေလည်း ထပ်တိုးပြီး ရေအုတ်ကန် ကြီးကြီးဆောက်ပြီး ရေလှောင်ဖို့ ကျွန်တော် စီစဉ်နေတယ်။”
ရေစင်ပေါ်မှာ ရှိတဲ့ ရေတိုင်ကီ နဲ့ ဆက်သွယ်ထားတဲ့ ရေပိုက်ခေါင်း ကနေ ရေစည် လှည်းတွေကို ရေပေး နေတာ အားမရတော့ဘူး ထင်ပါရဲ့။
”ဦးလေး ဆိုလိုတာက မီးလာတဲ့ တစ်ချိန်လုံး ရေမောင်းထားမယ်၊ ရေစင်ပေါ်က တိုင်ကီ ပြည့်ရင် ရေ အုတ်ကန်တွေထဲမှာ ဖြည့်ထားဦးမယ်…ဟုတ်တယ်နော်”
”ဒါပေါ့…ရုံပိုင်ရာ မိုးရွာ တုန်း ရေခံလို့ ပြောရမလား၊ မဟုတ် သေးဘူးဗျ…မီးလာတုန်းရေ မောင်း…ဟား ဟား ဟား”
ဦးညွန့်ဖေ ကတော့ သူ့အတွေး နဲ့သူ သဘောကျ နေပါတယ်။
”ရပ်ကွက်ထဲမှာ ရေစက်တွေက အများကြီး ဦးလေးရေ၊ အုတ်ကန် ကြီးဆောက်ပြီး ထင်သလောက် ရေ မရောင်းရရင် ဒီအထဲ ပိုက်ဆံတွေ က ဝင်သွားဦးမယ်…အဲ ပြီးတော့ ဦးလေးက ဘယ်နေရာ လုပ်မှာတုံး”
”ရုံပိုင် သိပ်သဘောကျတယ်ဆို တဲ့ ပန်းရုံ နေရာလေးလေ…ဒီနေရာပဲ ကျယ်ကျယ်ဝန်းဝန်း ရှိတာ”
အို…ကျွန်တော် အသံထွက် မတတ် တုန်လှုပ်သွားပါတယ်။ တကူးတက ပြုစုစရာ မလိုဘဲ မွှေးပျံ့ နေတဲ့ အစိမ်းထဲက အဖြူ၊ အဝါ၊ ရွှေပန်း၊ ငွေပန်း၊ စံပယ်၊ ဇွန်ပန်း ရုံ နေရာလေးကို ရေအုတ်ကန်ဆောက် လိုက်တော့မှာ ပါလား။
”နှမြောစရာ ဦးရယ်…ပန်း လေးတွေ အမြဲပွင့်ပြီးမွှေးနေတာ.. ဦးလေး ခြံနားက ဖြတ်သွားတဲ့ သူတိုင်း မွှေးလိုက်တာ အသည်းကို အေးသွားတာပဲလို့ ပြောရလောက် တဲ့ ပန်းရုံလေး…”
”အဲဒါပဲ…ရုံပိုင်တို့က စီးပွားရေး အမြင်မရှိဘူး။ ဒီ အလှအပတွေ၊ အမွှေးရနံ့တွေက ပိုက်ဆံ ရှိရင် ဝယ်လို့ရပါတယ်။”
ဦးညွန့်ဖေ မျက်နှာ အနေအထားက ဆုံးဖြတ်ပြီးသား။ ဘယ်သူ ပြောပြောလုပ်မှာပဲ ဆိုတဲ့ ပုံစံပေါက် နေပါတယ်။ သူလေ့လာ အလွတ် ကျက်မှတ်ခဲ့တဲ့ သဘော တရားတွေ၊ လူနှင့် ပတ်ဝန်းကျင် ဆိုတာတွေ ချမ ပြတာကို တော်ပါသေးရဲ့ဆိုပြီး ကျွန်တော့်မှာ ကြံဖန် ကျေးဇူးတင် နေမိတော့တယ်။
”ဝယ်လို့ ရတာတော့ ဟုတ်တာ ပေါ့…ခြံထဲက အပင်မှာ ရှိနေတဲ့ ပန်းပွင့်လေးရဲ့ အလှနဲ့ ရနံ့ကိုတော့ ဘယ်မီမလဲ ဦးလေးရာ”
”ဟား…ဟား…ရုံပိုင်ရေ …အဲသည်လိုခင်ဗျားပြောတဲ့ အတိုင်း…ကျွန်တော့် ကလေးတွေ က ပြောသဗျ…ဒါလည်းရောဂါ တစ်မျိုးပဲ ဟား…ဟား…ဟား”
ရယ်ချင်လျက်နဲ့ ရယ်တာလား၊ မရယ်ချင်ဘဲနဲ့ ကျွန်တော့်ကိုပဲ လှောင်ရယ် တာလား မသိအောင် ကျွန်တော် ဝေခွဲရ ခက်သွားပါတယ်။ ကျွန်တော်ကတော့ ပန်းရုံ ကလေး ဆီ အကြည့်ရောက် နှမြောနေမိတယ်။ ညနေတိုင်း ပန်းကလေးတွေ ခူးပြီး ဖန်ခွက် အကြည်ထဲမှာ ထိုးစိုက်လို့ ဘုရားတင် ပူဇော်ရတဲ့ ကြည်နူးမှု လေး၊ ဇနီးသည် ရဲ့ ဆံကေသာထက် မှာ ကလစ်နဲ့ ညှပ်တွယ် ပေးခွင့်ရတဲ့ ကြင်နာမှု ပီတိလေး ပျောက်ပျက်သွား တော့မှာ ကိုနှမြောနေမိ ခဲ့ပါတယ်။

ပန်းရုံ ကလေးကို ဖျက်တဲ့နေ့က ကျွန်တော် နေ့ ဂျူတီ ကျနေတာမို့ ညနေမိုးချုပ်မှ အိမ်ပြန်ရောက်ပါ တယ်။ ပြုနေကျ အတိုင်း ပန်းရနံ့လေး ကို ရှူရှိုက် ကြည့် လိုက်တော့ ဘာမှ မရတော့ပါဘူး…။
”ပန်းရုံလေး ဖျက်လိုက်ပြီ အစ်ကို အဖူး၊ အငုံလေးတွေမှာ အများကြီး …နှမြောလိုက်တာ အစ်ကိုရယ်.. .”
ဇနီးကပြောတော့ ရင်ထဲမှာနွမ်း ဆွေးဆွေး ဖြစ်ပြီး ဘုရားစင်ထက်ကို လှမ်းကြည့်မိ လိုက်သေးတယ်။ တစ်စုံတစ်ခု လစ်ဟာသွားသလို ခံစားမိပါတယ်။ ဇနီးသည်ရဲ့ ဆံကေသာ နက် မှောင်မှောင်မှာ ညနေတိုင်း ခိုနားခွင့် ရတဲ့ ငွေပန်းလေးက ခုတော့ထွက် ပြေးရှာပြီပေါ့…။
”အေးလေ…ဘယ်တတ်နိုင် မှာလဲ…သူက အိမ်ရှင်ကိုး…အစ်ကို တို့ပြောလည်း လက်ခံတာမှ မဟုတ်တာ။ ပြီးတော့ သူက ဘယ်သူ မှသူ့ လောက်မတတ်၊ အတွေး အခေါ် မရှိ ခပ်နုံနုံလို့ ထင်နေတော့တာ”
ကျွန်တော်ပြောတော့ ဇနီးသည် က သက်ပြင်းဖွဖွ ချပါတယ်။ ရေစက် မောင်းတဲ့…ဒုတ်…ဒုတ်… ဒုတ်…ဒုတ်…ဆိုတဲ့ အသံတွေ ကြားက ချတဲ့သက်ပြင်းလေး ဆိုတော့ မပီပြင် ရှာဘူး။ အမူအရာ ကြည့်ပြီးမှ ပြောရတာပါ။
ကျွန်တော် ညဂျူတီဝင်ရမှာမို့ နေ့ခင်းပိုင်း အားနေတာနဲ့ ရေအုတ် ကန်ဆောက်တဲ့ နေရာကို သွားကြည့် ပါတယ်။ ဦးညွန့်ဖေက ဘယ်အချိန် တည်းက စီမံထားလဲ မသိပါ ကျွန်တော် သွားကြည့်တဲ့ နေ့လယ် ၂ နာရီ လောက်မှာ လုပ်ငန်းက တော်တော် ခရီးရောက်နေပါပြီ။ သူတို့ တိုက်အိမ် နံရံနဲ့ ခြံစည်းရိုး အုတ်တံတိုင်းကို အုတ်ရိုးစီ ဆက်ပြီး ရေအုတ်ကန် ဆောက်တာ ဆိုတော့ ကျွန်တော့်မှာ အံ့သြလို့ နေပါတယ်။ ပြောရကောင်း နိုး မပြောရကောင်းနိုး ကျွန်တော် စဉ်းစားမိပေမယ့် မနေနိုင် မ ထိုင်နိုင် ပြောရပြန်တာပေါ့။
”ဦးလေး ရေအုတ်ကန်ကို အဲ သည်လို လုပ်ကောင်းလား” ကျွန်တော် ပြောတော့ ဦးညွန့်ဖေက သူ့ နားထင်ကို ညာလက်နဲ့ ထိုးပြ ရင်း. ..။
”ဒါသုံးရတယ် ရုံပိုင် အုတ်ဈေး၊ ဘိလပ်မြေ ဈေးခေါင်ခိုက်နေတာ အခုလို လုပ်လိုက်တော့ အုတ်ကန်ရဲ့ လေးဖက်လေးတန်မှာ နှစ်ဖက်သက်သာ မသွားပေဘူးလား” လို့ ပြောပါ တယ်။
ကျွန်တော်ကတော့ တော်တော် အကြည့်ရ ဆိုးတဲ့ ဒီဇိုင်းကြီး လို့ထင်တာပဲ။ နောက်ပြီး ထောင့်ချိုးတွေမှာ အုတ်ချပ်ကို လက်ယှက်ထိုးပြီး ခိုင်ခန့်အောင် လုပ်ရတာ။ အခုတော့ သည်အတိုင်း အုတ်စီထားတာ ဆိုတော့ ကျွန်တော့် စိတ်ထဲမှာ မလုံခြုံ သလိုကြီး ခံစားမိသွားတယ်။ ဒါပေမဲ့ ကျွန်တော် ပြောရင်လည်း ကျွန်တော့် မှာ ဒါမရှိဘူး ဆိုပြီး နားထင်ကို လက်ညှိုးထိုး လက်ခါပြ လုပ်နေရင် ခက်ဦးမယ်။
”ရုံပိုင်ရေ…ကန်ထဲကရေ လေ၊ အငြိမ်ဗျ၊ စီးနေတာ မဟုတ်ဘူး …မကြာဘူး…ဦးလေးအိုင်ဒီ ယာ သိပ်ကောင်းတာပဲဗျာ ဆိုပြီး ရုံပိုင် ပြောတာ ကြားရအုံးမယ် အ ဟေး.. .ဟေး…”
ကျွန်တော် ဂိုဒေါင်လေးဆီကိုပဲ ကုပ်ချောင်းချောင်းနဲ့ ပြန်လာခဲ့ ပါတယ်။ ပန်းရန် ဆရာတွေ ကလည်း ဦးညွန့်ဖေကို ဘာမှ စောဒက မတက်ဘူး။ ကာလ တစ်ခု တုန်း က မော်မကြည့်ရဲ ခဲ့တဲ့ အလုပ်သမားတွေ ဆိုတော့ ဦးညွန့်ဖေ ခိုင်းသမျှ မငြင်းမပယ် ဟုတ်ကဲ့ဆရာ ဆိုပြီး ခေါင်းညိတ်နေတာပဲ ထင်ပါရဲ့။ ကျွန်တော် ကတော့ သက်ပြင်းမော ကိုပဲ အခါခါ ချနေမိပါတယ်။ အုတ်ကန် ဒီဇိုင်းအ ကြောင်း ဇနီးသည်ကို ပြောပြရင် တော့ နှစ်ယောက်သားရဲ့ သက်ပြင်း တွေက ဂိုဒေါင်လေး ထဲမှာ ခလုတ် တိုက်ကုန် ကြမယ် ထင်ပါရဲ့လေ။
အုတ်ကန်ကြီး ဆောက်ပြီး ၂ ရက်အကြာ မှာပဲ ဦးညွန့်ဖေက အုတ်ကန်ထဲကို ရေဖြည့်ပါတော့တယ်။ အင်္ဂတေ အသားကျ မကျ သေချာပြီး မှ ရေထည့်ရမယ်လို့ ကျွန်တော် ထင်တာပဲလေ။ ဒါပေမဲ့ မီးလာနေတဲ့ တစ်ချိန်လုံး အုတ်ကန်ထဲကို ရေတဝေါဝေါ ဖြည့်နေပါတော့တယ်။ ကျွန်တော် ရေအုတ်ကန် အသစ်ကြီးနား မယောင်မလည် သွားတော့ ဦးညွန့်ဖေက အုတ်ကန်ဘေးမှာ အပြုံးတွေ တစ်ပွေ့တစ်ပိုက် နဲ့ အောင်မြင်သူရဲ့ အရေးအကြောင်းတွေ မျက်နှာမှာ ထင်ဟပ်နေပါတယ်။
”တွေ့လား ရုံပိုင် ကျွန်တော့် အိုင်ဒီယာ…။ ကျွန်တော် တွက်တာတော့ အချင်း(၂)ပေ၊ အမြင့် (၃)ပေ ရေစည်တစ်လုံးရဲ့ထုထည်က အင်း…ပိုင်အာစကွဲအိတ်ခ်ျ နဲ့ တွက်ရင် နိုင်းပွိုင့်ဖိုက် ကုဗပေရှိမယ် ဗျာ။ အဲဒါဂါလန် (၅ဝ)ဆိုတော့ ကျွန်တော့်အုတ်ကန် ထုထည် တစ်ထောင် ကုဗပေမှာ အဟား… ဂါလန် ၅ဝဝဝ လောက်တော့ အသာ လေးပဲဗျာ။ အုတ်ကန် အပြည့်ရေ ဖြည့်ထားရင် ရေစည် ၁ဝဝ တော့ အေးဆေးပဲ။ ရာသီဥတုက ရှေ့ လျှောက် ပူတော့မှာ ရေဖိုးနည်းနည်း လောက် ဈေးချလိုက်ရင် ကျွန်တော့် ရေစက်မှာ တိုးနေတော့မှာပဲ။”
”ဟုတ်ပ ဦးလေးရာ ခုမှပဲ ဦးလေးလည်း စက်သူဌေး ဖြစ်တော့မှာ အန်တီတို့ ကုန်စုံဆိုင်လေးတောင် ဖွင့်ဖို့ မလိုတော့ဘူး”
ကျွန်တော်က တွက်ရေး ဆိုတာ ဖျောက်ပြီး စက်သူဌေး လို့ပြောတာကို ဦးညွန့်ဖေ တော်တော် သဘောခွေ့ သွားပုံ ရပါတယ်။
”ဟုတ်တယ် ရုံပိုင်ရေ ခင်ဗျား အန်တီတို့ ဆိုင်ကလည်း အခုတလော ရောင်းရေးဝယ်တာ သိပ်မ ကောင်းတော့ ကျွန်တော်က ရေဖိုးနဲ့ ရှာပြချင်တာ။ သူတို့လည်း ကိုယ့် အိမ်ရှေ့တင် အိုးမကွာ အိမ်မကွာ ရောင်းနေတာမို့ ဆိုင်မပိတ် ဖြစ်တာ လေ။”
အုတ်ကန်ထဲကို ရေတ ဝေါဝေါကျသံ၊ ရေစက် မော်တာရဲ့ အော်မြည်သံတွေ ထဲမှာ ဦးညွန့်ဖေ ရဲ့စကားသံ ကတော့ တကယ့်ကို တက်ကြွ လန်းဆန်း နေပါတော့ တယ်။

ဝုန်း…ဝရော…ဝရော. ..ဝေါ…ဝေါ…
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ ရာက ကျယ်လောင်တဲ့ အသံကြီး ကြောင့် ကျွန်တော် ရုတ်တရက်ထ ထိုင်မိ လောက်အောင်ကို လန့်နိုးသွား ပါတယ်။
”ဘာဖြစ်တာလဲ ဟင်၊ ဘာဖြစ် တာလဲ”
ကျွန်တော့် ဇနီးကလည်း ထိတ်လန့် မောသည်းစွာနဲ့ ထထိုင်ပါတော့တယ်။ ညဦးက မီးလာတဲ့ အချိန်လေး ကြည့်ရတာ ဆိုပြီး ကျွန်တော်တို့ လင်မယား ကျန်ကျောင်း ဇာတ်လမ်းတွဲ ဖြစ်တဲ့ ပြည်သူ့တရားရှင် အခွေတွေ ငှားကြည့်ပါတယ်။ ဇာတ်လမ်း ကရှည်တော့ ပြီးတောင် မပြီးသေးဘူး မီးပျက်သွားတာမို့ အိပ်ရာ ဝင်ခဲ့ကြတာပါ။ အိပ်ရာ ဝင်နောက်ကျလို့ အိပ်ပျော်စ ရှိသေးချိန်မှာ ကြောက် မက်ဖွယ် အသံကြီး ကြားလိုက်ရတာ ပါပဲ။
”အေး ဘာဖြစ်တာလဲ မသိဘူး။ အစ်ကို အပြင်ထွက် ကြည့်ဦးမယ်”
ကျွန်တော် ခေါင်းအုံးအောက် က ဓာတ်မီးယူပြီး ဂိုဒေါင်လေးထဲက နေ အပြင်ထွက် လိုက်ပါတယ်။ အပြင်ထွက်လိုက်မှ တဝေါဝေါနဲ့ ရေစီးသံတွေ ပီပီသသ ကြားလိုက်ရ တာမို့ ရေအုတ်ကန် အသစ်ကြီး ဆီ ကပဲနေမှာပါဆိုတဲ့ အတွေးနဲ့ အုတ်ကန်ဆီ ပြေးသွားလိုက်ပါတယ်။
အို…ကျွန်တော် ထိတ်လန့်စွာ အော်မိလိုက်ရအောင်ကို မြင်ကွင်းက ကြောက်မက်ဖွယ်ရာပါပဲ။ ဂါလန် ၅ဝဝဝဆံ့ အုတ်ကန်ကြီးက အခုတော့ အုတ်ကျိုးတွေနဲ့ ဖရိုဖရဲ ဖြစ်နေပါပြီ။ ခြံစည်းရိုး အုတ်ထရံကြီး ပွင့်ထွက်သွားတာပါ။ အုတ်ထရံ ကိုကျောကပ်ပြီး ဆောက်ထားတဲ့ ကုန်စုံဆိုင်လေးပါ တုံးလုံးပက် လက်ဖရိုဖရဲ ပြိုကျ ပျက် စီး နေတာကို ဓာတ်မီးရောင် အောက်မှာ စိတ်မချမ်း မြေ့စရာ မြင်နေရပါတော့တယ်။
”အမယ်လေး…ကုန်ပါပြီ တော်…ကုန်ပါပြီ ညနေကမှ ဖြည့်ထားတဲ့ ဆန်အိတ်တွေရော၊ ဆားအိတ်တွေ၊ ဆီတွေ…အဟီး …ဟီး…ဟီး…”
ဦးညွန့်ဖေကတော် အန်တီရဲ့ ငိုကြီးချက်မ အသံက တိတ်ဆိတ်သွား တဲ့ညကို ဖောက်ခွဲလိုက်သလိုပါပဲ။ ကျွန်တော် ဦးညွန့်ဖေကို ကြည့်မိလိုက်တော့ မျက်နှာသေ ကြီးကို ဖြစ်လို့။ မယုံနိုင်တဲ့ အံ့သြမှုတွေနဲ့ ယှက်နွယ် နေတဲ့ မျက်နှာကြီးက တော်တော့်ကို ကြည့်ရ ဆိုးနေပါတယ်။ ဒီအချိန်မှာ ကျွန်တော် တစ်စုံတစ်ခုကို သတိရမိ သွား တယ်။ အန်တီကြီးရဲ့ ကုန် ခြောက် ဆိုင်လေးထဲမှာ သူတို့သားငယ်လေး (၁ဝ) တန်း ကျောင်းသား ထွန်းထက်ဖေ စာကြည့်ရင်း အိပ်တတ်တာကိုပါ။
”ဟို…ဟို… ဦးလေး… မောင်ထွန်းထက်ဖေများ ဆိုင်ထဲမှာ အိပ်…”
ကျွန်တော့်စကားတောင်မဆုံး လိုက်သေးဘူး။
”ဟာ…သားလေး”
”ကိုယ်ကျိုးတော့ နည်းပါပြီ” ဆိုတဲ့အသံတွေ ကြေကွဲစွာ ထွက်ပေါ် လာပါတော့တယ်။
ရေတွေ ရွှဲစိုနစ်နေတဲ့ ဆန်အိတ်၊ ဆားအိတ်တွေနဲ့ အုတ်ကျိုး အုတ်ပဲ့ တွေကို ကျွန်တော်နဲ့ ရပ်ကွက်ထဲက လူငယ်တွေ ဝုန်းဒိုင်းကြဲ ဖယ်ရှားနေချိန်မှာ ဦးညွန့်ဖေ ကတော့ ညဥ့်ငှက် တစ်ကောင်ရဲ့အော်မြည်သံနဲ့ အပြိုင် ”သားရယ်…သားရယ်…” နဲ့ ဆောက်တည်ရာ မရဖြစ်နေပါတော့ တယ်။

”ကဲ…ကျွန်တာ် မပြောဘူးလား ဦးလေး” လို့ ဦးညွန့်ဖေကို စကားမစခဲ့ပေမယ့် ကျွန်တော်တို့ သူတို့ ဂိုဒေါင်လေးကနေ မီးရထား အိမ်ရာကို ပြောင်းတဲ့နေ့ နှုတ်ဆက် စကား သွားပြောတော့
”ရုံပိုင်ရာ…ရေဟာ သက်မဲ့ မဟုတ်ဘူး…သက်ရှိဗျ…သက် ရှိ။ ခွန်အား ရှိတယ်၊ စွမ်းအား ရှိတယ်၊ တုံ့ပြန်တတ်တယ် ဆိုမှတော့ သက်ရှိ ပဲပေါ့ဗျာ…။ ကျွန်တော့်နှလုံး သား နဲ့ရင်းပြီး သိတဲ့ အသိပါ…။”
ဦးညွန့်ဖေရဲ့စကားသံမှာ ရှိုက် သံတွေ စွက်လို့။ တကယ့်ကို ကြေကြေ ကွဲကွဲပါပဲ။
ဒါပေမယ့် ပြီးဆုံးသွားခဲ့ပါပြီ လေ။ ။

ရဲသျှမ်း
(Yatimagazine, February 2012)