ကျွန်တော်အချိန်သူခိုး


အဒိန္နာဒါနမှုသည် ဥစ္စာရှင်များကို အဆက်ဆက်နာလန် မထူနိုင်အောင် ဖိစီးနှိပ်စက်သော အမှုကြီးပေတည်း။ ထိုအဒိန္နာဒါနမှ ရှောင်ကျဉ်၍ အဒိန္နာဒါနဝိရတိ သီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ရတော့မည်မဟုတ်သဖြင့် အဒိန္နာဒါန ဝိရတိသီလသည် ကမ္ဘာသူ၊ ကမ္ဘာသားများကို ဆင်းရဲ ဒုက္ခမှ မုချလွတ်လပ်ခွင့်ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သီလပေတည်း။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓရုံဆရာတော်)
ကျွန်တော်ဖြတ်သန်းခဲ့သော နှစ်ကာလများမှာ မီးရထား ရုံပိုင်ဘဝနှင့် ရထားအစင်းပေါင်း မြောက်များစွာကို လက်ခံစေလွှတ်ခဲ့ဖူးပါသည်။ အချိန်နှင့်ပတ်သက်၍ အတိုး၊ အလျှော့လုပ်ခဲ့တာကို ပြန်သတိရသည်။ ကျွန်တော့်ဘူတာကို ရောက်ရှိရပ်တန့် ဆက်လက် ထွက်ခွာမည့် ရထား၏ကုန်တင်တွဲမှာ ပါဆယ်ပစ္စည်း တင်သည့်အခါ ရထားရောက်ချိန်နှင့် ထွက်ချိန်ကို အတိုးအလျှော့လုပ်ပြီး ရထားကြီးကြပ်ရေးရုံးသို့ မမှန်မကန် သတင်းပို့ပါသည်။
ရထားဆိုက်ရောက်ချိန် ၉ နာရီ ၁၅ မိနစ်ကို ၉ နာရီ ၂၀ မိနစ်ဟု တိုးပြောပြီး၊ ရထားအမှန်တကယ်ထွက်ခွာချိန် ၉ နာရီ ၃၀မိနစ်ကို ၉နာရီ ၂၅ မိနစ်ဟုလျှော့ပြောကာ အဝင် ၅ မိနစ်၊ အထွက် ၅ မိနစ် ၁၀ မိနစ်တိတိ အချိန်ခိုးယူလိုက်ပါသည်။ ကျွန်တော့်ဘူတာ ကုန်တင်ရန်သတ်မှတ်ချိန်က ၅ မိနစ်သာရှိပါသည်။ မလောက်ငပါ။ ပါဆယ်ပစ္စည်း အကုန်တင်နိုင်ဖို့က ၁၅ မိနစ်ခန့်ရမှသာ အဆင်ပြေပါမည်။ သည့်အတွက် ကျွန်တော် အချိန်ခိုးလိုက်ခြင်းဖြစ်ပါသည်။
ပါဆယ်ပစ္စည်းများများတင်ရခြင်းဖြင့် ဘူတာဝင်ငွေကောင်းသလို ဝန်ထမ်းများလည်း စိုစိုပြည်ပြည်ရှိသည်မို့ သတ်မှတ်ချိန်ထက်ပိုသောအချိန်ကို စိတ်လက်ပေါ့ပါးစွာပဲ ကျွန်တော်နှင့်အတူ စက်ခေါင်းမောင်း၊ ရထားထိန်းတို့ကပါ ပူးတွဲအချိန်ခိုးယူကြပါသည်။ ခေတ်မီနိုင်ငံများမှာလို ဘူတာတွေကို ရထားဖြတ်သန်း၊ ရပ်တန့်၊ ထွက်ခွာ စသည့် သံလမ်းပေါ်က အခြေအနေကို ကွန်ပျူတာနှင့် ဖမ်းယူမကြည့်နိုင်သေးသော်လည်း ရထားကြီးကြပ်ရေးရုံးရှိ Chart တွင် မင်နီ၊ မင်ပြာ၊ မင်စိမ်းတို့ဖြင့် အချိန်နှင့်တစ်ပြေးညီ မှတ်တမ်းတင်နေသည်မို့ ကျွန်တော်တို့ အချိန်ခိုးခြင်းကို ရထားကြီးကြပ်ရေးအုပ်က ထင်းထင်းလင်းလင်းသိနေပါသည်။ သည့်အတွက် ကျွန်တော်တို့က ဥပေက္ခာမပြုတတ်ပါ။ ဤသို့ဖြင့် ကျွန်တော်တို့ အချိန်တွေကို ပျော်ပျော်ကြီးခိုးယူခဲ့ဖူးပါသည်။
ကျွန်တော်တို့ခိုးခဲ့တဲ့အချိန်တွေကြောင့် ဘယ်သူတွေထိခိုက်နစ်နာသွားသလဲ ကျွန်တော် တစ်ကြိမ်တစ်ခါမျှ မစဉ်းစားခဲ့ပါ။ ယခု ကျွန်တော် တွေးဆစဉ်းစားမိတော့ လိပ်ပြာလွင့်မတက် တုန်လှုပ်သွားပါသည်။ ရထားစီးခရီးသည်တွေ ရထားတစ်စင်းမှာ ပျမ်းမျှအနည်းဆုံး ၆၀၀ ကျော်တော့ရှိပါလိမ့်မည်။ ကျွန်တော့်ဘူတာမှာတင် ၁၀ မိနစ်ခိုးယူလိုက်ပြီမို့ ခရီသည်ပေါင်း ၆၀၀ ကျော်၏ မိနစ်ပေါင်း ၆၀၀၀ ကျော်၊ နာရီပေါင်း ၁၀၀ ကျော်ကို ကျွန်တော်မဆင်မခြင် ခိုးယူခဲ့တာပါပဲ။
ကျွန်တော်သည် သူ့ဥစ္စာကိုခိုး၍၊ တိုက်၍၊ လုယက်၍ယူငင်ဖူးသူမဟုတ်သောကြောင့် ကိုယ့်ကိုယ်ကိုယ် အဒိန္နာဒါန သီလစင်ကြယ်သူဟု ထင်ယောင်မှားခဲ့ခြင်းသည် ယခုအခါ တက်တက်စင်အောင် လွဲပေရော့မည်။
***************
Procrastination is the thief of time
“နှောင့်နှေး၊ ဖင့်လေး၊ တုန့်ဆွဲ၊ ရွှေ့ဆိုင်းခြင်းတို့သည် အချိန်ကိုခိုးခြင်းမည်၏”ဆိုသည့် စာသားလေးကို ကျွန်တော်ဖတ်ခဲ့၊ မှတ်သားခဲ့သော်ငြား ကျင့်ကြံနိုင်ခြင်းမရှိခဲ့ဘဲ ကိုယ့်ကိုယ်ကိုယ် သနား၊ ညှာတာ၊ စောသေးလို့၊ ပူအိုက်လို့၊ ချမ်းလို့၊ မိုးရွာလို့၊ ဆူညံလို့၊ မီးပျက်လို့၊ ဗိုက်ဆာလို့၊ ဗိုက်ပြည့်လို့၊ အိပ်ရေးပျက်လို့၊ ပိုက်ဆံမရှိလို့ စသည်ဖြင့် နှစ်ကာလ များစွာကို ပေါ့ရှပ်ရှပ်ဖြတ်သန်းပြီး အချိန်တို့ကို ဆုံးရှုံးစေခဲ့ဖူးပါသည်။
ခိုးခြင်းနှင့်ဖြုန်းခြင်းကို ယှဉ်တွဲ၍အဓိပ္ပာယ်ဖွင့်ကြည့်ပါသည်။ “ခိုးခြင်းက ကိုယ့်အတွက်ရယူတာ၊ ဖြုန်းခြင်းက အကျိုးမရှိသုံးစွဲပစ်တာ”
သည်လိုဆိုတော့ ကိုယ့်မှာရှိတဲ့အချိန်တွေကို အကျိုးမရှိဖြစ်စေတာဟာ ဖြုန်းတာပဲလေ၊ ခိုးတာမှမဟုတ်တာ။ ခိုးတာမဟုတ်လျှင်တော့ အဒိန္နာဒါနကံမကျူးလွန်ဘူးပေါ့။ ကျွန်တော်ဖွဖွလေးတွေးပြီး ကိုယ့်ဘက်ကိုယ်ယက် ကြည့်တော့ တော်တော်လေးကို ပျော်သွားပါသည်။ ကိုယ့်ကိုယ်ပိုင်အချိန်တွေကို ဖြုန်းပစ်တာ ဘာဖြစ်သေးလဲ၊ ဘယ်သူ့ထိခိုက်မှာမို့လဲ။
ကျွန်တော် White Lie ဆိုတဲ့ ဝေါဟာရသစ်ကို ကြားခဲ့ဖူးပါသည်။ မုသားချိုချိုဟု မြန်မာလိုအဓိပ္ပာယ်လှလှလေး ဖွင့်ကြပါသည်။ ကိုယ်က လိမ်ညာပြောဆိုသော မုသားစကားသည် တစ်ဖက်ကြားရသူအဖို့ စိတ်လက်ချမ်းမြေ့စေခြင်းကို ဆိုလိုသည်ဟု ကျွန်တော် နားလည်ထားပါသည်။ ရက်ပိုင်း လပိုင်းမျှသာ အသက်ရှင်ခွင့်ရှိသော လူမမား၏ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မိဘ၊ ဆွေမျိုး စသည့် လူနာရှင်အား…
“အိမ်မှာ သက်သောင့်သက်သာနဲ့ထားပြီး မိသားစုဝင်တွေ ယုယုယယပြုစုပေးပါ၊ လူနာမှာ ဒါလိုအပ်နေတယ်။ ဆန္ဒရှိတဲ့အစားအစာလေးတွေလည်း ကျွေးပါနော်” စသည်ဖြင့် ပြောဆိုခြင်းသည်။ White Lie ဟု နားလည်မိပါသည်။
သည်လိုဆိုလျှင် White Thief ကောရှိပါသလား။ ကျွန်တော် ရှာရှာဖွေဖွေ တွေးကြည့်ပါ သည်။ ဘောလုံးပွဲတစ်ပွဲမှာ နိုင်နေသောအသင်းက ပွဲပြီးဆုံးခါနီး ဖြည့်စွက်အချိန်မှာ ဘောလုံးကို ဘေးလိုင်းဆီဆွဲပြေး၊ တစ်ဖက်အသင်းအား လုယူမရအောင် နှစ်ယောက်၊ သုံးယောက် ခန္ဓာကိုယ်ဖြင့်ကာထား၊ လက်ပစ်ဘော၊ ဂိုးအောက်ဘောဖြစ်အောင်လုပ်၊ ဘောလုံးကို စိမ်ပြေနပြေကောက်ယူ၊ ဂိုးသမားကလည်း တော်တော်နဲ့ကန်မတင်၊ အနိုင်အတွက်ရနိုင်သောနည်းလမ်းစုံဖြင့် အချိန်ခိုးယူခြင်းသည် White Thief ဖြစ်နိုင်ပါ့မလား။ ဒိုင်လူကြီး လက်မခံပါ။ အဝါကတ်ပြသတိပေးပါသည်။ ရှုံးနိမ့်သောအသင်းပရိသတ်၏ အော်ဟစ်လှောင်ပြောင်ခြင်းကို ခံရပါတော့သည်။ သည်တော့ White Thief ဆိုတာ လုံးဝရှိလိမ့်မည်မထင်ပါ။
အချိန်ဖြုန်းတာနှင့် အချိန်ခိုးတာကို ခွဲခြမ်းပြီး ကိုယ့်ဘက်ကိုယ်ယက်ခဲ့သော ကျွန်တော့်အပျော်က တာရှည်မခံတော့။ ဆပ်ပြာပူဖောင်းလေးကို ဖျက်ခနဲမှာပဲ ကွဲထွက်သွားပါသည်။ ကျွန်တော်ဖြုန်းပစ်လိုက်သည့် အချိန်တွေကြောင့် ကျွန်တော်နှင့်ဆက်နွှယ်နေသော မိသားစုတွေ၊ ဆရာတွေ၊ တပည့်တွေ၊ လုပ်ငန်းတာဝန်တွေ၊ မိတ်ဆွေတွေရဲ့ ခံစားခွင့်တွေ ဆုံးရှုံးမှုရှိခဲ့ပါလိမ့်မည်။ ဘယ်သူမှမသိလိုက်တဲ့ ကိုယ့်ကိုယ်ကိုယ် ခိုးမှုကနေ စဉ်ထွက်လာတဲ့ ဆုံးရှုံးမှုတွေပဲဖြစ်ပါသည်။
ကျွန်တော်နှင့်ဆက်နွှယ်သူတို့သည် ကျွန်တော်၏ ဖင့်လေးမှု၊ အချိန်ဆွဲမှုတို့ကြောင့် ဖြစ်တန်စွမ်း၏အထွတ်အထိပ်ကို မရောက်ရှိဘဲ လမ်းခုလတ်တွင် ရပ်တန့်လိုက်ရခြင်းမျိုး ရှိခဲ့သည်ဆိုလျှင်တော့ ဆုံးရှုံးမှုတရားခံသည် ကျွန်တော်မှတစ်ပါး အခြားမရှိပြီ။ သည်သို့ဆိုလျှင် ကျွန်တော်သည် အချိန်တွေကို ဖြုန်းသူသက်သက်မဟုတ်တော့။ တစ်ပါးသူ ရပိုင်သော မျှော်လင့်ချက်။ ရည်မှန်းချက်တို့ကို ခိုးယူသူဖြစ်တော့မည်။
ညဥ့်သန်းခေါင်အမှောင်ရိပ်မှာ တိတ်တဆိတ်ချွတ်နင်းမျက်နှာဖုံးစွပ်၊ ပဝါစည်းတာမှ သူခိုးမဟုတ်။ ခိုးတာကို ခိုးတာလို့မသိ။ တစ်နည်း အကုသိုလ်မှန်း၊ ကုသိုလ်မှန်း ခွဲခြားမသိနိုင်တဲ့ အနုသယမောဟခေါ်သည့် အကြမ်းစား မောဟကြီးသူဟာ လူမိုက်၊ လူမည်း၊ လူမှောင်၊ လူပြိန်း၊ လူအ၊ လူန၊ လူတိုင်း၊ လူမှိုင်း၊ လူပျင်း၊ လူဖျင်းဟု သတ်မှတ်သည်ဆိုတော့ ကိုယ့်ပယောဂဖြင့် တစ်ပါးသူ၏ အချိန်တွေကို ဆုံးရှုံးလေလွင့်စေခဲ့ဖူးသူ ကျွန်တော်သည် “အနုသယမောဟကြီးသူ ဖြစ်မှန်း မသိ ဖြစ်နေပါပကော”
ကျွန်တော့်မှာ အပြေးအလွှားစဉ်းစားရုံမျှနှင့်ပင် တစ်ခုပြီးတစ်ခု ပေါ်လာသည်ဆိုတော့ တစိမ့်စိမ့်တွေးမိလျှင်တော့ စီကာစဉ်ကာနှင့် အတောမသတ်အောင်ရှိတော့မည်။
ဆရာသိုက်ထွန်းသက်၏ ကဗျာလေးတစ်ပိုဒ်ကို သတိရပါသည်။
“နာရီ…
နာရီသည် ခြေလှမ်းသွက်
တုံ့နှေးတွေဝေ အိပ်မမက်
နာရီကို ငါတို့ရှက်”
နာရီလက်တံများကတော့ တရွေ့ရွေ့နေပါမည်။ စက္ကန့်၊ မိနစ်၊ နာရီ လက်တံတို့က စွက်ဖက်မှုမပါဘဲ ရပ်တန့်လိမ့်မည် မဟုတ်ပါ။ နာရီတစ်လုံးကို ရပ်တန့်စေဦးတော့ နောက်ထပ်၊ နောက်ထပ် နာရီပေါင်းများစွာ ကျန်ရှိနေပါဦးမည်။ ရပ်တန့်ဖို့ငှာ မစွမ်းသာ။ ဘယ်သူက တားဆီးနိုင်မှာမို့လဲ။ အချိန်ယန္တရားကြီးကို ဘယ်သူက ချုပ်ကိုင်နိုင်မှာလဲ။
နာရီလက်တံတို့ကတော့ ခြေလှမ်းသွက်သွက်ဖြင့် တစ်ပတ်ပြီးတစ်ပတ် လည်နေပါလိမ့်မည်။ တွေဝေခြင်းအလျဉ်းမရှိပြီ။ အိပ်မက်တို့ဖြင့် ထွေပြားနေမည်မဟုတ်။ နာရီကို ကျွန်တော်တို့ရှက်ရပါတော့မည်။
***************
ကျေကျေနပ်နပ် မပေးအပ်သော သူတစ်ပါး၏ သက်ရှိပစ္စည်းကို ခိုးဝှက်ယူခြင်း၊ ဓားပြတိုက်၍ယူခြင်း၊ အာဏာဖြင့်ရယူခြင်း စသည်ဖြင့် အဒိန္နာဒါနကို လူ့ဘဝ၌ ပြုခဲ့သူသည် သေသောအခါ ငရဲ၌ဖြစ်ရတတ်၏။
အရှင်ဇနကာဘိဝံသ (မဟာဂန္ဓရုံဆရာတော်)
အို…ကျွန်တော်သေလွန်ပြီးသော် ငရဲဘုံသို့ ရောက်မှာလေလား။
***
ရဲသျှမ်း
(ဆရာချစ်ဦးညို၏ “အဒိန္နာဒါန” (သင့်ဘဝမဂ္ဂဇင်း)ကို ခံစားပြီး တွေး/ရေးပါသည်)

1 comment:

  1. အချိန်သူခိုးနဲ့ ဆရာ ရွှေအမြုတေစာပေဆုရတာ ထိုက်တန်ပါတယ်
    ကျွန်တော့်အချိန်တွေ အခိုးခံရပြီးတာ နှမြောစရာ

    ReplyDelete