အရွေ့


photo: JayMgMg(amarapura)
(၁)

   အလင်းရောင်တောင်အပြည့်အဝမရသေးတဲ့အရုဏ်ဦးအချိန်လေးမှာပဲရပ်ကွက်လေးကအဝေးရောက်တောင်ပေါ်သားကြီးရဲ့အောင်မြင်တဲ့အသံဝါကြီးနဲ့
ဆိုထားတဲ့သီချင်းကြောင့်နိုးထသွားပြီ။သည်သီချင်းကိုအရင်ရက်တွေကတည်းကလက်ဖက်ရည်ဆိုင်တွေမှာအကြိမ်ကြိမ်အထပ်ထပ်ကျော့ဖွင့်နေတာဆိုတော့
ရပ်ကွက်ထဲရှိလူငယ်လေးတွေကအလွတ်ရနေပြီလေ။သံပြိုင်သီဆိုလက်ခုပ်လက်ဝါးတီးနဲ့အတော့်ကိုစည်စည်ဝေဝေ ဖြစ်နေပါတော့တယ်။ ကလေးတွေရော၊
 လူကြီးတွေရော၊ ကလေးကြီးတွေရော၊ လူလတ်တွေရောအားလုံးတက်ကြွလန်းဆန်း နေကြတာ မြင်ရတော့ သူ့ရင်ခုန်သံက ပိုမြန်သွားသလိုပါလား။ 
သူလည်းပဲဝတ်ထားတဲ့တီရှပ်ချွတ်ပြီးတစ်လောကအင်းလေးရောက်တုန်းဖောင်တော်ဦးဘုရားဈေးမှာအမှတ်တရဝယ်ခဲ့တဲ့အင်္ကျီလေးကိုဝတ်လိုက်မိတယ်။
ဖွတ်မြီးထိုးကြယ်သီးကလေးတွေတတ်ရင်း ရွှေဘိုဆိပ်ခွံ စာပေဟောပြောပွဲကော်မတီက လက်ဆောင်ပေးလိုက်တဲ့ ရိုးရာဆင်လုံချည်ကို ဝတ်လိုက်ပြီးမှန်ထဲ
တစ်ချက်လှမ်းကြည့်တော့ သူ့ပုံကလည်း ရပ်ကွက်ထဲကလူတွေလိုပဲ ဖြစ်သွားပါရော။
  '' ဟား...သားနားလှချည်လား။ ကျွန်မလည်းအဝတ်လဲရအုံးမှာပေါ့''
  ဇနီးကသူ့ကိုကြည့်ပြီးလက်ထဲကိုင်လာတဲ့ နှင်းဆီနီတစ်စည်းကိုစားပွဲပေါ်အသာချတယ်။အဝတ်ဘီဒိုထဲကအဝတ်တွေဆွဲထုတ်နေတဲ့ဇနီးလက်ထဲမှာ ရင်စေ့
အဖြူလေးပါလာမှာလား၊ရုပ်ပုံပါတဲ့တီရှပ်ဖြစ်နေမလား၊ဒါမှမဟုတ်သူ့အင်းလေးပြန်လက်ဆောင်သူနဲ့တဆင်တည်းအင်္ကျီလေးပဲဖြစ်နေမလား။ ဘာပဲဖြစ်ဖြစ်
အဆင်ပြေမှာပါလို့ တွေးနေမိတယ်။
  '' ဒါဆိုအဆင်ပြေတယ်မဟုတ်လား''
 သူအမှတ်တရဝယ်လာပေးတဲ့အင်္ကျီလေးနဲ့ခရမ်းနောက်ခံမှာအပွင့်လေးတွေပါတဲ့လုံချည်လေး ဖြစ်နေတော့တယ်။သည်ဝတ်စုံလေးတွေက သူတို့ဇနီးမောင်နှံ
အတွက်အဆင်ပြေလိုက်လျောညီထွေ ဖြစ်သွားတာကို သူကကျေနပ်သဘောကျကျေနပ်သွားတာပေါ့။
       '' အံမယ်...အံမယ်..ဒါတွေက ဘယ်ကရ''
       ဇနီးသည်က သူဝတ်မယ့်အင်္ကျီခေါက်ကို ဖြန့်လိုက်တဲ့အခါမှာ တွေ့လိုက်ရလို့အံ့သြသွားတာပါ။ စတစ်ကာလေးတွေမှ အများကြီးပါပဲ။ အကြီးအသေးစုံ
လို့နေပါတယ်။
       '' လိုက်ဝေတာလေ...ပါးမှကပ်မယ်၊ ရင်ဘတ်မှကပ်မယ်''
  ကလေးတစ်ယောက်လို မြူးတူးနေတဲ့ ဇနီးသည်ကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်။သူတို့အိမ်ရှင်မ တွေခမျာ တစ်နေ့တစ်နေ့ ရုန်းကန်နေရတဲ့လှုပ်ရှားမှု
တွေအတွက်မွန်းကျပ်ထိုင်းမှိုင်းလေးလံနေရှာမှာပါပဲ။ မမျှတတဲ့ဘဝတွေအတွက်၊မညီမျှတဲ့လူနေမှုစနစ်တွေအတွက်မီးဖိုချောင်ဗေဒကို အောင်မှတ်ရဖို့၊အမှတ်
တစ်မှတ်ရဖို့လှည့်ပတ်ပြီးအမှတ်ရှာနေရတဲ့ သူတွေလို့သူကကဗျာဆန်ဆန်မှတ်ချက်ပေးနေမိတယ်။သား၊ငါး၊အသီး၊အရွက်၊ဆန်၊ဆီ၊ဆား၊နနွင်း၊ဂျင်းဘယ်သင်း၊
ဘယ်အချိုးထည့်ဆိုပြီးသက်သာတဲ့ဟင်းကောင်းတစ်ခွက်ရဖို့ ဖော်မြူလာအသစ်တွေအမြဲတမ်းကြံဆနေရရှာတာပါ။

(၂)
       လွန်ခဲ့တဲ့တစ်နှစ်ကျော်ကို သူကပြန်သတိရနေမိတယ်။ သူတို့ရပ်ကွက်လေးရဲ့အထင်ကရလမ်းမကြီးနဲ့ လမ်းသွယ်လေးတွေမှာ ကွန်ကရစ်လမ်းခင်းကြ
တာကိုပါ။နေ့နေ့ညညတစ်လမ်းပြီးတစ်လမ်းခင်းသွားကြတာပဲဖြစ်ပါတယ်။ရပ်ကွက်လေးထဲကအိမ်ထောင်စုအားလုံး ငွေအား၊လုပ်အားတတ်စွမ်းသမျှပူးပေါင်း
ပါဝင်ပြီးညီညီညွတ်ညွတ်နဲ့လုပ်ဆောင်ကြတာဆိုတော့မိုးရွာတိုင်းရေဝပ်၊ရေဆိုးမြောင်းကလျှံတဲ့ရေတွေ လမ်းပေါ်ရောက် တဲ့ ရပ်ကွက်လေးကအရည်ခွံခွာ
လိုက်သလိုကို ပြောင်းလဲသွားတာပါပဲ။ ညမှာလာပုံသွားတဲ့ကျောက်တွေ၊ သဲတွေကို ပေါက်ပြား၊ ဂေါ်ပြား၊ ဒယ်အိုးကိုယ်စီနဲ့လမ်းခင်းကြတဲ့ရပ်ကွက်သူ၊
ရပ်ကွက်သားအားလုံးရဲ့ လုပ်အားအလှူဟာ ပီတိဖြစ်စရာကောင်းလှပါတယ်။ စီမံသူတွေရဲ့ စေတနာ၊ လုပ်အား၊ ဒါနပြုသူတွေရဲ့စေတနာအရိပ်အရောင်
ကြောင့် ရပ်ကွက်လေးရဲ့ လမ်းသွယ်(၆)ခုဟာ နေ့ချင်း၊ညချင်းထည်ထည်ဝါဝါဖြစ်သွားတယ်လို့သူကထင်နေမိတယ်။ ရပ်ကွက်ကလေးရဲ့ရွာနေပြည်တွေ
ကလည်း ပြန့်ပြူးညီညာတဲ့ လမ်းလေးတွေရဲ့ အလှတရားကို အကျည်းမတန်စေဘူး။ အမှိုက်တစ်စမရှိအောင်ကိုကိုယ့်အိမ်ရှေ့ကိုယ်လှဲကျင်းကြတာဆို
တော့ အမြဲသန့်ပြန်နေတယ်။ ခွေးချေးတွေတပုံတပင်၊ ဗာဒံရွက်ခြောက်တွေ၊ ကျွတ်ကျွတ်အိတ်ဟောင်းတွေနဲ့ မြင်မကောင်းခဲ့တဲ့ လမ်းလေးတွေရဲ့ အတိတ်
ဆိုးက ဟိုဘက်မှာ ကျန်ရစ်ခဲ့ပြီ။
 ''ဒါဖြစ်သင့်တာကြာပြီဗျ...ဘတ်ဂျက်မကျလို့တို့၊ဒီထက်အရေးကြီးတဲ့စီမံကိန်းတွေရှိလို့ဆိုတာတွေနဲ့ကျွန်တော်တို့ရပ်ကွက်လေးရွှံ့ဗွက်ထဲကမထွက်နိုင်တော့
တာ ခုတော့ဟန်ကျတယ်ဗျို့''

       သူတို့အိမ်ဘေးက စာရေးကြီးပြောတာကို သူကလည်းထောက်ခံနေမိတယ်။ လမ်းထဲကကလေးငယ် လေးတွေ စက်ဘီးစီးမလား၊ ဆောင်းတွင်းကာလ
တွေမှာကြက်တောင်ရိုက်မလား၊ဂိုးကျဉ်းဘောလုံးကစားမလား၊အားလုံးအဆင်ပြေလောက်အောင်ကိုလမ်းလေးတွေဖြစ်တည်လာတာလေ။
       '' အေးဗျာ... အားလုံးကို ကျေးဇူးတင်တယ်။ ဆိုက်ကားသမား၊ တက္ကစီသမားမဝင်ချင်တဲ့ ကျွန်တော် တို့ရပ်ကွက်ရဲ့ လမ်းကလေးတွေ အခုလိုထည်ထည်
ဝါဝါဖြစ်သွားတာ ကျေနပ်စရာပဲ။''
    သူ့တုန့်ပြန်စကားကို စာရေးကြီးက အကျေနပ်ကြီးကျေနပ်ပြီးခေါင်းတညိတ်ညိတ်လုပ်နေလေရဲ့။ အခုမှ ပေးသူ၊ ယူသူ၊ ဝယ်သူ၊ ရောင်းသူ အသံတူဖြစ်နေ
တော့တယ်။

x          x          x          x          x

       လမ်းသွယ်လေး(၆)ခုလုံးရဲ့ ကွန်ကရစ်ခင်းခြင်း အောင်မြင်ပြီးဆုံးသွားပြီးတစ်ပတ်လောက်မှာပဲ လမ်းသွယ် လေးတွေရဲ့လမ်းထိပ်မှာ အထိမ်းအမှတ်
ကပ္ဗည်းအုတ်ခုံလေးတွေလာလုပ်တာတွေ့တော့ရပ်ကွက်သူ၊ရပ်ကွက်သားတွေ အံ့သြကုန်ကြပါလေရော။သည့်ထက်ပိုပြီးအံ့သြစရာကောင်းတာကအုတ်ခုံလေး
တွေရဲ့ဗိသုကာပန်းရံဆရာကဦးစန်းဖြစ်နေတာကိုပါပဲ။ အချိန်ပြည့်ရေဒီယိုလေးနားကပ်ထားတဲ့ ဦးစန်းဆီက ကမ္ဘာ့ သတင်း၊ မြန်မာ့သတင်းအစုံကြားရတတ်
ပြီး လူထူထူရှေ့မှာ သူ့ထင်မြင်ချက်တွေ၊ သုံးသပ်ချက်တွေ အာပေါင် အာရင်းသန်သန်ပြောတတ်တော့ မျက်စိကြီး၊ နားကြီးသူလို့ ရပ်ကွက်လေးက ထင်မှတ်ထား
ခဲ့ကြတာလေ။
       ဦးစန်းရဲ့လက်ရာက အဖြူရောင်မှာ အစိမ်းအနားကွပ်၊ ကနုတ်ပန်းတွေတောင် ပါလိုက်သေးဆိုတော့ သူတို့အားလုံးမရှင်းမလင်းဖြစ်၊တီးတိုးတီးတိုး
သဖန်းပိုးလုပ်နေကြပေမယ့်လမ်းသွယ်လေးတွေရဲ့ထိပ်မှာအုတ်ခုံတွေကအခိုင်အခန့်တည်ရှိသွားကြပါပြီ။ ဦးစန်းကလည်း ခေသူမဟုတ်ပါ၊ ဝါရင့်ပန်းရံဆရာ
လောက်ကို လက်ရာကောင်းပါတယ်။ ဒါကြောင့် သူ့လက်ရာအုတ်ခုံလေးကို သမင်လည်ပြန်တော့ကြည့်မိကြတာပါပဲ။ ဦးစန်းကတော့ ကြည့်လို့မဝနိုင်
ဖြစ်နေလိမ့်မယ်လေ။
       '' ဆရာ..စဉ်းစားကြည့်ပါဗျာ''ဆိုပြီး လက်ဘက်ရည်ဆိုင်ရှင်ကပြောလိုက်၊ သူကြီးတို့၊ အကျိုးတို့ ပါတဲ့စကားပုံတွေကို ကျောင်းဆရာကရွတ်ပြလိုက်နဲ့
သူတို့စကားဝိုင်းလေးက သက်မဲ့ရုပ်ဝတ္ထုတွေအပေါ် မှတ်ချက်ပေးနေကြတယ်။
''သည်ကြားထဲဦးစန်းကတစ်မှောင့်''ဆိုတာကပါသေး။သူကတော့ဘယ်သူဘာပြောပြောမှတ်ချက်လည်းမပေး၊သုံးသပ်ချက်လည်းမပြောဘဲ အုတ်ခုံလေးကိုသာ
ငေးမောကြည့်နေမိတယ်။
 '' ကိုယ့်လူကော ဘယ်လိုထင်လဲ''
  ကျောင်းဆရာကပခုံးပုတ်ပြောတော့ ရုတ်တရက်ဘာပြောရမှန်းမသိ ဖြစ်သွားသေးတယ်။
''အင်း...သည်အတိုင်းပစ်ထားတာနဲ့စာရင်ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်လမ်းကောင်းလေးတွေဖြစ်တည်လာတာကိုကျေနပ်လိုက်ပါ။ ကိုယ်ပေးခဲ့တဲ့ ချွေးစက်တွေ အလဟသဖြစ်သွားတာမှမဟုတ်တာ။''

       သူ့စကားက ဖျောင်းဖျတာလား၊ တိုက်တွန်းတာလား၊ နှစ်သိမ့်တာလား သူလည်းရေရေရာရာ မခွဲတတ်ခဲ့ပါဘူးလေ။

(၃)
 
      အခုတော့ သူတို့ရပ်ကွက်လေးမှာ အုံးအုံးကျွတ်စည်ကားနေပြီ။သူရောသူ့ဇနီးရော၊ ကလေးတွေရော၊ အိမ်ရှိလူကုန် လမ်းပေါ်ရောက်ရှိနေကြပြီး သူတို့ကြိုရမယ့်
သူကိုမျှော်နေကြတာပါ။ လူပင်လယ်ကြီးပါပဲ။ သူ ဒစ်ဂျစ်တယ်ကင်မရာလေးကို ထုတ်ပြီး ဓါတ်ပုံတွေလျှောက်ရိုက်နေမိတယ်။ သူ့ဇနီး၊ သူ့ကလေး၊ နံဘေး အိမ်၊
ရပ်ကွက်ထဲက လူကုန် အို...အစုံပါပဲ။ ဒစ်ဂျစ်တယ်ကင်မရာ ခလုပ်ကိုတရစပ် နှိပ်နေတာဆိုတော့ သူ့ကင်မရာမီးလေး တဖျက်ဖျက်လင်းလက်လို့။  
တောင်ပေါ်သားကြီးရဲ့ သီချင်းမြိုင်မြိုင်ကြား ကနေတဲ့သူတွေ၊ ရှမ်းအိုးစည်နဲ့ကနေသူတွေ၊ ပန်းစည်းကိုင်ထားသူတွေ အလံငယ်လေးကိုင်ထားသူတွေ၊ သတင်း
ဓါတ်ပုံဖြစ်လောက်တဲ့ ပုံတွေပါပဲ။ သူ့အတွက်တော့ မှတ်တမ်းတင်အဆင့်လောက်နဲ့ ရပ်မနေတော့ဘူး။ တကယ့်ကို ပုံကောင်းတွေလို့မှတ်ထင်မိတယ်။
 ကွန်ပျူတာမှာ တင်ကြည့်လိုက်ရင်ပိုပြီးပြတ်သား ရှင်းရှင်းလင်းလင်းရှိမယ်။ လူလှိုင်းလုံးကြီးတွေကို အထုအထည်နဲ့ကိုရလိုက်တဲ့ ဓါတ်ပုံတွေလို့ သူကတွေးတယ်။
 ပုံတွေအများကြီးရပြီဆိုတော့ သူကျေနပ်သွားပြီလေ။ သူ့ကင်မရာလေးကို ပါဝါမီးပိတ် အင်္ကျီဘေးအိတ်ထဲထည့်ပြီး လမ်းထဲပြန်အဝင်မှာမြင်ကွင်းတစ်ခုကြောင့်
သူတုန့်ကနဲဖြစ်သွားပါလေရော။ ချက်ချင်းပဲ ကင်မရာကိုဆွဲထုတ်၊ ပါဝါအမြန်ဖွင့်၊ ကင်မရာခလုတ်ကို ဆက်တိုက်နှိပ်ပစ်လိုက်တယ်။ အနည်းဆုံး ဆယ်ပုံအထက်
တော့ရှိမယ်။
    ကင်မရာရဲ့မော်နီတာစခရင်မှာ ပေါ်လာတဲ့ပုံကို ကြည့်ရတာအားမရနိုင်တော့ဘူး။ ဇနီးသည်ရှာပြီး အိမ်သော့တောင်း၊ နောက်ဆုံးရိုက်လိုက်တဲ့ ဓါတ်ပုံကို
ကွန်ပျူတာမှာထည့်ပြီး ကြည့်လိုက်ချင်ပြီ။ ပုံကကောင်းမှာပါ။ အမှတ်တမဲ့ ရလိုက်တာပေမယ့် အလင်းအမှောင်၊ အနီးအဝေးပြတ်သားပြီး စာလုံးလေးတွေတောင်
ဖတ်လို့ရသွားလိမ့်မယ်ထင်တယ်။

x          x          x          x          x
       လူတစ်ယောက်၊ အရုပ်ပါ တီရှပ်အဖြူအင်္ကျီ၊ ရိုးရာလုံချည်နဲ့ နှင်းဆီနီလေးတွေ ပွေ့ပိုက်ပြီး ကြိုရမယ့်သူကိုမျှော်နေတာ။ မျက်ဝန်းကအရောင်တွေ
 လက်နေတယ်လို့ထင်ရအောင် တောက်ပလွန်းပါတယ်...။  ညောင်းလို့ထင်ပါရဲ့။ လမ်းထိပ်က အုတ်ခုံလေးကိုမှီလို့လေ။   ဘယ်သူဖြစ်မယ်ထင်လဲ။

”ဘဝနေပျော်ခွင့်” (သားသို့ပေးစာ – ၃)

ချစ်သောသားလေး ရဲဝဏ္ဏ ဒီနှစ် ဇန်နဝါရီ (၂၂) ရက်နေ့က ဝါးခယ်မမြို့ကနေ ဇလပ်ထော် မြစ်လက်တက်လေးအတိုင်း ၁နာရီလောက် စက်လှေစီးပြီး သွားရတဲ့ ကျုံတိုင်ဆိုတဲ့ ရွာကလေးမှာ ဖေဖေတို့စာပေဟောပြောပွဲလေး လုပ်ဖြစ်ခဲ့တယ်။
မြစ်ကလေးက ကွေ့ဝိုက်ထားတဲ့ ကျွန်းရွာကလေးပေါ့ သားရယ်၊ လမ်းပန်း အဆက်အသွယ်က ရေလမ်းတစ်ခုသာရှိပြီး သီးခြားရပ်တည်ရရှာတဲ့ ရွာကလေးပေါ့။ ဒါပေမယ့် သားရယ် နောက်ကျကျန်ရစ် မနေရအောင် ရွာကလေးက ကြိုးစားရှာတယ်။
အထက်တန်းကျောင်းခွဲကလေး ရှိတယ်။ အောင်ချက်မြင့်မားရေးအတွက် ဆရာ ဆရာမတွေနဲ့ ရွာရဲ့ အမိအဖတွေက စနစ်တကျ ဝိုင်းဝန်းဆောင်ရွက်နေကြတာကို ဖေဖေတွေ့ခဲ့ရတယ်။
အ.ထ.က ကျောင်းခွဲလေးမှာ နေ့ခင်းပိုင်း ဟောပြောပွဲလုပ်တော့ သားတို့အရွယ်တွေရော၊ သားထက် ကြီးတဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူ ကိုကိုမမ အရွယ်တွေရော မှတ်စုစာအုပ်လေးတွေ ကိုယ်စီနဲ့ တက်ရောက်ကြတယ်။ ခက်ခက်ခဲခဲ ကြိုးပမ်းထားရတဲ့ စာပေဟောပြောပွဲလေးဟာ အပြန်အလှန် စကားတွေနဲ့ စည်ဝေပြီး ပျော်စရာကောင်းလိုက်တာ သားရယ်။
မြို့နဲ့ အလှမ်းကွာ၊ စာအုပ်စာပေ အလွယ်တကူမရနိုင်တဲ့ ရွာကလေးရဲ့ စိတ်အားထက်သန်မှုကြောင့် အထီးကျန်မနေခဲ့ဘူးလို့ ဖေဖေက ပြောခဲ့တာပေါ့ကွယ်။
သားလေး ရဲဝဏ္ဏရေ အဲသည့်နေက ဖေဖေ ပြောခဲ့တဲ့ ခေါင်းစဉ်လေးက ”ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်”တဲ့။



ဘဝဟာ အဓိပ္ပာယ်ရှိစွာရှင်သန်ဖို့လိုတယ်ဆိုတာကို ပြောခဲ့တာပါ။ ဖေဖေပြောခဲ့တာလေးကို သားလေးလည်း သိစေချင်တယ်လေ။ ဒါကြောင့် သားကို ဖေဖေထပ်ပြောပြတာပေါ့။ ဘဝဆိုတာကို ပညာရှင်တွေ၊ ဒဿန ဆရာတွေက
အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ကြတာ သားလေး ကြားဖူး၊ ဖတ်ဖူးမှာပေါ့။ ပြောရရင်အများကြီးပဲ။ သည်ထဲမှာမှ Is life work living? That depends on the liver (ဘဝကနေပျော်ရဲ့လား၊ ဒါ နေသွားတဲ့လူအပေါ် မူတည်တာပဲ)ဆိုတဲ့စကားကို
ဖေဖေသိပ်သဘောကျတယ် သားရယ်။
အတ္တတွေ၊ မာန်မာနတွေ၊ ကိုယ်ချင်းစာတရား ကင်းမဲ့မှုတွေ၊ တာဝန်ကို ရှောင်လွှဲသူတွေ၊ အမျိုးဘာသာ သာသနာကို သေးသိမ်စေသူတွေ၊ မေတ္တာစိတ်ကင်းမဲ့သူတွေ၊ ချစ်ခြင်းတရားမရှိသူတွေ၊ စစ်မက်လိုလားသူတွေ၊ အာဏာငမ်းငမ်းတက် မက်မောသူတွေရဲ့ဘဝဟာ နေပျော်ပါ့မလား။ မထင်ပါဘူးသားရယ်။ စည်းစိမ်ဓနတွေ တနင့်တပိုးကြီးနဲ့ ဆီဦးထောပတ်စားပြီး ဇိမ်နဲ့ နေနေရတယ်လို့ ထင်ရပေမယ့် စောစောက ဖေဖေပြောတဲ့ အညံ့စားတွေကို ပွေ့ပိုက်ထားတာဆိုတော့ စိတ်တစ္ဆေက ခြောက်လှန်ပြီပေါ့သားရယ်။ ကိုယ့်အရိပ်ကိုတောင် ထိတ်လန့်ရတဲ့ အနေအထားပေါ့။ ဒါဆိုရင် နေသွားတဲ့သူအပေါ် မူတည်တာပဲ ဆိုတဲ့စကားအဓိပ္ပာယ်ကို သားလေး သိလောက်ပြီပေါ့။

”တရားမဲ့မှုဆိုတာ မျိုးရိုးမြင့်မြတ်တာတွေ စည်းစိမ်ချမ်းသာတာတွေနဲ့ ဆေးကြော တိုက်ချွတ်သည့်တိုင် ဘယ်တော့မှ မကျွတ်တဲ့ အစွန်းအထင်းတစ်ခုပဲတဲ့။ ဘယ်လိုပဲတိုက်ချွတ် ဆေးကြောပစေ၊ စည်းစိမ်ချမ်းသာမှုတွေနဲ့
ကာကွယ်ရှောင်လွှဲပစေ ဒီအစွန်းအထင်းက လုံးဝမကျွတ်တော့ဘူး။ သေသည်အထိ၊ နောက်သမိုင်း အဆက်ဆက်အထိ မှတ်တမ်းမှတ်ရာတွေ ရှိနေသည်အထိ လုံးဝစွန်းထင်းနေမှာနော်။ ဒါဆိုရင် ဘဝက နေပျော်ပြီလား။ သူရှင်သန်ရတဲ့ ဘဝက အဓိပ္ပာယ်ရှိပါတော့မလား…။ သည်အတွေးလေးတွေကို ဖေဖေ ကျုံတိုင်ရွာ အ.ထ.က ကျောင်းခွဲလေးမှာ ပြောပြခဲ့တယ်။
ကျောင်းသားလေးတွေက သားလေးလိုပဲ ချစ်စရာကောင်းတယ်၊ မှတ်သားကြတယ်။ ရာသီဥတု အလွန်အေးပြီး ပင်ပန်းတဲ့ ခရီးစဉ်ပေမယ့် ဦးဆောင်ခေါ်သွားတဲ့ သူတို့အပေါ် ဖေဖေတို့ တာဝန်ကျေခဲ့တယ်လို့ ထင်ပါတယ်။ ဆရာကြည်မင်းကလည်း ပုသိမ်မြို့တစ်ဖက်ကမ်း တောရွာကလေးကနေ ပါမောက္ခချုပ် တစ်ယောက်ဖြစ်အောင် ရုန်းကန်ကြိုးစားခဲ့ရတာတွေအပြင်-
My name is ဘဲရှုတ်
I live in တဲကုပ်
I have a dog ; it is မဲဒုတ်

It always ဝဲကုတ်
I eat daily ပဲပြုတ်
My sister sells နန်းကြီးသုတ်
I wear အဝတ်စုတ်

We live in တဲကုပ် ဆိုပြီး ပျော်စရာကောင်းတဲ့ ကဗျာလေးနဲ့ အင်္ဂလိပ်စာ သင်ပြသွားသေးတယ် သားရေ။ ဆရာမကြီး ရွှေကူမေနှင်းက လက်ဆင့်ကမ်းအမွေ၊ မျိုးဆက်သစ်တို့အား ကယ်တင်ခြင်းဆိုတဲ့ တရုတ်ပုံပြင်လေးကိုပြောပြသွားခဲ့တယ်။
သားလေးလိုပါပဲကွယ် မျက်ဝန်းလေးတွေ လင်းလက်နေတော့ ရွာကလေးရဲ့အနာဂတ်ကို မြင့်တက်စေမယ့် သူတွေအဖြစ် ဖေဖေက မှတ်ချက်ပေးမိပါတယ်။ ယုံလည်းယုံပါတယ် သားရေ။
ချစ်သောသားလေး ရဲဝဏ္ဏရေ …။ ဘဝမှာ အဓိပ္ပာယ်ရှိစွာ ရှင်သန်ဖို့ နေတတ်ဖို့ လိုတယ်ဆိုတာကို သားလေးနားလည်ပြီနော်။ ဒါ့အပြင် ဝေးလံခေါင်သီတဲ့ ကျေးလက်က ကျောင်းသားလေးတွေမှာ အထီးကျန်မှု မရှိဘူး။ ဦးဆောင်သူတွေရဲ့ မေတ္တာစေတနာကြောင့် အနာဂတ်မမဲ့ဘူး ဆိုတာကို သားလေးခံစား သိရောပေါ့။ ဒါဆိုရင် ဘဝမှာနေပျော်ဖို့ သား ဘာလုပ်မလဲ၊ သားသိပါပြီလေ။ သားအပေါ်မှာပဲ မူတည်နေပြီဆိုတာ။
ချစ်သောသားလေး မေတ္တာတရားနဲ့ ယှဉ်ပြီးဘဝနေပျော်ခွင့်ဖန်တီးနိုင်ပါစေ။

ချစ်သောဖေဖေ
ရဲသျှမ်း
(မျက်ရှု အွန်လိုင်းမဂ္ဂဇင်း)

ပညာတတ်ဆိုတာ


ချစ်သောသားလေး …ရဲဝဏ္ဏ

သားလေး…အခုအတန်းတင်စာမေးပွဲ ဖြေပြီးသွားပြီနော်။ သားလေး ထူးထူးချွန်ချွန် အောင်မြင်ဖို့ ဖေဖေတို့၊ မေမေတို့ သားနဲ့အတူ စာကျက်၊ ကျောင်း၊ ကျူရှင်၊ ဂိုက် ဘာမှ လိုလေသေး မရှိအောင်ကို လုပ်ပေးပြီး ဖေဖေတို့ပါ သားနဲ့အတူ ”မော” ခဲ့ရတာ သားလေး သိပါတယ်။ အဲ့ဒါဘာဖြစ်လို့လဲ သား… တကယ်တော့ ဖေဖေတို့တစ်တွေ သားလေးကို ပညာတတ်တစ်ယောက် ဖြစ်စေချင်တဲ့ ဆန္ဒတွေပေါ့ကွယ်။ သားလေးရေ ပညာတတ်ဆိုတာကို သားလေးသိအောင် ဖေဖေရှင်းပြရတော့မှာပေါ့။

သားရေ.. ပညာတတ်ကို အင်္ဂလိပ်လို Educated  လို့ ယေဘူယျခေါ်ဝေါ်ကြတယ်။ ခေတ်ကာလနဲ့ နည်းပညာတွေ အမြဲပြောင်းလဲနေတာဆိုတော့ ပညာတတ်ဆိုတဲ့ စံနှုန်းတွေလည်း ပြောင်းလဲကုန်တာပေါ့။ Life Style မဂ္ဂဇင်းထဲမှာ ဖေဖေဖတ်ခဲ့တဲ့ ပညာတတ်ဆိုသည်မှာ ဆောင်းပါထဲက မှတ်သားထားတာလေးတွေကို သားသိစေချင်လို့ ဖေဖေပြောပြပါမယ်။

” ငါသိတယ် ..ငါသိတယ်လို့ မိမိကိုယ်မိမိ ထင်နေသ၍ ပညာမဲ့ဖြစ်ပါတယ်။ ပညာရပ်တွေဟာ လေ့လာလို့ မကုန်တော့ဘူး။ ငါဟာသမုဒ္ဒရာရဲ့ တစ်ဖက်စွန်းမှာ ရပ်နေမိပြီလို့ သိတာနက်တစ်ပြိုင်နက် Educated ဖြစ်စပြုပြီ။ ဒါပေမယ့် မပြည့်ဝသေးပါဘူး” ဆိုပြီး ဆရာဝန် တင်မောင်ကြည် ဆိုတဲ့ ဆရာက ပညာတတ်ဆိုတာကို ရှင်းပြသွားတယ်။

ဆရာ ဒေါက်တာ ခင်မောင်ညွန့်ကတော့ ”မဆုံးနိုင်တဲ့ သင်ယူမှုကို လုပ်နေကြရမှာ ဖြစ်ပေမယ့် ပညာရပ် တစ်ခုခုကို အထူးပြုတတ်ကျွမ်းပြီး အတ္တနဲ့ပရ အကျိုးနှစ်ရပ်အတွက် ဆောင်ရွက်နိုင်သူဖြစ်ပါမှ ပညာတတ်ကို ပြောရမှာဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။ အတ္တနဲ့ပရကို သားလေး သိပါတယ်နော်၊ အလွယ်ပြောရရင် ကိုယ်ကျိုးနဲ့ အများအကျိုးကို ဆိုလိုတာပဲသားရေ။

မှတ်ပါဦး သားရယ် ”ပညာပြည့်စုံနေပြီဟု ဆိုကာ ဦးနှောက်ကို တံခါးပိတ်လိုက်လျှင် ပညာတတ် မဟုတ်တော့ပါ။ ပညာတတ်ဆိုသည်မှာ အမြဲ တံခါးဖွင့်ထားရန်အတွက် အရေးကြီးသည်” တဲ့လေ။ သိပ်ကောင်းတဲ့ စကားလေးပါပဲကွယ်၊ သားလေးသေသေချာချာမှတ်၊ ရင်ထဲမှာ စွဲနေအောင်ကို မှတ်ရလိမ့်မယ်။

”ပညာဆိုသည်မှာ ကျီထဲ၊ ရွှေအိုးထဲ ထည့်သိမ်းထားရခြင်း မဟုတ်ပါ။ ရှေးကကဲ့သို့  ပညာရှိဆိုသည်မှာ ဗဟိုရ်စည်လို တီးမှမြည်ရသည်။ အသုံးလိုမှ မေးတဲ့သူရှိမှ ဖြေရသည်ဆိုလျှင် ကိုယ်တတ်ထားသည့်ပညာကို သိမ်းဆည်းထားမည်ဆိုလျှင် ပညာသည်လည်း သိုးသွားလိမ့်မည်၊ ကန်းသွားလိမ်မည် ဖြစ်သည်။ ထို့ကြောင့် ကိုယ်တတ်ထားသည့် ပညာများကို အပြင်ထုတ်ပြီး အကုန် ရောနှောပစ်ရပါမည်။ သို့မှသာ ပညာအသစ်များ မွေးထုတ်နိုင်မည်ဖြစ်သည်” ဆိုတဲ့စကားတွေကိုလည်း သားလေးရင်ထဲရောက်အောင် မှတ်သားလိုက်နာဖို့လိုတယ်။ နောက် ဆရာ ကိုတာ ဆိုတဲ့ အရိုးအထူးကုဆရာဝန်ကြီး ပြောတာက ပီတာဒရပ်ကားရဲ့ The person who has learnt how to learn  ဆိုတဲ့ ပညာတတ်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှင်းပြသွားတာပါ။ ပညာရေးဆိုတာ ကိုယ်အရင် တစ်ခါမှ မလုပ်ဖူးတာကို လုပ်နိုင်တဲ့ အရည်အချင်းပဲတဲ့လေ။

”သာမာန်ထက်ကျော်လွန်သော ပညာကို လေ့လာသင်ယူနှံ့စပ် ရင့်ကျက်သူကို ပညာတတ်လို့ ခေါ်တယ်” ဆိုပြီး အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဦးဘသန်းက ပညာတတ်ဆိုတာကို အရှင်းဆုံးအဓိပ္ပာယ် ဖွင့်ပြခဲ့တယ်။ ရှင်နာဂသိန်ရဲ့ ပညာတတ်အဓိပ္ပာယ် ဖွင့်ဆိုချက်ကလေးကလည်း အဖိုးထိုက်တယ် သားရယ်။ ပညာမှာ ပိုင်းဖြတ်ခြင်း လက္ခဏာနဲ့ ထွန်းလင်းတောက်ပခြင်း လက္ခဏာဆိုပြီး လက္ခဏာနှစ်ရပ်ရှိတယ်။ ဒီတော့ ပညာတတ်ဆိုတာ ပိုင်းဖြတ်နိုင်စွမ်းရှိပြီး လောကလူသားတွေကို ထွန်းလင်းတောက်ပစေရမယ်လို့ ရှင်းပြသွားတယ်လေ။

သားလေး ရဲဝဏ္ဏရေ ဖေဖေသိပ်လေးစားတဲ့ ဆရာ ဖေမြင့် ရှင်းပြတဲ့ ပညာတတ်ဆိုတာကိုလည်း သားလေးသိအောင်ပြောပြရအုံးမယ်။ ဆရာက ပညာတတ်ဆိုသူဟာ ပညာ၊ ဗဟုသုတကြွယ်ဝရမယ်၊ ဥာဏ်အမြော်အမြင်ရှိရမယ်၊ ကိုယ်ကိုယ်တိုင်အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ရပ်ရွာလောကအတွက် ငါဘာလုပ်သင့်တယ်။ ဘာလုပ်ရမယ်ဆိုတာ သူ့ဘာသာ ဆုံးဖြတ်သွားလိမ့်မယ်တဲ့။ အဲ့ဒါမှ မသိရင် ပညာတတ် မဟုတ်ဘူးတဲ့လေ။

သားလေး ရဲဝဏ္ဏရေ … ပါမောက္ခ ဒေါ်ခင်အေးဝင်းက ပညာဆိုတာ ဘယ်တော့မှ ရှာဖွေလို့မဆုံးနိုင်ဘူး။ ပညာတတ်ဆိုတာ ပညာကို တတ်နားလည်အောင် သင်ဖို့ပါ။ အပေါ်ယံလေးတွေ မလုပ်ကြပါနဲ့။ ဘာပညာပဲဖြစ်ဖြစ် အဖိုးတန်တယ်။ ပန်းပု၊ ပန်းရံ၊ လက်သမား စတဲ့ လက်မှုပညာတွေမှာလည်း ကိုယ်တတ်တဲ့ပညာကို သေချာ ကျွမ်းကျင်အောင် လုပ်သင့်တယ်။ တတ်တဲ့ပညာကို ကိုယ့်အတွက်လည်း အကျိုးရှိအောင် အသုံးချသင့်တယ် လို့ ပညာတတ်ဆိုတာကို နားလည်လွယ်အောင် ရှင်းပြသွားခဲ့တယ်။

သားလေးရဲဝဏ္ဏရေ ပညာတတ်နဲ့ပတ်သက်ပြီး ပညာရပ်နယ်ပယ်မှာ ထင်ရှားတဲ့ ”ပညာတတ်” ဆရာ၊ ဆရာမတွေ ရှင်းပြတာကို ဖေဖေက သားကို ထပ်ဆင့်ရှင်းပြလိုက်တာပါပဲ။ သားလေး နားလည်မှာပါနော်။ နားမလည်သေးရင် အကြိမ်ကြိမ်ဖတ်၊ သဘောပေါက်အောင်ဖတ်၊ ရင်ထဲရောက်အောင် ဖတ်၊ ဒါကိုကပဲ ပညာတတ်တစ်ယောက် ရဲ့ ခရီးအစပဲပေါ့…။ ဘွဲ့၊ ဒီဂရီတွေ ရရုံမျှမဟုတ်တဲ့ ပညာရပ်တွေကို တကယ်တတ်မြောက်တဲ့ ”ပညာတတ်”တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ သားလေးကို ဖေဖေယုံကြည်ပါတယ်။

မျှော်လင့်လျက် …
ချစ်သောဖေဖေ

ရဲသျှမ်း

လျှောက်သောလမ်း (သားသို့ ပေးစာ – ၂)


ချစ်သောသားလေး ရဲဝဏ္ဏ



မြန်မာပြက္ခဒိန်ရဲ့ ၁ဝ လမြောက် ကိုသားသိတယ်နော်။ သား စကားတတ်စ အရွယ်ကတည်းက တန်ခူးလ သင်္ကြန်ပွဲ၊ ကဆုန်လ ညောင်ရေသွန်းပွဲဆိုပြီး ၁၂ လ ရာသီပွဲတွေကို ရွတ်ဆိုရင်း မြန်မာလတွေကို သားလေး အလွတ်မှတ်မိသွားတာမဟုတ်လား။ အဲ့သည် လတွေထဲမှာ သားသိတဲ့ ပြာသိုလရဲ့လပြည့်နေ့ကို ဖေဖေတို့ နိုင်ငံမှာ အမေနေ့လို့ သတ်မှတ်ခဲ့တယ်။
အမေနေ့ဆိုတာ ဖြစ်လာဖို့အတွက် ကွယ်လွန်သူ ရုပ်ရှင်ဒါရိုက်တာကြီး၊ စာရေးဆရာကြီး ဘဘဦးသုခ က အဓိက ဦးဆောင်လှုပ်ရှားခဲ့တာပေါ့ သားရယ်။ ” အမေ ..”ဆိုတဲ့ ရင်တွင်းလှိုက်သံကြီးနဲ့ ဘဘ ဦးသုခက အမေရဲ့ ဂုဏ်ကျေးဇူးတွေကို ရွတ်ပြလိုက်တာ မှာ ဖေဖေတို့ နှလုံးသားမှာ နင့်နင့်နဲနဲဖြစ်အောင် ခံစားလိုက်ရတာပါပဲ။ ”အမေဟာ မိန်းမရွှင်ဖြစ်နေပါစေ ကျွန်တော့်အတွက်တော့ အမေဟာ အမေပါပဲ” ဆိုတဲ့ စကားကတော့ ဖေဖေတို့ နားထောင်ရသူတွေရဲ့ နှလုံးသားသွေးထဲကို စီးဝင်သွားစေတာပေါ့ သားရယ်။ မိခင် မေတ္တာတွေကတော့ ပြောလို့မကုန်ဘူးပေါ့သားရယ်။
မဟောသဓာဇာတ်တော်ကြီးမှာ နတ်သမီး ပုစ္ဆာမေးခွန်းဆိုတာ ရှိတယ် သား ။ ထီးချက်စောင့်နတ်သမီးက ဘုရင်မင်းကြီးကို မေးခွန်းထုတ်ခဲ့တဲ့ ပုစ္ဆာ ၄ ပုဒ် ထဲမှာ မေးခွန်း(၁)က … လက်ဖြင့်လည်းကောင်း၊ ခြေဖြင့်လည်းကောင်း ရင်၊ မျက်နှာစသည်တို့၌ ပုတ်ခတ်၏ ထိုသို့ပုတ်ခံရသော သူပင် ပုတ်ခတ်သူကို အလွန်ချစ်မြတ်နိုး၏။ ထိုသူကား ဘယ်သူလဲ ဆိုတဲ့မေးခွန်းပေါ့ …။ မင်းကြီးက မဖြေနိုင်ဘူးလေ သားရဲ့ သူ့ရဲ့သုခမိန် ပုဏ္ဏားကြီးတွေကလည်း တလွဲတွေဖြေနေကြတာပေါ့။ နောက်ဆုံးတော့မဟာပညာရှိ မဟော်သဓာသုခမိန်ကို မေးမြန်တော့မှ အဖြေက သားနဲ့မိခင်တဲ့ …။ ၂ လ ၃ လသားအရွယ် သားကမိခင်ကို ခြေနဲ့ကန်လိုက်၊ လက်နဲ့ပုတ်လိုက်နဲ့ လှုပ်ရှားဆော့ကစားတာကို မိခင်ဖြစ်သူက ကြည်နူးလို့ မဆုံးတာကို ဆိုလိုတာလေ …။ ဒါဟာ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းလိုက်တာပဲပေါ့။
သားလေး ရဲဝဏ္ဏရေ …ရုပ်သံဇာတ်လမ်းတွဲတွေ၊ မြန်မာဗီဒီယိုဇာတ်ကားတွေမှာ ယောက္ခမဆိုတဲ့ နေရာက သရုပ်ဆောင်ရတဲ့ ဇာတ်ပို့ကြီးတွေခမျာ သားမက်၊ ချွေးမလုပ်သူကို အမျိုးမျိုးအနိုင်ကျင့်ပြ၊ မာန်မဲ ဆူပူပြနဲ့ … ဖေဖေတော်တော် စိတ်ပျက်တယ်သား။ မိခင်ဆိုတာကို မေ့ထားကြတယ်။ မိခင်ရဲ့မေတ္တာတွေကို သေးသိမ်အောင်လုပ်ပစ်ကြတယ်။ ယောက္ခမဆိုမှတော့ သားရဲ့အမေ ဒါမှမဟုတ် သမီးရဲ့အမေဖြစ်ပြီပေါ့။ သူဟာမိခင်ပဲလေ …။ ဇာတ်နာအောင်ဖန်တီးကြတာတွေပေါ့။ သားတို့လူငယ်တွေ အမြင်မှား၊ အထင်မှားမှာ စိုးရိမ်လို့ ဖေဖေပြောလိုက်တာပါ။
အမေတွေရဲ့ မေတ္တာကို ပြောရရင်တော့ မြင့်မိုရ်တဲ့၊ အနှိုင်းမဲ့တဲ့ ဟုတ်တာပေါ့သားရယ်။ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်အောင် မြင့်မားကြီးမြတ်လွန်းတာကို။ နောက်ပြီး ထပ်ပြောချင်တာက မိခင်တိုင်းဟာ သူတို့ ရဲ့သားသမီးတွေကို ကမ္ဘာပေါ်မှာ အလှဆုံးလို့ထင်ကြတာသားရဲ့။ ဖေဖေဖတ်ဖူးတဲ့ ခေတ်သစ်ပုံပြင်လေး သားကို ပြောပြရအုံးမယ်။ ဆရာ ဖေလင်းသစ် ရေးတဲ့ ပုံပြင်တွေထဲကတစ်ပုဒ်ပေါ့။ ဆရာ ဖေလင်းသစ်က အင်တာနက်မှာ ဖေါ်ပြထားတဲ့ ကောင်းနိုးရာရာပုံပြင်သစ်လေးတွေကို မော်ဒန်ဂျာနယ်မှာ အပတ်စဉ်ရေးတာလေ…။ အခုပြောမဲ့ပုံပြင်လေးက ကျီးကန်း မေမေတဲ့။
သစ်တောအုပ်တစ်ခုမှာ ကြက်တူရွေး မေမေဟာ သူ့နှုတ်သီး ကောက်ကောက်မှာ အထုပ်တစ်ထုပ် မသယ်ပြီး တောအုပ်ထဲကနေ ခပ်သုတ်သုတ် ပျံသန်းလာသတဲ့။ ပြီးတော့ ကျီးကန်းမေမေရဲ့ နှုတ်သီးမည်းမည်းမှာလည်း အထုပ်တစ်ထုပ်ချီထားသတဲ့။ ”ကျွန်မသားလေး ကျောင်းသွားတာ မနက်က ထမင်းချိုင့် မမီလိုက်လို့ပါ။ ကျွန်မလေ ဒီနေ့ အလုပ်သိပ် များနေလို့ပါ။ သစ်တောအုပ် ကျောင်းကိုသွားမယ့်အတူတူ ကျွန်မကလေးအတွက် ထမင်းထုပ်ယူသွားပေးပါနော်” လို့ ကြက်တူရွေးမေမေက ကျီးကန်းမေမေကိုပြောသတဲ့ …။ ကျီးကန်းမေမေက ”ဖြစ်ပါတယ် ရှင့်ကလေးနာမည်ကို ပြောပါ” ဆိုတော့ ကြက်တူရွေးမေမေက ”မခက်ပါဘူးရှင်၊ တစ်ကျောင်းလုံးမှာ အချောဆုံးငှက်ကလေးဟာ ကျွန်မကလေးပေါ့”လို့ ပြန်ပြောသတဲ့။ ကျီးကန်း မေမေလည်း ကြက်တူရွေးမေမေရဲ့ ထမင်းထုပ်လေးယူသွားပေးပါသတဲ့။ နောက်နေ့ရောက်တော့ ဒေါသထွက်နေတဲ့ ကြက်တူရွေးမေမေဟာ ကျီးကန်းမေမေဆီရောက်လာပြီး ”ရှင် ဘာ့ကြောင့် ကျွန်မကလေးအတွက် နေ့လယ်စာထုပ်ကို မပေးလိုက်ရတာလဲ…ကျွန်မသား ချောချောလေး ခမျာ ဆာလောင်ငိုကျွေးပြီး ကျောင်းကပြန်လာတယ်” လို့လည်း ဆိုရော ကျီးကန်းမေမေက ဖြေရှင်းတယ်။
” ဒီလိုပါရှင် ကျွန်မကျောင်းကို ရောက်တော့ ရှင်ပြောသလို တစ်ကျောင်းလုံးရဲ့ အချောအလှဆုံး ငှက်ကလေးကို လိုက်ရှာပါတယ်။ ကြည့်လိုက်တော့လေ ကျွန်မသား ကျီးကန်းငယ်လေးလောက် ချောမောတဲ့သူ မတွေ့ရဘူးရှင့်။ ဒါကြောင့် နောက်ထပ်ထမင်းထုပ်ကိုလည်း အချောအလှဆုံးဖြစ်တဲ့ ကျွန်မသားလေးကိုပဲ ကျွေးလိုက်တာပေါ့ရှင်” တဲ့လေ။
သားလေး ရဲဝဏ္ဏရေ အမေဆိုတာ သူတို့မျက်လုံးထဲမှာ သူတို့သား၊ သမီးသာ အလှဆုံးလို့ ခံယူထားတာ သားရဲ့။ ဒါကြောင့် သားလေးဟာလဲ သားမေမေအတွက်တော့ ကမ္ဘာကြီးမှာရှိတဲ့ သူတွေအားလုံးထက် ချောမောလှသူပေါ့ကွယ်…။
ကဲ သားလေးရေ အမေဆိုတဲ့ (MOTHER) ကို ဝေါဟာရတီထွင်ခဲ့သူတွေက အဓိပ္ပာယ်ရှိရှိ စီစဉ်ခဲ့တာကွဲ့။ (၁၉၁၅)မှာ Yoward Jhonson ရေးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို ဖေဖေဆီလျော်အောင် ဘာသာပြန်ရှင်းပြမယ်။
M is for the million things she gave me.
အမေဟာ ကျွန်တော့်ကို ကြီးကျယ်မြင့်မြတ်မှုတွေကိုသာပေးခဲ့တယ်။

O means only that she is growing old.
အမေဟာ ကျွန်တော့်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ပေးတယ်။

T is for the tears she shed to save me.
အမေဟာ မျက်ရည်အပြည့်နဲ့ကျွန်တော့်ဘဝ လုံခြုံမှုကိုပေးတယ်။

H is for the heart of purest gold.ံ
အမေ့နှလုံးသားဟာ ရွှေစင်ရွှေသန့်လို အဖိုးထိုက်တယ်။

E is for her eyes with love-light shining.

အမေ့ရဲ့မျက်ဝန်းမှာ ကျွန်တော့်ကိုချစ်တဲ့ ရွှန်းလက်လက်အရောင်တွေနဲ့ တောက်ပနေတယ်။

R means right and right she’ll always be.
အမေဟာ ကျွန်တော့်အတွက် သစ္စာတရားနဲ့ အစဉ်အမြဲရပ်တည်သူဖြစ်တယ်။

ကဲ ဘယ်လောက်လေးနက်သလဲ…အမေတွေရဲ့ နှိုင်းမရတဲ့ မေတ္တာကို သားသိပါတယ်နော်…။ မိခင်ရဲ့ ဂုဏ်ကျေးဇူးကို မမေ့အပ်သော သားသမီးတို့ဟာလဲ မိခင်ရဲ့အေးမြတဲ့ မေတ္တာကြောင့် ဘဝတစ်လျှာက်ပန်းခင်း လမ်းလျှောက်ရသလို ဖြစ်တော့မှာပေါ့။
ချစ်သောသားလေး ရဲဝဏ္ဏ မိခင်ရဲ့မေတ္တာဖြင့် ခင်းထားသော ပန်းခင်းလမ်းမှာ ထာဝရ လျှောက်လှမ်းနိုင်ပါစေ။


ချစ်သောဖေဖေ
ရဲသျှမ်း

ဖူးတံဝင့်လို့ချီ ရေးသူဖတ်သူဆွေးနွေးပွဲ


စာပေလောက (၅) မှာ ရဲသျှမ်းရဲ့ ဖူးတံဝင့်လို့ချီ စာအုပ်မိတ်ဆက်ပွဲနှင့်ရေးသူဖတ်သူဆွေးနွေးပွဲကို ၂၀၁၂ခုနှစ် မတ်လ ၃ ရက်နေ့ မှာ ကျင်းပပြုလုပ်မှာဖြစ်တာမို့ ရဲသျှမ်းရဲ့ပရိသတ်ကြီးကို ဖိတ်မန္တကပြုအပ်ပါတယ်။

ကောင်းကျိုးကိုယ်၌ တည်စေမင်း (သားသို့ ပေးစာ – ၁)

ချစ်သောသားလေး …ရဲဝဏ္ဏ



သားတို့အရွယ် လူငယ်လေးတွေကို လိမ်မာယဉ်ကျေး အသိပညာတိုးတက်စေဖို့ လူကြီးသူမ၊ ဆရာ၊ ဆရာမတွေက ပုံပြင်လေးတွေ၊ ဆုံးမစာလေးတွေကို ပြောပြပြီး သားတို့ရဲ့ နုနယ်လှတဲ့ နှလုံးသာလေးကို ကြည်လင်သန့်ရှင်းစေတယ် ဆိုတာ သားလေးကို ဖေဖေ ရှင်းပြထားတာမို့ သားလေး နားလည်ခံယူတတ်နေပြီနော်။ သားလေးရေ … ဖေဖေတို့ ငယ်ငယ်တုန်းကတော့ ကျောင်းမှာ ပြည်သူ့နီတိဆိုတာ သင်ရတယ်… သားရဲ့။ ဖေဖေတို့တစ်တွေ ပြည်သူ့နီတိ စာသင်ချိန်ရောက်ရင် သိပ်ပျော်ခဲ့တာပဲ။ အဲ့သည်တုန်းက ဖေဖေတို့ကို ပြည်သူ့နီတိ သင်ပေးခဲ့တဲ့ ဆရာမက လောကသာရပျို့ကို အလွတ်ရတယ်။ ဆရာမ ရွတ်ပြတိုင်ပေးတာကို ဖေဖေတို့က လိုက်ဆို၊ နောက်တော့ အလွတ်ရသွားတော့တာပေါ့။ ပျို့တစ်ပိုဒ်ခြင်းကို အဓိပ္ပာယ် ဖွင့်ပြရှင်းပြ၊ ဥပမာလေးတွေ ပေးပေးပြီး ပြောပြတာဆိုတော့ မှတ်သားရ လွယ်တာပေါ့ သားရယ်။



ပျို့ဆိုတာဘာလဲဆိုတာ သားကို ရှင်းပြရဦးမယ်။ ပျို့ဆိုတာ ကဗျာ၊ လင်္ကာတွေ အများကြီးထဲက ကဗျာပုံသဏ္ဌန် တစ်ခုဖြစ်တဲ့ လေးလုံးစပ် လင်္ကာရှည်ကြီးပေါ့။ ပိုဒ်ရေအများကြီး ပါတာပေါ့ကွယ်။ အဲ့သည် လောကသာရ ပျို့ကို မြန်မာသက္ကရာဇ် ၈၄၂ ခုနှစ်မှာ ကန်တော်မင်းကျောင်း ဆရာတော်က ရေးသားခဲ့တာလေ။ အခု ၁၃၇၃ ခုနှစ်ဆိုတော့ ၅၃၁ နှစ်တောင် ကြာခဲ့ပြီပေါ့။ ဒါပေမယ့် သားရယ် အခုချိန်ထိ လူသားတွေ လိုက်နာကျင့်သုံးရမယ့် ဆုံးမစကားတွေက မပြယ်သေးပါဘူး။ နောင်လည်း အရှည်တည်တန့် နေဦးမှာပါပဲ။



သားလေး ရဲဝဏ္ဏရေ … ကန်တော်မင်းကျောင်း ဆရာတော်ဆိုတာ ဆရာတော်ရဲ့ မွေးရာဇာတိ ရွာကလေးဖြစ်တဲ့ ကန်တော်ရွာအနီးက ဘုရင်(မင်း) ဆောက်လှူထားတဲ့ ကျောင်းမှာ ဆရာတော် သီတင်သုံးခဲ့တာကို အစွဲပြုပြီး ခေါ်ခဲ့တာလေ။ ကန်တော်ရွာက မြင်းမူမြို့နယ်ထဲမှာ ရှိတယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့ပေါ့။ စစ်ကိုင်းတိုင်းဆိုတာ သားသင်ရတဲ့ ပထ၀ီဝင်ထဲက မြေပုံထဲမှာ အကြီးဆုံးတိုင်းကြီးပေါ့ သားရယ်။



သားရေ … အဲ့သည် ကန်တော်မင်းကျောင်း ဆရာတော်ကြီးရေးတဲ့ လောကသာရပျို့မှာ အမျိုး ၄ ပါးကို ဆုံးမတဲ့စကားတွေ ပါဝင်တယ်။ အမျိုး ၄ ပါးဆိုတာကို သားသိမယ် မထင်ဘူး။ ဖေဖေရှင်းပြမယ်။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်ကို ခတ္တိယ၊ ပုဏ္ဏားတွေကို ဗြဟ္မဏ၊ ကုန်သည်တွေကို ဝေဿ၊ ပြည်သူတွေကို သုဒ္ဒလို့ ခေါ်တယ်။ အဲ့သည် ပျို့ကြီးမှာ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို ဆုံးမတဲ့စကား၊ ပုဏ္ဏားကို ဆုံးမတဲ့ စကားတွေကိုပါ ထည့်သွင်း ရေးဖွဲ့ထားတာကြောင့် ပိုပြီးထင်ရှားခဲ့တာပေါ့။ ပုဏ္ဏားက ဘယ်လို ပါလာတာလဲလို့ သားကမေးဦးမယ်။ ပုဏ္ဏားဆိုတာက ပုရောဟိတ်တွေကို ခေါ်တာ။ တိုင်းပြည်အုပ်ချုပ်တဲ့ မင်းကို အကြံဥာဏ်တွေ ပေးရတဲ့သူ။ တနည်းပြောရရင် မင်းဆရာ ဆိုပါတော့ကွယ်။ ရှေးခေတ် ဆရာတော်ကြီးတွေက တိုင်းသူပြည်သားတင် မကဘူး။ အုပ်ချုပ်တဲ့မင်း၊ မင်းဆရာတွေကိုတောင် ဆုံးမစကားတွေ ပြောခဲ့တယ်။ မင်းတွေ၊ မင်းဆရာတွေကလည်း ဆရာတော်ကြီးတွေရဲ့ ဆုံးမစကားကို လိုက်နာကြတယ်။ မငြင်းပယ်ဝံ့ဘူး။ ဘာသာတရား ကိုင်းရှိုင်းမှုနဲ့ ဆရာတော်ကြီးတွေရဲ့ သမာဓိ၊ သိက္ခာ၊ ပညာဂုဏ်တို့ကို လေးစား ကြည်ညိုတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။



သားလေး ရဲဝဏ္ဏရေ… လောကရဲ့ အနှစ်သာရတွေကို ပျို့လင်္ကာအဖြစ် ရေးဖွဲ့ထားတာမို့ လောကသာရပျို့လို့ ခေါ်တာ။ ပျို့လင်္ကာကြီးရဲ့ ပထမပိုင်းထဲက ပုဒ်ရင်း ၆ ကို ဖေဖေ ရွတ်ပြမယ်နော်။ သားလေး သေသေချာချာနားထောင်။



ပညာမျက်စိ၊ မြင်မရှိ၍

မသိတရား၊ အယူမှားလျှက်

စီးပွားမမျှော်၊ ကျိုးမပေါ်သား

သူတော်မဟုတ်၊ ယုတ်သည့်စရိုက်

လူသူမိုက်ကို၊ မကြိုက်မချစ်

ရန်သူစစ်သို့၊ မနှစ်သက်ဘဲ

ဝေးခွာရှဲ၍

အမြဲခွာရှင်း ဖဲကြဉ်မင်း။ ။



ပညာဆိုတာဘာလဲ…ခွဲခြားသိမြင်နိုင်တဲ့ အရာလို့ ဖေဖေ သားကို “ပညာရဲ့ဝတ်ရုံ” မှာ ရှင်းပြခဲ့ပြီးပြီ။ အရာရာအားလုံးကို မြင်နိုင်စွမ်းတဲ့ မျက်စိရဲ့ အရည်အချင်းကို ပညာနဲ့ ထပ်တူပြုပြီး ပညာမျက်စိလို့ ဆရာတော်က ရူပကအလင်္ကာကို သုံးပြခဲ့တယ်။ ပညာမဲ့ရင် အတွေးအခေါ် အယူအဆတွေ မှားမယ်။ စီးပွားရှာရာမှာ နုံချာညံ့ဖျင်းမယ်။ သူတော်ကောင်းတရားတွေ ပပျောက်မယ်။ ယုတ်ညံ့တဲ့ အတွေးစရိုက်တွေ ရောက်လာမယ်လို့ ဆိုလိုတာပဲ။ အဲ့သည်လို ပညာမဲ့သူတွေကို ရန်သူလို သဘောထားပြီး အမြဲတမ်း ဝေးသထက် ဝေးအောင် ရှောင်ကြဉ်ရမှာပေါ့။



ကဲ ရှေးစာဆိုကြီးဖြစ်တဲ့ ကန်တော်မင်းကျောင်း ဆရာတော်ရဲ့ ပျို့လင်္ကာက ဘယ်လောက် ရှင်းလင်းပြတ်သားပြီး လောကလူ့ရွာအတွက် ဘယ်လိုအကျိုးရှိတယ် ဆိုတာကို သားလေးသိပြီနော်။ ဒါဆိုရင် လောကသာရပျို့ကြီးကို သားလေး ဆုံးခန်းတိုင်အောင်ဖတ်။ အပိုဒ်တိုင်းရဲ့ အဆုံးချဖြစ်တဲ့



ကောင်းတေနှလုံး ယဉ်စေမင်း။

အမြဲခွာရှင်း ဖဲကြဉ်မင်း။

မျက်မာန်မပြင်း ကောင်းစေမင်း။

ပညာထိန်း၍ မိန်းစေမင်း။

ဆည်းပူးသိမြင် ကျယ်စေမင်း။ စတဲ့ တိုက်တွန်းဆုံးမ စကားလေးတွေကို အမြဲအမှတ်ရ ကျင့်ကြံ ကြိုးစားရမှာပေါ့။ သည်အခါမှာ သားလေးရဲ့ ခန္ဓာ၊ နှလုံးအိမ် နေရာအားလုံးမှာ ဆရာတော်ကြီးရဲ့ ဆုံးမစကားတွေ ရောက်ရှိသွားလိမ့်မယ်လို့ ဖေဖေယုံတယ်။



ကောင်းကျိုးကိုယ်၌ တည်စေမင်းလို့ ဆရာတော်ကြီးရဲ့ အလင်္ကာနဲ့ သားအတွက် ဖေဖေဆုတောင်း ပေးလိုက်တယ်။



တတ်သိလိမ္မာ ယဉ်ကျေးပြီး လောကရဲ့ အနှစ်သာရတွေကို ခံစားရယူနိုင်ပါစေ။

သားရဲ့ ချစ်သော ဖေဖေ

ရဲသျှမ်း

စာညွှန်း။ သုခမှတ်စု၊ မြန်မာ့ရိုးရာဆုံးမစာ(ဒေါ်နုကြည်/မဟာဝိဇ္ဇာ)

ရဲသျှမ်း
မျက်ရှုအွန်လိုင်းမဂ္ဂဇင်း