ကျွန်တော်တို့  ငယ်ငယ်က အဖေ့အရိုက်ခံရတာလေးကို ပြောချင်ပါသည်။ ဒီတုန်းက ကျွန်တော ၁၀နှစ်  မပြည့်တတ်သေးပါ။ ညီမလေး မဂျူး၊ မစူးတို့က ၈နှစ် နှင့် ၆နှစ်  လောက်စီရှိမည်။. မောင်နှမ ၃ ယောက်လုံး အရိုက်ခံရတာကတော့ မှတ်မှတ်ရရပါပဲလေ။ 
             ကျွန်တော်တို့အဖေက ရေဒီယိုဖွင့်တာ သိပ်ကျွမ်းကျင်သည်။ ဒီလိုဆိုတော့  ကိုယ့်အဖေကိုယ် ဂုဏ်ယူလွန်းရာ ကျနေမလားမသိ။ ကျွန်တော်ကတော့ အခုအချိန်ထိ  အဖေ့လို ရေဒီယိုလိုင်းပေါင်းစုံဖွင့် တတ်သူကို မကြုံသေးပါ။ အဖေမို့  ရေဒီယိုဖွင့်ပြီဆိုလျှင် ဘယ်အချိန်ဖြစ်ဖြစ် စိတ်ဝင်စားစရာ  လိုင်းတစ်လိုင်းကတော့ မိနေတတ်တာပါပဲ။ မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ကုလား  လိုင်းစုံ အသံစုံဖွင့်တတ်သည်။ အဲဒီနေ့က မနက် ၆ နာရီခွဲလာသည့်  ရေဒီယိုလိုင်းကို အဖေဖွင့်ပြီးနားထောင် နေသည်။ လျှပ်စစ်မီးနှင့် ဖွင့်ရသည့်  အဖေ့ ရှေးရေဒီယိုကြီးက ဘီရိုလေးပေါ်မှာ စနစ်တကျ တခမ်းတနား။ အဖေက  အမေကိုယ်တိုင် ဖျော်သည့် လက်ဖက်ရည်ကျဆိမ့်ဆိမ့်ကို အရသာခံသောက်ရင်း  ရေဒီယိုကို နားစွင့်နေသည်။ နောက်တော့ အဲ့ဒီလိုင်းပြီးသွား၍  အပိတ်တီးလုံးလာတော့ အဖေလက်ဖက်ရည်စားပွဲမှ ထသည်။ သည်မှာတင်ပဲ ……
             စားပွဲပေါ်က နံပြားထောပတ်သုတ်ကို ကျွန်တော်တို့ မောင်နှမ သုံးယောက်  မတိုင်ပင်လိုက်ရဘဲ လုစားကြသည်။ ရုတ်တရက် ၀ုန်းဒိုင်းကြဲသွားတော့ အဖေက  ရေဒီယိုလိုင်းညှိနေရာမှ လှည့်ကြည့်သည်။ ကျွန်တော်တို့ မောင်နှမကတော့  နံပြညးထောပတ်သုတ်ကို အလုအယက်….။
            “ဟာ… မင်းတို့ ဘယ်လိုဖြစ်နေကြတာတုန်း …. လာစမ်း .. လာစမ်း….. လက်ပိုက်ပြီးလာခဲ့စမ်း”
             ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ ထောပတ်ဆီတွေ၊  သကြားမှုန့်တွေနဲ့ လက်က ပေညစ်နေပြီ၊ တစ်ဖြည်းဖြည်းနှင့် အဖေ့ဆီတိုးသွားတော့  ……..
            “အဖေစားပြီးတာ၊ မပြီးတာမသိ ………. မင်းတို့ မောင်နှမတွေ မုန့်လုစားတာ မရှက်ကြဘူးလား”
            ကျွန်တော်တို့ ၃ ယောက် ခေါင်းကိုသာ တွင်တွင်ငုံ့နေသည်။
            “ မင်းတို့ ဘာမှမစားရသေးဘူးလား”
            “စားပြီးပြီအဖေ အမေက ထမင်းကြော်နဲ့ ကော်ဖီနဲ့”
            “သမီးလည်းစားပြီးပြီ” ညီမလေးနှစ်ယောက်က ပြိုင်တူဖြေသည်။
            “သားတို့သမီးတို့ ထမင်းကြော်လည်း စားပြီးပြီ၊ ကော်ဖီလည်းသောက်ပြီးပြီ၊ ဒါကို မ၀သေးလို့ လုစားတာလား “
            ညီမလေး မစူးက ခေါင်းယမ်းပြသည်။ ကျွန်တော်က “မဟုတ်ဘူး.. အပျော်လုစားတာ”
            “အပျော်” အဖေ့အသံက ရယ်သံစွက်စွက်နဲ့မို့ ကျွန်တော်က သိပ်မကြောက်တော့ 
             “မင်းတို့ အဖေစားတဲ့ နံပြားထောပတ်သုတ်စားချင်ရင် အဖေ့ကိုပြော  အဖေ၀ယ်ကျွေးမှာပေါ့၊ ခုတော့ မင်းတို့ စည်းကမ်းမဲ့လွန်းတယ်၊ အဖေမင်းတို့ကို  ဒဏ်ပေးရမယ်”
             အဖေက ပြောပြောဆိုဆိုဖြင့် ဘီရိုလေးပေါ်မှ သစ်သားပေတံလေး  ယူပြီးကျွန်တော်တို့ တင်ပါးကို တစ်ချက်စီရိုက်သည်။. သာသာဖွဖွ  ရိုက်တာမို့မနာပါ။ “နောက်တစ်ခါဆို အရှိုးရာထင်အောင် ရိုက်မှာနော်” ဟုပြောအပြီးမှာ ကျွန်တော်တို့ မောင်နှမ အိမ်ရှေ့ကွက်လပ် ကလေးဆီ ပြေးသွားကြသည်။
             အဖေရိုက်တာက မနာတော့ တဟီးဟီး တဟားဟားနဲ့ ကျွန်တော်တို့ မောင်နှမ  ဟီးလေးတိုက်နေကြသည်။ “ငါက နှစ်ခု၊ ငါက သုံးခု” နှင့် နံပြားထောပတ်သုတ်  လုစားခဲ့တာကို ပြိုင်လိုက်ကြသေးသည်။ 
            ငယ်ဘ၀ရဲ့ မှတ်မှတ်ရရလေးပါ။
             ဟောဒီ ဘူတာရုံလေးကတော့ ရန်ကုန်၊ မန္တလေးလမ်းမကြီး မှာရှိသည်။ ရုံပိုင်၊  ရုံပိုင်လေး၊ လမ်းခွဲကိုင် ၄ ယောက်နှင့် သာဖွဲ့စည်းထားသည့်  ဘူတာရုံသေးသေးလးပဲဖြစ်သည်။ ဒီဘူတာလေးမှာ ခရီးသည်အတက်၊ အဆင်းလည်းမရှိ။  လော်ကယ်ရထားကလည်း ဖျက်သိမ်းသွားပြီမို့ ဘာရထားမှ ရပ်တန့်ရန် သတ်မှတ်မထား။  ရထားများ တောက်လျှောက် ခုတ်မောင်း။ တစ်ခါတစ်ရံ ရထားကြီးကြပ်ရေးအုပ်က  ညွှန်ကြားသည့်အတိုင်း ရထားများဆုံရန်၊ ကျော်ရန် ခနတဖြုတ် ရက်ရုံမှလွှဲ၍  ရထားအားလုံး တောက်လျှောက်ခုတ်မောင်းရသည့် သွားလာရေးသက်သက်  ဘူတာလေးပဲဖြစ်သည်။ ခရီးသည် မရှိ၊ ကုန်ပစ္စည်း အတင်အချမရှိသည့် ဘူတာမို့  ဘူတာဝင်ငွေလည်းမရှိ ပါးရှားလွန်းတာမို့ ၀န်ထမ်းများ စိုးထိတ်သည့်  ဘူတာလေးလို့ ဆိုနိုင်ပါသည်။
             ဒီတော့ ဒီဘူတာလေးကို ရောက်လာသည့် ဘူတာဝန်ထမ်းများကို တိုင်းအရာရှိများက  တစ်နှစ်သာ ထားပေးပြီး ခရီးသည်၊ ကုန်စည် စည်ကားရာ ဘူတာကြီးများသို့  ပြောင်းပေးကြပါသည်။ အပြောင်းရမီ တစ်နှစ်ကတော့ ဒုက္ခ၊ သုက္ခတွေ  တစ်ပွေ့တစ်ပိုက်။ ဒါကြောင့်လည်း ဒီဘူတာလေးမှာ ရုံပိုင်၊ ရုံပိုင်လေး ၂  ယောက် တစ်လှည့်စီ ၁၀ ရက် တစ်ဂျူတီ ဆင်းပြီး အားရက်တွေမှာ မိသားစုအတွက်  ရုန်းကန်ကြဖြင့် တစ်နှစ်တာ အချိန်လေးကို နွမ်းမောစွာဖြတ်သန်းကြရသည်။  ချို့တဲ့သော ဘူတာရုံလေးနှင့် ချို့တဲ့သော အစုအဖွဲ့ကလေးဟု ဆိုနိုင်ပါသည်။
             ခုတော့ ဒီဘူတာလေးကို ကျွန်တော်က လာဆင်းပေးနေရပြီ။ အမြဲတမ်း တာဝန်ကျ  ရုံပိုင်လေးကိုအောင်စိုး ခွင့်ယူသွားသည်မို့ ကျွန်တော့်မှာ တာဝန်ကျရာ  ဘူတာကြီးမှ လာဆင်းပေးရခြင်း ဖြစ်သည်။ ကျွန်တော်က ခေတ္တလာဆင်းရသူ ပီပီ  စားအိုး၊ စားခွက်မပါ၊ ဆင်းပေးရမည့် ၁၀ ရက်တာအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ဆေးလိပ်၊  ပဲခြမ်း၊ လက်ဖက်တို့ကို ဇနီးသည်က ပြည့်ပြည့်စုံစုံ ထည့်ပေးလိုက်သည်။  ကျွန်တော်ပါသည့် ရိက္ခာအားလုံးကို “ကိုရေး” အပ်လိုက်ရုံဖြင့် ကျွန်တော့်  စားရေးကိစ္စကပြီးပြီ။
             ကိုရေးဆိုတာက ဒီဘူတာရုံလေးကို တွယ်တာ၊ သံယောဇဉ် ရှိသည့်  ဆည်ကန်ရွာသားတစ်ယောက်ပင် ဖြစ်သည်။ ဆည်ကန်က ဘူတာရုံလေးနှင့်  တစ်မိုင်ခန့်ဝေးသည်။ ဟိုးအရင် ရုံပိုင်အဆက်ဆက် ၏ လက်စွဲအဖြစ် ကိုရေးက  အရေးပါနေခဲ့သည်။ ရွာမှာ လယ်လေး၊ ယာလေး၊ အမွေရထားတာရှိပေမယ့် ကိုရေးက  သူများကို သီးစားပေးပြီး ဘူတာလေးရဲ့ ၀န်ထမ်းလိုင်းခန်းမှာ ကုပ်ကပ်နေသည်။  မိသားစုပါ ခေါ်လာပြီး အခြေချသည်။ မသိသူကတော့ ကိုရေးကို ၀န်ထမ်းဟုပင် ထင်သည်။  ထင်ရလောက်အောင်လည်း ကိုရေးက လုပ်တ်ကိုင်တတ်သည်။ ရထားသွင်း၊ ထုတ်၊  ပိုင်းလော့လုပ်၊ တစ်ခါတစ်ရံ ဘီးပူတွဲဖြုတ်ရှန်တိန်တောင် စနစ်တကျ  ၀င်လုပ်ပေးနိုင်သည်။ တွဲချိတ်၊ တွဲဖြုတ်၊ အချက်ပြအားလုံးကို  သင်တန်းဆင်းလမ်းခွဲကိုင် တစ်ယောက်လိုကျွမ်းကျင်သည်။ ရုံပိုင်ကလည်း  အားကိုးရ၊ လမ်းခွဲကန်ုငတွေကလည်း သက်သာဆိုတော့ ကိုရေးကို  အားလုံးခင်တွယ်နေသည်။
             ပြီးတော့ ကိုရေးက အိုးသူကြီးပါ လုပ်လိုက်သေးသည်။ ရုံပိုင်အပါအ၀င်  လမ်းခွဲကိုင် အားလုံးရဲ့ ထမင်းဟင်း ကိစ္စကို ကိုရေးက စီစဉ်ချက်ပြုတ်ပေးသည်။  မိသားစုမပါသော ၀န်ထမ်းများအတွက် စားသောက်ရေး ကိစ္စက ကိုရေး၏ စီမံခန့်ခွဲမှု  အောက်မှာနေတော့၊ ကိုရေးချက်ပြုတ်ကျွေးတာစား၊ အထွန့်မတက်။
             ကိုရေးကလည်းရှင်းသည်။ အားလုံးအတွက် ရှိတာလေးနှင့် လောက်ငှမျှတအောင်  စီစဉ်ပေးရတော့ ပုံစံနှင့်ပဲ ကျွေးသည်။ ရုံပိုင်ကြီး ဟင်းပိုမရ၊ ကိုယ်တာ  (Quota) ထက်မပို။
             ၅ အဆန်အမြန်ရထားတစ်ဖက် ဘူတာက ချဉ်းကပ်ခွင့်တောင်းတာကို ခွင့်ပြုလိုက်ပြီး  တခြားတစ်ဖက်ဘူတာသို့ တောက်လျှောက် ဆက်လက်စေလွှတ်နိုင်ရန်အတွက်  လမ်းရှင်းခွင့်ပြုချက် ရယူလိုက်သည်။ အ၀င်၊ အထွက် လမ်းရှင်း  အပေးအယူအချက်အလက်များကို သက်ဆိုင်ရာ စာအုပ်အသီးသီးတွင် ဖြည့်ပြီး လမ်းရှင်း  ကြိမ်ကွင်းမှာ လမ်းရှင်းစာရွက်ချည်ပြီး ဘူတာနံရံထောင်ထားချိန်  လမ်းခွဲကိုင် ကိုကျော်ကြီးက ကြိမ်ကွင်းကြီးကို ဆွဲယူပြီး ရထားလာရာဖက်ဆီ  စိုက်စိုက် စိုက်စိုက်ဖြင့် ထွက်သွားသည်ကို ငေးရင်း ဘူတာတွင်း ပြန်အ၀င်မျာ  ကိုရေးက ထမင်းပွဲလာချသည်။ ထမင်းတစ်ပန်းကန်၊ ကြက်ဥတစ်ခြမ်းက ခရမ်းချဉ်သီး  ရေပေါလေထဲမှာ ပက်လက်။ ငရုတ်သီးကြော် ၃၊၄ တောင့်က ထမင်းပေါ်မှာ…..။
             ကျွန်တော် ကြာက်ဥတစ်ခြမ်းကို တစ်ဝက်ပိုင်းလိုက်သည်။ ထမင်းကိုလည်း  တစ်ဝက်ပိုင်းလိုက်သည်။ ကြက်ဥတစ်စိတ်၊ ထမင်းပန်းကန်ဝက်၊ ငရုတ်သီးကြော်  ကျွန်တော့်ညစာ….၊ ကျွန်တော် ရောင့်ရဲနိုင်ပါသည်။ တစ်ဖက်ဘူတာမှ  ရထားထွက်ချိန် ပေးတော့ ထမင်းစားခြင်းကိစ္စလည်း ပြီးပြီ၊ ရထားကြီး အန္တရာယ်  ကင်းရှင်းစွာ တောက်လျှောက် ခုတ်မောင်းနိုင်ခြင်း အချက်ပြ ပြသရန်  ဓါတ်မီးနှင့် ကော်ပြားအစိမ်းပိုင်းလေးယူပြီး ဘူတာစကြံင်္သို့ ထွက်လာလိုက်သည်။
             ရထားကြီးတောက်လျှောက် ခုတ်မောင်းသွားပြီး ရထားထိန်းတွဲ ဘူတာလေးကို  ဖြတ်ကျော်ပြီးချိန်မှာ ဘူတာထဲပြန်ဝင်ပြီး တစ်ဖက် ဘူတာနှင့်  ရထားကြီးကြပ်ရေးရုံးသို့ ဖုန်း၊ စက်ဖြင့် ထွက်ခွာချိန်ပေး၊  ရထားစေလွှတ်လိုက်သော ဘူတာသို့ ရောက်သတင်းပေးပြီး ချိန်မှာ  စားပွဲလေးဆီအကြည့်ဝေ့တော့ ထမင်းပွဲလေးမရှိတော့ ကိုရေးသိမ်းသွားပြီထင်သည်.။
             လမ်းခွဲကိုင် ကိုကျော်ကြီး ရထားကြီး စက်ခေါင်းမှ ပြန်ပစ်ချခဲ့သော  လမ်းရှင်း ကြိမ်ကွင်းကြီး ကိုင်လျက် ဘူတာထဲ ၀င်လာရင် “ဆရာ  ထမင်းစားပြီးပလား” အမေးကို ခေါင်းညိတ်ရာမှ “ကိုကျော်ကြီးလည်း သွားစားတော့လေ  …. ခဏနေ ၃ အဆန်လာတော့မှာ” ပြောအပြီးမှာ ကိုကျော်ကြီး ဘူတာနောက်ဖက်  ကိုရေးတို့ အိမ်ခန်းဘေးဆီ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။
“မင်းသက်သက် လူပါးဝတာ ဖျံကျတာ အချင်းချင်းလုပ်ဖို့ မကောင်းဘူး။”
“ဟာကွာ …. ငါတောင်းပန်ပါတယ်၊ ရုံပိုင်လေးကြားသွားရင် မကောင်းဘူး”
“ကြားကြားကွာ … မင်း အကျင့်သိသွားတာပေါ့”
ဘူတာနောက်ဖေး  ကိုရေး အိမ်ခန်းလေးဆီမှ စကားများရန်ဖြစ် သံများကြားသောကြောင့် ကျွန်တော်  ပြေးသွားလိုက်သည်။ လမ်းခွဲကိုင် ကိုကျော်ကြီးနှင့် ကိုသန်းဦးတို့  နှစ်ယောက် ထိုးကြိတ်ကြမယ့် အခြေအနေသို့ ရောက်နေကြပြီ။
“ဟာ ……. ဘာဖြစ်ကြတာလဲ ရပ်ကြစမ်း”
ကျွန်တော့်  ဟိန်းဟောက်သံကြောင့် လမ်းခွဲကိုင်ကြီးနှစ်ယောက် ခပ်ခွာခွာဖြစ်သွားသည်။  ဘက်ထရီမီး မှိန်မှန်အောက်မှာ ကိုကျော်ကြီးမျက်နှာက မကျေနပ်ချက်များနှင့်  ခပ်ထန်ထန်၊ ကိုသန်းဦး ကတော့ မသိမသာ ခေါင်းငုံ့ထားသည်ကို တွေ့ရသည်။
“ခင်ဗျားတို့ဗျာ၊  ကြီးကောင်ကြီးမားနဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေဖြစ်ပြီးတော့  ရန်ထဖြစ်ရတယ်လို့ … ကဲကဲ ပြောပါဦး ဘယ်လိုဖြစ်တာလဲ”
       ကျွန်တော့အမေးမှာ ငေါက်ငမ်းသံများ ပါနေပါမည်။ မတတ်နိုင် လက်အောက်ဝန်ထမ်း  နှစ်ယောက် ရန်ဖြစ်သည့် ကိစ္စကိုတော့ ထိထိရောက်ရောက် ဖြေရှင်းပေးမှရမည်။  သွားလာရေးဝန်ထမ်းတွေမို့ အငြိုးအတေးများနှင့် အလုပ်တွဲဖက်လုပ်လျှင်  အန္တရာယ်ရှိနိုင်သည်။
            “ကဲ….. ကိုသန်းဦးစပြော” ကိုသန်းဦး ခေါင်းငုံ့နေရာမှ မော့သည်။
             “ဒီတစ်ခေါက် ဘူတာဆင်းရတော့ ကျွန်တော်ဘာမှ ပါမလာဘူးဆရာ၊ အိမ်အတွက်လည်း ဘာမှ  ရေရေရာရာ လုပ်မပေးနိုင်ခဲ့ဘူး ….. ဒီကောင် ကျော်ကြီးဆီက ကပ်စားရမှာ ခုတော့  ဒီကောင်ကလည်း ဗလာပဲ”
            “ဟုတ်တယ်ဆရာ ဘယ်လိုမှ အဆင်မပြေတော့ ကျွန်တော်လည်း လက်ချည်းထွက်လာခဲ့တာ”
             ကိုကျော်ကြီးက စိတ်ပြေသွားဟန်ရှိသည်။ စောစောက ဒေါသတွေမရှိတော့  လေသံကမခက်ထန်တော့။            “ဒီတော့ ဆရာရယ် ကိုရေးကလည်း ဆရာ့အတွက်သာ  ဟင်းတစ်ခွက် မယ်မယ်ရရချက်ပြီး ကျွန်တော်တို့ အတွက်တော့ ချဉ်ပေါင်၊  ကန်စွန်းရွက်နဲ့ လယ်ထဲက နှိုက်လာတဲ့ ဂဏန်းလုံးပြုတ်နဲ့ ကျွေးတာပေါ့ … “  ကိုသန်းဦး စကားမဆုံးခင်မှာပဲ။
            “မတင်းတိမ်ဘူး ဆရာ” ကိုကျော်ကြီး ပြောပြီး ခေါင်းငုံ့သွားသည်။ 
             “ဆရာလည်း …….. ဒါကို ရိပ်မိနေတယ်ထင်တယ်၊ ဆရာ့ထမင်းပွဲ တစ်လှည့်စီ  သိမ်းကြေးလေ၊ နေ့လည်က သန်းဦး သိမ်းပြီးပြီ …… ညနေ ကျွန်တော့အလှည့် အခုတော့  ကျွန်တော့ ပွိုင့်ဆီသွားတုန်း ဒီကောင် ထမင်းပွဲယူသိမ်းသွားတာ “
            ကျွန်တော် ထိတ်ကနဲ ဖြစ်သွားပြီး ကိုသန်းဦးကို ကြည့်မိတော့ ကိုသန်းဦး ခေါင်းငုံ့လျက်သား ………
             “ကျွန်တော် ဂဏန်းလုံးနဲ့ ချဉ်ပေါင်ရွက်ပြုတ် ဘယ်လိုမှ  မျိုမကျလို့ပါဆရာရယ်” တုန်ခါနေသော စကားသံမှာ ရှိုက်သံတို့ ရောစွက်လို့နေသည်။
             ကျွန်တော်တို့ မောင်နှမငယ်ငယ်က အဖေ့လက်ဖက်ရည်စားပွဲပေါ်က  မုန့်လုစားခဲ့တာကို ပြန်သတိရသည်။ အဖေက သစ်သားပေတံလေးနှင့် ကျွန်တော်တို့  မောင်နှမကို ဖွဖွလေးရိုက်ခဲ့သည်။ ကျွန်တော်တို့ ပျော်ခဲ့ကြသည်။ အခု  ကျွန်တော် ကိုကျော်ကြီးနဲ့ ကိုသန်းဦး တို့ ရန်ဖြစ်တာကို အရေးယူ  ဒဏ်ပေးရပါမည်။ အဖေ့လိုပဲ ပေတံလေးနဲ့ ဖွဖွရိုက်ရင်တော့  ကြားလို့မကောင်းဖြစ်မည်။ ဒါပေမယ့် သူတို့ ပျော်သွားအောင် အဖေ့လိုပဲ  ပေတံလေးနဲ့ ဖွဖွလေးရိုက်ကြည့်ချင်ပါသည်.။
ရဲသျှမ်း 
(ဘူတာရုံကလေး ၀တ္ထုတိုစုစည်းမှု မှ)
 

No comments:
Post a Comment